Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဒီဇင်ဘာ ၃၁ရက်နေ့ မှ ဇန်နဝါရီ ၇ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြလိုက်ပါတယ်။

  • စစ်တပ်ကလေကြောင်းကတိုက်ခိုက်မှုကြောင့်ကျောက်ကြီးမြို့နယ်မှာ အမျိုးသမီးတစ်ဦးသေဆုံး

ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို စစ်တပ်လေယာဉ်များ၊ ရဟတ်ယာဉ်များက ၃ ရက် ဆက်တိုက် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးများနှင့် ခင်ပွန်းဖြစ်သူတို့ ဒဏ်ရာရခဲ့တယ်လို့KNU က ထုတ်ပြန်ပါတယ်။

စစ်တပ်ကလေကြောင်းကပစ်ခတ်မှုကြောင့် ဒီဇင်ဘာ ၃၀ ရက်နေ့မှာတံခွန်တိုင်ရွာမှ အသက် ၃၀အရွယ်ဒေါ်ဘဲဥမဆိုသူ သေ ဆုံးပြီး ၄င်းရဲ့ကလေးတွေဖြစ်တဲ့ အသက်၇ နှစ်အရွယ် မပြည့်စုံပွင့်၊ ၄ နှစ်အရွယ် မမိဟန်နီ၊ ၁ နှစ်အရွယ် မဖူးဖူးနဲ့အတူ ခင်ပွန်း ဖြစ်သူ အသက်၅၄ နှစ်အရွယ် ဦးဇော်မင်းတို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ။

Source-Myanmar Now

  • ကလေးငယ်များနှင့်အတူ အကျဉ်းကျခံနေရသည့် နိုင်ကျဉ်းမိခင် ၁၅ ဦးရှိ

ထောင်ဒဏ်တစ်သက်ချမှတ်ခံထားရသူအပါအဝင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များအတွင်း ကလေးငယ်များနှင့်အတူ အကျဉ်းကျခံနေရဆဲ နိုင်ကျဉ်းမိခင် ၁၅ ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီဇင်ဘာ လ ၃၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ကလေးငယ်များနှင့်အတူ အကျဉ်းကျခံနေရတဲ့ နိုင်ကျဉ်းမိခင်များမှာ အင်းစိန်ထောင်တွင်တဦး၊ ဒိုက်ဦးဗဟိုအကျဉ်းထောင် တွင် နှစ်ဦး၊ သရက်ထောင်တွင်လေးဦး၊ အိုးဘိုထောင်တွင်တဦး၊ မကွေးထောင်တွင်တဦး၊ မုံရွာထောင်တွင်တဦးနဲ့ ကျိုက်မရော ထောင်တွင် ငါးဦး စုစုပေါင်း ၁၅ ဦးရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသား မိခင်တွေက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကိုဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံ ရခြင်းဖြစ်ပြီး အချို့မှာ အမျိုးသားဖြစ်သူကို ဖမ်းဆီးရန် ရှာဖွေမရသဖြင့် ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူမှာ ဖမ်းဆီးခံခဲ့ရခြင်းမျိုး လည်းရှိကြောင်း PPNM ၏ ပြောဆိုချက်နှင့်အတူ နိုင်ငံရေးအကျဉ်းသူဟောင်းတဦး၏ ပြောဆိုချက်အရ သိရပါတယ်။

ဒါ့အပြင်အကျဉ်းထောင်အတွင်း ကိုယ်ဝန်လစေ့၍ မီးဖွားရာတွင်လည်း ဆေးဝါးထောက်ပံ့မှု လုံလောက်စွာမရရှိခြင်း၊ ထောင် ဝင်စာ တွေ့ခွင့်မရခြင်း၊ ထောင်ဝင်စာ လာရောက်တွေ့ပေးနိုင်မည့် မိသားစုမရှိခြင်းတို့ကြောင့် ကလေးငယ်နဲ့မိခင်တို့မှာ ဆေး ဝါးနှင့် အာဟာရ လုံလောက်စွာမရရှိဘူးလို့ နိုင်ငံရေးအကျဉ်းသူဟောင်းကဆိုပါတယ်။

Source- Mizzima

  • မြောက်ဥက္ကလာမှာ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ အမျိုးသမီးနေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ

စစ်ကောင်စီတပ် ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်း၍ပြည်သူများကို ဒုက္ခပေးနေတာကြောင့် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ် မှာနေထိုင်တဲ့ မမြတ်စန္ဒာခိုင် (ခ) မဖြူ(ခ)ဇီးကွက်မဆိုသူ၏ နေအိမ်ကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့(၂)က ဒီဇင်ဘာ ၃၁ ရက် ညပိုင်းမှာ ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ။

မဖြူက ပြည်သူများကိုဒုက္ခပေးနေကြောင်း တိုင်ကြားသူများလာ၍ သေနတ်ဖြင့်ပစ်ခတ်သော်လည်း သေနတ်ချို့ယွင်းမှု့ ကြောင့် ပစ်ခွင့်မရတဲ့အတွက် အိမ်ကိုဗုံးပစ်ခဲ့တာဖြစ်ပြီး ဗုံးမှာ နေအိမ်အပြင်ဘက်တွင် ကျရောက်ပေါက်ကွဲတဲ့အတွက် မဖြူ၏ ဆွေမျိုးတဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ တိုက်ခိုက်တဲ့အဖွဲ့ထံက သိရပါတယ်။

မဖြူက ငွေတိုးချေးသည့် လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ပြည်သူများကို ထပ်မံ ဒုက္ခပေးပါက ပစ်ခတ်ရှင်းလင်းမယ်လို့ မြောက်ဥက္က လာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ Source Mizzima

  • မင်းလှမှာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး ယခင်အုပ်ချုပ်ရေးမှူးဟောင်းရဲ့ဇနီးကိုဖမ်းဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဂန့်ဂေါပင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို တော်လှန်ရေးအင်အားစုတွေက ပစ်ခတ် ခဲ့တာကြောင့် စစ်ကောင်စီက ဒီချုပ်အစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ဇနီးဖြစ်သူကို ဖမ်းဆီးခဲ့တယ်လို့ ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေက အသက် ၆၁ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်ကို ဒီဇင်ဘာလ ၃၁ ရက်မနက်ပိုင်းက ပစ်ခတ် ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဒီချုပ်အစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်း ကို ဇန်နဝါရီ ၁ ရက်က သွားဖမ်းခဲ့ပေမယ့် မရှိတာကြောင့် ဇနီးဖြစ်သူကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Source- Delta News Agency

  • ဧရာဝတီတိုင်းအစိုးရဝန်ကြီး ဒေါက်တာလှမြတ်သွေး လွတ်မြောက်

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပုသိမ်ထောင်က ပြန်လွတ်လာသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးအပါအဝင် နိုင်ငံရေးအကျဉ်းသားအမျိုးသားနှစ်ဦး လွတ်မြောက် တယ်လို့ အကျဉ်းဦးစီးဌာနက သိရပါတယ်။

ဒေါက်တာလှမြတ်သွေးဟာ ပုသိမ်ထောင်က လွတ်ရက်စေ့လို့ လွတ်လာတာဖြစ်ပြီး လက်ရှိအ‌ခြေအနေမှာ သူမရဲ့ဇာတိမြို့ ဖြစ် တဲ့ ငါးသိုင်းချောင်းမြို့မှာသာ နေထိုင်ရမှာ ဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတချို့ဆီက သိရပါတယ်။

NLD ပါတီအစိုးရလက်ထက် ဧရာဝတီတိုင်းအစိုးရ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီကအာဏာသိမ်း ပြီးနောက် ပုသိမ်မြို့က ဝန်ကြီးများအိမ်ရာထဲမှာ အကျယ်ချုပ်နဲ့ နှစ်နှစ်နီးပါး ထိန်းသိမ်းခဲ့သလို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ (၃၀)ရက် မှာ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့ပါတယ်။

ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌနဲ့ အစိုးရအဖွဲ့ အားလုံးကို နေအိမ်အကျယ်ချုပ်နဲ့ နှစ်နှစ်နီးပါး ဖမ်းဆီးထားပြီး ခံဝန်တွေနဲ့ ပြန် လွှတ်ပေးခဲ့သော်လည်း ဒေါက်တာလှမြတ်သွေး ကတော့ ခံဝန်လက်မှတ်မထိုးတာ၊ သူရဲ့ဝန်ကြီးဌာန ဝန်ထမ်းတွေအတွက် ရည် ရွယ်တဲ့ စစ်တပ်အာဏာမှု ဆန့်ကျင်ရေးစာတစောင် ထုတ်ပြန်တာတွေကြောင့် စစ်ကောင်စီက ပြန်လွှတ်မပေးဘဲ ပုသိမ်ထောင် တရားရုံးကနေ ထောင်နှစ်နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

Source-Delta News Agency

  • ရခိုင်ပြည်နယ်ကျောက်တော်မှာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဇန်နဝါရီ ၃ မွန်းလွဲပိုင်းက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ သုံးလသားအရွယ် ကလေးတစ်ဦး အပါအဝင် ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ကျောက်တော်မြို့ အရှေ့မြောက်ဘက် ၇ မိုင်ခန့် အလယ်ကျွန်းကျေးရွာကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တိုက်ပွဲအတွင်း လေကြောင်းပစ်ကူပေးပြီး ပြန်လာတယ်လို့ ယူဆရတဲ့ လေယာဉ်က ဗုံးနှစ်လုံးကြဲခဲ့တာကြောင့်အသက် ၃၂ နှစ်အရွယ် ဒေါ် ခင်အေးနုသေဆုံးပြီး သူ့ရဲ့သုံးလသားအရွယ် နဲ့ ၇နှစ်အရွယ် သားသမီးနှစ်ဦးနဲ့အတူ အရပ်သားလူ၁၀ဦး သေဆုံးခဲ့တာပါ။

ဒဏ်ရာရသူများအနက် သေဆုံးသူ အမျိုးသမီး၏ ရင်ခွင်ပိုက်ကလေးငယ်မှာ ဒဏ်ရာပြင်းထန်ပြီး လက်ရှိမှာ လမ်းပန်းဆက် သွယ်ရေးခက်ခဲမှုကြောင့် ဒဏ်ရာရရှိသူတွေကို ကျောက်တော်မြို့ ဆေးရုံသို့မပို့ဆောင်နိုင်သေးဘဲ အနီးအနားရှိ ဆေးခန်း များ မှာသာကုသနေရတယ်လို့ ဆိုပါတယ်။

Source- Myanmar Now

  • ၂၀၂၃ အတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး လေးရာနီးပါးသေဆုံး

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် နိုင်ငံတစ်ဝန်းသေဆုံးသူ အမျိုးသမီး ၃၉၂ဦးရှိတယ်လို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) က ဇန်နဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

BWU က ကောက်ယူထားတဲ့စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သေဆုံးခဲ့တဲ့ အမျိုးသမီး ၃၉၂ ဦးဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အများ ဆုံးဖြစ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူတွေလည်းပါတယ်လို့ BWU က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ အမျိုးသမီး ၅၄၁ ဦးအထိ ရှိနေဆဲဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးကတော့ ၃၁၈ ဦးရှိနေပါတယ် ။

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဒီဇင် ဘာလကုန်အထိ နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရတဲ့ အမျိုးသမီး ခုနစ်ရာကျော်ရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူကတော့ ၃,၂၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

Source- RFA

  • PDFNUGCRPH တို့နဲ့ဆက်သွယ်တယ်ဟုဆိုကာသထုံမြို့နယ်က အမျိုးသမီးတစ်ဦးကိုဖမ်းဆီးပြီး နေအိမ်ကို ချိတ် ပိတ်

မွန်ပြည်နယ် သထုံမြို့နယ်၊ ကိုးနဝင်းဘုရားလမ်း၊ နယ်မြေ ၁၀ (က)၊ ဘင်လှိုင် ရပ်ကွက်မှာ နေတဲ့ အသက် ၄၀ ကျော်အရွယ် ဒေါ်ချောစုကို PDF၊ NUG၊ CRPH စတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး၊ အားပေးကူညီ ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကို ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါ်ချောစုကို ဖမ်းဆီးသွားပြီး သူမနေတဲ့ အလျား ၂၅ ပေခန့်၊ အနံ ၆၀ ပေခန့်ရှိတဲ့ အုတ်ခံ၊ ပျဉ်ကာသွပ်မိုး ၂ ထပ် နေ အိမ်ကိုလည်း နိုင်ငံတော်ပိုင်အဖြစ် ချိပ်ပိတ် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးသွားတဲ့ အမျိုးသမီးကို သထုံမြို့နယ်ရဲစခန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)နဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ ဆိုပါတယ်။

သထုံမြို့နယ်မှာ ပြီးခဲ့တဲ့ ၁ လအတွင်း ကျန်းမာရေးဝန်ထမ်းတွေ၊ မွေးမြူရေး လုပ်ငန်းရှင်တွေ၊ စားသောက်ဆိုင် လုပ်ငန်းရှင် တွေနဲ့ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်တွေရဲ့ နေအိမ် ၁၁ လုံးလည်း အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်ပတ်သက်တယ်လို့ စွပ်စွဲကာ စစ်တပ်က ချိပ်ပိတ်ခဲ့ပါတယ်။

Source- DVB

  • ကောလင်းမြို့ ဈေးအနီး လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးလေးဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့‌အတွင်း ဇန်နဝါရီ ၂ရက်နေ့ နံနက်ပိုင်း က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီးလေးဦးအပါအဝင် ဒေသခံ ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ် ။

မြို့မြောက်ဘက်ကပ်လျက် ဝန်းသိုမြို့အခြေစိုက်တဲ့စစ်ကောင်စီတပ်ရင်းက  ဇန်နဝါရီ ၂ရက် နံနက် ၈နာရီကျော်ခန့်မှာ လက် နက်ကြီးနဲ့ ၆ ကြိမ်ခန့်ပစ်ခတ်ခဲ့ရာ ကောလင်းမြို့လယ်ရှိ လူစည်ကားရာအရှေ့ဈေးအနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပါတယ် ။

လက်နက်ကြီးကျရောက်မှုကြောင့် ဒေါ်မိုးမိုးဝင်း (၅၅ နှစ်)၊ ဒေါ်စန်းစန်းဝင်း (၄၆ နှစ်)၊ ဒေါ်အေးနှင်း (၄၁ နှစ်)၊ အသက် ၁၈ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ သေဆုံးခဲ့ပြီး ဦးစောရွှေ (၅၁ နှစ်)၊ ဒေါ်ခင်မြ (၄၂ နှစ်) တို့မှာ ဒဏ်ရာများရရှိခဲ့ပါတယ်။

Source Myanmar Now

  • ဆေးကုသခွင့်အချိန်မှီမရသဖြင့် အင်းစိန်ထောင်မှ အသက် ၂၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ သေဆုံး

အင်းစိန်အကျဉ်းထောင်တွင် ဆေးကုသခွင့်မရသည့်အတွက် အသက် ၂၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မချယ်ရီဝင်းမှာ ဒီဇင် ဘာလ ၂၁ ရက်နေ့က သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသား များနဲ့နီးစပ်သူများ ထံမှ သိရပါတယ်။

ပုဒ်မ ၅၀(ည)ဖြင့် အင်းစိန်ထောင်တွင်အကျဉ်းကျခံနေရတဲ့ မချယ်ရီဝင်းမှာဒီဇင်ဘာလ ၁၈ ရက်နေ့ တွင်ဖျားနာခဲ့ပြီး ကိုယ် အပူချိန် ၁၀၆ ဒီဂရီ အထိရှိခဲ့တာကြောင့် ဆေးကုသခွင့်တောင်းခဲ့ရာတွင် ဆေးကုသခွင့် ချက်ချင်းမပေးခဲ့ဘဲ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ပြင်ပဆေးရုံသို့ပို့ဆောင်ပေးခဲ့ရာမှ သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPN)က ၎င်းတို့ရရှိသည့် အချက်အလက်များကိုကိုးကားပြီး သတင်းထုတ်ပြန်ပါတယ်။

မချယ်ရီဝင်းသေဆုံးမှုကို အကျဉ်းထောင် ပြင်ပမှသူများအနေဖြင့် သေဆုံးပြီး ရက်အတော်တန်ကြာမှ သိရှိခဲ့ရခြင်းဖြစ်ပြီး  သူ့ရဲ့ မိသားစုထံအကြောင်းကြားထားသော်လည်းလုံခြုံရေးအရ ဆက်သွယ်၍ မရ နိုင်သည့်အခြေအနေတွင် ရှိနေသူများဖြစ်ကြောင်း သိရပါတယ်။

Source -Mizzima

  • ရသေ့တောင်မှာ တိုက်ပွဲမရှိဘဲ ရွာထဲလက်နက်ကြီးကျလို့ စစ်ရှောင်ကျောင်းသူတဦး သေဆုံး

စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ နှစ်ဖက်ထိတွေ့မရှိသေးတဲ့ ရသေ့တောင်မြို့နယ်မြောက်ပိုင်း ခရုချောင်းရွာထဲကို စစ် ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲတဲ့အတွက် စစ်ရှောင်ဖို့ရောက်နေတဲ့ ကျောင်းသူ တဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသူမှာရေစိုချောင်းကျေးရွာဇာတိမှ အသက် ၁၈ နှစ်အရွယ် မစုမြတ်ခိုင် ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ရေစိုးချောင်းကနေ ရသေ့တောင်မြို့ပေါ်ကို စစ်ရှောင်ခဲ့ရသလို လက်ရှိရခိုင်ဒေသ တ ကျော့ပြန်တိုက်ပွဲတွေ ထပ်ဖြစ်တဲ့အခါ ရသေ့တောင်မြို့ပေါ်ကနေ ခရုချောင်းရွာကို ထပ်မံတိမ်းရှောင်လာတာလို့ ဆိုပါတယ်။

ခရုချောင်းရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် မစုမြတ်ခိုင်သေဆုံးရတဲ့အပြင် ရွာခံအမျိုးသမီး တဦး လည်း ဒဏ်ရာရခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Source -Delta News Agency

  • တန့်ဆည်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးနဲ့ အမျိုးသမီး ငါးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် စိန်းနန်းရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၄ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲ တိုက် ခိုက်တာကြောင့် ငါးနှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အမျိုးသမီးလေးဦးသေဆုံးပြီး အခြားအမျိုးသမီးဆယ်ဦးလည်း ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စိန်းနန်းရွာစာသင်ကျောင်းနဲ့အနီးတစ်ဝိုက်ကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးနဲ့အမျိုးသမီးတွေ ထိခိုက်သေဆုံးခဲ့တာ သေဆုံးသူတွေဟာ အသက် ငါးနှစ်အရွယ် မောင်ထက်မြတ် အောင်၊ ၅၃ နှစ်အရွယ် ဒေါ်မိဖွေး၊ ၄၇ နှစ်အရွယ် ဒေါ်မိုးအေး၊ ၂၇ အရွယ် မဇင်နွယ်ထွန်းနဲ့ ၂၃ နှစ်အရွယ် မနိုင်နိုင်ထွန်း တို့ ဖြစ်ပြီး ဒဏ်ရာရထားတဲ့ အမျိုးသမီးဆယ်ဦးထဲမှ နှစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

Source -RFA

  • ကျောက်ပန်းတောင်းမြို့နယ်က အငြိမ့်မင်းသမီးဘိုမကို စစ်တပ်ကဖမ်းဆီးပြီး၅၀၅(က) နဲ့အမှုဖွင့်

လူမှုကွန်ရက်နဲ့တစ်တော့မှာ နာမည်ကြီးဆယ်လီတဦးဖြစ်တဲ့ ကျောက်ပန်းတောင်းမြို့နယ်ကွက်သစ်ရပ်ကွက်က အငြိမ့်မင်း သမီး ဘိုမ(ခ)မမို့မို့အောင်ကို ကို ဇန်နဝါရီ ၃ရက်မှာစစ်ကောင်စီတပ်နဲ့ ရဲတွေကဖမ်းဆီးပြီး ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့်လိုက် တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တစ်တော့မှာ တင်ထားတာကြာပြီဖြစ်တဲ့ တိုက်ပွဲခေါ်သံသီချင်းနဲ့ အငြိမ့်မင်းသမီး ဘိုမကို မြို့နယ်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၃ ရက် မှာ ဖမ်းဆီးစစ်ဆေးနေရာ စစ်တပ်သတင်းပေးတွေက အမှုဖွင့်ဖို့ ဖိအားပေးလာတာကြောင့် ၄ ရက်နေ့မှာပဲ ၅၀၅(က)နဲ့ အမှု ဖွင့် လိုက်ရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လတ်တလောမှာ အငြိမ့်မင်းသမီး ဘိုမ ကျောက်ပန်းတောင်း မြို့မရဲစခန်းက (ပ) အမှတ် ၃/၂၀၂၄၊ ပုဒ်မ ၅၀၅(က) နဲ့ အမှု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Source- DVB

  • ကျိုက်ထိုပစ်ခတ်မှုအတွင်း အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာဈေးအနီး ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူ အမျိုးသမီးတစ်ဦးနဲ့ စစ်ကောင်စီသတင်းပေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က မုပ္ပလင်ဈေးအနီးမှာ ကွမ်းယာလာဝယ်နေတဲ့ စစ်ကောင်စီသတင်းပေး ဦးညီ ညီလွင်ကို အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာကြောင့် သေနတ်ဒဏ်ရာ ၃ ချက်ရ ရှိပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ပြီး အခင်းဖြစ်ရာ ဈေးအနီးရှိတဲ့ ဒေါ်နှင်းရည်ထွေးကတော့ ဝဲဘက်နားထင် ကျည်ဖောက်ဝင် ဒဏ်ရာရရှိကာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဒေသခံတွေကတော့ ဦးညီညီလွင် ပစ်ခတ်မှုအတွင်း ဘာမှမဆိုင်တဲ့ အမျိုးသမီးသေဆုံးသွားတဲ့အတွက် စိတ်မကောင်း ဖြစ်နေ ကြသလို အခုဖြစ်စဉ်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

Source- သံလွင်တိုင်းမ်

  • ကနီနှင့် ဘော်လခဲမြို့မရဲစခန်းမှ ရဲမေ ၃ဦးနှင့် ရဲတပ်သား ၄ ပြည်သူ့ရင်ခွင်ခိုလှုံ

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့က ရဲမေ၃ဦးနဲ့ ရဲတပ်သား လေးဦးတို့က ဒေသကာကွယ်ရေးတပ်များထံသို့ ခိုလှုံ လာတယ်လို့ ယင်းမြို့နယ်ရှိကာကွယ်ရေးတပ်တွေက အသီးသီးထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့မှာဘော်လခဲမြို့မ ရဲစခန်းမှ ရဲမေ နှစ်ဦး၊ ရဲတပ်သား သုံးဦးတို့ကသေနတ်ငါးလက်နဲ့ကျည်ဆန်များ ယူ ဆောင်ကာ KNDF ထံသို့ ခိုလှုံလာခြင်းဖြစ်ပြီး နောက်ထပ်ရဲတပ်သားတဦးကဒီဇင်ဘာ ၅ ရက်နေ့မှာ မိသားစုနှင့်အတူ သေနတ် တလက်ယူဆောင်ကာ KNDF ထံသို့ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။

ထို့အတူ ဇန်နဝါရီ ၃ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့ ၊မြို့မရဲစခန်းမှာ တာဝန်ကျတဲ့ ရဲမေဇင်မာလွင်က ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များ နှင့် ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့  အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့ (DRPA) ထံမှ သိရပါတယ်။

ကနီမြို့က ရဲမေမှာ သာဂရအပတ်စဉ် (၁×)၂၀၁၆ သင်တန်းဆင်းဖြစ်ပြီးရုံးပိတ်ချိန်တွင် DRPA တပ်ဖွဲ့နှင့် ချိတ်ဆက်ကာ ကနီမြို့မရဲစခန်းမှ ထွက်ပြေးခဲ့တာဖြစ်တယ်လို့ DRPA တပ်ဖွဲ့ထံမှ သိရပါတယ်။

အဆိုပါရဲမေကို နေထိုင်ရေးအတွက် အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့ (DRPA)စီစဉ်ပေးထားပြီး ဆုကြေးငွေအချို့ ချီးမြှင့်ထား သလို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF )ထံသို့ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီလက်အောက် တပ်ဖွဲ့ဝင် များကို ၎င်းတို့ဆန္ဒအတိုင်း လွတ်လပ်စွာသွားလာခွင့်ပေးထားပြီး ဆုလည်းပေးအပ်ခဲ့ကြောင်း KNDF ကလည်း ထုတ်ပြန်ထား ပါတယ်။

Source -Mizzima

Author:

Related Articles