Home ဆောင်းပါးသတင်းဆောင်းပါး တော်လှန်ရေးခရီးကြမ်းထဲက ဟန်ချက်ညီညီ ရဲရင့်တဲ့အမျိုးသမီးတွေ

တော်လှန်ရေးခရီးကြမ်းထဲက ဟန်ချက်ညီညီ ရဲရင့်တဲ့အမျိုးသမီးတွေ

“ လက်နက်ကိုင်တဲ့သူကကိုင်တယ်။ သပိတ်တိုက်ပွဲမှာရှိတဲ့ သူကရှိတယ်။ နောက်ကွယ်ကပံ့ပိုးပေးတဲ့ အမျိုးသမီးတွေက ပံ့ပိုးတယ်။ ဒီလိုမျိုးတွေကွဲပြားကြပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေဝန်းရံတဲ့သပိတ်တွေမှာ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို တနေရာထဲမှာချပြနိုင်သလိုဖြစ်သွားတယ်”

ခင်ဘုန်းမို့

ပြည်သူလူထုပါဝင်မှု အားကောင်းလှတဲ့သပိတ်စစ်ကြောင်းတစ်ခုကို သပိတ်ခေါင်းဆောင်တစ်ဦးက သပိတ်တရားဟောပြော နေပါတယ်။
အလံကိုင်ထားသူတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်းဘုတ်ကိုင်ထားသူတွေဘေးမှာလည်း သေနတ်ကိုင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို မြင်တွေ့ရပါတယ်။


အမျိုးသမီးတစ်ဦးကတော့ သတိအနေအထားနဲ့ ပတ်ဝန်းကျင်ကို မျက်ခြေမပျက်စူးစမ်းနေပါတယ်။ သူကတော့ လူထု သပိတ်တွေကို လုံခြုံရေးတာဝန်ယူပေးနေတဲ့ မဖြိုးဖြိုး(အမည်လွှဲ)ပါ။
မဖြိုးဖြိုးဟာ လူထုသပိတ်တွေရဲ့လုံခြုံရေးအတွက် ကင်းထောက်အဖြစ်တာဝန်ယူပေးရသလို၊ သပိတ်ခေါင်းဆောင်တွေရဲ့ လုံခြုံရေးတာဝန်ကိုလည်း ယူပေးနေပါတယ်။


ဖေဖော်ဝါရီလထဲက စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့သပိတ်စစ်ကြောင်းတွေဟာ တိုင်းနဲ့ပြည်နယ်အနှံကလမ်းမတွေပေါ်မှာ နေရာယူခဲ့ရာကနေ စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပြောက်ကျားသပိတ်တွေအဖြစ်အသွင်ပြောင်း လဲလာခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်လုနီးမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေဝန်းရံထားတဲ့ လူထုသပိတ် တွေအထိ ပေါ်ပေါက်လာခဲ့ပါပြီ။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအစောပိုင်းကစတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ကျေးရွာအချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝန်းရံထားတဲ့ လူထုသပိတ်တွေပြုလုပ်လာကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဟာ တိုင်းဒေသကြီးခုနစ်ခုမှာ အကြီးမားဆုံး တိုင်းတစ်ခုဖြစ်သလို လူဦးရေ ငါးသန်းကျော်ရှိတဲ့ တိုင်းတစ်ခုလည်းဖြစ်တယ်။


စစ်ကိုင်းတိုင်းဒေသကြီးထဲက မုံရွာ၊ကနီ၊ပုလဲ၊ဒီပဲယင်း၊ တန့်ဆည်၊ရေဦး၊ကလေး၊ ယင်းမာပင်၊ရွှေဘို၊ဆားလင်းကြီး၊မြောင် စတဲ့မြို့တွေက ဒေသခံလူထုဟာ စစ်အာဏာသိမ်းမှုစတင်ချိန်ကစပြီး နေ့သပိတ်၊ညသပိတ်တွေကို အားကောင်းကောင်းနဲ့ ဆင်နွှဲခဲ့ကြသလို အမျိုးသမီးတွေဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေလည်းမပြတ် ရှိခဲ့ပါတယ်။


စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီကို တူမီးလက်လုပ်သေနတ်တွေ၊လက်လုပ်မိုင်းတွေအသုံးပြုပြီး အစောဆုံး ခုခံတိုက်ခိုက်တဲ့ ဒေသဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့အတွက် စစ်ကောင်စီက စစ်ဆင်ရေးတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်နှိမ်နှင်းနေတဲ့ဒေသလည်းဖြစ်တယ်။


ယခုအခါမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေဝန်းရံထားတဲ့ လူထုသပိတ်တွေကို အစောဆုံးပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်လာပါပြီ။
ဒီလူထုသပိတ်တွေမှာ သပိတ်ဦးဆောင်သူတွေ၊ သပိတ်ကိုလုံခြုံရေးပေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးတွေပါဝင်ပါတယ်။ အမျိုးသမီးတွေဟာ စစ်အာဏာသိမ်းမှုစတင်တဲ့ ဖေဖော်ဝါရီလကဆန္ဒပြပွဲတွေကစလို့ ပြောက်ကျားသပိတ်တွေအပြင် ယခုပြည်သူ့ကာကွယ်ရေးတပ်တွေဝန်းရံထားတဲ့ လူထုသပိတ်တွေအဆုံး အမျိုးသမီးတွေ ပါဝင်နေကြပါတယ်။


မဖြိုးဖြိုးဟာ စစ်အာဏာသိမ်းမှုအစောပိုင်းက ဆန္ဒပြပြည်သူတစ်ဦးအဖြစ်သာ သပိတ်စစ်ကြောင်းတွေမှာပါဝင်ခဲ့သူပါ။ နောက်ပိုင်းမှာတော့ အမျိုးသမီးသပိတ်စစ်ကြောင်းတွေမှာပါဝင်တာ သပိတ်တွေမှာ ကင်းထောက်အဖြစ်တာဝန်ယူတာတွေ ကို ဆောင်ရွက်ခဲ့ပါတယ်။
ငယ်စဉ်ကတည်းကပေါင်းလာတဲ့ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေ ဖမ်းဆီးခံရတာ၊တော်လှန်ရေးလုပ်ရင်းမှခင်မင်တဲ့ ရဲဘော် ရဲဘက်တွေ ဆုံးရှုံးရတာတွေကြောင့် သပိတ်တွေမှာပါဝင်ရာကနေ မြေအောက်တော်လှန်ရေးသမားဘဝကို အပြီးကူး ပြောင်းခဲ့ပါတော့တယ်။
“ အဲ့လိုလူတွေဆုံးရှုံးသွားတော့ ပါသွားတာတွေ သေသွားတယ်ဆိုတဲ့ စိတ်တွေကကိုယ့်ကို တွန်းအားဖြစ်စေတာပေါ့” လို့ မဖြိုးဖြိုးကဖွင့်ဟပါတယ်။
မဖြိုးဖြိုးအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ပုလဲ၊ယင်းမာပင်၊ကနီ၊အရာတော်စတဲ့မြို့နယ်တွေရဲ့ လူထုသပိတ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ လုံခြုံရေးပေးတဲ့တာဝန်တွေဆောင်ရွက်ပါတယ်။


အရင်တုန်းက ပြောက်ကျားသပိတ်တွေမှာ ကင်းထောက်အဖြစ်တာဝန်ယူစဉ်က သပိတ်ပြီးရင် စိုးရိမ်မှုတွေနဲ့အတူ ပြန်ခဲ့ရ ပေမယ့် ယခုလူထုသပိတ်တွေကို ဝန်းရံတဲ့အခါမှာတော့ လက်နက်ရှိတဲ့အတွက်ယုံကြည်မှုအပြည့်နဲ့ ဝန်းရံနိုင်ပါပြီ။
“ အရင်က သပိတ်ထွက်ရင် စိုးရိမ်ရတယ်။ သပိတ်လူစုခွဲရင်လမ်းကြိုလမ်းကြားပြေးရတာ။ အခုကျတော့ သူတို့စစ်ကောင်စီ လာပစ်ရင် သူတစ်သက်ကိုယ်တစ်သက်ပဲ”လို့ မဖြိုးဖြိုးက ရဲဝင့်တဲ့အသံနဲ့ဆိုပါတယ်။


မြေအောင်တော်လှန်ရေးလှုပ်ရှားနေသူတွေထဲမှာ မဖြိုးဖြိုးလိုအမျိုးသမီးတွေပါဝင်သလို မြေပြင်ကလူထုသပိတ်တွေကို ဦးဆောင်သူတွေမှာလည်း အမျိုးသမီးတွေပါဝင်ပါတယ်။


ကြွေးကြော်သံတွေကို အားမာန်အပြည့်နဲ့ကြွေးကြော်နေတဲ့ အသားခပ်လတ်လတ်၊ ခန္ဓာကိုယ်ပိန်ပိန်ပါးပါး၊ ဆံပင်အတိုနဲ့ အမျိုးသမီးငယ်တစ်ဦးကို မုံရွာမြို့ပေါ်က ပြောက်ကျားသပိတ်တွေရဲ့ ရှေ့ဆုံးမှာတွေ့ရတတ်သလို ကျေးရွာသပိတ် စစ်ကြောင်းတွေမှာတော့ လူထုကို သပိတ်တရားဟောနေတာကိုတွေ့ရပါတယ်။


အဲ့ဒီအမျိုးသမီးငယ်ကတော့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဒုဥက္ကဌဖြစ်ပြီး မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီဝင်တစ်ဦးဖြစ်တဲ့ မချောစုစံပါ။


မချောစုစံဟာ ဖေဖော်ဝါရီလအစောပိုင်းထဲက မုံရွာမြို့ကလမ်းပေါ်သပိတ်တွေမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီး သပိတ်တရားဟောသူအဖြစ် လူထုကို မကြောက်တရားတွေဟောကြားခဲ့ရာကနေ နောက်ပိုင်းမှာလည်း အမျိုးသမီး မဟာ မိတ်အင်အားစုမှာ မုံရွာကိုယ်စားပြုအနေနဲ့ အမျိုးသမီးသပိတ်တွေ အားကောင်းလာစေဖို့ဆောင်ရွက်ခဲ့သူတစ်ဦးပါ။


လွတ်လပ်မှုကိုတန်ဖိုးထားသူ၊တရားမှု၊ချုပ်ချယ်မှုတွေကို သဘောမကျသူတစ်ဦးဖြစ်တဲ့အတွက် တော်လှန်ရေးခရီးကြမ်းကို လျှောက်ခဲ့ပါတယ်။
တော်လှန်ရေးလုပ်ငန်းတွေထဲမှာမှ သပိတ်တွေကိုဦးဆောင်ဖြစ်ခဲ့တာကတော့ လူထုကိုနိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက် ပြီး အသိပညာပေးတဲ့အပိုင်းတွေကို ဆောင်ရွက်ချင်တဲ့အတွက် ဖြစ်တယ်လို့ မချောစုစံကဆိုပါတယ်။


ဒါ့အပြင် တော်လှန်ရေးကာလမှာ စစ်အာဏာရှင်အပြင် အမျိုးသမီးတွေကိုခွဲခြားဆက်ဆံတဲ့ အယူအဆတွေ၊ အတွေး အခေါ်တွေအားလုံးကို တွန်းလှန်ဖို့အတွက် အမျိုးသမီးသပိတ်တွေကိုလည်း ဦးဆောင်ခဲ့ပါတယ်။


စစ်ကောင်စီက လူထုသပိတ်တွေကိုအကြမ်းဖက်ဖြိုခွင်းတာ၊ ပြောက်ကျားသပိတ်တွေကို ပစ်ခတ်ဖမ်းဆီးတာ၊ ကားနဲ့တိုက် ဖမ်းတာမျိုးတွေပြုလုပ်လေ့ရှိပါတယ်။ မချောစုစံဟာ ဒီလိုအန္တရာယ်တွေကြားကနေ သပိတ်တွေမှာ တောက်လျှောက်ပါဝင် ခဲ့ရာကနေ ယခုအခါမှာတော့စိတ်လုံခြုံမှုအပြည့်နဲ့ လူထုသပိတ်တွေမှာပါဝင်နိုင်ခဲ့ပါပြီ။


စစ်ကိုင်းတိုင်းဟာ မြေပြင်သပိတ်လှုပ်ရှားမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး ဟန်ချက်ညီညီသွားနေတဲ့ အနေအထား မျိုးမှာရှိပြီး တချို့နယ်တွေကို စစ်ကောင်စီကထိုးစစ်ဆင်နေတာတွေရှိတဲ့အတွက် သပိတ်တွေထွက်တဲ့အခါ လုံခြုံရေးပိုင်း ဆိုင်ရာထိခိုက်မှုတွေရှိလာနိုင်တဲ့အတွက် ပြည်သူလူထုရဲ့လုံခြုံရေးအတွက် အဲ့ဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ် ရေးတပ် တွေက ဝန်းရံပြီး စောင့်ရှောက်တဲ့ပုံစံမျိုးနဲ့ဝန်းရံဖြစ်တာဖြစ်တယ်လို့ မချောစုစံကရှင်းပြပါတယ်။


အဲ့ကနေပြီးတော့ လူထုသပိတ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အစောင့်အရှောက်အကူအညီနဲ့ လှုပ်ရှား မှုတွေပေါ်ပေါက်လာတာဖြစ်ပါတယ်။


“ စိတ်ခွန်အားလည်းရတယ်။ မြေပေါ်မှာလှုပ်ရှားနေတဲ့သူတွေရော မြေအောက်မှာလှုပ်ရှားနေတဲ့သူတွေရော ဟန်ချက်ညီညီ နဲ့ ဒီတော်လှန်ရေးကြီးကို ညီညီညာညာနဲ့ဆောင်ရွက်နေကြပါလားဆိုပြီး ခွန်အားဖြစ်တယ်”လို့မချောစုစံကပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသတင်းစကားတွေ ပြည်သူလူထုဆီရောက်သလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရယ် ပြည်သူတွေရယ် လမ်းပေါ်သပိတ်တွေရယ် အားလုံးကအချိတ်အဆက် မိမိနဲ့ရှေ့လုပ်ရမယ့် လုပ်ငန်း စဉ်တွေမှာ လက်တွဲညီညီလုပ်ဆောင်ဖို့အတွက် အကြံဉာဏ်ကောင်းတွေလည်းရစေတယ်လို့ မချောစုစံကဆိုပါတယ်။


လက်နက်ကိုင်လမ်းစဉ်နဲ့ မြေပြင်သပိတ်ကြား ဝိဝါဒကွဲပြားစေတဲ့အသုံးအနှုန်းတွေဝေဖန်မှုတွေကို အခုလိုမျိုးပြည်သူ့ ကာကွယ်ရေးတပ်တွေ ဝန်းရံမှုနဲ့ သပိတ်တွေပိုထွက်ခြင်းအားဖြင့် လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းမဖက်မြေပြင်လှုပ်ရှားမှု ဒီနှစ်ခုကြားထဲမှာလုပ်ဆောင်နေတဲ့သူတွေကြားထဲမှာ အချင်းချင်းပိုပြီးတော့ စည်းလုံးညီညွှတ်လာစေတယ်လို့ မချောစုစံက သုံးသပ်ပါတယ်။
ဒီလိုသပိတ်တွေထွက်ခြင်းအားဖြင့် နယ်မြေစိုးမိုးမှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အထောက်အပံ့ကောင်းတွေ ရှိစေနိုင်တာ လည်းဖြစ်ပါတယ်။
“ ဒေသတစ်ခုမှာဒီလိုသပိတ်တွေထွက်တယ်ဆိုရင် သပိတ်သမားတွေကလည်း စစ်ကောင်စီ အဲ့ဒေသကိုအုပ်ချုပ်လို့မရ အောင် နည်းအမျိုးမျိုးနဲ့ဖော်ဆောင်ကြတယ်။ တဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးအရတိုက်ပွဲ ဝင်နေကြတာဖြစ်တဲ့အတွက် ဒီလိုမျိုးစစ်ရေးအရရော မြေပြင်သပိတ်အရရော ဟန်ချက်ညီညီပေါင်းစပ်လိုက်တယ်ဆိုရင် နယ်မြေစိုးမိုး နိုင်တဲ့အခြေအနေ ပိုမိုအားကောင်းလာတယ်”လို့မချောစုစံကသုံးသပ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအပြည့်နဲ့တာဝန်ယူပေးတဲ့အတွက် မချောစုစံတို့လို သပိတ်ဦးဆောင်သူ တွေသာမက ပြည်သူလူထုတွေအနေနဲ့ ဘေးကင်းကင်းနဲ့ သပိတ်မှာပိုမိုအားကောင်းစွာပါဝင်လာနိုင်ကြသလို စိတ်လုံခြုံမှု အပြည့်အဝခံစားကြရပါတယ်။
အရင်က သပိတ်စစ်ကြောင်းတွေလိုက်ပါရင် ရင်တထိတ်ထိတ်၊ ကြွေးကြော်သံအော်ရင်း ဘယ်အချိန်၊ဘယ်နေရာကနေ စစ်ကောင်စီတပ်တွေလာရောက်ဖမ်းဆီးမလဲ ဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ သပိတ်စစ်ကြောင်းတွေကို ဝန်းရံခဲ့ရတယ်လို့ မုံရွာ- အမြင့်လမ်း ပင်မသပိတ်စစ်ကြောင်းမှာအမြဲလိုက်ပါနေတဲ့ နွေဦးစံ(အမည်လွှဲ)ကပြောပါတယ်။
အခုဆိုရင် သပိတ်တွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဝန်းရံပေးတာကြောင့် စစ်ကောင်စီတပ်တွေရောက်လာခဲ့ရင် တောင် အန္တရာယ်ကင်းကင်းနဲ့ လူစုခွဲနိုင်မယ်လို့ နွေဦးစံကယုံကြည်ပါတယ်။


“ ဘေးကင်းလုံခြုံတယ်လို့ ခံစားရတယ်။ အားလဲရှိတာပေါ့။ မြေပေါ်မြေအောက် စည်းစည်းလုံးလုံးနဲ့ဆောင်ရွက်လာနိုင်ကြ တဲ့အတွက် တော်လှန်ရေးကြီး အမြန်အောင်မြင်တော့မယ်လို့ ခံစားမိလာတယ်”လို့ နွေဦးစံကဆိုပါတယ်။
ဒါ့အပြင် ဒီလိုသပိတ်တွေမှာအမျိုးသမီးတွေပါဝင်မှုကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ်နဲ့ကျေးရွာတွေရဲ့ လူထုသပိတ်တွေမှာဆိုရင် သက်ကြီးပိုင်းအရွယ်အမျိုးသမီးတွေကစလို့ ကလေးအရွယ်အမျိုး သမီးငယ်လေးတွေအဆုံး သပိတ်စစ်ကြောင်းတိုင်းမှာ တွေ့နိုင်ပါတယ်။


အမျိုးသားအများစုက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထဲမှာပါဝင်ကြသလို ကျန်ရစ်ခဲ့တဲ့အမျိုးသမီးအများစုက လမ်းပေါ်က သပိတ်တိုက်ပွဲတွေမှာ ဆက်လက်ပါဝင်နေကြဆဲပါ။
လူထုသပိတ်တွေကနေ အမျိုးသမီးတွေကိုခွဲခြားနှိမ့်ချတဲ့အယူအဆတွေကို ပြည်သူလူထုကိုအသိပညာပေးနိုင်သလို ပြည်သူ့ကာကွယ်ရေးနဲ့ပူးပေါင်းသပိတ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေရဲ့ အခက်အခဲတွေ သူတို့ တွေ ဘယ်လိုကြုံတွေနေရတယ်ဆိုတာတွေ၊ ပြည်သူလူထုက ဘယ်လိုအထောက်အပံ့တွေ ပေးနိုင်တယ်ဆိုတာတွေကို ပြည်သူလူထုနဲ့ အပြန်အလှန်ချိတ်ဆက်ပေးလို့ရတယ်လို့ မချောစုစံကဆိုပါတယ်။


“ အမျိုးသမီးတွေအခုလိုအများကြီးရှေ့တန်းက ပါဝင်လာကြတာအများကြီးဝမ်းသာတယ်။ ၈၈တုန်းကဆို အမျိုးသမီးတွေ ပါဝင်ခဲ့ပေမယ့် အခုလောက်အထိအရေအတွက်ရော ပါဝင်မှုပုံစံရော အားမကောင်းဘူး။ ခေတ်တွေလည်းပြောင်းလာသလို အတွေးအခေါ်တွေလည်းပြောင်းလာတယ်လို့မြင်တယ်။ ဘာပဲဖြစ်ဖြစ်အမျိုးသမီးတွေ နောက်ကျန်မနေတော့တဲ့ အပေါ်ဝမ်း လည်းသာတယ်။ အားလည်းရတယ်”လို့ ရှစ်လေးလုံး မျိုးဆက်တစ်ဦးကမှတ်ချက်ပြုပါတယ်။


တော်လှန်ရေးရဲ့ အစိတ်အပိုင်းတစ်ခုစီတိုင်းမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊တာဝန်ကျေမှုကို နွေဦးတော်လှန်ရေးကာလ တစ်လျှောက်လုံးမှာ မြင်တွေ့ခဲ့ကြပြီးဖြစ်တဲ့အပြင် အခုပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဝန်းရံမှုနဲ့ လူထု သပိတ်တွေက ထပ်မံသက်သေထူနေပါတော့တယ်။
“ လက်နက်ကိုင်တဲ့သူကကိုင်တယ်။ သပိတ်တိုက်ပွဲမှာရှိတဲ့သူကရှိတယ်။ နောက်ကွယ်ကပံ့ပိုးပေးတဲ့ အမျိုးသမီးတွေက ပံ့ပိုးတယ်။ ဒီလိုမျိုးတွေကွဲပြားကြပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေဝန်းရံတဲ့သပိတ်တွေမှာ အမျိုးသမီးတွေရဲ့ လုပ်နိုင် စွမ်းကို တနေရာထဲမှာချပြနိုင်သလိုဖြစ်သွားတယ်”လို့မချောစုစံကဆိုပါတော့တယ်။

Author:

Related Articles