ရှင်ငြိမ်း
ပူပြင်းလွန်းတဲ့နေရောင်အောက်မှာ လက်နက်အပြည့်နဲ့ လူငါးယောက်ဟာ ကြီးမားလေးလံတဲ့အထုတ်တွေကို ရှေ့နောက်တင်ပြီး မောင်းလာတဲ့ဆိုင်ကယ်သုံးစီးဟာ ရွာလမ်းအတိုင်း အရှိန်ပြင်းပြင်းနဲ့ တရှိန်ထိုးမောင်းလို့လာပါတယ်။
တစ်နေရာအရောက်မှာတော့ ဆိုင်ကယ်တွေကိုထားရစ်ခဲ့ပြီး အထုတ်တွေထမ်းပိုးကာ ရေညှိတွေနဲ့ချော်နေတဲ့ချောင်းတွေ၊ ရွံ့နွံ တွေ၊ တောတောင်တွေကို ခပ်သုတ်သုတ်ဖြတ်သန်းကျော်လွှားသွားနေပါတယ်။
သူတို့ရှေ့နောက်ထမ်းပိုးထားတဲ့အထုတ်တွေကလည်း ဘယ်လောက်အထိလေးလံနေလဲဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ လမ်းလျှောက်လိုက်တိုင်းမှာ ရှေ့ကို ကိုင်းညွတ်ကျလာတဲ့အထိပါပဲ။
ဒီအထုတ်အပိုးတွေကတော့ သူတို့ရဲ့ကိုယ်ပိုင်အထုတ်တွေမဟုတ်ပါဘူး။ ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ခိုက်ရေးလုပ်နေတဲ့ တပ်သားတွေလိုအပ်နေတဲ့လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းတွေထည့်ထားတဲ့အထုတ်တွေပါ။
အခုလိုသယ်ပိုးလာတဲ့သူတွေဟာလည်း စစ်မျက်နှာပြင်မှာ တိုက်ခိုက်ရေးလုပ်နေတဲ့ရဲဘော်တွေလိုအပ်နေတဲ့ရိက္ခာ၊ ကျည် ဆေးဝါးစတဲ့အသုံးအဆောင်တွေကို ပို့ပေးရတဲ့တပ်ထောက်စစ်သည်တွေဖြစ်ပါတယ်။
ထောက်ပို့ရာမှာ စစ်ကြောင်းရှိတဲ့နေရာကို ရှောင်ကွင်းသွားရတာကြောင့် လမ်းခရီးက ခက်ခဲကြမ်းတမ်းလွန်းပြီး စစ်တပ်ရဲ့ လေကြောင်းရန်နဲ့ ကင်းပုန်းကို သတိထားသွားလာနေရတာပါ။
အများအားဖြင့် ဒီလိုအန္တရာယ်များလွန်းပြီး စွန့်စားရတဲ့တပ်ထောက်ပို့လုပ်ငန်းစဉ်တွေကို အမျိုးသားရဲဘော်တွေသာ ဦးဆောင် လုပ်ကိုင်လေ့ရှိပါတယ်။
သို့ပေမဲ့ အသားမဖြူမညို ကြံခိုင်သန်မာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်တားတဲ့အသက် ၄၆ နှစ်အရွယ် “မကွေးသူ တာလပေါ့” ဆိုတဲ့အမျိုးသမီးစစ်သည်တစ်ဦးကိုလည်း ဒီထောက်ပို့ရဲဘော်တွေကြားမှာ ထူးခြားစွာမြင်တွေ့ရမှာပါ။
မကွေးသူဖြစ်တဲ့တာလပေါ့မှာ မူရင်းနာမည်ရှိပေမယ့် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ဖို့ ပထမဆုံးသွား ရောက်ခဲ့တဲ့ကရင်ပြည်နယ်ရဲ့ဒေသစားစရာကို အစွဲပြုပြီးတော့ သူ့ကိုယ်သူ “တာလပေါ့” လို့တော်လှန်ရေးနာမည်ပေးထား တာဖြစ်တယ်။
မကွေးသူဖြစ်တဲ့ တာလပေါ့ဟာ မင်းဘူးခရိုင်ကွပ်ကဲရေးရုံးမှာ တပ်ထောက်ရဲဘော် ၃၀ ဦးကျော်ကို အုပ်ချုပ်စီမံပေးနေရတဲ့ တစ်ဦးထဲသောအမျိုးသမီး ခရိုင်တပ်ထောက်တာဝန်ခံဖြစ်တယ်။ ဒါပေမဲ့ တာလပေါ့က သူတပ်သားတွေကို ခွဲခြားတာမရှိဘဲ အတူနေ၊ အတူစား၊ အတူလေ့ကျင့်ခန်းယူပြီး သွေးသားရင်းသဖွယ်နွေးထွေးစွာစောင့်ရှောက်နေသူပါ။
တာလပေါ့ဟာ ဘဝကို ရိုးရှင်းစွာဖြတ်သန်းခဲ့ပေမယ့် နိုင်ငံရေးလမ်းခရီးရဲ့ခက်ခဲကြမ်းတမ်းမှုတွေကိုလည်း သူအားနဲ့ ကျော် ဖြတ်နေတဲ့အမျိုးသမီးတစ်ဦးဆိုလည်း မမှားပါဘူး။
မကွေးမြို့ဇာတိဖြစ်တဲ့တာလပေါ့ဟာ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတာကြောင့် တစ်ဦးထဲသောသမီးအဖြစ်နဲ့ ဖခင်နဲ့ ဘိုးဘွားတွေလက်အောက်မှာ ကြီးပြင်းခဲ့ရတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီအထိ တာလပေါ့ဟာ ခင်ပွန်းသည်နဲ့အတူ တက္ကသိုလ်တက်နေတဲ့သမီး နှစ်ဦးကို စောင့်ရှောက်ရင်း အိမ်သုံးပစ္စည်းရောင်းကာ ဘဝကိုရိုးရှင်းစွာဖြတ်သန်းနေတဲ့သူပါ။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မကွေးတိုင်း ဝန်ကြီးချုပ်ဖြစ်တဲ့ဒေါက်တာအောင်မိုးညို၊ မကွေးမြို့နယ်ရဲ့ကြားဖြတ် ရွေး ကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် ဆရာဦးမြင့်သိန်းတို့ရဲ့အောင်နိုင်ရေးတွေမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ရင်း သူရဲ့နိုင်ငံရေး ခြေလှမ်းကို စတင်ခဲ့တယ်။
နိုင်ငံရဲ့အရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ပါဝင်ချင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ စစ်မှန်တဲ့ဒီမိုကရေစီပေါ်ထွန်းမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီထဲဝင်ခဲ့ပါတယ်။
ပါတီဝင်ကနေ မြို့နယ်အလုပ်အမှုဆောင်ရွေးတော့ တာလပေါ့ဟာ မကွေးမြို့နယ်ရဲ့အလုပ်အမှုဆောင်အဖြစ်ရွေးချယ်ခံခဲ့ရ တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ရဲ့ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းခဲ့ပါတယ်။
ဒါ့အပြင် မကွေးတိုင်း NLDရဲ့အမျိုးသမီးလုပ်ငန်းကော်မတီမှာလည်း သူက အတွင်းရေးမှူးတာဝန်ယူခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင်အဖြစ် မကွေးမြို့ရဲ့အောင်နိုင်ရေးတွေမှာ လှည့်လည်ဟောပြော စည်းရုံးတာတွေ လုပ်ခဲ့ပါတယ်။
“သမိုင်းကလိုအပ်လာရင် ဝင်ရောက်ထမ်းဆောင်ဖို့ အသင့်ရှိသူအနေနဲ့ပဲ ကျရာတာဝန်ယူခဲ့တယ်။”လို့ သူက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က နိုင်ငံတော်ရဲ့အာဏာ သုံးရပ်ကို မတရားသိမ်းယူခဲ့တာကြောင့် နိုင်ငံအနှံ့မှာ လူထု အုံကြွမှုဖြစ်လာပြီး ဆန္ဒပြသပိတ်တွေ ပေါ်ပေါက်လာခဲ့တယ်။
အဲ့ဒီအချိန်မှာလည်း တာလပေါ့က သူရဲ့အိမ်ကိုရောင်းပြီး တခြားနေရာမှာ ဌားနေတဲ့အချိန်ပါ။ အာဏာသိမ်းပြီး ၆ ရက်မှာ ဦးဆောင်ဆန္ဒပြနေတဲ့တာလပေါ့နောက်ကို စစ်တပ်က ဆိုင်ကယ်တွေ၊ ကားတွေတောက်လျောက်လိုက်ပါကာ ဖမ်းဆီးနိုင်ဖို့ ကြိုးစားခဲ့တယ်။
ဒါ့အပြင် သူရောင်းခဲ့တဲ့အိမ်ကိုလည်း မွှေနှောက်ရှာဖွေခံရသလို ဌားနေကြတဲ့အိမ်မှာလည်း ကင်းပုန်းဝပ်ကာ ဖမ်းဆီးဖို့ ကြိုး စားတာကြောင့် ဆန္ဒပြခဲ့တဲ့အစောပိုင်းရက်မှာပဲ လုံခြုံတဲ့နေရာတစ်ခုကို တိမ်းရှောင်ခဲ့ရသူဖြစ်တယ်။
“ ကျမတို့ကလည်း မြို့ပေါ်မှာ ဆန္ဒပြစစ်ကြောင်းထွက်ပြီဆိုရင်ပဲ အဖမ်းမခံရအောင်၊ အသတ်မခံရအောင် အသက်လုပြေးရ တဲ့အထိ ထွက်ဆန္ဒပြကြတယ်။ ဆန္ဒပြတဲ့ရက်တွေမှာ အခက်အခဲမျိုးစုံရှိသလို ဖမ်းဆီးခံရခါနီးတဲ့အဖြစ်အပျက်တွေကလည်း အများကြီးဖြစ်ခဲ့တယ်။”လို့ တာလပေါ့က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က တာလပေါ့ကို ဆန္ဒပြပွဲတွေမှာ ဦးဆောင်မှုမပြုနိုင်အောင် အမျိုးမျိုးတားဆီးတာတွေလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တာလပေါ့ကလည်း ရုပ်ဖျက်ပြီး ဆန္ဒပြတာ၊ ပြောက်ကြားသပိတ်တွေပါ ဆက်လုပ်ခဲ့တယ်။
စစ်တပ်က တာလပေါ့ကို ဖမ်းဆီးဖို့ခက်ခဲလာတော့ မြို့လယ်မှာ သူ့ပုံပါဗီနိုင်းချိတ်ပြီး ပုဒ်မတွေတပ်ကာ သောင်းကျန်းသူလို့ ကြေညာခဲ့တယ်။ သူတို့ကို လက်ခံထားရင် အိမ်ကို ချိတ်ပိတ်သိမ်းဆည်းမှာဖြစ်တယ်လို့လည်း ကြေညာခံခဲ့ရတယ်။
ဒါနဲ့အိမ်မှာကျန်ခဲ့တဲ့ခင်ပွန်းနဲ့ သမီးနှစ်ယောက်ကို ကင်းပုန်းတွေချထားတဲ့ကြားက ခဲရာခဲဆစ်ကယ်ထုတ်ပြီးလုံခြုံတဲ့နေရာ တစ်ခုပို့လိုက်ကာ တာလပေါ့ကတော့ တော်လှန်ရေးထဲမှာ တစ်ယောက်ထဲနေရစ်ခဲ့ပါတယ်။
ဆန္ဒပြတာတွေလုပ်မရတော့ တာလပေါ့က ကျောင်းသားလူငယ်လေးတွေ ဦးဆောင်တဲ့ UG အဖွဲ့မှာပါဝင်ပြီး မြို့ပေါ်မှာ ဖောက်ခွဲရေးတွေလုပ်ခဲ့တယ်။ နှစ်လလောက်ဆန္ဒပြ၊ ဖောက်ခွဲရေးတွေလုပ်ပြီးနောက်ပိုင်း အဖမ်းအဆီးတွေများလာတာကြောင့် ဆက်နေလို့မရတော့တဲ့အခြေအနေမှာ လက်နက်ကိုင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်။
ဒီလိုအချိန်မှာ သူ့အနေနဲ့ မိသားစုဆီပြန်သွားပြီး တော်လှန်ရေးဆက်လုပ်နေလို့ရပေမယ့် မပြန်တော့ဘဲ ကျောင်းသား လူငယ် တွေနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၇ မှာ စစ်သင်တန်း သွားတက်ခဲ့တယ်။
အခုလိုမိသားစုဆီ မပြန်တော့ဘဲ သူ့အသက်ကိုအရင်းပြုပြီး တော်လှန်ရေးဆက်လုပ်နေရတာကလည်း ငယ်စဉ်က မြင်တွေ့ခဲ့ ရတဲ့ စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေက တော်လှန်ရေးထဲဝင်ဖို့တွန်းအားတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒါကတော့ ၈၈ အရေးအခင်းမှာ စစ်သားတွေက စားနပ်ရိက္ခာခက်ခဲလို့ ဆန်ဂိုဒေါင်မှာ ဆန်လာသယ်တဲ့ပြည်သူတွေကို အကြောင်းမဲ့သေနတ်နဲ့ ပစ်သတ်တဲ့အပြင် ခေါင်းဖြတ်တဲ့အကြမ်းဖက်ဖြစ်စဉ်တွေကို မျက်မြင်ကြုံခဲ့ရတာကြောင့်ဖြစ်တယ်။
“ ဒါ ၈၈ရဲ့ အင်မတန်မှဆိုးဝါးတဲ့အဖြစ်တွေပေါ့။ ခေါင်းဖြတ်တယ်။ သတ်တယ်။ ဒါတွေကိုတွေ့ခဲ့ရတော့ အာဏာရှင်ကို မုန်းတာ။” လို့ တာလပေါ့က ပြောပါတယ်။
စစ်တပ်ကို မုန်းတီးစိတ်အခြေခံကြောင့် အထက်တန်းကျောင်းသူဘဝမှာ ကျောင်းဆင်းချိန်တိုင်း ကမ္ဘာမကြေသီချင်းဆိုကြဖို့ ကျောင်းသားတွေကို စည်းရုံးလို့ဆိုပြီး သတိပေးလက်မှတ်ထိုးရတာတွေကလည်း အကြိမ်ကြိမ်။
ဒါတင်မက မကွေးတိုင်းဝန်ကြီးချုပ် ဖုန်းမော်ရွှေလက်ထက်မှာလည်း တောင်သူလယ်သမားတွေကို မတရားဖိနှိပ်တာ၊ လယ် မြေတွေကို တပ်မြေအဖြစ် အဓမ္မသိမ်းယူတာတွေကြောင့် အာဏာရှင်မုန်းတီးစိတ်ဟာ ဒီကတည်းက သံမှိုစွဲသလိုရှိနေခဲ့တာ ဖြစ်တယ်။
တာလပေါ့ဟာ UG ကျောင်းသားလေးတွေကို ဦးဆောင်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ KNU တပ်မဟာ ၇ ရောက်ရှိသွားခဲ့ပါ တယ်။ ဒီမှာတော့ သူနဲ့ပါလာတဲ့ကျောင်းသားတွေက စစ်သင်တန်းတက်ပြီး သူကတော့ စားဖိုဆောင်မှာချက်ပြုတ်ရေး တာဝန်ယူခဲ့တာ ဖြစ်တယ်။
“ စားဖိုဆောင်မှာဆိုရင် တနေကုန်လုပ်ရတာ ည ၉ နာရီမှ နားရတယ်။”လို့ တာလပေါ့က ပြောပါတယ်။
တပ်မဟာ ၇ မှာ တာဝန်ထမ်းနေရင်း ကိုဗစ်ရောဂါကူးစက်ခံရကာ အသက်သေမလိုထိဖြစ်ခဲ့ပါတယ်။ ဇူလိုင်လရောက် တော့ စစ်သင်တန်းသွားတဲ့သူတွေပြန်လာနဲ့ တာလပေါ့လည်း မကွေးတိုင်းလွတ်မြောက်ရေးအတွက် တစ်ထောင့်တစ်နေရာက ပါ ဝင်ရမယ်ဆိုပြီး ပြန်လာခဲ့ကြတယ်။
မကွေးရောက်တော့ အနောက်ပိုင်းတိုင်း(နပတ)စစ်လေ့ကျင့်ရေးကျောင်းမှာ ကျောင်းသားတွေနဲ့အတူ အခြေခံစစ်သင်တန်းနဲ့ ဆေးကူသင်တန်းတက်ရင်း တာလပေါ့က နပတဆေးခန်းမှာ ဆေးအကူဝင်လုပ်ခဲ့တယ်။
နပတမှာ တစ်နှစ်နီးပါးရှိနေတဲ့အချိန်မှာ သူတို့တပ်ရင်းကို စစ်ကြောင်းထိုးလာတဲ့အတွက် သင်တန်းသား အယောက် ၁၀၀ ကျော်နဲ့ သင်တန်းမှူးတွေပါခေါ်ပြီး လုံခြုံနိုင်မယ့် တောတောင်တစ်နေရာကို ပြောင်းရွှေ့ခဲ့ရတယ်။
အဲ့ဒီနေရာက ရေရှားပါးလွန်းတာကြောင့် သူတို့တွေရေအတွက် အတော်လေးဒုက္ခရောက်ခဲ့ကြပါတယ်။ တာလပေါ့ဆိုရင် ရေ ရှိတဲ့ချောက်အနက်ကြီးထဲ ကားနဲ့ဆင်းခပ်ရာမှာ ချောက်ထဲကျပြီး အသက်မသေရုံဒဏ်ရာရခဲ့ပါတယ်။
“ အဲ့မှာရေဘယ်လောက်ရှားသလဲဆိုရင် တစ်သက်မှာတစ်ခါမှမလုပ်ဖူးတဲ့ ဆန်ဆေးရေကို အိမ်သာအဖြစ်သုံးရတယ်။ ဗွက်ရေ တွေဆိုရင် တကယ့်ဗွက်မှ ဗွက်ပဲ။ အဲ့ဒီရေတွေချိုးခဲ့ရတယ်။ အဝတ်လျော်ခဲ့ရတယ်။”လို့ တာလပေါ့က ဆိုပါတယ်။
ဒီလိုအစစအရာ မပြည့်မစုံ၊ မလောက်မငှနဲ့ အခက်အခဲမျိုးစုံကြားကနေ နောက်ဆုံးအပတ်စဉ် သင်တန်းပြီးမြောက်အောင် ကြမ်းကြမ်းတမ်းတမ်းဖြတ်ကျော်ခဲ့ရတာကြောင့် တာလပေါ့အတွက်တော့ အပင်ပန်းဆုံးကာလဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
သို့ပေမဲ့ သူဘယ်လောက်ပဲပင်ပန်းပန်း သူ့ရဲ့ပေးဆပ်မှုက အသက်ပေးသွားသူတွေရဲ့ မြူတမှုန်လောက်သာရှိတယ်ဆိုတဲ့ ခံယူစိတ်နဲ့ တာလပေါ့က ဒီအခက်အခဲတွေကို အားတင်းကျော်လွှားနေတာဖြစ်တယ်။
သင်တန်းပြီးသွားတော့ နပတရဲ့တပ်ရင်းတွေ ဖွဲ့ကြတဲ့အခါ တာလပေါ့က တာဝန်ယူတဲ့တပ်ရင်း ၇၀၂ ကို မင်းဘူးခရိုင်ရဲ့ တပ် ရင်း ၂ လို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တပ်ထောက်အဖြစ်တာဝန်ထမ်းခဲ့ပါတယ်။ လက်ရှိမှာတော့ မင်းဘူးခရိုင်ကွပ်ကဲရေး ရုံးမှာ ခရိုင်တပ်ထောက်တာဝန်ခံအဖြစ် တာဝန်ထမ်းနေတာပါ။
တပ်ထောက်တာဝန်တွေကတော့ ရှေ့တန်းမှာတိုက်ခိုက်ရေးလုပ်နေတဲ့တပ်သားတွေလိုအပ်တာတွေ သွားပို့ပေးရတာပါ။ ဒီလို ပို့ရာမှာ နယ်မြေအရင်လေ့လာပြီးမှ စစ်ကြောင်းကို ရှောင်ကွင်းသွားရတဲ့အတွက် သာမာန်ထက်အချိန်ပိုကြာသလို ဖြတ်ရ တဲ့ခရီးကလည်း အင်မတန်မှ ကြမ်းတမ်းလှပါတယ်။
ဒါ့အပြင် စစ်ကြောင်းရဲ့လေကြောင်းရန်၊ ကင်းပုန်းတွေနဲ့ မြေမြုပ်မိုင်းတွေလည်း သတိထားသွားလာရတယ်။ ဒီလိုအသက် ရင်းသွားလာရတာကြောင့် တပ်သားတွေကို စိုးရိမ်တဲ့တာလပေါ့က တချို့ခရီးစဉ်တွေမှာ ကိုယ်တိုင်လိုက်ပါလေ့ရှိတယ်။
သို့ပေမဲ့ တပ်ထောက်တာဝန်ခံတစ်ယောက်အနေနဲ့ လုပ်ဆောင်ရတဲ့တာဝန်တွေများပြားလွန်းသလို ရဲဘော်တွေရဲ့မပြည့်စုံမှု တွေကလည်း သူ့အတွက်စိန်ခေါ်မှုတွေဖြစ်နေပါတယ်။
အထူးသဖြင့် တပ်သားတွေအတွက် ကျည်ဆန်အပါအဝင်စစ်အသုံး အဆောင်ပစ္စည်းတွေ ပြည့်စုံအောင်မထားနိုင်တဲ့အပေါ် စိုးရိမ်သောကဖြစ်နေပုံရပါတယ်။ နောက်အလှူငွေမရရင် စားနပ်ရိက္ခာဘယ်လိုဖြေရှင်းမလဲဆိုတဲ့စိန်ခေါ်မှုတွေလည်း ရှိနေတာဖြစ်တယ်။
ဒါပေမဲ့ ဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ တော်လှန်ရေးကို ယခုအချိန်ထိ တစ်ရက်မှမနားခဲ့ဆိုတဲ့ဆောင်ပုဒ် အတိုင်း ကျော်ဖြတ်နေတယ်လို့ တာလပေါ့က ဆိုပါတယ်။
သူ့အနေနဲ့ တော်လှန်ရေးထဲဝင်လာစဉ်ကတည်းက ခက်ခဲမယ်ဆိုတာကို ယုံကြည်ထားသလို ဘာပဲလုပ်လုပ် အသက်စွန့် လုပ် ဖို့လည်း သူက တွေးဆထားပြီးသားဖြစ်တယ်။
လက်ရှိစစ်အာဏာရှင်တော်လှန်ရေးမှာ ကျရာတာဝန်ထမ်းနေတဲ့အမျိုးသမီးတွေကို သူကလေးစားဂုဏ်ယူသလို တာလပေါ့ ကိုယ်တိုင်လည်း တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတဲ့အပေါ် ကျေနပ်ဂုဏ်ယူနေပါတယ်။
“ဒီနေ့ထိလည်း ကျမတို့က တော်လှန်ရေးကို သွေဖယ်မသွားဘဲ အမျိုးသမီးတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းအားနဲ့ ရရာတာဝန်၊ ကျရာတာဝန်ကနေ ထမ်းဆောင်ခဲ့တယ်။”လို့ တာလပေါ့က ပြောပါတယ်။
အခုအချိန်မှာ တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်တွေကြောင့် စစ်တပ်က ပြိုလဲနေပြီဖြစ်သလို တောင့်ခံသွားမှာဖြစ်တာကြောင့် ဒီအတွက် တန်ပြန်ထိုးစစ်ဆင်သွားမယ်လို့လည်း သူက သတိပေးထားပါတယ်။
ဒါ့အပြင် သူက ရဲဘော်တွေနဲ့အတူ သေအတူ ရှင်မကွာ ကြံကြံခံရင်ဆိုင်ပြီးတော့ အောင်ပွဲရောက်သွားဖို့အတွက် ရည်မှန်း ချက်ကြီးကြီးရှိနေတာဖြစ်ပါတယ်။
အမျိုးသမီးတွေက တော်လှန်ရေးမှာ သူရဲကောင်းတွေလိုစွမ်းဆောင်နိုင်ကြတာကြောင့် မကြာမီလာမယ့် အောင်ပွဲတွေမှာ အမျိုးသမီးတွေ နိုင်ရာကဏ္ဍကနေ ပါဝင်ကြဖို့ကိုလည်း အခုလိုဆော်သြနေပါတော့တယ်။
“ ဒီတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုအခန်းကဏ္ဍကလည်း အင်မတန်မှ အရေးကြီးသလို အသက်ကြီးငယ်မရွေး တော်လှန်ရေးမှာ ပါဝင်ကြဖို့ အထူးပဲလိုအပ်ပါတယ်။”