Home သတင်း တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

ဇန်နဝါရီ ၂၂ ရက်ကနေ ၂၈ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြလိုက်ပါတယ်။

  • ဂန့်ဂေါမှာ လက်နက်ကြီးမှန်ပြီး သားအမိနှစ်ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊အနောက်ဂန့်ဂေါရွာထဲကို ဇန်နဝါရီလ ၂၀ရက်ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲခဲ့တာကြောင့် သားအမိနှစ်ဦးသေဆုံးပြီး သက်ကြီးအမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ ဆယ်လအရွယ်သမီးတို့ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အသက် ၆၆ နှစ်နဲ့ အသက် ၈၁ နှစ်အရွယ် သက်ကြီး အမျိုးသားနှစ်ဦးဖြစ်ပါတယ်။

ဂန့်ဂေါမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၅၀ ကနေ မြို့အနီးဝန်းကျင်က ရွာတွေကို ၁၂၀ မမ လက်နက် ကြီးတွေနဲ့ အချက်နှစ်ဆယ်ထက်မနည်း ပစ်ခတ်ခဲ့တာသလို စိုင်ဒူးရွာအနီးကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက် ကွဲတာကြောင့်အရပ်သားတွေရဲ့ နွားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

Source – RFA

  • လေယာဥ်ဗုံးစထိမှန် နမ့်ခမ်းဒေသခံအမျိုးသမီးတစ်ဦး လက်ဖြတ်တောက်ကုသဖို့ အကူအညီလိုအပ်နေ

စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၁ ရက်၊ နံနက်ပိုင်းမှာ လေယာဉ်နဲ့ ၄ ကြိမ်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ရှမ်းပြည် နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ နောင်မကျေးရွာမှာနေထိုင်တဲ့ ဒေသခံဇနီးမောင်နှံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ဖြစ်သူမှာ ညာလက်တစ်ဖက်ဖြတ်တောက်ကုသရန် အကူအညီလိုအပ်နေတယ်လို့သိရပါတယ်။

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်စဉ် ဗုံးစထိမှန်ခဲ့တဲ့စိုင်းစံထွန်းလှ နှင့်၎င်း၏ဇနီးဖြစ်သူ နန်းခမ်းအောင်တို့ မှာထိခိုက် ဒဏ်ရာရရှိခဲ့ တဲ့အပြင် နေအိမ်လည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝါးကုသရန်အတွက် ငွေကြေးအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Source -သံလွင်ခက်

  • သံဖြူဇရပ်မှာ အမျိုးသမီးနဲ့ ကလေးငယ်အပါအဝင် ရိုဟင်ဂျာ ၁၀၀ ကျော် ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာအနီး ရော်ဘာခြံအတွင်း ဇန်နဝါရီ ၂၄ ရက်နေ့မနက်ပိုင်းမှာ အမျိုးသမီးနဲ့ ကလေး ၅၉ဦး အပါအဝင် ရိုဟင်ဂျာ ၁၁၇ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ရိုဟင်ဂျာလူမျိုးတွေ ရောက်ရှိနေတဲ့ သတင်းအရ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ကုန်တင်ကားနှစ်စီးနဲ့ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပြီး ကလေးငယ် ၉ ဦး၊ အမျိုးသမီး ၅၀ ဦး၊ အမျိုးသား ၅၈ ဦး၊ စုစုပေါင်း ၁၁၇ ဦး ပါဝင်ပြီးသူတို့ကို သံဖြူဇရပ်မြို့ အားကစားခန်းမထဲမှာ ထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာလူမျိုးတွေကိုတော့ စစ်ကောင်စီက စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ပြီး သက်ဆိုင်ရာ ဥပဒေ တွေ အတိုင်း အရေးယူသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂ လားဒေ့ရှ်နိုင်ငံတွေကနေ ရေလမ်းကြောင်းကတဆင့် အသက်စွန့်ထွက်ပြေးလာတဲ့ ရိုဟင်ဂျာလူမျိုး ၅၇၀ နီးပါး ပျောက် ဆုံးသေဆုံးထားတယ်လို့ သိရပါတယ်။

Source-  သံလွင်တိုင်းမ်

  • ကလေး ၅ ဦးမိခင် PDF တပ်သားအား KIA က တပ်ကြပ်ကြီးရာထူးတိုးမြှင့်ပေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ၌ ရွပ်ရွပ်ချွံချွံပါဝင်ခဲ့တဲ့ PDF အမျိုးသမီး တပ်သားမစုကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA က တပ်ကြပ်ကြီးရာထူး တိုးမြှင့်ခန့်အပ်ခဲ့ပါတယ်။

မစုက စစ်ကောင်စီတပ် အာဏာမသိမ်းမီကာလတွေတုန်းက   နေအိမ်မှာအဝတ်အထည်ချုပ် လုပ်ငန်းလုပ်ကိုင်ပြီး သား၊ သမီး ၅ ယောက်ကို ကျွေးမွေးစောင့်ရှောင်နေတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ PDFတပ်ဖွဲ့ဝင် ဖြစ်လာပြီး  ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာတိုက်ပွဲ မှာ ရဲရဲရင့်ရင့် ပါဝင်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

ကချင်အမည် ဂျန်မော်ခေါန်ရှောင်လို့ခေါ်တဲ့ မစုက KIA လက်အောက်ခံ KPDF တပ်ဖွဲ့ဝင် ၁ ဦးဖြစ်ပြီး KIA တပ်မဟာ အမှတ် (၉)ကနေ မစုကို တပ်ကြပ်ကြီးရာထူးခန့်အပ်ခဲ့သလို ဥရုခရိုင်အုပ်ချုပ်ရေးကော်မတီကလည်း ရွှေဆွဲကြိုး၊ ငွေသားနှင့်အခြား ပစ္စည်းများ ချီးမြှင့်ခဲ့ပါတယ်။   

ဝှေခါရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဇန်နဝါရီလပထမပတ်ကစလို့ ထိုးစစ် ဆင်တိုက် ခိုက်နေခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း၊ ခလရ – ၄၂ ဗျူဟာ စခန်း ကုန်းတစ်ခုလုံးကို တိုက်ခိုက် သိမ်း ပိုက်နိုင်ခဲ့ပါတယ်။

Source- သံလွင်ခက်

  • ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို စစ်ကောင်စီက လေလံတင်ရောင်းချ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်‌နေထိုင်တဲ့ ရန်ကုန်နေအိမ် ခြံနံပါတ် ၅၄ ကို ကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်းကျပ်(ကျပ်ငွေ ၃၁၅ ဘီလျံ)နဲ့ လေလံကြမ်း‌ခင်းစျေးသတ်မှတ်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်မှာ နေအိမ်ရှေ့မှာ လေလံတင် ရောင်းချမှုလုပ်မယ်လို့ ရန်ကုန်မြို့၊ ကမာရွတ်ခရိုင်တရားရုံးက ဇန်နဝါရီ ၂၅ ရက်မှာ အမိန့်ချလိုက်ပါတယ်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ နေအိမ်နဲ့ ခြံကွက်အမွေမှုနဲ့ ပတ် သက်လို့ သားအကြီးဖြစ်သူဦးအောင်ဆန်းဦးရဲ့ ခြံနံပါတ် ၅၄ ခြံကြီးနဲ့ ခြံထဲက နေအိမ်တို့ကို အမွေခွဲဖို့ ၂၀၂၂ ခုနှစ်က အထူး အယူခံတက်တဲ့တောင်းဆိုမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုအနိုင်ပေးခဲ့တဲ့နောက် ဒီနောက်ဆက်တွဲ အမိန့် ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

Source- BBC

  • အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံများ၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အမျိုးသမီးတွေ ပိုမိုကြုံ တွေ့နေရ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းက အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက် ခံရတဲ့ အမှုပေါင်း ၃၁၄ မှုရှိတယ်လို့ ယူကေအခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပြီး ဒီထဲ အမျိုးသမီးတွေက ပိုမိုချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားအဖွဲ့ချုပ်တွေက ပြောပါတယ်။

ယူကေအခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BHRRC) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ထုတ်ပြန်တဲ့ အစီ ရင်ခံစာအရ အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ဇူလိုင်လအထိ အထည်ချုပ်စက်ရုံ ၁၇၅ ရုံမှာ အလုပ်သမားအခွင့်အရေးနဲ့ လူ့ အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ် ၃၁၄ ခု ရှိတယ်လို့ ဖော်ပြထားပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ အများဆုံးက လုပ်အားခ ခေါင်းပုံဖြတ်မှု၊ ဥပဒေမဲ့ အလုပ်ထုတ်ခံရမှု၊ အချိန်ပို အလွန်အကျွံ ဆင်းခိုင်းမှု၊ ထိပါးနှောင့်ယှက်ခြိမ်းခြောက်မှုနဲ့ အန္တရာယ်ရှိတဲ့အခြေအနေတွေမှာ ခိုင်းစေမှုတို့ပဲဖြစ်ပြီး အခြား မှတ်တမ်းမတင်နိုင်ဘဲ ကျန်နေသေးတဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေ အများအပြားရှိနေသေးတယ်လို့ BHRRC အစီရင်ခံစာ က ဆိုပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေထဲ အဆိုးဝါးဆုံး ဖြစ်စဉ်ကတော့ ကိုယ်ဝန်ဆောင်မိခင်တွေကို အဓမ္မလုပ်အား စေခိုင်းတာတွေကြောင့် ကိုယ်ဝန်ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့တာတွေ ရှိတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ ချုပ် (FGWM) အဖွဲ့ကနေ သိရပါတယ်။

ကုလသမဂ္ဂကထုတ်ပြန်တဲ့ အချက်အလက်တွေအရ ကိုဗစ်ကပ်ရောဂါမတိုင်ခင် အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေသူ ၇ သိန်းလောက် ရှိတဲ့အထဲ ၈၀ ရာခိုင်နှုန်းကျော်က အမျိုးသမီးတွေ ဖြစ်ပါတယ်။

Source- DVB

  • မကွေးထောင်မှ နိုင်/ကျဉ်း ကျောင်းသူတဦး ဆေးကုခွင့်မရ၍ သေဆုံး 

မကွေးမြို့ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ မကွေးတက္ကသိုလ်မှ ဓာတုဗေဒအထူးပြု ဂုဏ်ထူးတန်းကျောင်း သူ မစုမေအောင်မှာ ဆေးကုသမှု အချိန်မီမရရှိတဲ့အတွက် ဇန်နဝါရီ ၂၂ ရက်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

မကွေးထောင်၌ အကျဉ်းကျနေစဉ် မစုမေအောင်မှာ အရေပြားလေးဖက်နာ၊ အသည်းကြီးတာ၊ နှလုံးရောဂါဝေဒနာ ခံစားနေရ ပေမယ့် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရရှိတာ အချိန်မီဆေးကုသခွင့် မရရှိတာတွေကြောင့် ကွယ်လွန်ခဲ့တာဖြစ် တယ်လို့ မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။

မစုမေအောင်က လူမှုကွန်ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကိုထောက်ခံကြောင်းနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအကြောင်းတွေ ရေးသားတယ်လို့ဆိုကာ စစ်ကောင်စီက ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၀(ည)နဲ့ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။

မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ မကွေးတက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီတို့က မစုမေအောင်ကို “နွေဦးတော်လှန်ရေး၏ သူရဲကောင်း”အဖြစ် မှတ်တမ်းတင်ကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း စစ် ကောင်စီရဲ့ မတရားအကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လူသားဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော လူ့အခွင့်အရေး ချိုးဖောက် မှုများ ၊ယုတ်မာရက်စက်စွာ ထောင်အတွင်းအကြမ်းဖက်မှုများကို ထိထိရောက်ရောက် လျင်လျင်မြန်မြန် အရေးယူဆောင် ရွက်ရန် တောင်းဆိုထားပါတယ်။

Source -The Irrawaddy

  • ထိုင်းမှာအလုပ်လုပ်နေတဲ့ အမျိုးသမီးလုပ်သား ၁၈ဦး လစာမရဘဲ အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ဘော်ထော်ရပ်ကွက်မှာရှိတဲ့ PE MAT ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား အမျိုး သမီး ၁၈ ဦးကို အလုပ်ရှင်က လစာမပေးဘဲ အလုပ် ထုတ်ခဲ့တယ်လို့ WAG မြန်မာအလုပ်သမား ကူညီ စောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်မှာ အလုပ်သမား ၁၈ ဦးကို သူဌေးကခေါ်ပြီး လုပ်ခတစ်လစာမပေးဘဲ အလုပ်က ထုတ်ခဲ့တဲ့အတွက် WAG အဖွဲ့ထံ အလုပ်သမားတွေက တိုင်ကြားခဲ့တာပါ။

WAGကို အကူအညီ‌တောင်းခဲ့တဲ့အတွက် အလုပ်ရှင်က အလုပ်သမားတွေရဲ့ ဖုန်းကိုသိမ်းဆည်းကာ အလုပ်သမားတွေကိုလည်း ကုမ္ပဏီဝင်းထဲက အလုပ်သမားတန်းလျားမှာ ထိန်းသိမ်းထားတဲ့အတွက် အလုပ်သမားတွေနဲ့ အဆက်အသွယ်မရတော့ဘူးလို့ WAG ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အလားတူ မဟာချိုင်မြို့မှာလည်း MOU စနစ်နဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တည်းက ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာ အလုပ်သမား ၁၇ ဦးဟာ ၂ လကြာတဲ့အထိ အလုပ် မရသေးတဲ့အတွက် စားဝတ်နေရေး ခက်ခဲနေပါတယ်။

Source -DVB

  • အမျိုးသမီး ၁၀ဦးအပါအဝင်စစ်ဘေးဒုက္ခသည် ၁၇ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အနန်းဘော်ကျေးရွာကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အမျိုးသမီးစစ်ဘေး ဒုက္ခသည် ၁၀ဦး အပါအဝင် ဒုက္ခသည် ၁၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဇန်နဝါရီလ ၂၇ ရက်မှာ ကရင်အမျိုးသား အစည်းအရုံး (KNU)က သတင်းထုတ်ပြန်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ ဇန်နဝါရီလ ၂၀ ရက်မနက်ပိုင်းက အနန်းဘော်ရွာထဲကို ရိက္ခာပြန်ယူဖို့သွားချိန်မှာ အနန်းဘော်နဲ့ ကုန်းချောင်း၀ ရွာကြားမှာ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာကို ခံလိုက်ရတာပါ။

ဖမ်းဆီးခံရသူတွေက  ဦးမြင့်အောင်၊ဦးတင်စိုး၊ ဦးကိုဖြိုး၊ ဦးထွန်းကြည်၊ ဒေါ်စန်းတင်၊ ဒေါ်ရွှေအိ၊ ဒေါ်ခင်ဌေး၊ ဒေါ်သန်းဦး၊ မအေးသိန်းဦး၊ မထားထားနွယ်၊ ဒေါ်ပေါရီ၊ မမြစံပယ်၊ မနှင်းသက်ခိုင်နဲ့ ဦးအောင်ဝင်းတို့ဖြစ်ပြီး သူတို့နဲ့အတူပါသွားတဲ့ ဒေါ် သင်းသင်းနဲ့ မောင်စန်းလင်း သားအမိနှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

Source- RFA

Author:

Related Articles