ရှင်ငြိမ်း
အထည်ချုပ်စက်ရုံတွေအများအပြားရှိတဲ့ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက်တစ်ခုမှာ ၁၀ ပေပတ်လည်သာရှိတဲ့ အခန်းငယ်လေးထဲ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ စက်ခုံမှာချုပ်လုပ်ရင်း အလုပ်ရှုပ်နေပါတယ်။
သူချုပ်လုပ်ပြနေတာကို ၁၀ ကျော်သက်အရွယ် မိန်းကလေးတစ်စုက မတ်တပ်ရပ်ကာ ဝိုင်းကြည့်နေကြပါတယ်။
စက်ခုံပေါ်ထိုင်ပြီးချုပ်ပြလိုက် ချိုင်းထောက်လေးယူပြီးမတ်တပ်ရပ်ကာ သင်တန်းသူတွေကို အထည်ချုပ်ပုံချုပ်နည်းတွေ ရှင်းပြ လိုက်နဲ့ အလုပ်များနေသူကတော့ အသက် ၂၅ နှစ်အရွယ် မအိခိုင်ဖြစ်တယ်။
အထည်ချုပ်ပညာကို အခမဲ့ဖြန့်ဝေလာတာ ရှစ်နှစ်နီးပါးရှိလာပြီဖြစ်တဲ့မအိခိုင်ဟာ ပုံမှန်လူတွေလိုမဟုတ်ဘဲ ညာခြေတစ်ဖက် မသန်တာကြောင့် နေ့စဉ်ချိုင်းထောက်ကို အသုံးပြုသွားလာနေရတဲ့မသန်စွမ်းတစ်ဦးပါ။ သူက တတ်ထားတဲ့ စက်ချုပ်ပညာကို ဘ၀တူ မသန်စွမ်းတွေ အလုပ်အကိုင်အခွင့်အလမ်းရအောင် ပြန်လည်မျှဝေနေသူပါ။
အများအားဖြင့်က မသန်စွမ်းသူတွေအနေနဲ့ ပညာရေးပိုင်းမှာအားနည်းသလို အလုပ်အကိုင်ရရှိမှုမှာလည်းအခွင့်အလမ်း လွန်စွာ နည်းပါးလှပါတယ်။ ဒါ့အပြင် ဥပဒေမှာက မသန်စွမ်းမှုကို အကြောင်းပြပြီး ခွဲခြားဆက်ဆံတာမလုပ်ရလို့ဆိုထားပေမယ့် အလုပ် ရှင်အများစုကတော့ မသန်စွမ်းသူဆိုရင် အလုပ်မပေးတာကြောင့် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနေကြရတာဖြစ်တယ်။
ဒါပေမဲ့မအိခိုင်ဟာ ခန္ဓာကိုယ်မသန်စွမ်းပေမယ့် အလုပ်တစ်ဖက်နဲ့မြန်မာစာဘွဲ့ရအောင်ယူနိုင်ခဲ့သလို ဘဝရပ်တည်ရေးအတွက် စက်ချုပ်ပညာမှာလည်း ဆရာတစ်ဆူဖြစ်အောင်သင်ယူနိုင်ခဲ့သူဖြစ်တယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ကျေးရွာတစ်ခုမှာ မအိခိုင်ဟာ မိဘနှစ်ပါးနဲ့အတူ နေထိုင်ခဲ့တယ်။ သူ့မိဘတွေက သားသမီး ခုနစ်ယောက်မွေးခဲ့ပေမယ့် မအိခိုင်တစ်ယောက်သာအဖတ်တင်ခဲ့လို့ အားလုံးကအချစ်ပိုခဲ့ကြတယ်။
မွေးစကကျန်းမာသန်စွမ်းတဲ့မအိခိုင်ဟာ အသက်နှစ်နှစ်ကျော်လောက်မှာ အပြင်းဖျားပြီး ပိုလီယိုရောဂါဖြစ်တာကြောင့် ညာခြေ တစ်ဖက်မသန်တော့ဘဲ ကိုယ်အင်္ဂါမသန်စွမ်းသူဖြစ်ခဲ့ရတယ်။
အသက်ငါးနှစ်အရွယ်ထိ မိဘတွေရဲ့အကူအညီနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကအစ လုပ်ခဲ့ရပေမယ့် တစ်တန်းအရွယ်မှစလို့ အထက်တန်းကျောင်းတက်တဲ့အထိ မသန်တဲ့သူ့ညာခြေထောက်ကိုတရွတ်ဆွဲပြီး သူရဲ့ဝေယျာဝစ္စတွေသာမက အိမ်မှုကိစ္စ တွေကို လုပ်ကိုင်နိုင်ခဲ့ပါတယ်။
ကျောင်းနေအရွယ်ရောက်တော့လည်း မသန်စွမ်းတဲ့သူ့ကို ကျောင်းအုပ်က လက်မခံလို့ တောင်းပန်ပြီး ကျောင်းထားခဲ့ရတာပါ။ ကျောင်းနဲ့အိမ်ဟာ တစ်မိုင်ကျော်လောက်ဝေးတဲ့ခရီးကိုလည်း ဖခင်က မသန်စွမ်းသမီးကို ကျောပိုးကာ ပို့ပေးခဲ့ရပါတယ်။
ဒါ့အပြင် မိခင်ကလည်း ကျောင်းမှာ တစ်ယောက်ထဲအပေါ့အပါးသွားဖို့ခက်မှာစိုးပြီး တစ်နေကုန်သမီးကို စောင့်ပေးခဲ့တာဖြစ် တယ်။ ဒီအတွက်မိဘနှစ်ပါးဟာ အလုပ်ပျက်၊ အကိုင်ပျက်ဖြစ်ရလို့ ကျောင်းနားမှာ အိမ်ပြောင်းနေခဲ့ကြတယ်။
ကျောင်းမှာလည်း သူ့ကိုဖေးမကူညီသူရှိသလို ခွဲခြားဆက်ဆံခံရတာတွေလည်း ရှိခဲ့တယ်လို့ မအိခိုင်က ဆိုပါတယ်။ မအိခိုင်ဟာ ကိုးတန်းရောက်တဲ့နှစ်မှာ ချိုင်းထောက်စသုံးရပြီး အစိုးရဆီကလည်း မသန်စွမ်းထောက်ပံ့ကြေးရခဲ့ပါတယ်။
ဒီလိုစိန်ခေါ်မှုများစွာကြားကနေ ပညာကိုကြိုးစားပမ်းစားသင်ယူခဲ့တာကြောင့် ကျောင်းသူဘဝမှာ ထူးချွန်ဆုတွေရခဲ့သလို အလုပ်လုပ်ရင်းနဲ့ မြန်မာစာဘွဲ့ကို ရအောင်ယူနိုင်ခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်ပြီးတော့ မအိခိုင်ဟာ ဘဝရပ်တည်ရေးအတွက် အလုပ်မျိုးစုံလျှောက်ခဲ့ပေမယ့် တစ်ခုမှမရခဲ့ပါ။ ဒါပေမဲ့ သူဟာ စိတ်ဓါတ်ကျမသွားသလို လွယ်လွယ်အရှုံးပေးတတ်သူလည်း မဟုတ်ပါ။
NLD အစိုးရကပေးတဲ့အသက်မွေးဝမ်းကျောင်းသင်တန်းမှာ မအိခိုင်ဟာစက်ချုပ်ပညာကိုသင်ယူဖို့ အခွင့်အရေးရလာခဲ့ပါ တယ်။
ယခင် NLD အစိုးရလက်ထက်က ကိုယ်အင်္ဂါမသန်စွမ်းတွေအတွက် အသက်မွေးဝမ်းကျောင်းပညာတွေဖြစ်တဲ့ဆံသ၊ စက်ချုပ်၊ လျှပ်စစ်ပစ္စည်းပြုပြင်ရေး၊ ဓာတ်ပုံရိုက်နဲ့ကွန်ပျူတာစတဲ့သင်တန်းတွေကို ပေးခဲ့သလို ထောက်ပံ့ကြေးပေးခဲ့ပါတယ်။
ဒါ့အပြင် ယခုအချုပ်ကျနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မသန်ပေမယ့်စွမ်းကြတဲ့ အမျိုး သမီးလေးတွေကို ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နှစ်စဉ်ရွေးချယ်ဂုဏ်ပြုပေးခဲ့တာတွေရှိခဲ့ပါတယ်။
အခုလိုတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာဆိုရင် ပထမဆုံးတစ်ဦးထဲသော မသန်စွမ်းအမျိုးသမီးကိုယ်စားလှယ်လောင်း ထွက်ပေါ်လာတာပဲဖြစ်တယ်။
သို့ပေမဲ့ စစ်အုပ်ချုပ်ရေးကာလမှာတော့ မသန်စွမ်းအများစုဟာ ထောက်ပံ့ကြေးမရသလို ဘာသင်တန်းကျောင်းမှလည်း ဖွင့်ပေးတာမရှိတာကြောင့် အလုပ်အကိုင်ရရှိမှုမှာ သာမာန်လူတွေထက်ပိုမိုခက်ခဲကြတယ်လို့ မအိခိုင်က ဆိုပါတယ်။
မအိခိုင်ကတော့ တခြားမှာ အလုပ်ဝင်ဖို့ခက်ခဲတာကြောင့် အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို ကျွမ်းကျင်တတ်မြောက် အောင်သင်ယူပြီး သူ့စွမ်းသူစနဲ့ ရပ်တည်ချင်ခဲ့တာဖြစ်တယ်။ ဒီအချိန်မှာ ဖခင်ရဲ့အသဲရောဂါကို ကုသဖို့အတွက် ရန်ကုန်မြို့ကို ပြောင်းရွှေ့ဖို့ဖြစ်လာပါတယ်။
အထည်ချုပ်စက်ရုံတွေပေါတဲ့မင်္ဂလာဒုံမြို့နယ်က အလုပ်သမားလိုင်းခန်းမှာ ဌားနေရင်း စက်ချုပ်စက်လေးတစ်လုံးနဲ့ စတင်ခဲ့ တယ်။ သင်တန်းမှာ မသန်စွမ်းသူတွေကိုတော့ အခမဲ့သင်ပေးပြီး ကျန်တဲ့သူတွေကိုတော့ အပြင်သင်တန်းထက်သက်သာတဲ့ အခကြေးငွေနဲ့ သင်ပေးပါတယ်။
“ အစပိုင်းမှာ နဲနဲတော့ခက်ခဲတာပေါ့။ ငွေလည်းသိပ်မရှိတော့လေ။ သင်တန်းလေး အခြေကျအောင် တစ်နှစ်လောက် အချိန်ယူ ခဲ့ရတယ်။ နောက်ပိုင်း သင်ချင်တဲ့သူတွေလာတယ်။ အများကြီးတော့ လက်မခံနိုင်ခဲ့ဘူး။”လို့ မအိခိုင်က ပြောပါတယ်။
သူက မသန်စွမ်းတွေအတွက် စက်ချုပ်ပညာကို အခမဲ့သင်ပေးတာမှန်ပေမယ့် သင်တန်းသားတချို့က အထည်တွေ၊ စက်ချုပ် ရာမှာ လိုအပ်တဲ့ပစ္စည်းတွေထောက်ပံ့ပေးတာကြောင့် နှစ်နှစ်လောက်သင်ပြီးတဲ့အချိန်မှာ အပ်ချုပ်စက်သုံးလုံးပိုင်ဆိုင်လာခဲ့ တယ်။
“ ကိုဗစ်ဖြစ်တော့ ဘယ်သူမှအလုပ်မရှိကြဘူး။ အဲ့မှာအထည်ချုပ်စက်ရုံတွေကတော့ ဖွင့်တယ်။ ၁၀ တန်းအောင်တဲ့ကလေး တွေ အလုပ်မရှိကြဘူး။ အလုပ်မရှိတော့ မိဘနဲ့ကလေးတွေ စကားများရန်ဖြစ်တာနေ့တိုင်းကြားနေရတော့။ အဲ့ကနေ နွမ်းပါး တဲ့အမျိုးသမီးလေးတွေကို စက်ချုပ်သင်ပေးဖြစ်ခဲ့တယ်။”လို့ မအိခိုင်က ပြောပါတယ်။
အဲဒီ ကိုဗစ်ကာလကနေ ယနေ့ထိတိုင် ဆင်းရဲနွမ်းပါးတဲ့အမျိုးသမီးလေးတွေနဲ့ မသန်စွမ်းအမျိုးသမီးတွေကို သီးသန့်သင်ကြား ပေးနေခဲ့တာဖြစ်ပါတယ်။
“ စက်ချုပ်သင်တန်းတက်ကတည်းက မသန်စွမ်းတွေကိုပြန်သင်ပေးဖို့ရည်ရွယ်ခဲ့တယ်။ အများကြီးမဟုတ်တောင် သူတို့ အတွက် အကူအညီတစ်ခုဖြစ်မယ်ဆိုရင် ကျမကျေနပ်ပါတယ်။”လို့ မအိခိုင်က ဆိုပါတယ်။
အလားတူ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှ မနန်းဝေခိုင်ဆိုလည်း မွေးရာပါ ဘယ်ဘက်လက်ဖျံသာပါရှိတာကြောင့် ငယ်စဉ် ကတည်းက ပတ်ဝန်းကျင်ရဲ့အထင်သေးခွဲခြားဆက်ဆံတာကို ခံခဲ့ရတာဖြစ်တယ်။
“ပြောရရင် ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာ မကြီးပြင်းခဲ့ရဘူး။ အဲ့တော့ ပတ်ဝန်းကျင်နဲ့ လူတွေကို ကြောက်လာတယ်။ သူတို့ကို ကြည့်ပြီးတော့ ကိုယ့်ကိုကိုယ်အသုံးမကျဘူး။ အလကားလူဖြစ်လာတယ်လို့ တွေးမိခဲ့တယ်။”လို့ မနန်းဝေခိုင်က ပြောပါတယ်။
မိဘတွေက တောင်ယာလုပ်သူတွေဖြစ်တာကြောင့် မသန်စွမ်းဖြစ်တဲ့ မနန်းဝေခိုင်ကို အိမ်မှာပဲနေစေချင်တဲ့ဆန္ဒတွေရှိခဲ့တာပါ။ သို့ပေမဲ့ မနန်းဝေခိုင်ကတော့ သူ့ကိုအထင်သေးခွဲခြားဆက်ဆံနေတဲ့ပတ်ဝန်းကျင်ရဲ့အမြင်တွေကို ပြောင်းလဲပစ်ဖို့ ဆန္ဒ တွေရှိ နေခဲ့ပါတယ်။
ဒါ့ကြောင့် ငယ်စဉ်က မိဘတွေနဲ့ ပတ်ဝန်းကျင်က ကျောင်းဆရာမဖြစ်ရင် အများလေးစားမယ်ဆိုလို့ ၁၀ တန်းအောင်ပြီး တော့ ဆွဲခန့်ဆရာမအဖြစ် တစ်နှစ်တာဝန်ထမ်းခဲ့ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ခွဲခြားဆက်ဆံတတ်တဲ့အမြင်တွေက ပြောင်း မသွားခဲ့ ပါဘူး။
ဒါနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ပတ်ဝန်းကျင်ကို စွန့်ခွာပြီး ပညာရှာဖို့အတွက် သူတစ်ယောက်ထဲ ရန်ကုန်မြို့ကို တက်လာ ခဲ့တယ်။ ပထမဆုံးရန်ကုန်က အဆောင်တစ်ခုမှာ ဌားနေရင်း ကွန်ပြူတာသင်တန်းတက်ကာ အလုပ်တွေလျှောက်ခဲ့တယ်။
ဘယ်အလုပ်မှမရသလို ရတဲ့အလုပ်ကျတော့လည်း သူတို့အလုပ်မှာ မသန်စွမ်းဘယ်လောက်ရာခိုင်နှုန်းပါရမယ်ဆိုလို့ လက် ခံထားတဲ့သဘောသာရှိခဲ့ပါတယ်။ အဲ့ဒီအလုပ်မှာလည်း အရာရှိကအစ သူ့ကိုဖယ်ကျဉ်ချန်လှပ်ထားတာမျိုးခံခဲ့ရတယ်။
“ ညီမကို မလုပ်တတ်ပါဘူး။ မလုပ်နိုင်ပါဘူးဆိုပြီး အလုပ်မပေးဘူးပေါ့။ ၁၀ တန်းကလည်း အောင်ပြီးစဖြစ်တယ်။ ကွန်ပြူတာ ကလည်း အခြေခံလောက်တတ်တာဆိုတော့ သာမာန်လူတွေလောက်တော့ အရည်အချင်းမပြည့်စုံနိုင်ဘူးလေ။ အလုပ်ခန့် ထားတယ်ဆိုတဲ့သဘောလောက်ပဲ။ တန်းတူဆိုတဲ့ပုံစံမျိုးမထားဘူး။”လို့ မနန်းဝေခိုင်က ပြောပါတယ်။
ဒါကြောင့် မနန်းဝေခိုင်ဟာ အသေးစားငွေကြေးပိုင်းဆိုင်ရာကုမ္ပဏီတစ်ခုမှာ လက်ထောက်အုပ်ချုပ်ရေးမှူးအဖြစ် နှစ်နှစ် လောက်သာ တာဝန်ထမ်းခဲ့ပါတယ်။
လူတွေရဲ့အမြင်သဘောထားက တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြပါဘူး။ ဒါပေမဲ့ မသန်စွမ်းဆိုရင်ရွံ့တာ၊ ကြောက် တာ၊ အထင်မကြီးတာတွေကတော့ အတူတူပါပဲလို့ ခံစားရကြောင်း မနန်းဝေခိုင်က သူ့အမြင်ကို ပြောပါတယ်။
အဲ့ဒီမှာ ကိုဗစ်ကူးစက်ခံရတာနဲ့ ရွာမှာ တစ်နှစ်လောက်နားပြီး ရန်ကုန်ကို ပြန်တက်လာပြန်တယ်။ အလုပ်တွေ တောက် လျောက်ရှာပေမယ့် ခြောက်လလောက်ကြာတဲ့အထိ အလုပ်ရှာမရခဲ့ပါဘူး။
“ ညီမတို့က မသန်စွမ်းဖြစ်တော့ ကိုယ့်ဘက်မှာလိုအပ်ချက်တော့ရှိပါတယ်။ ပညာရေးတို့ လုပ်ငန်းကျွမ်းကျင်မှုတို့မှာ တိုးမ ပေါက်ဘူးပေါ့။ ဒါနဲ့ BBC အင်တန်းရှစ် ခေါ်လို့ ခြောက်လလောက်သွားလုပ်ခဲ့သေးတယ်။”လို့ မနန်းဝေခိုင်က ပြောပါတယ်။
ဒီနောက်မှာ ရွှေမင်းသားဖောင်ဒေးရှင်းကခေါ်တဲ့မုန့်ဖုတ်သင်တန်း သုံးလတက်ပြီးတော့ ရွှေမင်းသားဖောင်းဒေးရှင်းမှာ အလုပ် လျှောက်လိုက်တာ ရုံးဝန်ထမ်းအကြံပေးအဖြစ် အလုပ်ရခဲ့ပြီး လက်ရှိတိုင်လုပ်ကိုင်နေတာဖြစ်တယ်။
“ ရွာမှာတုန်းက လူတွေရဲ့အကြည့်တွေကို မခံနိုင်လို့ အိမ်ထဲက အပြင်တောင်မထွက်ရဲခဲ့ဘူး။ ခုအလုပ်ဝင်လိုက်တော့ ကိုယ့်ကို ကိုယ်ယုံကြည်မှုရှိလာတယ်။ အကြည့်တွေကိုလည်း အရင်ကလိုကြောက်မနေတော့ဘူး။”လို့ မနန်းဝေခိုင်ကဆိုပါတယ်။
အခုတော့ မွေးချင်းမောင်နှမတွေက အလုပ်တွေမရှိတဲ့အချိန်မှာ မသန်စွမ်းဖြစ်တဲ့မနန်းဝေခိုင်က မိသားစုကို ထောက်ပံ့ပေး နေ နိုင်ခဲ့တာဖြစ်တယ်။ နောက်ပတ်ဝန်းကျင်ကလည်း နိုင်ငံရေးမတည်ငြိမ်လို့ အလုပ်အကိုင်ရှားပါးနေတဲ့အချိန်မှာ မိသားစုကို ထောက်ပံ့ပေးနိုင်တဲ့သူ့ကို အရေးတယူဆက်ဆံလာတယ်လို့ သူက ပြောပါတယ်။
မနန်းဝေခိုင်လိုပဲ ထားဝယ်မြို့ကနေ ရွှေမင်းသားဖောင်ဒေးရှင်းကဖွင့်တဲ့ကော်ဖီဆိုင်လေးမှာ အလုပ်လာလုပ်တဲ့ကိုယ်အင်္ဂါ မသန်စွမ်းသူတစ်ဦးဖြစ်တဲ့မမျိုးနန္ဒာကျော်ဆိုလည်း အင်္ဂလိပ်မေဂျာနဲ့ ကျောင်းပြီးခဲ့သူဖြစ်တယ်။
သူကတော့ မွေးရာပါမဟုတ်ဘဲ ၉ တန်းတက်ရမယ့်နှစ်မှာ မိခင်ရဲ့လုပ်ငန်းဖြစ်တဲ့ကြံရည်ဆိုင်မှာ ဝင်ကူကြိတ်ပေးရင်း ညာ လက်ပါသွားခဲ့လို့ ကိုယ်အင်္ဂါမသန်စွမ်းဖြစ်ခဲ့ရတာပါ။
“ ညာသန်မှာ ညာလက်ပြတ်သွားတာဆိုတော့ စဖြစ်ဖြစ်ခြင်းက ကိုယ့်အနာဂတ်တစ်ခုလုံး ပျက်စီးသွားသလို ခံစားခဲ့ရတယ်။ အဲ့မှာ ကိုးတန်း တစ်နှစ်နားပြီးဆေးကုခဲ့ရတယ်။ “ဝ”လုံးကနေ ပြန်စပြီး ဘယ်လက်နဲ့ကျင့်ရတယ်။”လို့ မျိုးနန္ဒာကျော်က ပြော ပါတယ်။
ကျောင်းနားထားတဲ့အချိန်မှာ ရွယ်တူသူငယ်ချင်းတွေကျောင်းသွားတာကြည့်ပြီး သူက ဝမ်းနည်းအားငယ်နေခဲ့တာပါ။
ကျောင်းပြန်တက်တော့လည်း အရွယ်ရောက်တဲ့အမျိုးသမီးလေးဖြစ်တာကြောင့် ရှက်ကြောက်အားငယ်ရတာတွေလည်း ရှိသ လို အပေါင်းအသင်းတချို့ရဲ့အထင်အမြင်သေးပြောဆိုခံရတာတွေလည်း ရှိခဲ့တာဖြစ်တယ်။
လူတွေက ကိုယ့်ကိုမြင်ရင်တောင်မှ သူတို့အကြည့်နဲ့တင် ကိုယ်ကမသွားရဲမလာရဲဖြစ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ မျိုးနန္ဒာကျော်က အရာအားလုံးကို ကျော်လွှားနိုင်ခဲ့ပြီး ပညာကို ကြိုးစားသင်ယူခဲ့တာကြောင့် အင်္ဂလိပ်မေဂျာနဲ့ ဘွဲ့ရခဲ့ ပါတယ်။ သူဘွဲ့ရတဲ့နှစ်မှာ ကိုဗစ်ဖြစ်တော့ ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေခဲ့ပါတယ်။
ဆက်ပြီး စစ်အာဏာသိမ်းလိုက်တော့ သူ့အတွက်အလုပ်အကိုင်အခွင့်အလမ်းကပိုလို့ရှားပါးနေခဲ့တယ်။ ဒီအချိန်မှာ ရွှေမင်းသား ဖောင်ဒေးရှင်းက ကော်ဖီဆိုင်မှာအလုပ်ခေါ်တာလျှောက်ရင်း အလုပ်ရခဲ့တာဖြစ်တယ်။
“ဘာသင်တန်းမှတော့ မတက်ခဲ့ရဘူး။ လုပ်ရင်းနဲ့သင်သွားတယ်။ ဝယ်သူနဲ့ ဘယ်လိုဆက်ဆံရတယ်ဆိုတာကအစ သင်ရတယ်။ ဒါပေမဲ့ မသန်စွမ်းဖြစ်တော့ ကော်ဖီဗန်းကိုင်တာတို့ ခွက်ကိုင်တာတို့မှာ အခက်အခဲနဲနဲတော့ရှိခဲ့တယ်။နောက်ပိုင်း အသားကျ သွားတော့လည်း အဆင်ပြေသွားပါတယ်။”လို့ မျိုးနန္ဒာကျော်က ရှင်းပြပါတယ်။
အခုဆိုရင် သူဒီကော်ဖီဆိုင်လေးမှာ အလုပ်လုပ်နေတာ ခြောက်လကျော်ရှိပြီဖြစ်တယ်။ ဒီလိုအချိန်မှာ အလုပ်အကိုင်နဲ့ဖြစ်နေတဲ့ မျိုးနန္ဒာကျော်ကို ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေက အားကျရသူဖြစ်လာခဲ့တယ်။
သူကိုယ်တိုင်ကလည်း အလုပ်ရတဲ့အခါမှာ ယခင်လိုစိတ်ဓါတ်ကျတာမျိုး၊ ငါမလုပ်နိုင်ဘူးဆိုတဲ့အတွေးတွေမရှိတော့ဘဲ မသန်စွမ်းတစ်ယောက်အနေနဲ့ လုပ်ကိုင်နိုင်တဲ့အလုပ်တွေအများအပြားရှိပါလားလို့ သိလာခဲ့တယ်လို့ ဆိုပါတယ်။
“တခြားသာမာန်လူတွေလုပ်နိုင်တဲ့အလုပ်တွေတောင် ငါလိုမသန်စွမ်းကလုပ်နိုင်လို့ စိတ်ခွန်အားရတယ်။ ပြီးတော့ ကိုယ်ကို ကိုယ်လည်း ယုံကြည်မှုတိုးလာတယ်။”လို့ မျိုးနန္ဒာကျော်က ပြောပါတယ်။
အမှန်တော့ ဒီမသန်စွမ်းအမျိုးသမီးလေးတွေဟာ လုပ်ငန်းခွင်တွေမှာ ချန်လှပ်ခံထားရပေမယ့် အရည်အချင်းကိုယ်စီရှိကြတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေဖြစ်တယ်။
“ အရင်ကတည်းက မသန်စွမ်းတွေကို အလုပ်ခန့်ဖို့ အတားအဆီးတွေရှိတယ်။ အခုလိုကာလက ပိုဆိုးတာပေါ့။ အရည် အချင်း ရှိရဲ့သားနဲ့ အလုပ်အကိုင်အခွင့်အလန်းမရတဲ့သူတွေကို ဦးစားပေးကျနော်တို့လုပ်ဆောင်စေပါတယ်။” လို့ ရွှေမင်းသားဖောင် ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ရှင်းပြပါတယ်။
ရွှေမင်းသားဖောင်ဒေးရှင်းက လုပ်ငန်းခွင်တွေမှာ နေရာပေးဖို့ ဖယ်ကျဉ်ခံထားရတဲ့မသန်စွမ်းသူတွေကို ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင်တွေရဖို့ ရည်ရွယ်ပြီး အလုပ်အကိုင်တွေကို ဖန်တီးပေးနေခဲ့တာဖြစ်ပါတယ်။
၂၀၀၄ သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံလူဦးရေ ၅၀. ၃ သန်းမှာ မသန်စွမ်းဦးရေ ၂. ၃ သန်းရှိပြီး အများစုမှာ အလုပ် အကိုင် အခွင့်အလမ်းတွေရရှိ မနေကြပါဘူး။
ဒါပေမဲ့ မသန်စွမ်းအမျိုးသမီးတွေကတော့ သူတို့ကို နှိမ့်ချဖယ်ကျဉ်မှုတွေ၊ အခက်အခဲတွေ အတားအဆီးတွေကြားကနေ ကျား ကုတ်ကျားခဲနဲ့ ရုန်းကန်ဖောက်ထွက်နေကြဆဲဖြစ်တယ်။