Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်း ဖော်ပြပေးလိုက်ပါတယ်။

  • ရခိုင်ပြည်နယ် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခဖြေရှင်းရေးတို့တွင် အမျိုးသမီးများဦးဆောင်မှုနှင့်ပါဝင်မှုအားနည်း

ရခိုင်ပြည်နယ်မှာနိုင်ငံရေး၊ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာကိစ္စရပ်တွေမှာ အမျိုးသမီးတွေရဲ့ဦးဆောင်မှုနဲ့ပါဝင်မှု အားနည်းနေပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း အလွန်နောက်ကျနေတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များ အစည်း အရုံးက ဇန်နဝါရီလ(၁၃)ရက်နေ့ကထုတ်ပြန်တဲ့ “လောင်းရိပ်အောက်ကအသံများ”အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်ရခိုင်ပြည်နယ်ရှိအမျိုးသမီးတွေအနေနဲ့ ကဏ္ဍအသီးသီးမှာတန်းတူအခွင့်အရေးမရှိသလို အခြေခံရပိုင်ခွင့်အခွင့် အရေး တွေလည်းဆုံးရှုံးနေပြီး ခွဲခြားဆက်ဆံခံရမှုနဲ့အတူအကြမ်းဖက်ခံနေရတဲ့ သားကောင်တွေအဖြစ်သာရှိနေတယ်လို့ ဖော်ပြ ထားပါတယ်။

အဲဒီအစီရင်ခံစာကိုနိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ ကျား၊မတန်းတူ ရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ကျား၊မတန်းတူရေး၊ အမျိုးသမီးအခွင့်အရေးစတဲ့ ကဏ္ဍခုနှစ်ရပ်ကို အခြခံပြီးပြုစုထားတယ်လို့ သိရပါတယ်။

အဲ့ဒီကဏ္ဍတွေမှာအမျိုးသမီးတွေပါဝင်ဦးဆောင်မှုနဲ့ ကိုယ်စားပြုမှုအခန်းကဏ္ဍတွေမှာ မရှိသလောက်နည်းပါးနေတယ်လို့        ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနဲ့လူငယ်များ အစည်းအရုံးကပြောပါတယ်။

Source – Mizzima

  • မင်းတပ်တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၍ အသက် ၇၀ အရွယ်အဖွားအို သေဆုံး

စစ်ကောင်စီတပ်က ချင်းပြည်နယ်၊မင်းတပ်မြို့၊ဝမ္မသူးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇန်နဝါရီလ(၁၅)ရက်နေ့က     ဂျက် ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အဖွားအိုတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူအဖွားအိုဟာအသက်(၇၀)အရွယ်ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင်နေအိမ်ငါးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါသေး တယ်။

Source – Mizzima  

  • မတ္တရာတွင် လက်နက်ကြီးကျ၊ အမျိုးသမီး ၁ ဦး သေဆုံး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊မတ္တရာမြို့နယ်ရှိ၊အုန်းကုန်းကျေးရွာမှာ ဇန်နဝါရီလ(၁၅)ရက်နေ့က စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက် ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။

သေဆုံးသူမှာအသက်(၆၆)နှစ်အရွယ်ဒေါ်ရင်မြဆိုသူဖြစ်ပြီး ဒဏ်ရာရပြည်သူငါးဦးအနက် မတ္တရာ(ပကဖ)အနေနဲ့ ဆေးကုသ ပေးထားပြီး ကျန်တစ်ဦးကိုတော့ဆေးရုံကိုပို့ဆောင်ပေးထားတယ်လို့  မတ္တရာ(ပကဖ) ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲဟာ မတ္တရာမြို့နယ်၊ တံငါတောင်ကျေးရွာဘုန်းကြီး‌ကျောင်းမှာ တပ်စွဲထားတဲ့အတွက် အနီးဝန်းကျင်ရှိ ကျေး ရွာတွေက ပြည်သူတွေကိုလည်း ဘေးလွတ်ရာရှောင်တိမ်းဖို့   အသိပေးထားတယ်လို့ဆိုပါတယ်။

Source – Mizzima

  • စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင်စစ်ကောင်စီတပ်က ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင်ဒေသခံ(၄)ဦးကိုပစ်သတ်

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ဒေသခံ(၄)ဦးကို ပစ်သတ်ခဲ့ပြီး ခြေ တစ်ဖက် မသန်သူကိုလည်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ ခင်ဦးအနောက်ခြမ်း  ကျွန်းတောကြီးနဲ့မြင်းကျကျေးရွာအကြားမှာ     တိုက်ခိုက်ခံရပြီးနောက် အရပ်သားတွေကိုရန်ပြုသွားတာဖြစ်တယ်လို့ ဒေသခံအခြေစိုက် KSOတပ်ဖွဲ့က တာဝန်ခံက ပြောပါ တယ်။

ကိုယ်ဝန်ငါးလရှိသူ အသက်၃၉ နှစ်အရွယ် မရင်ရင်သွေးရဲ့ဦးခေါင်းကို ပစ်ခတ်ခံထားရကာ၊ အသက် ၆၅နှစ်အရွယ်ဦးလှဝင်းကို တော့ရင်ဘက်မှာသေနတ်ဒဏ်ရာ၊ အသက်(၆၃)နှစ်အရွယ်ဦးမြင့်ဆွေကို လည်ပင်းခုတ်ခံထားရတဲ့ဒဏ်ရာ၊ အသက်(၄၄)နှစ် အရွယ်ဒေါ်ယဉ်မိုးကို ရင်ဘတ်ကျည်ထိဒဏ်ရာနဲ့တွေ့ခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

Source – Myanmar Now

  • ကလေးမြို့ ပစ်ခတ်မှုမှာ ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းကလေးမြို့ တာဟန်းဘူတာရုံအနီး စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ဇန်နဝါရီလ(၁၈)ရက်နေ့ညက အသက် ခုနှစ်နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူမလွန်ရှန်ကျိမ်းဟာ ဖခင်ဖြစ်သူနဲ့အတူသုံးဘီးဆိုင်ကယ်(ဆိုက်တွဲ)နဲ့ ဘူတာရုံကနေ သဇင်ရပ်ကွက်ကို သွားလာစဥ် ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တာလို့ကလေးမြို့ခံတစ်ဦးကပြောပါတယ်။

ရင်ဘတ်ကိုကျည်ဆန်ဖောက်ဝင်ခဲ့ပြီး နီးစပ်ရာဆေးရုံကိုသွားရောက်ပြသခဲ့ပေမယ့် လက်မခံတဲ့အတွက် စစ်တပ် ကုတင် ၁၀၀ ဆေးရုံကိုသွားပြရာ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ဒေသခံတစ်ဦးက ပြောပါတယ်။

Source – RFA

  • ပေါင်းတည်မှာ ရဲတပ်သားမိခင်အပါအဝင် လူရှစ်ဦး ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ပေါင်းတည်မြို့မှာ ရဲတပ်မိသားစုအပါအဝင်လူရှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက်(၂၅)နှစ်အရွယ်ရဲတပ်သား ကိုအာကာဖြိုးသူနဲ့သူရဲ့ မိခင်အသက်(၅၅)နှစ်အရွယ်‌ ဒေါ်မြင့်မြင့်အေးကို ဇန်နဝါရီလ (၁၄) ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ(၁၅)ရက်နဲ့(၁၆)ရက်တွေမှာ နောက်ထပ်ဒေသခံခြောက်ဦးကိုဖမ်းဆီးခဲ့တာပါ။

ရဲတပ်သားရဲ့ဖခင်ဖြစ်သူက ပြည်သူကာကွယ်ရေးတပ်ဖွဲ့PDFတပ်ဖွဲ့ဝင်ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာလို့ လုံခြုံ ရေးအရ အမည်မဖော်လိုတဲ့ ပေါင်းတည်မြို့ခံတစ်ဦးကပြောပါတယ်။

ရဲတပ်သားသားအမိအပြင်နောက်ထပ်ဖမ်းဆီးခံရသူတွေကတော့ ပေါင်းတည်ဒေသခံတွေဖြစ်တဲ့ကိုအောင်ကြီး၊ ဒေါ်အေးဆွေ၊ ကိုကျော်မျိုးအောင်၊ဒေါ်စန်းအေး၊ဦးအောင်မြင့်နဲ့ကိုအောင်ဇင်မြင့်တို့ ဖြစ်ပါတယ်။

Source – RFA

  • ဘီးလင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီး ၃ ဦးသေဆုံးပြီး၊အမျိုးသမီးသုံးဦးနဲ့လူတစ်ချို့ဒဏ်ရာရ

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ဒေါက်ရပ်ကျေးရွာနဲ့ ကတီကျေးရွာတို့ကိုစစ်ကောင်စီအမြောက်တပ်က ဇန်နဝါရီ(၁၉)ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးသုံးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ပွဲမှုကြောင့် အသက်(၄၉)နှစ်အရွယ်ဒေါ်ယဉ်ဌေး၊ အသက်(၂၂)နှစ်အရွယ် မစန္ဒာ၊ အသက်(၂၀) ကျော်အရွယ် နော်ကော်လာတို့သေဆုံးခဲ့ပြီး အသက်(၄၆)နှစ်အရွယ်ဒေါ်တော၊ အသက်(၆၈)နှစ်အရွယ်ဒေါ်ခင်သန်း၊ အသက် (၂၆)နှစ်အရွယ် မဝါဝါသင်း၊အမျိုးသားတစ်ဦး၊ ကလေးတစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ကာ အသက်(၄၀) အရွယ်ဒေါ်ခင်ဝင်းလှိုင်နဲ့ တခြားတစ်ဦးဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့သိရပါတယ်။

Source – Mizzima

  • မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စျေးဝယ်ပြန်လာသည့်ဆိုက်တွဲယာဥ်အား စစ်တပ်ကပစ်ခတ်၍ အမျိုးသမီးနှစ်ဦး ကျည်ထိမှန်ပြီး တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ စျေးဝယ်ပြန်လာတဲ့ဆိုက်တွဲယာဥ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ လ(၁၇)ရက်နေ့က ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသမီးနှစ်ဦးကျည်ထိမှန်ကာ တစ်ဦးသေဆုံးကာတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသ ခံတွေကပြောပါတယ်။

မုံရွာမြို့မှပြန်လာတဲ့ဆိုက်တွဲယာဥ်(၁)စီးကို ပရစ်ကုန်းတောင်ရွာနဲ့မြောက်ရွာကြား ဆင်ခံဘုရားအနီးရောက်နေတဲ့ စစ်ကောင်စီ တပ်ကအကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Source – People’s Spring

  • ဒီပဲယင်းမြို့နယ် မဲအိုးရွာက အမျိုးသမီးတဦးအပါအဝင် ခြောက်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပြီးနောက် ဒေသခံပြည်သူ တွေကိုဖမ်းဆီးခဲ့ပြီး အဲဒီအထဲကအမျိုးသမီးတဦး အပါအ၀င်ခြောက်ဦးကို သတ်ဖြတ်သွားတယ်လို့ မဲအိုရွာအနီးက လက်ယက် ကုန်းကျေးရွာဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဒီပဲယင်းမြို့ပေါ်ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာမဲအိုးကျေးရွာကို၀င်ရောက် စီးနင်းခဲ့ပြီးရွာရှိဒေသခံ ဆယ့်ငါးဦး လောက်ကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ကာ လက်ယက်ကုန်းကျေးရွာဘက်ကို ဆက်လက်စစ် ကြောင်းထိုးခဲ့တာလို့ သိရ ပါတယ်။

စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်လာသူတွေအနက် အမျိုးသားငါးဦးကို ခေါင်းဖြတ်သတ်ခဲ့သလို အမျိုးသမီးတဦးကိုတော့                               အိတ်အတွင်းထည့်ကာ မီးရှို့သတ်ဖြတ်သွားခဲ့တာလို့ သိရပါတယ်။

Source – Delta news agency

  • မအူပင်ထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံနေရ

နိုင်ငံရေးအမှုနဲ့အဖမ်းခံထားရတဲ့အမျိုးသမီးတွေကို အကျဉ်းထောင်တွေမှာလုံခြုံရေးအရစစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြ ချက်နဲ့ထောင်ဝန်ထမ်းတွေက လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမူနေတယ်လို့နိုင်ငံရေး အကျဉ်းသူဟောင်းတွေက ပြောကြပါတယ်။

ဧရာဝတီတိုင်းမအူပင်ထောင်မှာ အကျဉ်းသူတွေကိုဓမ္မတာလာချိန်တောင် မရှောင်ဘဲစစ်ဆေးတာတွေတင်မက ဖိနပ်နဲ့ရိုက် တာ၊ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုတာတွေ ကြုံခဲ့ရတယ်လို့ မအူပင်ထောင်မှာနေခဲ့ရတဲ့အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ယောက်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထုတ် ပြန်ထားပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားတွေကို လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်တာတွေဟာ အင်းစိန်ထောင်နဲ့ သာယာ ဝတီထောင်တွေမှာရှိတယ်လို့ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးကလည်းပြောပါတယ်။

Source – RFA

Author:

Related Articles