ရှင်ငြိမ်း။ ။
နေပူပြင်းပြင်းအောက်မှာ အမျိုးသမီးတဦးဟာ အစောင်းအကာ မပါဘဲ လသားအရွယ် ကလေးကို ရင်ခွင်ပိုက်လို့ ၃ နှစ်အရွယ် ကလေးကို ချီပိုးကာ တိုက်ပွဲတွေကြားကနေ ဘေးလွတ်ရာကို အသက်လု ထွက်ပြေးလာပါတယ်။
သူဦးတည်ပြေးနေတာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ပေါ်က ဘုန်းကြီးကျောင်းတစ်ကျောင်းကိုပါ။
အချိန် ၅ နာရီ နီးပါးကြာ ကလေးတွေကို ချီပိုးပြီး ခရီးကြမ်း နှင်လာတဲ့ လွေးယာခမ်ဟာ သီပေါမြို့နယ်၊ နားလွယ်ရွာကနေ စစ်ရှောင်လာတဲ့ တအာင်းအမျိုးသမီးတစ်ဦးပါ။
ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်တွေအပေါ် တုန့်ပြန်ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ကျေးရွာတွေထဲ ခြောက်လန့် ပစ်ခတ်နေတာကြောင့် လွေးယာခမ်တို့ သားအမိတွေ စစ်ပြေးနေရတာ ဖြစ်တယ်။
စစ်ပြေးရင်းနဲ့ သူရဲ့ ၆ နှစ်အရွယ်သားကြီးဟာ ကျည်စထိမှန်ကာ နေရာမှာတင် ဆုံးပါးသွားခဲ့ရတယ်။ ကျန်တဲ့ကလေးတွေ အသက်ဆက်ရှင်ဖို့အတွက် သားကြီးရဲ့အလောင်းကို လှည့်မကြည့်နိုင်ခဲ့တဲ့အပေါ် သူက စိတ်မကောင်းဖြစ်နေပုံ ရပါတယ်။
အဲ့ဒီနေ့က လက်နက်ကြီး ကျရောက်လို့ လွေးယာခမ်ရဲ့ သားကြီးနဲ့အတူ အိမ်နီးချင်း အမျိုးသားတစ်ဦးပါ သေဆုံးခဲ့ရတာပါ။ လွေးယာခမ်ရဲ့ ခင်ပွန်းကတော့ စစ်တပ်ရဲ့ ဖမ်းဆီးတာခံရပြီး နှိပ်စက်ညှင်းပန်းတဲ့ ဒဏ်ရာနဲ့ ဇူလိုင်လက ဆုံးပါးသွားခဲ့လို့ အခုလို သူတစ်ဦးတည်း စစ်ပြေးနေရတာပါ။
“စစ်ပြေးတာက ဒါနဲ့ဆို ၆ ကြိမ်ရှိပြီ။ ဒီစစ်ကြောင့် အိမ်၊ အလုပ်တွေပါ ပျက်ရတယ်။ ယောကျာ်းနဲ့ သားလည်း ဆုံးရတယ်။ စစ်သားတွေကို မမြင်ချင်တော့ဘူး။ စစ်ပွဲလည်း မရှိစေချင်တော့ဘူး။”လို့ လွေးယာခမ်က ငိုသံ ဗလုံးဗထွေးနဲ့ ပြောပါတယ်။
လွေးယာခမ်အနေနဲ့ အေးခဲတဲ့ ရာသီဥတုကြားကနေ ခရီးကြမ်းကို ဖြတ်သန်းလာရတာကြောင့် စစ်ရှောင် ဘုန်းကြီးကျောင်း ရောက်လာတဲ့အချိန်မှာ သူရဲ့ အသားအရေဟာ ဖျော့တော့နေပြီး လွန်စွာ မောပန်းနေပုံလည်း ရပါတယ်။
သူဟာ ဒီလမ်းခရီးကို ဘယ်လောက် ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရလဲဆိုရင် ဖုန်တွေ၊ သဲတွေ အလူးလူးဖြစ်နေတဲ့ ခြေထောက်နဲ့ ဖိနပ်က မဲညစ်ပြီး အရောင် မပေါ်တော့ပါ။
နောက် လွေးယာခမ်ဟာ သာမာန်တောင်သူ ဖြစ်တာကြောင့် ရွေ့ပြောင်းဖို့ ကား၊ ဆိုင်ကယ် မရှိသလို ဆွေမျိုးသားချင်းလည်း မရှိတဲ့အတွက် လမ်းလျှောက်ပြီး စစ်ရှောင်ခဲ့ရတာ ဖြစ်တယ်။
ရှမ်းမြောက်မှာ “၁၀၂၇ စစ်ဆင်ရေး” နာမည်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်တပ်ကို စစ်မျက်နှာဖွင့်ကာ အောက်တိုဘာ ၂၇ ရက်ကစလို့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာပါ။
နေ့စဉ်လိုလို တစ်နေရာမဟုတ် တစ်နေရာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းမြောက်မှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အရပ်သား ၁ သိန်းဝန်းကျင် ရှိလာသလို ထိခိုက်သေဆုံးမှုတွေကလည်း တစ်နေ့ထက် တစ်နေ့ တိုးလာနေပါတယ်။
စစ်ဆင်ရေး ၁ လအတွင်း ရှမ်းမြောက်မှာ အမျိုးသမီး ၅၅ ဦးအပါအဝင် အရပ်သားပြည်သူ ၇၂ ဦး ထိခိုက် သေဆုံးခဲ့ရတယ် လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ထားပါတယ်။
စစ်တပ်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ရှိတဲ့ ကျေးရွာထဲကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲရာမှာ ဓါတုလက်နက် ခဲယမ်းတွေ အသုံးပြုတာတွေဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ကြပြီဆိုရင်လည်း ဖြစ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်အပေါ် နှစ်ဖက် လက်နက်ကိုင်တွေအနေနဲ့ တာဝန်ယူ၊ တာဝန်ခံတာမျိုး တခါမှ မရှိခဲ့ဘူးလို့ လွေးယာခမ်က ဆိုပါတယ်။
တိုက်ပွဲက တိုက်ပွဲချည်း သက်သက်ဖြစ်တာ မဟုတ်ဘဲ လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်တာကိုလည်း နည်းမျိုးစုံနဲ့ ခံနေရပါတယ်။ ဒေသခံတွေ စုဆောင်းစိုက်ပျိုးထားတဲ့ စပါးခင်းတွေနဲ့ နေအိမ်တွေ ဖျက်စီးခံရတာ၊ ကြက်၊ ဝက် စတဲ့ တိရစ္ဆာန်တွေ ခိုးယူသတ်ဖြတ်တဲ့အတွက် စားစရာတွေ ဆုံးရှုံးရတာ ရှိပါတယ်။
တိုက်ပွဲဖြစ်တိုင်းမှာ စစ်တပ်ရဲ့ မုဒိမ်းကျင့်၊ သတ်ဖြတ်တာတွေ၊ နှိပ်စက်ညှင်းပန်းတာ၊ အတင်းအဓ္ဓမ ခိုင်းစေတာ ပေါ်တာဆွဲခံရတာ စတဲ့ အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေက နည်းမျိုးစုံနဲ့ ခံနေကြရတယ်။
ဒါ့အပြင် စစ်ရှောင်အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်ခံရတာ၊ မလုံမခြုံ နေထိုင်ရတာ၊ နေရေးစာရေးနဲ့ ကျန်းမာရေးအတွက် ပူပန်ရတာ၊ တိုက်ပွဲတွေကို ထိတ်လန့်တာစတဲ့ စိုးရိမ်သောကတွေနဲ့ စစ်ပြေးနေရပါတယ်။
ဒါ့ကြောင့် စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ ရှမ်းအမျိုးသမီး နန်းမွန်က “တိုက်ပွဲတွေဖြစ်လာပြီဆိုရင် ဒီပဋိပက္ခရဲ့ ဒဏ်ကို အများဆုံးခံစားရတာက အမျိုးသမီးနဲ့ ကလေးတွေပဲ။”လို့ ထောက်ပြပါတယ်။
လွေးယာခမ်တို့ဆိုလည်း ပေ ၂၀၊ ၆၀ ဘုန်းကြီးဆောင်ထဲမှာ လူ ၁၀၀ နီးပါး ပြွတ်သိပ်နေထိုင်ရပြီး အစားအသောက် အသုံးအဆောင်ကအစ ဘာမှ လုံလောက်အောင် မရရှိကြပါဘူး။
“ရောက်တဲ့နေ့က လူကလည်း မောလာတယ်။ ကလေးတွေကလည်း တလမ်းလုံး ဆာလို့ငိုနဲ့။ ကျောင်းရောက်တော့လည်း စားဖို့ မရှိတော့ အတော်လေး စိတ်ညစ်သွားတယ်။ ဒီထဲ ကလေးက ဖျားလာတာ။ ဆေးကုမယ့်သူ မရှိဘူးလေ။”လို့ လွေးယာခမ်က ဆိုပါတယ်။
ဝမ်းရေးမလောက်ငှလို့ အလုပ်ထွက်လုပ်ဖို့ဆိုတာကလည်း နေ့စားအလုပ်အကိုင် ရှားပါးတာနဲ့ ဘယ်အချိန်၊ ဘယ်ကနေ ဗုံးကျလာမလဲ၊ တိုက်ပွဲတွေဖြစ်လာမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဘယ်သူမှ မထွက်ရဲကြပါဘူး။
ဒါ့အပြင် စစ်ရှောင် ၁၀၀ မှာ အိမ်သာ ၂ လုံးရှိပေမယ့် မီးမမှန်လို့ သုံးရေမရတာကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိနေသလို အမျိုးသားတွေနဲ့ တပြေးညီ အိပ်စက်ရတာကြောင့် ငယ်ရွယ်တဲ့ အမျိုးသမီးတွေအနေနဲ့ စိတ်ခန္ဓာ မလုံမခြုံဖြစ်နေကြရပါတယ်။
အဆိုးဝါးဆုံးကတော့ ကျန်းမာစောင့်ရှောက်မှုတွေ မရနေတာ ဖြစ်ပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေမှာပဲ အခက်အခဲ ရှိတာမဟုတ်ပါ။ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတွေမှာလည်း စစ်ပြေးရင်း ဓမ္မတာလာလို့ လစဉ်သုံးပစ္စည်း မရှိလို့ အခက်အခဲများစွာ ဖြစ်ကြရတယ်။
“ရာသီလာတဲ့နေ့ဆို အောက်ကျွတ်ကျွတ်အိတ်လေး ခင်းပြီး တနေရာမှာ ကုတ်ကုတ်လေး ထိုင်နေရတယ်။ အပေါ့ထသွားဖို့တောင် မလွယ်တော့ ရေတောင် မသောက်ဘူး။ စားစရာပဲ အဓိကလှူကျတော့ အဲ့ဒါတွေရဖို့ ခက်တယ်။”လို့ အသက် ၂၁ နှစ်အရွယ် ရှမ်းအမျိုးသမီး နန်းမြသီတာက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် သီပေါမြို့မှာ ကျင်သီ၊ ဘော်ကြို၊ တိန်းခမ်း၊ လောဝ်ခွန်၊ နားပန်၊ ဖိုင်ကန်၊ မူးလေး၊ စံဖိတ်၊ နားလွယ်၊ ခါလိမ်စတဲ့ ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၃ ထောင်နီးပါးဟာ စစ်ဘေးရှောင်နေရပါတယ်။
“စစ်ရှောင်လာတဲ့အထဲမှာ အမျိုးသားတွေထက် အမျိုးသမီးတွေကတော့ ၂ ဆလောက် ပိုများတယ်။ လိုအပ်ချက်လည်း များတယ်။ ကူတဲ့သူတွေလည်း လာကူပါတယ်။ ဒါပေမဲ့ ကျမတို့မှာလည်း ကန့်သတ်တာတွေ ရှိတော့ အဆင်မပြေဘူး။”လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ရှမ်းအမျိုးသမီး နန်းမွန်က ပြောပါတယ်။
စစ်တပ်လက်အောက်ခံ အာဏာပိုင်တွေက ကူညီပေးနေသူတွေကို အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်နေတာကြောင့် အလှူရှင်တွေအနေနဲ့ သွားရောက် လှူဒါန်းရာမှာ အခက်အခဲရှိနေကြတာပါ။
ဒါ့အပြင် ကားစက်ဆီဈေး ကြီးမြင့်နေပြီး လိုသလောက်ဝယ်ယူလို့ မရတာကြောင့် စစ်ရှောင်တွေထံ အကူအညီတွေ နေ့တိုင်း မပို့နိုင်တော့လို့ လိုအပ်ချက်တွေ အများကြီးရှိနိုင်တယ်လို့လည်း နန်းမွန်က ဆိုပါတယ်။
ဒီလိုအခက်အခဲတွေကို တခြားစစ်ရှောင်စခန်းတွေက အမျိုးသမီးတွေလည်း အနည်းနဲ့အများဆိုသလို ခံစားနေကြရတယ် လို့ အဲဒီစစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတဲ့ အမျိုးသမီးတွေက ဆိုကြပါတယ်။
အသက် ၃၀ အရွယ် မအီဆောင်ဆိုလည်း စစ်ပြေးရင်း အစားအသောက် ချို့ချို့တဲ့တဲ့နဲ့ အခက်အခဲများစွာကြားက မီးဖွားခဲ့ရတာဟာ သူ့တစ်သက်တာအတွက် မမေ့နိုင်စရာဖြစ်ခဲ့ပါတယ်။
သူဟာ ကျောက်မဲမြို့နယ်၊ ပန်မလွတ်ကျေးရွာကနေ နောင်ပိန်မြို့ပေါ်ရှိ ဓမ္မာရုံတစ်ခုကို ကိုယ်ဝန်အရင့်အမာနဲ့ လမ်းလျှောက် ထွက်ပြေးလာရသူပါ။
စစ်ပြေးရာမှာ မအီဆောင်ရဲ့ အမျိုးသားလည်း ပါပေမယ့် ခင်ပွန်းသည်က ဘိန်းစွဲနေပြီး သူ့အထုတ်ကိုပင် သူမနိုင်ပေ။ ဒီတော့ မအီဆောင်ကပဲ ကိုယ်ဝန်နဲ့ ၅ နှစ်အရွယ်သားကို လက်ဆွဲပြီး ကျန်တဲ့အထုတ်တွေကို သယ်လာရတာဖြစ်တယ်။
အောက်တိုဘာ ၂၅ ရက်က ကျောက်မဲမြို့မှာ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်လာတော့ ကြားမှာ ပိတ်မိပြည်သူတွေကို လူမူကူညီရေးကားတွေ၊ ပရဟိတအဖွဲ့တွေက ကယ်ထုတ်ပေးခဲ့ရပါတယ်။
တိုက်ပွဲကြား ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်ရာမှာ ကလေး၊ ကလေးမိခင်၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေကို အဓိက ဦးစားပေး ကယ်ထုတ်ခဲ့ရတယ်လို့ အိုမ်တမာဝ်း လူမှုကူညီရေးအသင်းမှ မရွှေလီဝင်းက ပြောပါတယ်။
ဒါပေမဲ့ တိုက်ပွဲကလည်း ပြင်းထန်လာတဲ့အပြင် စစ်တပ်ကလည်း လက်နက်ကြီးနဲ့ ရွာထဲ ဆက်တိုက်လို ပစ်ခတ်နေတာကြောင့် ဦးစားပေးလူတွေထဲက ကျန်ရစ်ခဲ့တဲ့ မအီဆောင်တို့ဟာ လာခေါ်မယ့်ကားကို မစောင့်တော့ဘဲ လမ်းလျှောက်ပြေးလာခဲ့ရပါတယ်။
တောလမ်းကို ဖြတ်လျှောက်လာရတာနဲ့ ကိုယ်ဝန်နဲ့ စစ်ပြေးရတာဖြစ်တော့ ၂ မိုင်လောက်ဝေးတဲ့ ခရီးကို ၆ နာရီလောက်ကြာ လမ်းလျှောက်ခဲ့ရတယ်လို့ မအီဆောင်က ပြောပါတယ်။
စစ်ရှောင်မယ့် ဓမ္မာရုံရောက်တော့လည်း လူဦးရေ များပြားလွန်းတာကြောင့် အရာရာ မျှစား၊ မျှသုံးရတော့ ကိုယ်ဝန်ဆောင် တစ်ယောက်အတွက် လုံလောက်တဲ့ အာဟာရ မရဘဲ ကလေးမွေးဖွားခဲ့ရပါတယ်။
“တပတ်လောက်နေတော့ ညမှာ ဗိုက်နာလာတယ်။ အဲ့မှာမွေးပေးမယ့်သူလည်း မရှိဘူး။ ရေမွှာလည်း ပေါက်နေပြီ။ လူကလည်း အားမရှိတော့ မညှစ်နိုင်ဘူး။ အချိန်သာ ကြာသွားတယ်။ ကလေးက ထွက်မလာဘူး။ အဲ့မှာ လူက တကိုယ်လုံးလည်း ဖြူနေပြီဆိုတော့ ကျမ သေမလား။ ကလေး သေမလားဆိုပြီး ကြောက်နေတာ။”လို့ မအီဆောင်က ပြောပါတယ်။
ဒါပေမဲ့ ကံကောင်းချင်တော့ အတူနေတဲ့ အမျိုးသမီးတချို့က စောင်တွေကာပြီး မွေးပေးခဲ့တာ ဖြစ်တယ်။ သူတို့လည်း မွေးဖွားပေးတတ်တဲ့သူတွေ မဟုတ်ပေမယ့် တတ်နိုင်သလောက် လုပ်ကိုင်ပေးတာကြောင့် မအီဆောင်နဲ့ ကလေးငယ်ဟာ အသက်ရှင်ခွင့်ရခဲ့ကြတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ စစ်ရှောင်ရင်း မီးဖွားတယ်ဆိုတာ လွန်စွာ အန္တရာယ်များလှပါတယ်။ ချက်ကြိုးဖြတ်ရာမှာ မသန့်ရှင်းရင် ပိုးဝင်တာဖြစ်နိုင်သလို တတ်သိသူ မွေးဖွားပေးတာ မဟုတ်ရင်လည်း အသေလေး မွေးတာအပြင် မိခင်ရော၊ ကလေးပါ သေဆုံးနိုင်တယ်လို့ အငြိမ်းစားသူနာပြုဆရာမကြီး တစ်ဦးက သတိပေးစကား ဆိုပါတယ်။
မီးဖွားချိန်ဟာ အမျိုးသမီးတစ်ယောက်အတွက် အခက်ခဲဆုံးအချိန်ဖြစ်သလို မွေးပြီးရင်လည်း ကလေး နို့တိုက်ဖို့အတွက် အာဟာရပြည့်အောင် စားသောက်နေထိုင်ဖို့နဲ့ ဆေးကုသမှုခံယူဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မရွှေလီဝင်းကတော့“ကျမတို့လည်း အဲ့လိုတွေ မဖြစ်အောင် ကိုယ်ဝန်ဆောင် ပါလာတည်းက အားပေးစကား ပြောတယ်။ မီးဖွားဖို့ အဆင်ပြေ မပြေ၊ ဘယ်လို ကူညီမှုပေးရမလဲ ဆိုပြီး ချိတ်ဆက်ပေးတာတွေ ရှိတယ်။”လို့ ပြောပါတယ်။
အလားတူ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်၊ အူမန်ကျေးရွာမှာနေတဲ့ တအာင်းအမျိုးသမီး ဆိုင်လာဝ် ဆိုရင်လည်း ဆေးကုသခွင့် မရတာကြောင့် သူရဲ့ ၃ နှစ်အရွယ်သမီးငယ်ဟာ စစ်ရှောင်စခန်းမှာ ဆုံးပါးသွားခဲ့ရပါတယ်။
နိုဝင်ဘာ ၃ ရက်၊ မနက် ၃ နာရီလောက်မှာ မန်တုံအခြေစိုက် ခလရ(၁၃၀)တပ်မှ ရမ်းသမ်းပစ်လိုက်တဲ့ လက်နက်ကြီးဟာ သူတို့ရွာနားကို ကျရောက် ပေါက်ကွဲတော့ ဆိုင်လာဝ်တို့ မိသားစုတွေ စစ်ပြေးလာခဲ့ရတယ်။
သူ့ခင်ပွန်းသည်က ပြီးခဲ့တဲ့နှစ်က တောထဲ ဟင်းစာသွားရှာရင်း မြေမြုပ်မိုင်း ပေါက်ကွဲပြီး ဆုံးပါးသွားခဲ့ရပါတယ်။ သူ့မှာ အမေအိုကြီးနဲ့ ၁၀ နှစ်အောက် ဝန်းကျင် ကလေး ၃ ယောက်နဲ့ ကျန်ရစ်ခဲ့တာပါ။ သူတို့ရွာထဲ လက်နက်ကြီး ကျလာတော့ ကြောက်လန့်တကြားနဲ့ ကလေးတွေလက်ဆွဲပြီး မိခင်ကိုကျောပိုးကာ ရွာသားတွေနဲ့အတူ စစ်ပြေးလာခဲ့တယ်။
“အဲ့တုန်းက အခုလို စစ်ရှောင်ကားတွေနဲ့ လာခေါ်တာ မရှိဘူး။ မနက်အစောပိုင်းလည်း ဖြစ်တော့ မှောင်မှောင်မဲမဲထဲ လမ်းလျှောက်ပြေးခဲ့ရတယ်။ လမ်းမလျှောက်နိုင်တဲ့ ကလေးနဲ့ အမေကတော့ ချီလာရတာပေါ့။”လို့ ဆိုင်လာဝ်က ပြောပါတယ်။
သူရဲ့သားသမီးတွေဖြစ်တဲ့ ၅ နှစ်နဲ့ ၉ နှစ်အရွယ်မောင်နှမ ၂ ဦးကတော့ တစ်ဦးလက် တစ်ဦးဆွဲရင်း နိုင်တဲ့ သူတို့ အဝတ်လေး သယ်လာကြပါတယ်။ ဆိုင်လာဝ်ကတော့ အမေကို ကုန်ပိုးပြီး သားငယ်ကို ရင်ခွင်ပိုက်ကာ အထုတ် နှစ်ထုတ်ကိုလည်း လက်တဖက်စီ ခွဲဆွဲလာခဲ့တယ်။
တကယ်တော့ မန်တုံမြို့နဲ့ အူမန်ရွာဆိုတာ များစွာမဝေးပေမယ့် ညအမှောင်ထဲ လမ်းလျှောက်လာရတာနဲ့ ထမ်းပိုးလာရတဲ့ အလေးချိန်ကြောင့် အချိန် ၄ နာရီလောက်ကြာ လမ်းလျှောက်ခဲ့ရတယ်လို့ ဆိုင်လာဝ်က ပြောပါတယ်။
စစ်ရှောင်ရမယ့်နေရာကလည်း ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတို့မှာ မဟုတ်ဘဲ မြောင်းပုံသဏ္ဍာန် မြေကျင်း တူးထားတဲ့ နေရာမှာ နေစားအိပ်ကြရတာပါ။ အမိုးက တာလပတ် အုပ်ထားတာဖြစ်လို့ နေ့ဆို လွန်စွာပူပြီး ညဆိုလည်း အအေးဒဏ်ကို အပြင်းအထန် ခံနေကြရတာပါ။
“ညပိုင်း အေးလွန်းတော့ ၁ နှစ်ခွဲ သားငယ်လေးက အအေးမိပြီး ဖျားတယ်။ ကလေးက ငယ်လွန်းတော့ သူ့အတွက် ဆေးမရှိဘူး။ ကြည့်ပေးမယ့်သူ မရှိတော့ နို့မစို့ဘဲ နေ့နေ့ညည တအီအီနဲ့။ ၃ ရက်လောက်နေတော့ နို့တောင်းလို့ ပေးရင်း ခေါ်မရတော့တာ။”လို့ ပြောနေရင်း ဆိုင်လာဝ်ရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်ဝိုင်းလာပါတယ်။
တိုက်ပွဲတွေဖြစ်လာပြီဆိုရင် အမျိုးသားတွေက လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးနိုင်ပေမယ့် အမျိုးသမီးတွေကတော့ သူရဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအပြင် ပစ္စည်းဥစ္စာတွေပါ သယ်ပိုးထမ်းရွက်ပြီး ပြေးကြရပါတယ်။
“အမျိုးသမီးတွေဟာ စစ်ရဲ့ အနိဋ္ဌာရုံနဲ့ ကိုယ်တိုင်ခံစားခဲ့ရတာကြောင့် စိတ်ဓာတ်ကျတာ၊ မျှော်လင့်ချက် ကင်းမဲ့တာ၊ စိတ်ဖိစီးတာ၊ လင်သားသေ၊ ပျောက်လို့ ဝမ်းနည်းပူဆွေးရတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့လည်း ရင်ဆိုင်ကြရတယ်။”လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ နန်းမွန်က ထောက်ပြပါတယ်။
လတ်တလောမှာတော့ ဒီအမျိုးသမီးတွေကို နန်းမွန်တို့ လူမူကူညီရေးအသင်းကနေ နှစ်သိမ့် ဆွေးနွေးပေးတာ၊ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ဦးစားပေးထောက်ပံ့မှုတွေကို ပြုလုပ်ပေးနေရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြားမှာ စစ်ရှောင်တွေရဲ့ လုံခြုံမှုရှိဖို့နဲ့ စားဝတ်နေရေး ပြေလည်စေဖို့ကို ဦးစားပေး စီစဉ်ဆောင်ရွက် ပေးနေရတာတွေကြောင့် စစ်ရှောင်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက ပျောက်ကွယ်နေတာပါ။
စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေဟာ နှစ်ပေါင်း ၇၀ ကျော်တဲ့အထိ ဖြစ်ပွားနေခဲ့တာပါ။ လက်ရှိမှာလည်း အာဏာသိမ်းစစ်တပ်ကို ပြည်သူတွေက တွန်းလှန် တိုက်ခိုက်နေတာဖြစ်လို့ ပြည်တွင်းစစ် ဖြစ်နေချိန်လို့ ဆိုရပါမယ်။
ဒါပေမဲ့ ဒီတိုက်ပွဲတွေက ဘယ်တော့ပြီးမလဲ။ ဘယ်လောက်ရှည်ကြာဦးမယ်တော့ ဘယ်သူမှ တိတိပပ မပြောနိုင်ပေမယ့် စစ်ပွဲတွေ မပြီးမချင်းတော့ စစ်ရဲ့မြေဇာပင်ဖြစ်ရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကတော့ စစ်ပွဲရဲ့ ဆိုးကျိုးတွေကို ခါးစည်းခံနေကြဦးမှာ မလွဲပါပဲ။ ။