Home ဆောင်းပါး သြင်္ကန်တွင်း သရုပ်ပျက်မှုနဲ့ အမျိုးသမီးများအပေါ် အမြင်

သြင်္ကန်တွင်း သရုပ်ပျက်မှုနဲ့ အမျိုးသမီးများအပေါ် အမြင်

နန်းဆိုင်နွမ်။            ။

သြင်္ကန်မှာ အမျိုးသမီးများ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ တွေ့ရှိရင် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ် ဆိုတဲ့ ပြောဆိုချက်တွေ လူမှုကွန်ရက်စာမျက်နှာနဲ့ သတင်းတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

သြင်္ကန်နီးပြီဆိုရင် ဒီလိုသတင်းက ထွက်လာနေကျလို ဖြစ်နေပါပြီ။

အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှု သရုပ်ပျက်ပျော်ပါးမှုတွေကို အရေးယူမယ်လို့ အဓိက သတင်းပျံ့နှံ့နေတဲ့နေရာ တွေကတော့ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာပါပဲ။

ဒါဟာ မှုခင်းတားဆီးရေးအတွက် ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိကြပါတယ်။

မတ် (၂၉)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တိုင်းလွှတ်တော်ရုံးမှာ ကျင်းပတဲ့ သြင်္ကန်အတွင်း မှုခင်းကြိုတင်ကာကွယ် ရေး၊ လုံခြုံရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးပွဲမှာတော့ အမျိုးသမီးတွေ သရုပ်ပျက်ဝတ်စားဆင်ယင် ပျော်ပါးမှုတွေ မလုပ်ဖို့ တားမြစ်မယ်လို့  ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ပြန်ကြားရေး ရဲမှူးလှဝေက ပြောပါတယ်။

“ကိုယ့်မြန်မာလူမျိုး ကျင်းပတဲ့ပွဲကို သရုပ်ပျက်ဝတ်စားဆင်ယင်ပြီး ရှင်းရှင်းပြောရရင် ယိုသူမရှက်မြင်သူရှက်ပေါ့။ ဘယ် လို အရေးယူရမလဲဆိုတော့ ပြည်သူလူထုကို ညစ်ညစ်ညမ်းညမ်းဖြစ်လာရင်တော့ သက်ဆိုင်ရာတွေက အရေးယူရမှာ ပေါ့”

ဒီပြောဆိုချက်ကလည်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ ရဲမှူးလှဝေက ဒါဟာ တောင်းဆိုချက် ဖြစ်တယ်လို့ပြောပါတယ်။

“ ကျနော်ပြောသွားတဲ့အထဲမှာ အမျိုးသမီးတွေ သရုပ်ပျက်ရင် အရေးယူမယ်လို့ မဆိုလိုပါဘူး။ မဝတ်ကြဖို့ပဲ တောင်းဆို တာပါ။ မဟာသြင်္ကန် ရေသဘင်ပွဲတော်ဆိုတဲ့ အနှစ်သာရ ပြည့်စုံအောင် ကျင်းပဖို့ပါ။ ဝတ်ရင်တော့ ကျနော်တို့က မိဘ အုပ်ထိန်းသူတွေ မဏ္ဍပ်ဆိုရင် မဏ္ဍပ်တာဝန်ရှိသူတွေကိုပဲ အကြောင်းကြား အပ်နှံသွားမှာပါ” ဟု ရဲမှူးလှဝေ က Hi ကို ပြောပြပါတယ်။

ဒါပေမယ့် ဒီလိုအမျိုးသမီးတွေဘက်ကိုပဲ တဘက်သတ်စဉ်းစားချက်အပေါ်မှာ လက်မခံတဲ့ အမျိုးသမီးတွေ ရှိနေပါ တယ်။

ဒီလို ပြောဆိုချက်၊ စဉ်းစားချက်တွေဟာ အမျိုးသမီးတွေရဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုကိုသာ အရေးယူမယ်၊ အမျိုး သားတွေကျတော့ ဝတ်ချင်ရာဝတ်၊ လုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ သဘောဖြစ်နေကြောင်း၊ အမျိုးသားတွေက  အ မျိုးသမီးကို စနောက်တဲ့အခါမှာ ရိုင်းစိုင်းတဲ့ စကားလုံးတွေကို အသုံးပြုကြတဲ့အပေါ်မှာရော ဘယ်လိုအရေးယူမှုတွေ ပြု လုပ်မှာလဲ ဟု ရန်ကုန်မြို့၊ ကျောက်မြောင်းတွင်နေထိုင်တဲ့ အသက် ၂၅ နှစ်ဝန်းကျင်ရှိ မချစ်စုက ပြောပါတယ်။

“ သရုပ်ပျက်ဝတ်စုံဆိုတာ ဘယ်လို သတ်မှတ်တာလဲ။ ပြီးတော့ အဝတ်အစားဝတ်တာ ဘယ်သူတွေကို ထိခိုက်မှု ရှိလို့ လဲ။ အမျိုးသမီးတွေက အရှက်တရားမရှိတော့ဘူးလို့ ပြောကြတယ်။ အမျိုးသားတွေကျတော့ အမျိုးသမီးတွေကို သြင်္ကန်လည်ပတ်တဲ့အခါ ကာကွယ်ရမယ့်အစား အချောင်ရရင် ယူမယ်ဆိုတဲ့ စိတ်တွေက ပိုရှိလာတာကိုကျတော့ ဘယ်သူမှ မပြောဆိုကြဘူး” ဟု မချစ်စုက ဆိုပါတယ်။

အရင်နှစ် သြင်္ကန်ကာလအတွင်း သြင်္ကန်မဏ္ဍပ်တွေ၊ စင်ပေါ်တွေမှာ အတိုအပြတ် သရုပ်ပျက်ဝတ်စားတဲ့ အမျိုးသမီး တွေနဲ့ အရက်သောက်စားထားတဲ့အမျိုးသမီးတွေကို ဘာသာသာသနာ ထိခိုက်စေမှုနဲ့ နိုင်ငံတော်ထိခိုက်စေမှု ဝတ်စား ဆင်ယင်မှု ပုဒ်မ (၁၈၈)အရ အရေးယူမယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ မနှစ်က ကျမတို့ မန္တလေးမှာ အတိုအပြတ်တွေဝတ်ရင် အရေးယူမယ့်လို့ သတင်းထွက်ခဲ့ပါတယ်။ အရေးယူမှုတွေ မ လုပ်နိုင်ခဲ့ပါဘူး။ အရေးယူထားတယ်ဆိုတဲ့သတင်းတွေလည်း မကြားခဲ့ပါဘူး။ သြင်္ကန်မှာတော့ အမျိုးသမီးတွေ အဝတ် အစား သရုပ်ပျက်ကိစထက် အမျိုးသားတွေက အမျိုးသမီးတွေကို ကာကွယ်ဖို့နဲ့ သြင်္ကန်အတွင်း ယာဉ်တိုက်မှုတွေ ရန် ဖြစ်မှုတွေ ကင်းဝေးဖို့ အရင်ဆောင်ရွက်သင့်ပါတယ်” ဟု မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်နေ အမျိုးသမီးတဦးက ပြောပါတယ်။

သြင်္ကန်ပွဲတော်တွင် အမျိုးသမီးတွေ အဝတ်အစားသရုပ်ပျက်မှုထက် လုပ်ဆောင်ရမယ့်အပိုင်း များစွာရှိကြောင်း၊ မြန်မာ ရိုးရာ သြင်္ကန်ကို ရိုးရာဓလေ့အဖြစ် ကျင်းပနိုင်ရန် သက်ဆိုင်ရာမှ ပြုပြင်သင့်ကြောင်း၊ အခုနောက်ပိုင်း အမျိုးသမီးများ ဝတ်စားဆင်ယင်မှုထက် သြင်္ကန်အတွင်း အရက်သေစာ အလွန်အကျွံသောက်ပြီး သရုပ်ပျက်နေတဲ့အမျိုးသားတွေ၊ အ မျိုးသမီးတွေကို နှုတ်အားကိုယ်အားဖြင့် ရိုင်းပြစွာပြုမူဆက်ဆံလိုတဲ့ အမျိုးသားတွေကို အဓိက ဦးစားပေး ပညာပေးများ ဆောင်ရွက်သင့်ပါကြောင်း အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

တဖက်မှာလည်း အာဏာပိုင်တွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို တွေ့နေရပါတယ်။

သြင်္ကန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ ကျင်းပနိုင်ရန် ဥပဒေမဲ့အရက်ရောင်းချမှုတွေကို ထိရောက်စွာ အ ရေးယူသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မတ် (၂၄)ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့ပါတယ်။

မဏ္ဍပ်တွေမှာ အလုံပိတ်အခန်းတွေပါရှိရင် အရေးယူဆောင်ရွက်သွားမှာ၊ CCTV ကင်မရာတွေနဲ့ စောင့်ကြည့်ထိန်းချုပ် သွားမယ်လို့ မတ်(၂၄)ရက်နေ့ တိုင်းဒေသကြီး အစိုးရရုံးမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ခဲ့ပါတယ်။

သြင်္ကန်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရန် သြင်္ကန်ပွဲတော်ကာလ အရက်သေစာ လွန်ကဲစွာ သောက်စားမူးယစ် ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကာမရာဂကို နိုးထစေတဲ့ ဆေးဝါးများရောင်းချခြင်း၊ ဝယ်ယူသုံးစွဲခြင်း၊ မြန်မာ့ယဉ်ကျေး မှုနှင့် မလျော်ညီတဲ့ဝတ်စားဆင်ယင်ခြင်းနှင့် အမျိုးသမီးများ ဆွေမျိုးသားချင်း မဟုတ်သူများနှင့်အတူ လည်ပတ်ခြင်းနှင့် သူများကျွေးသော အစားအသောက်များကို မချင့်ချိန်ဘဲ စားသောက်ခြင်းတို့ ရှောင်ကြဉ်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မြန်မာလူမျိုးတွေအနေနဲ့ ယဉ်ကျေးမှုနဲ့ မြန်မာ့ဓလေ့ထုံးစံကို အလေးထားသင့်ကြောင်း၊ ခေတ်မီတဲ့ ဝတ်စားဆင်ယင်မှု အပေါ် မှတ်ချက်တစုံတရာပေးလိုခြင်း မရှိသော်လည်း ပြစ်မှုအများစုမှာ အမျိုးသမီးတွေက ကျူးလွန်တာထက် အမျိုး သမီးတွေအပေါ်မှာ အမျိုးသားတွေက ကျူးလွန်ကြတာများပါတယ်လို့ တမာရိပ်အမျိုးသမီးသံချပ်အဖွဲ့ဝင် ဒေါ်မာဦးက ပြောပါတယ်။

ဒါပေမယ့်လည်း တကယ်ဖြစ်လာတဲ့အခါ အမျိုးသားတွေကို အရေးယူမှုမျိုးတွေ မရှိကြဘူးလို့ တောင်ဒဂုံမြို့နယ်နေ အ သက် (၃၀) အရွယ် ဒေါ်စုစုက ပြောပါတယ်။

“သြင်္ကန်ကာလမှာ အမျိုးသားတွေက အမျိုးသမီးတွေကို ကာကွယ်မှုပေးဖို့၊ ရှိဖို့လိုပါတယ်။ ယခုခေတ်က အမျိုးသား တွေက ကာကွယ်မှုမပေးတဲ့အပြင် အမျိုးသမီးတွေကို ထိပါးနှောက်ယှက်မှုတွေ လုပ်လာတာတွေ အမျိုးသမီးတွေကို စော်ကားတဲ့ စနောက်မှုတွေပါ ပြောဆိုလာတဲ့အပေါ် သက်ဆိုင်ရာက အရေးယူမှုတွေ မပြုလုပ်ကြပါဘူး”

အမျိုးသမီးတွေကို ကွက်ပြီး သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ မလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်မျိုးကိုတော့ အမျိုးသမီး တွေက ဘဝင်မကျကြဘဲ ဒါဟာ ခွဲခြားမှုတွေ ရှိနေတယ်ဆိုတာ ပြသနေတယ်လို့ပြောကြပါတယ်။

ဒေါ်မာဦးကတော့ တားမြစ်မယ်ဆို အမျိုးသားကော အမျိုးသမီးပါ တားမြစ်သင့်တယ်လို့ပြောပါတယ်။

“ အမျိုးသမီးရော အမျိုးသားပါ အဝတ်အစားကို လုံခြုံအောင် ဝတ်ဖို့လိုအပ်ပါတယ်။ အမျိုးသမီးတွေ သရုပ်ပျက် မဝတ် ရဘူးလို့ပြောတာထက် အမျိုးသားတွေကိုပါ ပြောသင့်တယ်။ အမျိုးသမီးတွေကိုပဲ တဖက်သတ်ဖိနှိပ်တာ မလုပ်သင့် ဘူး။ အမျိုးသားတွေပါ သရုပ်ပျက်ရင်၊  ယဉ်ကျေးမှု မရှိရင်၊ အမျိုးသမီးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုစနောက်ရင် အရေးယူသင့်ပါတယ်။ မျှတအောင် ဆောင်ရွက်သင့်ပါတယ်”

 

 

 

 

Related Articles