ရှင်ငြိမ်း။ ။
“၁၀၂၇ စစ်ဆင်ရေး”နာမည်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာ ဖွင့်ပြီး အောက်တိုဘာ ၂၇ ရက်ကစလို့ အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့နဲ့ ဖွဲ့စည်းထားတာပါ။
“၁၀၂၇ စစ်ဆင်ရေး”မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မန္တလေးနဲ့ မိုးကုတ်ဗျူဟာ (Red Wolves of Mogok)တို့လည်း ပူးပေါင်း တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေကတော့ လားရှိုး၊ နမ့်ခမ်း၊ နမ့်ပေါင်၊ မူဆယ်၊ မုံးကိုး၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ မုံးစီး၊ နောင်ချို၊ သိန္နီ၊ ကိုးကန့် ဒေသ ချင်းရွှေဟော်၊ မန္တလေးတိုင်းနဲ့ မိုးကုတ်မြို့နယ်တို့မှာ တပြိုင်တည်း ဖြစ်ပွားနေတာပါ။
ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် အဲဒီဒေသတွေမှာ လေယာဉ်၊ ကားလိုင်းတွေကအစ ရပ်ပြီး ဖုန်း၊ အင်တာနက် စတဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရသလို တိုက်ပွဲတွေကြောင့် အပြင်ထွက်မရဘဲ ပိတ်မိနေသူတချို့လည်း ရှိနေခဲ့တယ်။
ပိတ်မိနေသူတွေဟာ တချို့က မိသားစုကိစ္စ၊ စီးပွားရေးကိစ္စနဲ့ လာရောက်ရင်း ပိတ်မိတာရှိသလို တချို့လည်း တိုက်ပွဲရှောင်ဖို့ ထွက်မရဘဲ နေအိမ်မှာ ပိတ်မိနေတာပါ။
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ အောင်မေတ္တာရပ်ကွက်မှာ တစ်ဦးတည်း နေထိုင်တဲ့ အသက် ၇၂ နှစ်အရွယ် ဒေါ်ကြာကြုတ်ဆိုလည်း တိုက်ပွဲရှောင်ဖို့ သမီးတွေဆီ သွားမရဘဲ ပိတ်မိနေသူပါ။
သူ့မှာ ရန်ကုန်မြို့မှာ အင်ဂျင်နီယာနဲ့ ကုမ္ပဏီ ဝန်ထမ်း လုပ်ကိုင်နေတဲ့ သမီးနှစ်ယောက် ရှိပါတယ်။ ဒီသမီးတွေရဲ့ လစာနဲ့ ဒေါ်ကြာကြုတ်က ရပ်တည် နေထိုင်နေရတာပါ။
သမီးတွေက ဒေါ်ကြာကြုတ်ကို နမ့်ခမ်းက အိမ်ကိုရောင်းပြီး ရန်ကုန်မြို့မှာ လာနေဖို့ ပြောပေမယ့် အမျိုးသားဖြစ်သူ ခေါင်းချသွားတဲ့ နေအိမ်ဖြစ်လို့ မစွန့်ခွာလိုတဲ့အတွက် ခေါင်းမာမာနဲ့ တစ်ယောက်တည်း ဆက်နေထိုင်နေတာပါ။
အောက်တိုဘာ ၂၇ ရက်မှာ တိုက်ပွဲတွေ စဖြစ်လာတော့ ဒေါ်ကြာကြုတ်နဲ့ သမီးတွေဟာ အဆက်အသွယ်တွေ လုံးဝ ပြတ်တောက်သွားလို့ ရန်ကုန်မှာရှိတဲ့ သမီးတွေက မိခင်အတွက် စိုးရိမ်ပူပန်ခဲ့ရတယ်။
“အမေ့ဆီ ဖုန်းခေါ်မရတာ ၁၀ ရက် ကျော်ပြီ။ စားဖို့နေဖို့တွေ အဆင်ပြေရဲ့လား။ နေကောင်းလား ဘာမှ မရတော့ ဘာဆက် လုပ်ရမှန်း မသိတော့ဘူး။”လို့ ဒေါ်ကြာကြုတ်ရဲ့သမီး မအိမ့်ကြာက ပြောပါတယ်။
ဒေါ်ကြာကြုတ်နဲ့ သမီးတွေဟာ တိုက်ပွဲဖြစ်ပြီး ၁၃ ရက်ကြာမှ တရုတ်ဖုန်းလိုင်းနဲ့ ဆက်သွယ်ဖြစ်ခဲ့တာပါ။ သမီးဖြစ်သူ ပြောပြတာက ဒေါ်ကြာကြုတ်ဟာ နမ့်ခမ်းမှာ တိုက်ပွဲတွေရှိတာကြောင့် အပြင်မထွက်ကြဖို့ သတိပေးထားတဲ့အတွက် တအိမ်နဲ့ တအိမ်တောင် ကူးလူးဆက်ဆံလို့ မရခဲ့ပါ။
အစပိုင်းမှာ အိမ်မှာရှိတဲ့ စားစရာတွေကို ခြို့ခြံချွေတာစားလို့ အဆင်ပြေပေမယ့် ဆီးချိုရောဂါရှိတဲ့ သူ့အတွက် ဆေးဝါး ပြတ်လပ်မှာ စိုးတာနဲ့ အခန့်မသင့်လို့ ဆီးချိုတက်လာရင် ဘယ်လိုလုပ်ရမလဲဆိုတာ စိုးရိမ်ပူပန်ခဲ့ရတယ်လို့ ဒေါ်ကြာကြုတ်က ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ ဘေးအိမ်က ဆီးချိုသမား မျှပေးထားတဲ့ ဆေးကတ်ကို ချွေတာ သောက်နေရတာပါ။ ဒီထက် အခြေအနေ ဆိုးလာရင်တော့ ဘယ်လိုကုရမလဲ ဆိုတာကိုလည်း ဒေါ်ကြာကြုတ်က တွေးပူနေပုံရပါတယ်။
နိုဝင်ဘာ ၃ ရက်မှာတော့ ဒေါ်ကြာကြုတ်တို့ ရပ်ကွက်ထဲကို စစ်သားတွေက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်လာပါတယ်။ ဒါကလည်း တပ်နှစ်ဖက်လုံးက အရပ်သားတွေနေတဲ့ ရပ်ကွက်ထဲမှာ ခြေကုတ်ယူ ထိုးစစ်ဆင်နေတာကြောင့် ဖြစ်တယ်။
“အဲ့ဒီနေ့က လေယာဉ်တွေနဲ့ ဗုံးကြဲလာတော့ အောက်မှာဝပ်ပြီး ဘုရားကိုပဲ ဆုတောင်းနေတာ အသက်လည်း မရှုနိုင်ဘူး။ အသက်ဆုံးရှုံးရတာ မရှိခဲ့ဘူး။ ကျည်တွေကျတာ အိမ်သာ၊ မီးဖိုခန်းနဲ့ အိမ်အပြင်မှာ ကျတယ်”လို့ မအိမ့်ကြာက ဒေါ်ကြာကြုတ်ရဲ့ ပြောစကားကို ပြန်ပြောပြပါတယ်။
ဒီဗုံးတွေ ကျရောက် ပေါက်ကွဲမှုကြောင့် ဒေါ်ကြာကြုတ် အပါအဝင် အရပ်သားပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေပေမယ့် တိုက်ပွဲတွေက အိမ်ရှေ့တင် ဖြစ်ပွားနေတာကြောင့် အပြင်လည်း ထွက်လို့မရတော့ပါ။
စားစရာနဲ့ ဆေးဝါးကလည်း အပိုဝယ်ထားတာ မရှိသလို အရေးအကြောင်းဖြစ်လာရင် သုံးစွဲဖို့ ငွေကြေးကိုလည်း ဘဏ်ထဲထားပြီး လိုသလောက် ထုတ်သုံးတာကြောင့် အခုလို ရုတ်တရက် စစ်ဖြစ်လာချိန်မှာ ဒေါ်ကြာကြုတ်အနေနဲ့ များစွာ အခက်အခဲ ဖြစ်သွားရတယ်။
ဒီလိုအခက်အခဲတွေကြောင့် သမီးတွေဆီ သွားနေဖို့ မလွယ်သလို အပြင်လည်း ထွက်လို့ မရတာကြောင့် ဒေါ်ကြာကြုတ်ဟာ ဘယ်မှ သွားလို့လည်း မရသလို ဘယ်သူ့ဆီကမှလည်း အကူအညီ မရနဲ့ အိမ်ထဲမှာ တစ်ဦးတည်း ပိတ်မိနေခဲ့တာပါ။
“တိုက်ပွဲက ၁ ရက်နဲ့ မပြီးတော့ နေ့တိုင်းသေနတ်သံတွေ၊ ဗုံးကြဲသံတွေကြောင့် မနေရဲတော့ဘူး။ စစ်သားတွေကလည်း အိမ်တွေထဲဝင် လုယက်စားသောက်တာတွေ လုပ်တော့ ကြောက်တယ်။”လို့ ဒေါ်ကြာကြုတ်က ပြောပါတယ်။
ရက်ဆက်ဆိုသလို ကြားနေရတဲ့ သေနတ်သံ၊ ဗုံးသံတွေကလည်း ဒေါ်ကြာကြုတ်ရင်ကို နာကျင်တုန်ခါစေတာကြောင့် နမ့်ခမ်းမှာ မနေရဲတော့ဘဲ တခြားသူတွေနဲ့အတူ စစ်ရှောင်နေချင်ကြောင်း သမီးတွေကို ပြောပြခဲ့ပါတယ်။
လက်ရှိ နမ့်ခမ်းမှာ အရပ်သားတွေ တိမ်းရှောင်ဖို့အတွက် ကူညီဆောင်ရွက်ပေးမယ့် အဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေလည်း ဒေါ်ကြာကြုတ်တို့ဘက်မှာ လာကူပေးတာ မရှိသေးတာကြောင့် လောလောဆယ်တော့ ကူကယ်ရာမဲ့ အနေအထားပါ။
“အခုအိမ်မှာ အမေ တစ်ယောက်တည်း စားဖို့လည်း သိပ်မကျန်တော့ဘူး။ သူများကူထားတဲ့ ဆေးလည်း ကုန်တော့မယ်တဲ့။ ကျမ ဘယ်လိုလုပ်ပေးရမယ်မှန်းတောင် မတွေးတတ်တော့ဘူး။ ဆေးရော ရိက္ခာပါပို့မရဘူး။”လို့ မအိမ့်ကြာက စိုးရိမ် ပူပန်သံနဲ့ ညည်းတွားနေပါတယ်။
ဒေါ်ကြာကြုတ် တွေးထင်ထားတာကတော့ တိုက်ပွဲက မကြာခင် ပြီးသွားနိုင်ပေမယ့် ဆက်သွယ်ရေးတွေ ပြန်ကောင်းလာဖို့ သမီးတွေဆီ သွားဖို့ကတော့ အချိန်ကြာဦးမယ်လို့ တွေးကာ စိတ်မောနေပုံရပါတယ်။
စစ်တပ်ရဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ စခန်းသစ်ကုန်းက လွဲလို့ နမ့်ခမ်းမြို့နယ် တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ TNLA က ပြောထားပေမယ့် အရပ်သားတွေကတော့ တိုက်ပွဲပြန်ဖြစ်မှာစိုးတာကြောင့် အပြင်ကို ထွက်နိုင်ခြင်း မရှိသေးပါဘူး။
စစ်တပ်က နမ့်ခမ်းမြို့ကို ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ဒေသခံ ၃၀၀၀ ကျော်ဟာ မန့်နောင်ခမ်း၊ ကွန်ဟိုင်းနဲ့ မန့်ကွန်ရွာမှ ဘုန်းကြီးကျောင်းကို ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။
လက်ရှိမှာ စစ်ရှောင်တွေအတွက် လိုအပ်တဲ့စားစရာ၊ ဆေးဝါးနဲ့ နေထိုင်ဖို့ကို ကျေးရွာဒေသခံတွေက ဝိုင်းကူပေးနေပေမယ့် တိုက်ပွဲအတွင်း ကြုံခဲ့ရတဲ့အခြေအနေတွေကြောင့် စိတ်ဒဏ်ရာဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုစိုင်းက ပြောပါတယ်။
“စစ်ရှောင်တွေက တနေ့ထက်တနေ့ တိုးလာတော့ စားစရာမလောက်တော့ဘူး။ ခုဆို ဒီနေ့နဲ့ မနက်ဖြန် အတွက်ပဲ ရှိတော့တယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အစာလုံလောက်အောင် ရဖို့ လိုအပ်တယ်။ လိုတာကတော့ အများကြီးပဲ။” လို့ ပြောပါတယ်။
အလားတူ မန္တလေးမြို့ကနေ ရှမ်းမြောက်၊ မူဆယ်မြို့နယ်မှာနေတဲ့ မိခင်ဖြစ်သူရဲ့ နာရေးလာရင်း တိုက်ပွဲကြောင့် ပြန်မရဘဲ ပိတ်မိနေသူကတော့ မနန်းနှင်းယုပါ။
မနန်းနှင်းယု မူဆယ်ကိုလာတော့ အသက် ၅ နှစ်အရွယ်သမီးလေးလည်း အတူပါလာခဲ့ပြီး အမျိုးသားဖြစ်သူကတော့ နယ်ဘက် ခရီးလွန်နေလို့ မူဆယ်ကို မလိုက်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ မန္တလေးကို ပြန်ရောက်နေပါပြီ။
“လက်နက်သံတွေ ကြောက်တာနဲ့ ဘယ်မှမထွက်ရဲဘူး။ စားစရာတောင်ထွက် မဝယ်ရဲဘူး။ ပြန်လို့လည်း မရတော့ဘူး။ တချို့က အရဲစွန့်ပြန်တယ်။ သမီးနဲ့ လမ်းမှာ တခုခုဖြစ်သွားမှာစိုးလို့ မစွန့်စားရဲဘူး။”လို့ မနန်းနှင်းယုက ပြောပါတယ်။
ဒါ့အပြင် မနန်းနှင်းယုတို့ အိမ်မှာ အမျိုးသားတွေက ခရီးလွန်နေတာကြောင့် အမျိုးသမီး ၄ ဦးနဲ့ သမီး ၂ ယောက်သာ ကျန်နေရစ်ခဲ့တာပါ။ ဘေးပတ်လည်မှာ တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်သံတွေကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်ကာ ထွက်မရ ဖြစ်နေပါတယ်။
မနန်းနှင်းယုရဲ့ ညီမဖြစ်သူဆိုရင် ကလေးမီးဖွားပြီးတာ မကြားသေးတဲ့ မီးနေသည် တစ်ဦးပါ။ သူဟာ လက်နက်ကြီး ပစ်ခတ်သံတွေကြားပြီး အစိုးရိမ်လွန်ကာ စိတ်ဒဏ်ရာရသွားသူ ဖြစ်တယ်။
ဒါကလည်း မူဆယ်မြို့၊ မုံးကိုးဒေသ နန်တုန်အုပ်စု ရှင်းကျိုင့်ရွာထဲ လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် ညီမဖြစ်သူက စိုးရိမ်ထိတ်လန့်နေတာပါ။
“မီးတွင်းထဲဆိုတော့ လန့်သွားလား မသိဘူး။ သူ့ကလေးကို တချိန်လုံး ချီထားပြီး ဗုံးလာကြဲပြီ။ ဝပ်၊ ဝပ်နဲ့ အော်ပြီး ခုံတွေအောက် ပြေးပုန်းတော့တာပဲ။ ညဘက်ကြားလည်း အဲ့လိုအော်လို့ ကျမတို့ပါ အိပ်မရဘူး။ တော်သေးတယ်။ ကျမ သမီးက သိပ်မကြောက်တတ်လို့ မဟုတ်ရင် ရူးပြီ။”လို့ မနန်းနှင်းယုက ဆိုပါတယ်။
မနန်းနှင်းယုတို့ သားအမိတွေဟာ မူဆယ်ကို ရောက်နေတာ ၁၂ ရက်ကျော်ရှိပါပြီ။ အမေ့နာရေး မြေချပြီးနောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာပြီး ဖုန်းနဲ့ ကား၊ လေကြောင်းတွေ ပိတ်သွားခဲ့တာကြောင့် နေအိမ်ကနေ ဘယ်မှ မထွက်နိုင်ဘဲ ပိတ်မိနေခဲ့တာပါ။
တိုက်ပွဲစဖြစ်တော့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့တယ်။ လက်ရှိမှာတော့ ဖုန်းလိုင်း မရပေမယ့် ဝိုင်ဖိုင် ရနေသေးတော့ အမျိုးသားနဲ့ အဆက်အသွယ် ရနေသေးတယ်လို့ မနန်းနှင်းယုက ပြောပါတယ်။
စစ်ဆင်ရေးကာလအတွင်း အင်အားတိုးချဲ့လာမယ့် စစ်တပ်ကို ဟန့်တားနိုင်ဖို့အတွက် လားရှိုး-မူဆယ်လမ်းကို အရေးပေါ် ပိတ်ဆို့လိုက်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ကြေညာချက်ထုတ်ထားတာကြောင့် မနန်းနှင်းယုတို့ ပြန်လို့ မရတော့တာပါ။
“အစက ပြန်မလို့ပဲ။ ဖြတ်လာမယ့် တံတား(သိန္နီ-နမ္မတူ မြစ်ကူးတံတား)က မိုင်းခွဲခံရလို့ ပြန်လို့မရတော့တာ။ အဲ့တံတား ကျိုးတာနဲ့ ကြက်ဥတောင် တလုံး ၇၀၀ ဖြစ်သွားတယ်။ အကုန်ဈေးတက်သွားတာ ချက်ချင်းပဲ။” လို့ ရှင်းပြပါတယ်။
တရုတ်- မြန်မာ နယ်စပ်ဒေသ တစ်ခုဖြစ်တဲ့ မူဆယ်မြို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လလောက်ကတည်းက တအာင်းတပ်မတော် (TNLA)နဲ့ အာဏာသိမ်းစစ်တပ်ကြား စစ်ရေး တင်းမာမှုတွေ ရှိပြီး မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
အောက်တိုဘာ ၂၇ ရက်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတော့ မြန်မာနိုင်ငံရဲ့ အဓိက ကုန်စည်စီးဆင်းမှုဖြစ်တဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းလည်း ပိတ်သွားခဲ့ပြီး ကုန်စည်စီးဆင်းမှုလည်း ပြတ်တောက်သွားခဲ့ရတယ်။ တိုက်ပွဲတွေကြောင့် မူဆယ်မှာ ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး ကုန်ဈေးနှုန်း မြင့်တက်လာကာ အခြေခံစားသောက်ကုန် ပြတ်လပ်တာတွေ ဖြစ်လာခဲ့တယ်။
အခြေခံ စားသောက်ကုန် ပြတ်လပ်မှုဒဏ်ကို မနန်းနှင်းယုတို့လည်း ခံစားနေရတာပါ။ ကလေးတွေကို ဦးစားပေးကျွေးရပြီး လူကြီးတွေကတော့ ရှိတဲ့ မုန့်ညှင်းချဉ်လေး၊ ဆီတို့ဖူးလေးနဲ့ ဝမ်းစာဖြေရှင်းနေရပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာ ၆ ရက်မြောက်တဲ့နေ့မှာတော့ မနန်းနှင်းယုတို့ရဲ့ စားစရာဟာ လုံးဝကို ကုန်သွားခဲ့တာပါ။
အဲဒီအခါ မုန်ညှင်းတွေစိမ်ဖို့ လှမ်းထားတာတွေကို ကြော်တာ ပြုတ်စားတာနဲ့ ဖြေရှင်းနေတာ ၃ ရက်လောက်ရှိပြီလို့ ပြောပါတယ်။ တိုက်ပွဲက ရက်ကြာလာပြီး ကုန်စည်စီးဆင်းမှုကလည်း မရှိတော့ဘူးဆိုရင် ရိက္ခာတွေ ပြတ်လပ်လို့ လုယက်တာတွေ ဖြစ်လာမှာလည်း မနန်းနှင်းယုက စိုးရိမ်နေပါတယ်။
ဒီလိုအခြေအနေတွေကြောင့် မနန်းနှင်းယုဟာ မန္တလေးပြန်ဖို့ လမ်းခရီးအခြေအနေ စုံစမ်းတော့လည်း စွန့်စားရမယ့်ခရီး ဖြစ်နေတာကြောင့် သမီးနဲ့ ညီမဖြစ်သူရဲ့ ကျန်းမာရေးကို တွေးပြီး ရှေ့တိုးရမလို နောက်ဆုတ်ရမလို ဖြစ်နေပါတယ်။
ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာ တိုက်ပွဲတွေ မဖြစ်သေးပေမယ့် နေစားမှုကတော့ အတော်လေးကို မလုံမခြုံဖြစ်နေရတယ် လို့ လောက်ကိုင်မှာ အလုပ်လုပ်နေတဲ့ မဇာခြည်က ဆိုပါတယ်။မဇာခြည်ဟာ သူငယ်ချင်း မောင်နှမတွေနဲ့အတူ ထားဝယ်မြို့ကနေ လောက်ကိုင်မှာ အလုပ်လာလုပ်နေကြသူတွေ ဖြစ်တယ်။
“အဲ့မှာ ကျားဖြန့်လုပ်ငန်း တစ်ခုပဲရှိတာ မဟုတ်ဘူး။ လက်လုပ်လက်စား အလုပ်ကြမ်းသမားတွေ အများကြီး ရှိတယ်။ သူတို့တွေဆို စားဖို့မရှိ၊ နေဖို့မရှိနဲ့ ပြန်စရာ လမ်းစရိတ်တောင် မရှိဘူး။ အဲ့လို ပိတ်မိနေတဲ့သူတွေကို အရင်ခေါ်ထုတ် ကူညီပေးသင့်တယ်။”လို့ မဇာခြည်က ရှင်းပြပါတယ်။
လောက်ကိုင်အနီး ပတ်ဝန်းကျင်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိသလို လေကြောင်းကပါ ပစ်ခတ်တာတွေ ရှိတာကြောင့် တခြားနယ်က အလုပ်လာလုပ်ကိုင်ကြတဲ့သူတွေ ပိတ်မိနေပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ စီးပွားရေး အဆင်မပြေမှုတွေကြောင့် ပြည်သူတွေဟာ လစာ ကောင်းကောင်းရမယ့် နေရာဒေသတွေမှာ သွားပြီး လုပ်ကိုင်စားသောက်နေကြရတာ ဖြစ်တယ်။
လောက်ကိုင်မှာ ပိတ်မိနေတဲ့ အလုပ်သမားတွေဟာ မန္တလေး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းနဲ့ ထားဝယ်မြို့ကနေ လာရောက် လုပ်ကိုင်သူများပြီး မွန်နဲ့ စစ်ကိုင်းတိုင်းကတော့ အနည်းငယ်သာရှိတယ်လို့ မဇာခြည်က ဆိုပါတယ်။
လက်ရှိ လောက်ကိုင်မှာလည်း ဖုန်းလိုင်းတွေမရတော့သလို ပြန်ဖို့လည်း ကားခဈေးနှုန်းကြီးမြင့်တာကြောင့် အခြေခံ အလုပ်သမားတွေ များစွာအခက်တွေ့နေကြတာပါ။
စစ်ဆင်ရေးကာလအတွင်း အင်အားတိုးချဲ့လာမယ့် စစ်တပ်ကို ဟန့်တားနိုင်ဖို့အတွက် လားရှိုး-မူဆယ်နဲ့ လာရှိုး- ချင်းရွှေဟော် လမ်းတွေကို အရေးပေါ်ပိတ်ဆို့လိုက်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ကြေညာချက် ထုတ်ထားပါတယ်။
သို့ပေမဲ့ လောက်ကိုင်ကနေ လူအမြောက်အများ လမ်းလျှောက်ပြန်ကြတယ်ဆိုတဲ့ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ကြောင့် အများစုက နေရပ်ပြန်ဖို့ ဆင်းလာတဲ့အခါ ပါစင်ကျော်ကျေးရွာမှာ လူပေါင်း ၄၀၀ လောက်ဟာ ပိတ်မိနေခဲ့တယ်။ အဲ့ဒီနေရာမှာ သူတို့တွေဟာ ၃ ရက်နီးပါးကြာ ပိတ်မိနေတာကြောင့် စားသောက် နေထိုင်ရေးပါ ဒုက္ခတွေ့ခဲ့ကြတာပါ။
“ပိတ်မိနေတဲ့သူတွေရဲ့ မိသားစုဝင်တွေလည်း အဆက်အသွယ် မရလို့ ပူပန်နေရမှာပဲ။ ဒါကို ကိုယ်ချင်းစာတဲ့အနေနဲ့ လမ်းတွေ ခဏလောက်ဖြစ်ဖြစ် ဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ မဇာခြည်က ပြောပါတယ်။
“၁၀၂၇ စစ်ဆင်ရေး”အမည်နဲ့ စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှစလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ရှမ်းမြောက်ရှိ စစ်တပ်ရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူမယ်လို့ စစ်ကြေညာထားပါတယ်။
ဒီစစ်ဆင်ရေး ၁၂ ရက်အတွင်း စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်စခန်းပေါင်း ၁၂၀ ကျော်၊ သံချပ်ကာကား၊ စစ်ကား၊ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ လက်ရှိမှာ နမ့်ခမ်း၊ သိန္နီ၊ ချင်းရွှေဟော်နဲ့ ကြူကုတ်ကို သိမ်းယူနိုင်ခဲ့ပြီး မုံးကိုးကို ထပ်မံ သိမ်းပိုက်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ၁၀ ရက်အတွင်း လားရှိုး၊ သိန္နီ၊ မူဆယ်၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးကုတ်၊ နမ့်ခမ်းမြိုတွေမှာ စစ်ဘေးရှောင် ဦးရေ စုစုပေါင်း (၃၀၀၀၀) ကျော်ရှိပြီး စစ်ဆင်ရေး ၁၁ ရက်ထဲမှာ လက်နက်ကြီးကြောင့် ကလေးငယ် ၆ ဦးအပါအဝင် အရပ်သား ၂၉ ဦးထက် မနည်းသေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့တယ်လို့ လားရှိုးအခြေစိုက် ရွှေဖီမြေသတင်းမှ သိရပါတယ်။
ဘယ်လိုရည်ရွယ်ချက်နဲ့ တိုက်ပွဲတွေဖော်ဆောင်၊ ဖော်ဆောင် တိုက်ပွဲတစ်ခုဖြစ်လာရင် ထိခိုက်နစ်နာမှု အရှိဆုံးကတော့ ဒေသခံ ပြည်သူတွေ ဖြစ်တာကြောင့် သူတို့တွေရဲ့ လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ဒေါ်ကြာကြုတ်က ဆိုပါတယ်။
သူကိုယ်တိုင်လည်း မိခင်တစ်ယောက် ဖြစ်တာကြောင့် ပိတ်မိနေတဲ့ သားသမီးတွေ၊ မိခင်တွေ၊ မိသားစုဝင်တွေ အခက်အခဲ တွေ့နေရတာကြောင့် လမ်းတွေကို အချိန်အကန့်အသတ်နဲ့ ဖြစ်ဖြစ် ဖွင့်ပေးဖို့ သူက အခုလို တောင်းဆိုလိုက်ပါတော့တယ်။
“ပိတ်မိနေသူတွေ အဆင်ပြေသွားအောင် လမ်းတွေ အမြန်ဆုံး ဖွင့်ပေးစေချင်တယ်။”