နွေဦးမောင်။ ။
မနီလာထံသို့ ဖုန်းဝင်လာသည်။ ထို့ကြောင့် သူ့ထံဝင်လာသည့် ဖုန်းအဝင်ကောကို လက်ခံစကားပြောလိုက်သည်။ အသံကြား ရမှ သူ့အစ်မ လှမ်းဆက်ခြင်းဖြစ်သည်ကို မနီလာ သိလိုက်၏။
သူ့ထံ လှမ်းပြောနေသည့် အစ်မဖြစ်သူ၏ အသံမှာ အနည်းငယ်လှိုက်နေပြီး တစ်စုံတစ်ရာကို စိုးရိမ်မကင်းဖြစ်နေမှန်း သိသာစေ သည်။ မှန်ပေ၏။ ယခုကဲ့သို့ ဖုန်းခိုးဆက်နေသည်ကို စစ်ကောင်စီတပ်သားများတွေ့သွားပါက မနီလာ၏အစ်မ သက်သာမည် မထင်။
အကြောင်းမှာ အပြင်သို့ ဖုန်းခေါ်သည်ကိုတွေ့သည်နှင့် စစ်သားတွေက ဖုန်းကိုသိမ်းယူသည့်အပြင် ကာယကံရှင်အား ရိုက်နှက် စစ်ဆေးတတ်၍ ဖြစ်သည်။
မနီလာ၏အစ်မတို့မိသားစုမှာ အခြားသော ရွာသူရွာသားများနှင့်အတူ စစ်တပ်ကနေရာချထားသည့် ဘုန်းကြီးကျောင်းဝန်း တစ်ခုထဲ နေထိုင်ကြရသည်။ စစ်တပ်သည် ထိုရွာကလေးကို လော့ခ်ဒေါင်းချထားသည့်နှယ် အဝင်အထွက် အားလုံးပိတ်ဆို့ ထားပြီး ရွာသူရွာသားများအား အိမ်ပြန်ခွင့်မပေးချေ။
ယခုလို တော်လှန်စစ်ဆင်နွှဲနေသည့် နွေဦးကာလအတွင်း စစ်ကောင်စီတပ်သည် မနီလာ၏ အစ်မများနေထိုင်သည့် မန္တလေး တိုင်းအတွင်းမှ မြို့ရွာများ၌သာမက စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ကရင်၊ ကယားနှင့် ချင်း အစရှိသော တိုင်းနှင့်ပြည်နယ် များရှိ မြို့ရွာများတွင်ပါ ထိုနည်းကို ကျင့်သုံးနေခြင်းဖြစ်သည်။
၎င်းတို့သည် ခုခံစစ်အားကောင်းသည့် ဒေသများ၌ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ရာတွင် ဒေသခံပြည်သူအပေါ် အ ထက်ပါကဲသို့ နိုင်လွန်မင်းထက် ပြုမူကြ၏။ ယင်းအပြင် မိမိဒေသကိုစွန့်ခွာ ထွက်ပြေးနေရသူများကိုလည်း ဧည့်စာရင်းတိုင်စေ ခြင်းဖြင့် တစ်နည်းတစ်ဖုံ ဒုက္ခပေးပြန်၏။
မနီလာ၏အစ်မ မဝင်းသန်းမှာ အသက် ၃၃ နှစ်ခန့်အရွယ် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဖြစ်သည်။ သူသည် လေးလခန့် ရှိပြီဖြစ်သော သန္ဓေသားလေးအား လွယ်ပိုးထားရ၏။ သူ့အမျိုးသားမှာ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှဖြစ် ပြီး သျှောင်နောက်ဆံထုံးပါဆိုသကဲ့သို့ သူသည်လည်း ထိုအရပ်သို့ လိုက်၍နေထိုင်ရသည်။
ယခုအခါ စဥ့်ကိုင်မြို့နယ်သည် အခြားသော မြို့ရွာဒေသများနည်းတူ စစ်ကောင်စီအား ခုခံဆန့်ကျင်လျှက်ရှိရာ နယ်မြေမအေး ချမ်းပေ။ ထို့ကြောင့် အထက်နားတွင် ဖော်ပြခဲ့သည့်အတိုင်း စစ်ကောင်စီတပ်များ ကျေးရွာများသို့ ဝင်ရောက်၍ ပြည်သူလူထုကို ဒုက္ခမျိုးစုံပေးနေချိန် မဝင်းသန်းသည်လည်း အများနည်းတူ ထိုဒုက္ခများအား ထပ်တူခံစားရခြင်းဖြစ်သည်။
ထို့ကြောင့် သူတို့နေထိုင်သည့်ရွာ၌ စစ်ကောင်စီတပ်များ နှစ်ပတ်ခန့် စတည်းချပြီး ရွာမှပြန်ထွက်သွားချိန် မဝင်းသန်းတို့ ဇနီး မောင်နှံသည်လည်း မန္တလေးမြို့ပေါ်တက်ကာ ရရာအလုပ်လုပ်၍ နေထိုင်စားသောက်ရန် ပြင်ဆင်လေသည်။
မိဘဆင်ပေးထားသည့် နားမှနားကပ်လေးတစ်ရံကို စရိတ်အဖြစ် ထုခွဲရောင်းချလိုက်သည်။ ထို့နောက် မန္တလေးမြို့ပေါ်တက် လာခဲ့၏။ မြို့ပေါ်ရောက်သည်နှင့် အလုပ်ကိုခဏထား၍ ကျောချစရာ နေရာအလျင်ရှာရသည်။ သည်လိုနှင့် ရပ်ကွက်တစ်ခု တွင် နေစရာအဆောင်ငှားလိုက်သည်။ အလုပ်ကိုတော့ တဖြည်းဖြည်းရှာမည်ဟု မဝင်းသန်းတို့ဇနီးမောင်နှံ စိတ်ပိုင်းဖြတ်ထား ၏။
သို့သော် တကယ့်လက်တွေ့မှာ ဘာအလုပ်မှ ရှာချိန်မရလိုက်။ ညည အိပ်ရသည်ပင် ကျောမလုံသည့်အဖြစ်နှင့် ကြုံရလေသည်။ အ ကြောင်းမူ စစ်ကောင်စီ၏ ဧည့်စားရင်းကိစ္စကြောင့် ဖြစ်သည်။ မှတ်ပုံတင်ပြ၍ အဆောင်ရှင်အား အကျိုးအကြောင်းပြောကာ အခန်းငှား၍ ရခဲ့သော်လည်း ရပ်ကွက်ဧည့်စာရင်းကိစ္စမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံ ကျိုးကြောင်းပြ၍ မရခဲ့ပါပေ။
မဝင်းသန်းအမျိုးသား၏ ဇာတိရွာသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက် လုံးလုံးလျားလျားမရှိသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ များ၏ ထိန်းချုပ်မှုအောက်တွင်လည်း ရှိမနေသေးပေ။ ထို့ကြောင့် ယခုလို စပ်ကူးမပ်ကူးကာလတွင် အုပ်ချုပ်ရေးမှူးလုပ်လိုသူ မရှိဘဲဖြစ်နေသည်။ ထိုအခါ မဝင်းသန်းတို့ကဲ့သို့ စစ်ကောင်စီအုပ်ချုပ်ရေးနယ်မြေများသို့ ပြောင်းရွှေ့အခြေချသည့်အခါ လူကြီး ထောက်ခံစာ လုပ်၍မရတော့ပေ။
ဤတွင် မန်းမြို့ပေါ်၌ ရရာအလုပ်လုပ်ကာ အသက်မွေးမည်ဟု စိတ်ကူးခဲ့သော မဝင်းသန်းတို့ဇနီးမောင်နှံ ဒုက္ခလှလှတွေ့ ကြ တော့သည်။ ရပ်ကျေးထောက်ခံစာကမပါ၊ လာရောက်ခဲ့သည့်အရပ်မှာလည်း မအေးချမ်းသည့်အရပ်ဖြစ်သည့်အပြင် ၎င်းတို့ နှစ်ဦးလုံးက အရွယ်ကောင်းလူငယ်များဖြစ်နေ၏။ ထို့အခါ မန်းမြို့ပေါ်မှ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က သူတို့ကို ကြာရှည် လက်မခံလိုပေ။
သို့ကြောင့် မဝင်းသန်းတို့နှစ်ယောက်မှာ ရွာပြန်နေရန်လည်း နယ်မြေကမအေး၊ မန်းတွင်လည်း ကြာရှည်နေရန်ခက်သဖြင့် မိခင်နှင့်အတူနေ ရန်ကုန်တိုင်းအတွင်းမှ ညီမဖြစ်သူ မနီလာထံ အကြိမ်ကြိမ်ဖုန်းဖြင့် ဆက်သွယ်နေမိသည်။ အကြောင်းက ရန်ကုန်တိုင်းရှိ မိဘဆွေမျိုးများရှိရာ ပြန်လာ၍ရ မရ စုံစမ်းနေခြင်း ဖြစ်သည်။
သို့သော် မနီလာတို့နေထိုင်ရာ ရန်ကုန်တိုင်းသည်လည်း စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိသောကြောင့် မန်းမြို့နှင့်မခြား ထောက်ခံစာမပါ၊ ဧည့်စာရင်းမတိုင်လျှင် တစ်နယ်မှတစ်နယ် ပြောင်းရွှေ့နေထိုင်ဖို့ မလွယ်။
ယင်းအပြင် ထောက်ခံစာပါပြီး ဧည့်စာရင်းပုံမှန်တိုင်မည်ဆိုဦးတော့ မဝင်းသန်းတို့ကို မိသားစုက လက်မခံရဲ။ အဘယ်ကြောင့် ဆိုသော် မဝင်းသန်းတို့သည် မအေးချမ်းသည့်နယ်မြေမှ လာမည့်သူများဖြစ်သည့်အပြင် သူ့အမျိုးသားမှာ ကိုးမျဥ်းဇောင်း (၉/) ပိုင်ရှင်လည်းဖြစ် လူငယ်တစ်ဦးလည်း ဖြစ်နေခြင်းကြောင့် ဖြစ်၏။
သို့နှင့် မဝင်းသန်းမှာ မိသားစုဘဝ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်မည့်အရေး အမျိုးမျိုးလှည့်စဥ်းစားသည့်တိုင် အဖြေမထွက်ခဲ့ပေ။ ထိုအခါရက်မှလပြောင်းပြီး ကိုယ်ဝန်မှာ ခုလကျော်လခဲ့ရာ မအေးချမ်းသည့် သူ့အမျိုးသား၏ ဇာတိရွာ၌သာ ဆက်လက်နေထိုင်ရန် စိတ်ဆုံးဖြတ်ရလေတော့သည်။ ယင်းကြောင့် ရွာထဲနေကာနေလိုက် တောထဲရှောင်ကာ ရှောင်လိုက်နှင့် သင့်သလို အသက်ဆက်နေရလေသည်။
မဝင်းသန်းတို့နှင့် တွေ့ကြုံဖြတ်သန်းရသည်ချင်းတူသလိုရှိသည့် နောက်တစ်ဦးက ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှ မမိုးဝါ ဖြစ်သည်။ မမိုးဝါသည် အသက် ၃၆ နှစ်ခန့်အရွယ် ကလေးနှစ်ယောက် မိခင်တစ်ဦးဖြစ်သည်။
မမိုးဝါတို့ ညောင်လေးပင်မြို့နယ်တွင် KNU/KNLA၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ မကြာခဏ နှစ်ဘက် တိုက် ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ပိုဆိုးသည်မှာ စစ်ကောင်စီတပ်သည် ၎င်းတို့အထိနာတိုင်း အထိုင်စခန်းများမှနေ၍ လက်နက်ကြီး များဖြင့် ကျေးရွာများဘက်သို့ နေ့စဥ်လို ပစ်ခတ်ကျူးလွန်နေခြင်း ဖြစ်သည်။
ထိုအခါ မမိုးဝါတို့မိသားစုအပါအဝင် စစ်တပ်အထိုင်စခန်းများနှင့်နီးသည့် ကျေးလက်နေပြည်သူများမှာ မိမိရပ်ရွာ၌ မနေရဲ ကြတော့ပေ။ ယင်းအပြင် မိသားစုပိုင် လယ်ယာလုပ်ငန်းများကိုပါ ဆက်မလုပ်ရဲတော့ဘဲ ရေကြည်ရာ၊ မြစ်နုရာ ပြောင်းရွှေ့နေ ထိုင်ဖို့ရာ အကြောင်းများဖန်လာတော့၏။
ဤတွင် သူ့အမျိုးသားက အရွယ်လေးရှိတုန်း ထိုင်းသို့တက်ကာ အလုပ်ထွက်လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ သည်တော့ သူတို့သားအမိသုံးယောက်တည်း ရွာတွင်ဆက်နေ၍မဖြစ်။ အခြားသူများလည်း မမိုးဝါတို့နှယ်။ တနယ်တကျေးသို့ အလုပ်ထွက် လုပ်သူလုပ်၊ မိသားစုဆွေမျိုးရှိရာ ဘေးလွတ်ရာရှောင်သူရှောင်ဖြင့် ရပ်ရွာတွင် မနေရဲကြတော့ပေ။
မမိုးဝါကတော့ မြို့ပေါ်တွင် မိတ်ဆွေမိသားစုတစ်ခုနှင့် တစ်ဦးတည်းသော အစ်မကြီးရှိသည်မို့ အိုးအိမ်စွန့်ကာ ရွာမှထွက်လာခဲ့ သည်။ စိုက်ပျိုးထားသည့် လယ် ၁၀ ဧကခန့်ကိုလည်း သည်အတိုင်းပစ်ထားခဲ့ရ၏။
သို့နှင့် မြို့ပေါ်ရောက်တော့ အစ်မကြီးမိသားစုအား ဒုက္ခမပေးလို၍ သူတို့နှင့်သွားမနေဖြစ်။ မမိုးဝါတွင် မိဘနှစ်ပါးလုံးမရှိ တော့ ပါ။ ထို့ကြောင်း သူ့ကိုငယ်ငယ်လေးထဲက အစ်မကြီးကသာ စောင့်ရှောက်ခဲ့ရ၏။ ယခုလည်း အိမ်ထောင်ကျ၍ ကလေးနှစ်ဦးပင် ရနေပြီဖြစ်ရကား ကိုယ့်အကြောင်းနှင့်ကိုယ်မို့ အစ်မကြီးအား ဒုက္ခမရှာရစ်တော့ပြီ။
သို့ဖြစ်၍ သူနှင့်ညီအစ်မတွေလို ခင်မင်ရင်းနှီးသည့် မိတ်ဆွေအစ်မတစ်ဦးထံ သွားနေမည်စိတ်ကူးသည်။ သူ့မိတ်ဆွေမှာက ခြံ နှစ်ကွက်အပြင် နှစ်ခြံလုံးအိမ်ဆောက်ထားသည်။ ထို့ကြောင့် ပျဥ်ထောင်အိမ်လေးတစ်လုံးမှာ အပိုဖြစ်နေရာ သူတို့သားအမိ နေထိုင်ရန် အဆင်သင့်လှသည်။ သူတို့ဟာသူတို့ သီးသန့်နေပြီး ကိုယ့်အစီအစဥ်နှင့်ကို ချက်ပြုတ်စားရမည်ဟု မည်သူ့အတွက်မှ ဝန်မပိ။ ထို့ကြောင့် အစ်မဆီမသွားဘဲ မိတ်ဆွေ၏ အိမ်လွတ်လေးတွင် ခေတ္တနေထိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရောက်စတစ်ပတ်၊ နှစ်ပတ်အထိသာ အဆင်ပြေသည်။ နောက်ပိုင်းကျတော့ ရပ်ကွက်လမ်းလူကြီး(ရာအိမ်မှူး)နှင့် အဆင်မပြေချင်တော့။ ထိုလမ်းလူကြီးက သူတို့ကို ဧည့်စာရင်းမတိုင်ရကောင်းလားဆိုကာ ကြိမ်းမောင်းလာတော့သည်။ ပိုဆိုး သည်မှာ သူ့မိတ်ဆွေ အိမ်ရှင်အစ်မအား ခြိမ်းခြောက်လာခြင်း ဖြစ်၏။
မမိုးဝါတို့မိသားစုကို ဆက်ပြီးလက်ခံထားပါက အိမ်ရှင်အား ဖမ်းဆီးမည့်အပြင် အိမ်ကိုပါ ချိတ်ပိတ်ခံရမည်ဟု ပြောဆိုလာခြင်း ဖြစ်၏။ အမှန်တော့ မမိုးဝါက သူ့ကျောင်းနေ သူ့စာအံဆိုသကဲ့သို့ ဧည့်စာရင်းတိုင်ရမည်ကို သိသည်။ သို့သော် သူ့အစ်မကြီးက အတူနေခဲ့စဥ် မြို့ပေါ်တွင် စာရင်းပေးသွင်းထားသည့် သန်းခေါင်စာရင်းရှိနေ၍ တကူးတကန့်ကြီး ဧည့်စာရင်းတိုင်ရန်မလိုဟု ယူဆထား၍ ဖြစ်သည်။
သို့သော် သူ့တွင်ရှိနေသည့်သန်းခေါင်စာရင်းက မြို့နယ်တူသော်လည်း အခြားရပ်ကွက်တစ်ခုအမည်နှင့် ပြုလုပ်ထားပြီး မမိုးဝါ ယခုရောက်နေသည်က နောက်ထပ်ရပ်ကွက်တစ်ခုတွင် ဖြစ်သည်။ ထို့ကြောင့် သန်းခေါင်စာရင်းရှိသည်မှန်သော်လည်း ရပ် ကွက်မတူ၍ ဧည့်စာရင်းမတိုင်လို့မရဟု စစ်ကောင်စီရာအိမ်မှူးက ဆိုလာရာ အခက်တွေ့ရခြင်း ဖြစ်သည်။
မမိုးဝါတို့ခေတ္တတည်းခိုရောက်ရှိနေသည့် ရပ်ကွက်တွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ဧည့်စာရင်းကို တစ်ပတ်တစ်ကြိမ် တိုင် ခိုင်းသည်။ ထို့အပြင် စာရွက်စာတမ်းကြေးအဖြစ် တစ်လစာကို ကျပ်တစ်ထောင်ပေးရ၏။ ထိုအခါ မမိုးဝါအဖို့ သိပ်အဆင်မပြေ လှ။ ငွေတစ်ထောင်ထက် အပတ်စဥ် ဧည့်စာရင်းသွားတိုင်ဖို့ အခက်ခဲတွေ့ရခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ့တွင်ကလေးနှစ်ဦးရှိရာ အငယ်လေးမှာ ရှစ်လခန့်သာရှိသေးသည့် နို့စို့အရွယ်လေးဖြစ်၍ ကလေး နှစ်ယောက် တာဝန်နှင့်ပင် လက်မလည်အောင် အလုပ်များလှသည်။ သူ့မိတ်ဆွေကလည်း စျေးဆိုင်တဖက်နှင့်မို့ မမိုးဝါအား ဘာမျှမကူနိုင်။ အစစအရာရာ ကိုယ့်လက်ကိုယ့်ခြေချည်းဖြစ်သည်။ ပြီးတော့ ဧည့်စာရင်းတိုင်ဖို့ အချိန်ရတယ်ထားဦး မမိုးဝါ မတိုင်လို။
သူရောက်နေသည့်မြို့မှ မြို့နယ်လဝကမှ တရားဝင်ထုတ်ပေးထားသော သန်းခေါင်စာရင်းရှိသလို စစ်ဘေးရှောင်လာရသော ကလေးနှစ်ဦး၏ မိခင်အား ဖေးကူစောင့်ရှောက်ရမည့်အစား အိမ်ပေါ်ခေါ်တင်ထားသည့် ပိုင်ရှင်တွေကိုပါ စစ်ကောင်စီ အုပ်ချုပ် ရေးပိုင်းက ခြိမ်းခြောက်လာတာကို လက်မခံနိုင်။ ဒုက္ခရောက်လို့ အိုးပစ်အိမ်ပစ် ပြေးလာရပါတယ်ဆိုမှ သည်ဧည့်စာရင်းကိစ္စက အဓိပ္ပါယ်ကိုမရှိဘူးဟု မမိုးဝါခံယူသည်။
ထို့ကြောင့် ဧည့်စာရင်းကို လုံးဝမတိုင်လို။ ပြီးလျှင် သူတို့မိသားစုကြောင့် ကူညီပေးသည့် မိတ်ဆွေမိသားစု ဒုက္ခရောက်သည်မျိုး လည်း အဖြစ်မခံနိုင်။ သည်တော့ ဒုက္ခမပေးတော့ဘူးဟု တွေးထားသည့်ကြားမှ သူ့အစ်မကြီးတို့အိမ်ပြောင်းနေရန်သာ စီစဥ်ရ တော့သည်။
ယခုကဲ့သို့ မြို့ပေါ်တက်ပြီး ဘေးလွတ်ရာရှောင်နေစဥ်မှာပင် စစ်ကောင်စီတပ်ကပစ်သော လက်နက်ကြီးကျည်ကျ၍ သူတို့ နေ အိမ် ပြုတင်းတံခါးမှန်များ ကွဲကုန်ပြီဆိုသည့် သတင်းဆိုးကို မမိုးဝါပြန်ကြားသိရသည်။ သူ့အမျိုးသားဘက်မှ အဒေါ်အိမ် ဆိုလျှင် လက်နက်ကြီးကျည် အိမ်ပေါ်တည့်တည့်ကျ၍ တစ်အိမ်လုံး ပျက်စီးသွားသည်။
သည်အတိုင်းဆိုလျှင် အိမ်ပြန်ဖို့ရာ အလှမ်း ဝေးနေဦးမည်ဖြစ်သည်။ ထို့ကြောင့် အစ်မကြီးမိသားစုထံသွားပြီး နေရသလောက် ဆက်နေရတော့မည် ဖြစ်သည်။
သည်ကြားထဲ သူ့အစ်မကြီးတို့မိသားစုနေတဲ့ရပ်ကွက်က စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် အဆင်မပြေလျှင် ဘယ်သို့ဆက်သွား ရမည်ကိုပင် မမိုးဝါမတွေးတတ်တော့ပြီ။
ဤဖြစ်စဉ်များသည် မြန်မာနိုင်ငံတွင်းနေထိုင်နေသော မြန်မာနိုင်ငံများ၏ ဒုက္ခများထဲမှ တစ်ခုပင်ဖြစ်လေသည်။ ကိုယ့်နိုင်ငံ တွင်း နေထိုင် လုပ်ကိုင်စားသောက်ရန်ပင် ပြည်သူများမှာ အခက်တွေ့နေကြရလေသည်။