Home သတင်း ရှမ်းမြောက်တိုက်ပွဲများအတွင်း ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ငါးဦးသေဆုံး

ရှမ်းမြောက်တိုက်ပွဲများအတွင်း ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ငါးဦးသေဆုံး

ဆိုဖီ။ ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင် ငါးဦးသေဆုံးခဲ့သည်။

အောက်တိုဘာ ၂၅ ရက် ည ၁၁နာရီခွဲကျော်က လားရှိုးမြို့နယ် ၊ ဟိုနမ့်ကျေးရွာတွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MND AA) တို့ တိုက်ပွဲဖြစ်ပွားစဉ် အသက် ၅၀ ကျော်အရွယ် ဒေါ်နန်းစံ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း ကျည်ထိမှန်ပြီးသေဆုံးသွားသူနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။

“ ညအချိန်လက်နက်ကြီးတွေနဲ့ပစ်တော့ အိမ်သုံးလုံးပေါ်ကျတယ်လေ။ အဲဒီမှာအိမ်ထဲမှာနေတဲ့ အမျိုးသမီးကိုထိတော့ တစ် ယောက်က ပွဲချင်းပြီးပဲ။ နောက်နှစ်ယောက်ကတော့ ကျည်ထိမှန်တာ။ အခုလားရှိုးဆေးရုံမှာ ဆေးကုနေတယ်။” ဟု ၎င်းက ဆိုသည်။

အလားတူ ယနေ့ (အောက်တိုဘာ ၂၇)ရက် ၊နံနက် ၄ နာရီတွင် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ၊သာယာကုန်းရပ်ကွက်ရှိ အရပ်သားနေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျသဖြင့် မိသားစုဝင်မောင်နှမနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦးကျည် ထိမှန်ခဲ့ကြောင်း နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပုလက်နက်ကြီးကြောင့် သေဆုံးထိခိုက်ဒဏ်ရာရှိသူများကိုတွေ့ရစဉ်

“ ဒီမနက်အစောကြီးပဲ ကလေးတွေအိပ်နေချိန်သူတို့အိမ်ကိုလက်နက်ကြီးကျတာ မောင်နှမသုံးယောက်ပေါ့၊ နှစ်ယောက် ကတော့ ပွဲချင်းပြီးပဲ။ တစ်ယောက်တော့ ထိခိုက်ဒဏ်ရာရသွားတယ်။ လမ်းတွေလည်းပိတ်တော့ တရုတ်ပြည်ဘက်ကို ဆေးကုဖို့ပို့လိုက်ရတယ်။” ဟု ၎င်းက ထပ်လောင်းပြောသည်။

ကျည်ထိမှန်သေဆုံးခဲ့သည့် မောင်နှမနှစ်ယောက်သည် အသက် ၁၂ နှစ်အရွယ်ရှိ မမျိုးမျိုးအေးနှင့် အသက်ရှစ်နှစ်အရွယ်ရှိ မောင်မျိုးလင်းကျော်တို့ဖြစ်ပြီး ကျည်ထိမှန်သည့်ကလေးသည် အသက်ငါးနှစ်အရွယ်သာရှိကြောင်း သိရသည်။

ထို့ပြင် ယနေ့ (အောက်တိုဘာ ၂၇)ရက် နံနက် ၅နာရီခွဲအချိန်တွင် စစ်ကောင်စီ တပ်စခန်းမှ ပစ်ခတ်လိုက်သည့် လက်နက် ကြီးကြောင့် ကွတ်ခိုင်မြို့နယ် ၊ နမ့်ဖတ်ကာ ရပ်ကွက် (၄) အတွင်းရှိ အရပ်သားနေအိမ်ပေါ် သို့ လက်နက်ကြီးကျကာ ကလေးငယ်အပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးပြင်းထန် ထိခိုက်ဒဏ်ရာရရှိကြောင်း မေတ္တာမွန်လူမှုကူညီ ရေးအသင်းက ဆိုသည်။

“ မိသားစုထဲက နှစ်ယောက်ဆုံးတယ်။ တစ်ယောက်ကတော့ ပွဲချင်းပြီး တစ်ယောက်ကတော့ ဆေးရုံအရောက်မှာ ဆုံးသွား တယ်။” ဟု မေတ္တာမွန်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်နက်ကြီးကြောင့် သေဆုံးထိခိုက်ဒဏ်ရာရှိသူများကိုတွေ့ရစဉ်

ယနေ့(အောက်တိုဘာ ၂၇)အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ နမ့်ခမ်း မြို့နယ်နှင့် ချင်းရွှေဟော်မြို့နယ်တို့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့တို့မှ စစ်ကောင်စီအား အပြင်းအထန်ထိုးစစ်ဆင်နေကာ တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။

ထိုတိုက်ပွဲဖြစ်ပွားသည့်နေရာသည် မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးဇုံအနီး အချက်အခြာကျသည့် လမ်းကြောင်း ဖြစ်ပြီး တိုက်ပွဲကြောင့် ယနေ့ (အောက်တိုဘာ ၂၇)ရက်တွင် လမ်းကြောများပိတ်ထားခဲ့သည်။ ကျည်ထိမှန်ပြီး ပြင်းထန် ဒဏ်ရာရရှိသည့် လူနာများသည်လည်း လားရှိုမြို့ ၊ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခွင့်မရရှိသေးပေ။

“ ဒီနေ့လမ်းကြောတွေ အားလုံးပိတ်တော့ ကျည်ထိသူလည်း လားရှိုးပို့မရ၊ လူနာတင်ကားလည်း သွားမရ၊ ဘာကားမှ ပေးမသွား၊ အခက်အခဲဖြစ်တယ်။ ဘယ်တော့မှ ပြန်ဖွင့်မယ်ဆိုတာ မသိသေးဘူး။” ဟု မေတ္တာမွန်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ထပ်လောင်းပြောသည်။

တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာရှိ အောင်ဓမ္မာရုံတွင် စစ်ရှောင် ၃၀၀ကျော်နှင့် လားရှိုးမြို့ ၊မန်ဆူ ဘုန်းကြီးကျောင်းနှင့် ဟိုပိတ်ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

“ ကျမတို့ တိုက်ပွဲဖြစ်တော့ ဘာမှ မသယ်လာနိုင်ဘူး။ အဝတ်တစ်ထည် ကိုယ်တစ်လုံးနဲ့ပြေးလာရတာ။ တိုက်ပွဲက ဘယ်နေ့မှ ပြီးမယ်မသိဘူး။ အိမ်မှာတော့ အိမ်စောင့်အနေနဲ့ယောင်္ကျားတွေကျန်ခဲ့တယ်။”ဟု နောင်ပိန်စစ်ရှောင်စခန်းသို့ ရောက်ရှိနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်စီမှ အထိ နာမှုရှိသဖြင့် စစ်ကောင်စီဘက်မှ လားရှိုး မြို့ပေါ်သို့ လေယာဥ်အသုံးပြုပြီး ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု လားရှိုးမြို့ ဒေသခံများက ပြောကြားသည်။

Author:

Related Articles