ရှင်ငြိမ်း။ ။
“ပေါက်ကွဲမှုဖြစ်ပြီး လူလည်း စိတ်ဒဏ်ရာ တော်တော်ရတယ်။ မသန်စွမ်းဆိုတော့ အရေးအကြောင်းဆို ဘာမှ မလုပ်နိုင်တော့ ပိုစိတ်ဓာတ်ကျရတယ်။”လို့ စိတ်ပျက်လက်ပျက် ညည်းတွားနေသူကတော့ မဇင်မာနွယ်ပါ။
နေ့စားအလုပ်သမားတစ်ဦးဖြစ်တဲ့ မဇင်မာနွယ်ဟာ ကြက်သွန်စိုက်ခင်းထဲ အလုပ်လုပ်ဖို့ ဝင်လာတဲ့အချိန် မိုင်းပေါက်ကွဲပြီး ဘယ်ခြေဖနောင့် ဆုံးရှုံးခဲ့ရလို့ ခန္ဓာကိုယ်ရော စိတ်ပါ ဒဏ်ရာရနေသူ ဖြစ်တယ်။
မဇင်မာနွယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၂၇ ရက်၊ မနက်ပိုင်းမှာ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျူတောကျေးရွာ၊ ယောချောင်းအနီးက စိုက်ခင်းထဲအရောက် မိုင်းပေါက်ကွဲပြီး မသန်စွမ်းဖြစ်ခဲ့ရသူပါ။
ဒီမိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး မဇင်မာနွယ် အပါအဝင် အမျိုးသမီးငါးဦး ဒဏ်ရာ ရခဲ့ပါတယ်။ ဒဏ်ရာရသူငါးဦးထဲမှာ မဇင်မာနွယ်က စိုးရိမ်စရာအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
“ဘယ်ခြေထောက်ပေါ့။ ဒူးအောက်ပိုင်းတစ်ခုလုံး မိုင်းစတွေထိတာ။ အစကြီးကြီးမှန်တဲ့ နေရာတွေဆို အသား စတွေက အပြင်ကို ဖွာထွက်နေတာ။ ဖနောင့်တခြမ်းလုံး မရှိတော့တာ။ အဲ့ဘက်က အခုထိ ကိုက်နေတုန်းပဲ။”လို့ မဇင်မာနွယ်က ပြောပါတယ်။
ဒီဒဏ်ရာတွေကြောင့် မဇင်မာနွယ်ဟာ ပခုက္ကူဆေးရုံမှာ သုံးလကျော် ဆေးရုံတက်ခဲ့ရပြီး သုံးကြိမ်တိုင်တိုင် ခွဲစိတ်ခံခဲ့ရတယ်။ ဒါ့အပြင် ဖနောင့်ရိုး မရှိတော့တဲ့ ဒဏ်ရာကလည်း ဆေးဝါးပစ္စည်းကိရိယာတွေ မစုံ လင်သေးတာကြောင့် သေချာ မကုသနိုင်လို့ ထုံကျင်ကိုက်ခဲတဲ့ဝေဒနာကို အခုထိ ခံစားနေရပါတယ်။
“မသန်စွမ်းဖြစ်တော့ အစစအရာရာ အကုန်ခက်ခဲတယ်။ တိုက်ပွဲဖြစ်လို့ ပြေးရပြီဆို ကိုယ်တွဲပေးမယ့်သူ မျှော်ရတယ်။ မိဘတွေကလည်း အသက်ကြီးပြီဆိုတော့ ကျမကို မကူနိုင်၊ သူတို့လည်း ကျမ မကူနိုင်တော့ ဘေးလူကို အားကိုးရတာပေါ့။”လို့ မဇင်မာနွယ်က သူ့အခက်အခဲကို ပြောပါတယ်။
မဇင်မာနွယ်ရရှိတဲ့ ခြေထောက်ဒဏ်ရာက ပြင်းထန်လွန်းတာကြောင့် လမ်းလျှောက်ဖို့ နေနေသာသာ နေ့စဉ် တကိုယ်ရေ သန့်ရှင်းရေးလုပ်ဖို့တောင် အခက်အခဲရှိနေသူပါ။
ဒါပေမဲ့ မဇင်မာနွယ်ရဲ့ ဝင်ငွေနဲ့ ရပ်တည်နေရတဲ့ သူတို့မိသားစု ဝမ်းစာအဆင်ပြေဖို့ကိုတော့ အလုပ် မလုပ် နိုင်သေးတဲ့အချိန်မှာ ကျေးရွာသားတွေနဲ့ လူမူကူညီရေးအဖွဲ့တစ်ခုက ထောက်ပံ့ ကူညီပေးထားပါတယ်။
အခုလို မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတွေ ထိခိုက်သေဆုံးရတာဟာ ပေါက်မြို့နယ်မှာ ပထမဆုံးဖြစ်လို့ ဒေသခံတွေအနေနဲ့ ဝမ်းစာရှာထွက်ဖို့ကို စိုးရိမ်ထိတ်လန့်နေကြပါတယ်။
ဒီမိုင်းတွေကို ဘယ်အဖွဲ့က ထောင်ထားမှန်း မသိပေမယ့် ပေါက်မြို့နယ်ကတော့ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေး တပ်(PDF)တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။
“ဒေသတွင်းတိုက်ပွဲလည်း ဖြစ်နေတာဆိုတော့ ဘယ်သူတွေထောင်တဲ့ မိုင်းဆိုတာ ပြောဖို့ခက်တယ်။ ဘာလို့ဆို မိုးတွင်းမှာ ထောင်ထားတဲ့မိုင်းတွေက နေရာရွေ့သွားတတ်တော့ ဒါကို သတိထားဖို့လိုတယ်။”လို့ ပေါက်-PDF မှ မိုင်းရှင်းလင်းရေး တာဝန်ခံတစ်ဦးက သတိပေးပါတယ်။
တိုက်ပွဲရှိတဲ့ နေရာတိုင်းမှာ မိုင်းတွေရှိနိုင်တာကြောင့် သက်ဆိုင်ရာက ထုတ်ပြန်တဲ့ မိုင်းသတိပေးချက်တွေကို လိုက်နာပြီး သတိထားသွားလာကြဖို့လည်း သူက ဆော်သြနေပါတယ်။
အာဏာသိမ်းပြီးနောက် ပိုများလာတဲ့ မိုင်းအန္တရာယ်
အာဏာမသိမ်းမီက စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေကြောင့် ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်း မြောက်နဲ့ ကရင်ပြည်နယ်တို့က ဒေသခံတွေပဲ မိုင်းအန္တရာယ်ကို ထိခိုက်ခံစားခဲ့ကြရတာပါ။
အာဏာသိမ်းပြီးနောက်မှာတော့ ဒေသကာကွယ်ရေးတပ်(PDF)တွေနဲ့ စစ်တပ်ကြားတိုက်ပွဲတွေ ဖြစ်လာတော့ ယခင် ဒေသတွေအပြင် စစ်ရေးပြင်းထန်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းစတဲ့ ဒေသက ပြည်သူတွေပါ မိုင်းဒဏ်ကို ခံစားလာကြရပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ထုတ်ပြန်စာရင်းတွေအရ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးရသူပေါင်းဟာ ၂၀၂၁ ခုနှစ်မှာ ၂၈၄ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၃၉၀ ဦးနဲ့ ၂၀၂၃ ခုနှစ်၊ ပထမ ခြောက်လပတ်မှာ ၅၅၆ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
မိုင်းပေါက်ကွဲမှုက ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် ပြီးခဲတဲ့ မတ်လက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ တစ်ရက်တည်း အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် အရပ်သား ကိုးဦးမိုင်းထိပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ ရတဲ့ ဖြစ်စဉ်က သက်သေခံနေပါတယ်။
မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေဟာ တစ်လမှာ လေးဦးမှ လေးဦးထိရှိပြီး ရံဖန်ရံခါမှာ တစ်လထဲ ၁၀ ဦးထိ ရှိတတ်တယ်လို့ မိုင်းထိပြည်သူတွေကို ကူညီပေးနေတဲ့ မနူးပန်က ပြောပါတယ်။
ဒါ့အပြင် မိုင်းထိသူအများစုဟာ မိသားစုကို ဝင်ငွေရှာပေးနေတဲ့ အမျိုးသမီးတွေ ဖြစ်ကြပြီး အဓိကဝမ်းစာရှာဖွေဖို့ သွားတဲ့အချိန်တွေမှာ အများဆုံး ထိခိုက်သေဆုံးရကြတယ်လို့ သူက ရှင်းပြပါတယ်။
နှစ်ဘက်တိုက်ပွဲတွေကြားမှာ ဝမ်းစာရှာနေရတဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူတွေဟာ မိုင်း အန္တရာယ်တွေရဲ့ ခြိမ်းခြောက်မှုကို နေ့စဉ်နဲ့အမျှ ထိခိုက်ခံစားနေကြရတာဖြစ်တယ်။
တနင်္သာရီတိုင်းက မိုင်းပေါက်ကွဲမှု
ဇန်နဝါရီလမှာလည်း မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ဖျားကျေးရွာမှာလည်း စစ်တပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး အသက် ၂၈ နှစ်အရွယ် ကိုယ် ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။
ကိုယ်ဝန် ခြောက်လရှိပြီဖြစ်တဲ့ မရီရီစိုးဟာ ဇန်နဝါရီ ၂၂ ရက်က ရွာပြင်အစပ်နားမှာရှိတဲ့ မိခင်အိမ်မှာ ထမင်းသွား စား ပြီးအပြန် အိမ်နားမရောက်ခင် စစ်ကြောင်းဖြတ်ရင်း ထောင်ထားခဲ့တဲ့ နင်းမိုင်းထိကာ နေရာမှာ သေဆုံး ခဲ့ရတာ ဖြစ်တယ်။
သူနဲ့အတူ ပါလာတဲ့အသက် ခြောက်နှစ်အရွယ် သားငယ်ကလည်း မိုင်းပေါက်ကွဲမှုကြောင့် ညာဘက်မျက်နှာ၊ ရင်ဘတ်နဲ့ လက်ချောင်း သုံးချောင်း ပြတ်သွားခဲ့တယ်။ ဒီဒဏ်ရာတွေကြောင့် ဆေးရုံမှာ ရက် ၂၀ ကျော် တက် ရောက် ကုသခံယူခဲ့ရပါတယ်။
“ကလေးက အမေသေတာမြင်ပြီး အခုထိ စကားမပြောနိုင်တော့ဘူး။ အရင်က ကျောင်းတက်တယ်လေ။ မိဘတွေ ဓာတ်ပုံပြရင် ငိုတယ်။ သူ့အဖေနဲ့လည်း စကားမပြောဘူး။”လို့ အဘွားဖြစ်တဲ့ ဒေါ်ဆွေမြင့်က ဆိုပါတယ်။
မရီရီစိုးရဲ့ ခင်ပွန်းသည်က မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်နေတာ သုံးနှစ်ကျော်ရှိပါပြီ။ လက်ရှိမှာတော့ ကလေးငယ်ကို အဘွားဖြစ်သူက စောင့်ရှောက်ပေးထားတာ ဖြစ်တယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေ့က ပဝတ်ဖျားကျေးရွာနားမှာ တိုက်ပွဲ မရှိပါဘူး။ ပုလောမြို့ပေါ်မှာတော့ နေ့စဉ်လိုလို အာဏာသိမ်းစစ်တပ်နဲ့ PDF တွေကြား တိုက်ပွဲဖြစ်နေတာပါ။
မည်သို့ပင်ဆိုစေကာမူ အပြစ်မဲ့တဲ့ ကလေးငယ်ကတော့ မိုင်းကြောင့် စိတ်ခန္ဓာဒဏ်ရာရခဲ့သလို ကျောင်း ပညာရေးလည်း လက်လွှတ်ခဲ့ရပါတယ်။
ဖားကန့် ရွှေမှော်က မိုင်းပေါက်ကွဲမှု
ဒါ့အပြင် ၂၀၂၃ ဇန်နဝါရီလ ၁၅ ရက်၊ မနက်ပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှာဒူဇွပ်ရွာမှ ရွှေမှော်သွားတဲ့ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးဟာ မိုင်းနင်းမိပြီး တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူဟာ အသက် ၁၉ နှစ်အရွယ် မခေါန်နန်ဖြစ်ပြီး သူနဲ့အတူ ပါလာတဲ့ အသက် ၅၀ အရွယ် ဒေါ်သန်းမူနဲ့ အမျိုးသားတစ်ဦးကတော့ ခြေထောက်၊ ခေါင်း၊ ပေါင်နဲ့ ဝမ်းဗိုက်တွေမှာ မိုင်းစ ထိမှန်ခဲ့တာပါ။
“ရွှေမှော် မသွားနဲ့သာပြောတာ။ မသွားရင် ဘာနဲ့သွားစားမလဲ။ စီးပွားရေး အဆင်မပြေတော့လည်း ဒီလိုပဲ အသက်တွေရင်း အလုပ်လုပ်ရတာပဲ။ ဒါပေမဲ့ ဘယ်သူပဲ မိုင်းထောင်ထောင် ခံရတာကတော့ ပြည်သူတွေပဲ။”လို့ ဒေါ်သန်းမူက ပြောပါတယ်။
လီဒို လမ်းမဘေးမှာရှိတဲ့ ရှာဒူဇွပ်ရွာ ဒေသခံတွေဟာ ရွှေမှော်ကျင်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေ ရတာပါ။ ဒါပေမဲ့ ရှာဒူစွပ်ရွာပတ်ပတ်လည်မှာ ရွှေမှော်လုပ်ကွက်တွေ ရှိနေပြီး ဒီလုပ်ကွက်တွေကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA )နဲ့ စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက ဒေသခံတွေ သွားလာခွင့် ပိတ်ထားတာ ဖြစ်တယ်။
အခုပေါက်ကွဲတဲ့ မိုင်းကတော့ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်မှန်း မသိသလို ဒီအပေါ်မှာလည်း ဘယ် အဖွဲ့အစည်းကမှ တာဝန်ယူ၊ ဝန်ခံတာမျိုးမရှိဘူးလို့ ဒေါ်သန်းမူက ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မိုင်းထိထားတဲ့ ဒေါ်သန်းမူရဲ့ ခြေထောက်ကတော့ လူကောင်းလိုပြန်ဖြစ်ဖို့ အချိန်ယူရဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ မိုင်းစထိ မှန်ထားတဲ့ ဖနောင့်ကြော ပြတ်ထွက်သွားတဲ့ ဒဏ်ရာကြောင့် သူဟာ လမ်းမ လျှောက်နိုင်တော့ပါဘူး။ မိုင်းစ ထိမှန်လို့ အလုပ်မလုပ်နိုင်တာကြောင့် မိသားစုရဲ့ စားဝတ်နေရေးအပေါ် ဒေါ်သန်းမူက စိတ်ပူပန်နေပုံရပါတယ်။
“အခုလိုချိန်မှာ တခြားတယောက်ဆီ ဘာအကူအညီနေနေ ရဖို့ ခက်တယ်။ အားလုံးလည်း ခက်ခဲနေတာ ဆိုတော့ နားလည်ပါတယ်။ အခုချိန်မှာတော့ ကျန်းမာရေးကစ ဘာမှထပ်ပြီး ဆိုးဆိုးဝါးဝါး မဖြစ်အောင် ဂရုစိုက်နေရ တယ်။”လို့ ဒေါ်သန်းမူက ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် အမျိုးသမီးတွေဟာ ဝမ်းစာရှာဖို့အတွက် တောင်ယာသွား၊ ထင်းခုတ်၊ ဟင်းရှာစတဲ့ နေ့စဉ် အလုပ်တွေကို တောင် ထွက်လုပ်ဖို့ စိုးရိမ်ကြောက်လန့်နေကြရတယ်။
ဒါ့အပြင် မိုင်းကြောင့် ထိခိုက်ခံစားရသူအများစုမှာ ကျေးလက်နေ ဆင်းရဲနွမ်းပါးသူတွေ ဖြစ်တာကြောင့် ဆေးကု သနိုင်ဖို့ ငွေကြေး လိုအပ်ချက်တွေလည်း ရှိနေကြောင်း မိုင်းထိပြည်သူတွေကို ကူညီပေးနေတဲ့ မနူးပန်က ပြောပါတယ်။
အာဏာမသိမ်းခင်ကာလက အခုလို မိုင်းထိပြည်သူတွေကို ခြေတုတပ်ဆင်ဖို့နဲ့ မိုင်းအသိပညာပေးမှုတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(International Committee of the Red Cross- ICRC)နဲ့ တခြား NGO အဖွဲ့တွေက ကူညီဆောင်ရွက်ပေးတာ ရှိပါတယ်။
နိုင်ငံရေးမတည်ငြိမ်တာကြောင့် သူတို့လည်း အရင်ကလို မိုင်းထိပြည်သူတွေကို ထိရောက်တဲ့ ကူညီမှုတွေ နေရာအနှံ့ ဆောင်ရွက်မပေးနိုင်တော့ဘူးလို့ မနူးပန်က ရှင်းပြပါတယ်။
မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်တွေ ရှင်းလင်းရေးကို အရင်ကတည်းက စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပူးပေါင်းပြီးဆောင်ရွက်မယ်လို့ ပြောဆိုထားပေမယ့် ဒီနေ့ထိတော့ မအောင်မြင်သေးပါဘူး။
ဒါ့အပြင် ၁၉၉၇ခုနှစ်မှာ စတင်ခဲ့တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး သဘောတူစာချုပ်မှာ မြန်မာအနေနဲ့ ပါဝင်လက်မှတ် ရေးထိုးထားတာ မရှိလို့ မြန်မာဟာ ရုရှားနိုင်ငံပြီးရင်း မြေမြှုပ်မိုင်းအသုံးပြုမှု ဒုတိယ အမြင့် ဆုံးဖြစ်ကြောင်း နိုင်ငံတကာမြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားတဲ့အဖွဲ့(ICBL)ရဲ့ ၂ဝ၂၂ နှစ်ကုန်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာမှာ စစ်တပ်အနေနဲ့ မြေမြှုပ်မိုင်းအသုံးပြုတာတွေဟာ ကချင်၊ ကယား၊ ရှမ်း၊ ကရင်၊ မွန်၊ တနင်္သာရီနဲ့ ရခိုင် ပြည်နယ်တို့မှာ ဆက်ရှိနေပြီး မိုင်းအသုံးပြုမှုဟာ ၂၀၂၁-၂၀၂၂ခုနှစ်မှာ ပိုမို များပြားလာတယ်လို့ ဆိုထား ပါတယ်။
နောက် ဒီမြေမြှုပ်မိုင်းတွေကို စစ်ကောင်စီတပ်ဘက်ကပဲ သုံးတာ မဟုတ်ဘဲ တော်လှန်ရေးအဖွဲ့တွေကလည်း အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ မိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့ရတဲ့ မဇင်မာနွယ်ကတော့ လက်နက်ကိုင် နှစ်ဘက်လုံးက မိုင်းထောင်တာတွေ ရပ်စေချင်ကြောင်း အခုလို ပြောဆိုလိုက်ပါတယ်။
“စစ်ရေအရ တဖက်နဲ့တဖက် ထိန်းချုပ်ချင်လို့ လုပ်မယ်ဆိုရင် ဒေသခံတွေ နေ့စဉ် သုံးနေတဲ့ လမ်းတွေနဲ့ ကျေးရွာတွေ အနီးနားမှာ မိုင်းထောင်တာတွေကို ဘယ်အဖွဲ့ကမှ မလုပ်စေချင်ဘူး။”