Home ဆောင်းပါး ခေတ်စနစ်ဆိုးထဲမှာရုန်းကန်နေရပေမယ့်အားမလျှော့တဲ့ တစ်ကိုယ်ရေမိခင်တွေ

ခေတ်စနစ်ဆိုးထဲမှာရုန်းကန်နေရပေမယ့်အားမလျှော့တဲ့ တစ်ကိုယ်ရေမိခင်တွေ

ခင်ဘုန်းမို့။ ။

အလုပ်ပြန်သူတွေ၊ ဈေးသိမ်းသူ၊ ဆိုင်သိမ်းသူတွေနဲ့ ညနေခင်းတစ်ခုက အသက်ဝင်နေပါတယ်။ ပတ်ဝန်းကျင်မှာ လည်း နေရောင်ကျသွားသလို မှောင်စပျိုးလာတယ်။ အချိန်ကတော့ ညနေ (၅) နာရီဝန်းကျင်ပါ။

လမ်းပေါ်က လှုပ်ရှားသွားလာနေသူ လူတွေထဲမှာ အသားခပ်လတ်လတ်၊ ဆံပင်ကျောလယ်လောက်ရှိကာ ရှပ် အင်္ကျီ၊ ဂျင်းဘောင်းဘီ ဝတ်ဆင်ကာ စက်ဘီးနင်းနေတဲ့ အမျိုးသမီးတစ်ဦးကိုလည်း တွေ့ရပါတယ်။

တနေရာအရောက်မှာတော့ အမျိုးသမီးဟာ စက်ဘီးရပ်ကာ လက်မှာပတ်ထားတဲ့နာရီကို တစ်ချက်ကြည့်ပြီး နောက် ပိုက်ဆံအိတ်ထဲက ငွေတွေကို ရေတွက်လိုက်ပါတယ်။

အဲ့ဒီနောက် အမျိုးသမီးဟာ စိတ်ကြည်လင်စွာနဲ့ အိမ်အပြန်လမ်းကို ဦးတည်ပါတော့တယ်။

သူကတော့ အသက် (၂၇) နှစ်အရွယ် Single Mother (မိခင်တစ်ဦးတည်းရပ်တည်နေသူ) တစ်ဦးဖြစ်ကာ စက်ဘီးနဲ့ အစားအသောက်၊ ပစ္စည်းပို့ဆောင်တဲ့လုပ်ငန်းကို လုပ်ကိုင်နေတဲ့ မသဇင်ပါ။

မသဇင်တယောက် တရက်စာ စားဝတ်နေရေးအတွက် လိုအပ်တဲ့ငွေကြေးရပြီဖြစ်တဲ့အတွက် အိမ်အပြန်လမ်းကို စိတ်ဖြောင့်ဖြောင့်နဲ့ ပြန်နိုင်ခဲ့တာပါ။

စစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ် အခြေအနေတွေကြားမှာ ပြည်သူတွေဟာ စီးပွားရေးကြပ်တည်းမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေ ကြုံတွေ့လာရပါတယ်။

ဒီလိုစီးပွားရေးကြပ်တည်းမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကို ရင်ဆိုင်နေရသူတွေထဲမှာ ကလေးကို တစ်ယောက်ထဲ ပြုစုပျိုးထောင်ပြီး ရပ်တည်နေရတဲ့ တချို့သော Single Mother တွေလည်း အပါအဝင်ပါပဲ။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာမှာထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေ အစီရင်ခံစာအရ လှုမှုကွန်ရက်ပေါ်တွေမှာလည်း အလုပ်နားထားရတဲ့အတွက် အလုပ်ရှိရင်ဆက်သွယ်ပါဆိုတဲ့ အကြောင်းအကြားစာတွေ၊ ကလေးတွေနဲ့ဒုက္ခရောက်နေလို့ တတ်နိုင်သလောက် ကူညီပေးပါဆိုတဲ့ အလှူခံစာတွေ၊ ယောက်ျားဖြစ်သူ အလုပ်မရှိတဲ့အတွက် ကလေးမီးဖွားစရိတ်၊ ကလေးနို့မှုန့်ဖိုး ကူညီပေးပါဆိုတဲ့ အကူအညီတောင်းစာတွေကို အာဏာသိမ်းပြီးကာလတွေမှာ ခပ်စိပ်စိပ် မြင်တွေ့လာရပါတယ်။

စားဝတ်နေရေးအတွက် တစ်ဦးတည်းရုန်းကန်နေရသလို တဖက်မှာလည်း မိမိရင်သွေးကို တစ်ဦးထဲစောင့်ရှောက် နေကြရတဲ့ Single Mother တွေအနေနဲ့ ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒီလိုအခက်အခဲတွေကို ရင်ဆိုင်ရုန်းကန်နေသူတွေထဲမှာ မသဇင်လည်းပါဝင်ပါတယ်။

“တိုင်းပြည်အခြေအနေကြောင့် လတ်တလောရပ်တည်မှုအတွက်ကိုပဲ အသည်းအသန်ရုန်းကန်နေရတယ်”လို့ မသဇင်က ဖွင့်ဟပါတယ်။ မသဇင်ဟာ အစားအသောက်ပို့တဲ့အလုပ်အပြင် ဈေးရောင်းတဲ့အလုပ်ကိုလည်း လုပ်ကိုင်ပါတယ်။

Single Mother တစ်ဦးဖြစ်တဲ့မသဇင်ဟာ ကိုယ်ဝန်ရှိချိန်ကစပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။

“မီးဖွားတုန်းကလည်း စီးပွားရေးကြပ်တည်းပြီး မွေးဖွားဖို့အခက်အခဲရှိတော့ ရပ်ကွက်ဆေးခန်းလေးမှာပဲ မွေး လိုက်ရတယ်” လို့ မသဇင်ကပြောပါတယ်။

မိဘဆွေမျိုးတွေကတော့ Single Mother ဖြစ်တဲ့ မသဇင်ကို ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြတယ်။

ကလေးမွေးပြီးနောက်ပိုင်းလည်း စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတယ်။ ကိုယ်တိုင်စီးပွားရှာ၊ ကိုယ်တိုင် အိမ်မှု ကိစ္စတွေလုပ်ရင်း ကလေးကို ပြုစုပျိုးထောင်ခဲ့တယ်။

“ကလေးငယ်လေးကို ကလေးထိန်းကျောင်းပို့ပြီး အရောင်းအဝယ်လုပ်ခဲ့တယ်။ တခါတလေ ကလေးကို စိတ်မချ လို့ ကလေးလက်ဆွဲပြီး သားအမိနှစ်ယောက် ဈေးရောင်းပြီးရုန်းကန်ခဲ့ရတယ်” လို့ မသဇင်ကပြောတယ်။

မသဇင်ဟာ ကလေးငယ်ငယ်လေးကတည်းက ဈေးရောင်းကာ ကျွေးမွေးစောင့်ရှောက်ခဲ့တာပါ။ လက်ရှိမှာဆိုရင် မသဇင်ရဲ့သားဟာ အသက် (၁၄) နှစ် ရှိပါပြီ။

မသဇင်တစ်ယောက် ကလေးရဲ့ရှေ့ရေးအတွက်သာတွေးပြီး အခက်အခဲမှန်သမျှကို အကောင်းဆုံးကျော်ဖြတ်ခဲ့ တယ်။ လက်ရှိမှာလည်း ဈေးရောင်းရင်းနဲ့အချိန်ရရင်ရသလို အစားအသောက်နဲ့ ပစ္စည်းပို့တဲ့အလုပ်ကို လုပ်ကိုင် နေပါတယ်။

စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေပေမယ့်လည်း တိုင်းပြည်အခြေအနေနဲ့ စီးပွားရေးကြပ်တည်းမှုတွေ ကြားမှာ မသဇင်တို့လို Single Mother တွေအတွက် မချောင်လည်လှပါဘူး။

“အလုပ်အကိုင်အခွင့်အလမ်း၊ လွတ်လပ်မှု၊ လုံခြုံမှု အားလုံးနီးပါးက ဆုံးရှုံးသွားတယ်။ ကျွန်မတို့လို Single Mom တွေအတွက်က ပိုခက်ခဲစေတယ်” လို့ မသဇင်ကဆိုတယ်။

ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် စားဝတ်နေရေးပိုခက်ခဲလာပြီး ငွေပိုငွေလျှံလည်းမရှိတော့ပါဘူး။ မရှိမဖြစ် အရာတွေအတွက်လောက်သာ ငွေကိုသုံးနေရပြီး တန်ဖိုးနိမ့်ပစ္စည်းတွေကို အစားထိုး ပြောင်းသုံးနေရတယ်လို့ မသဇင်ကပြောတယ်။

မသဇင်တစ်ယောက် ဂျပန်စကားပြောသင်တန်းတက်ကာ အခုထက်ဝင်ငွေကောင်းတဲ့ အလုပ်လုပ်ဖို့စိတ်ကူးခဲ့ပေ မယ့် စီးပွားရေးကြပ်တည်းမှုတွေကြောင့် သူ့ရဲ့အိပ်မက်တွေ ဈေးကြီးသွားခဲ့ပါပြီ။

အာဏာမသိမ်းခင်တုန်းကတော့ မသဇင်တစ်ယောက် အနာဂတ်တွေ၊ အခွင့်အလမ်းတွေကို ကြိုးစားရှာဖွေရင် ရှာဖွေသလောက် ရနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စားဝတ်နေရေး ပြေလည်ဖို့သာ ရုန်းကန်နေရပါတယ်။

“အိပ်မက်တွေက တကယ့်ကို ဈေးကြီးသွားသလိုခံစားရတယ်။ အဘက်ဘက်ကကြပ်တည်းနေတော့ စားဝတ်နေ ရေး အနိုင်နိုင်ရုန်းကန်နေရတဲ့ ကျွန်မအတွက်တော့ ရည်ရွယ်ချက်ပန်းတိုင်တွေက ပိုဝေးကွာသွားသလို ခံစားရ တယ်” လို့ မသဇင်ကဖွင့်ဟပါတယ်။

မသဇင်နည်းတူ တစ်ယောက်ထဲရုန်းကန်နေရတဲ့ မိခင်တစ်ဦးကတော့ အသက် (၂၂) နှစ်အရွယ် မအေးအေးပါ။ မအေးအေးတယောက် အသက်တစ်နှစ်နဲ့ ကိုးလအရွယ် သားလေးနဲ့အတူနေထိုင်ကာ မတည်ငြိမ်တဲ့ တိုင်းပြည် အခြေအနေတွေကြား အခက်အခဲတွေကို ရင်ဆိုင်နေပါတော့တယ်။

Single Mother တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ဝန်စရှိချိန်ကတည်းက အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အလုပ်ကြိုးစားလုပ်ကာ ကလေးမီးဖွားစရိတ်အတွက် ကိုယ်တိုင်စုဆောင်းခဲ့တယ်။

“ငါ့ကလေးလေးအတွက် ငါရှိမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ အကုန်ရင်ဆိုင်ခဲ့တယ်” လို့ မအေးအေးက ဖွင့်ဟတယ်။

Single Mother ဖြစ်တဲ့အတွက် မိသားစုနဲ့မိတ်ဆွေတွေက အားပေးခဲ့ကြပေမယ့် ပတ်ဝန်းကျင်ကတော့ လက်ညှိုး ထိုးချင်ခဲ့ကြတယ်။ ကလေးမွေးပြီးတဲ့နောက်မှာလည်း အစစအရာရာ ခြိုးခြံချွေတာပြီး နေထိုင်စားသောက်ခဲ့ရ တယ်။ ကိုရီးယားအကင်လေးရောင်းကာ စားဝတ်နေရေးအတွက် ဖြေရှင်းခဲ့တယ်။

အာဏာသိမ်းပြီးနောက်မှာတော့ ကုန်ဈေးနှုန်းတွေ နှစ်ဆတက်တဲ့ဒဏ်ကြောင့် စီးပွားရေးကြပ်တည်းမှုတွေနဲ့ ရင် ဆိုင်ခဲ့ရတယ်။

မလုံခြုံမှုတွေ၊ လုယက်မှုတွေကြောင့် စိတ်မလုံခြုံမှုတွေလည်းခံစားရတယ်။ တခါတလေ တချို့ရက်တွေမှာ အကင်ရောင်းတာ နားရတဲ့အခါတွေလည်း ရှိတယ်။

“တစ်အိမ်လုံးရဲ့ အလုပ်တာဝန်ကို ကိုယ်ယူရတော့ ပင်ပန်းတာပေါ့။ ဒါပေမယ့် သားသားမျက်နှာက ကျွန်မအတွက် ခွန်အားပါပဲ”လို့ မအေးအေးကဆိုပါတယ်။

အခက်အခဲတွေရှိပေမယ့်လည်း ကလေးမွေးပြီးရင် ကျွေးရမယ်၊ စောင့်ရှောက်ရမယ့် တာဝန်တွေရှိတာကြောင့် အပြည့်အဝ တာဝန်ကျေအောင် ကြိုးစားသွားမယ်လို့ မအေးအေးက ဆုံးဖြတ်ထားပါတယ်။

မသဇင်နဲ့ မအေးအေးတို့နည်းတူ တစ်ယောက်ထဲရုန်းကန်နေရတဲ့မိခင်ကတော့ အသက် (၃၆) နှစ်အရွယ် မမူပါ။ မမူကိုယ်တိုင်လည်း ခြံစိုက်တဲ့အလုပ်နဲ့ ဈေးရောင်းတဲ့အလုပ် နှစ်ခုလုပ်ရင်း စားဝတ်နေရေး ဖြေရှင်းနေပါတယ်။

ကိုယ်ဝန်ဆောင်ကာလတုန်းကလည်း ဈေးရောင်းရင်း၊ ခြံစိုက်ရင်းနဲ့ မမူတယောက် စားဝတ်နေရေးအတွက် ရုန်း ကန်ခဲ့တယ်။

လက်ရှိမှာလည်း မနက်အစောပိုင်း အကြော်ရောင်း၊ နေ့လည်ပိုင်းခြံထဲဆင်း၊ ညဘက် ကလေးထိန်းရင်း၊ မနက် ဈေးရောင်းဖို့ ပြင်ဆင်ရင်း ဖြတ်သန်းနေပါတယ်။

ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အတွက် စားဝတ်နေရေးလောက်ငှအောင် မနည်းရုန်းကန်နေရတယ်လို့ မမူက ဖွင့် ဟပါတယ်။

“မလောက်လေလေ တခုခုလိုအပ်လာပြီဆို အလုပ်ကိုပိုလုပ်တယ်” လို့ မမူကဆိုတယ်။

ကုန်ဈေးနှုန်းတွေက မတည်ငြိမ်တဲ့အတွက် တခါတလေ အရင်းပြုတ်တဲ့နေ့တွေလည်းရှိသလို အရင်းမရှိလို့ ဈေး ရောင်းနားရတဲ့ နေ့တွေလည်းကြုံရတယ်။

“ဥပမာ ငွေတစ်သိန်းရင်းလိုက်တယ်။ ကုလားပဲတစ်အိတ်ရတာပေါ့။ ကုလားပဲတစ်အိတ်ကို တစ်သိန်း ရောင်း လိုက်တယ်။ ရောင်းလိုက်တဲ့အခါ ပိုက်ဆံက နှစ်သိန်းရလိုက်တယ်။ ပိုက်ဆံကတိုးပေမယ့် နောက်ပြန်ဝယ်ရင် ကုလားပဲတစ်အိတ် (၂) သိန်းဆိုတော့ တော်တော်လေး ဒုက္ခရောက်တယ်။ ပင်ပန်းတာပဲ အဖက်တင်တယ်။ ဒါပေ မယ့်လည်း ဒါပဲလုပ်တတ်တယ်ဆိုတော့ ဒါနဲ့ပဲ လည်ပတ်နိုင်အောင် ကြိုးစားရတာပေါ့” လို့ မမူကဖွင့်ဟတယ်။

ပိုက်ဆံမရှိတဲ့အခါ အလုပ်တွေရပ်လိုက်၊ ခြံအလုပ်နေ့စားနဲ့ လိုက်လုပ်ကာ အရင်းပြန်ရတဲ့အခါ ဈေးပြန်ရောင်းရင်း လည်ပတ်နေပါတယ်။ စိတ်ဓာတ်ကျတဲ့ အချိန်တွေမှာတော့ ခွန်အားတက်စေတဲ့ စာတွေဖတ်ရင်း အားတင်းနေ တယ်လို့ မမူကဆိုပါတယ်။

မမူတယောက် သားလေးကိုလည်း ပညာတတ်ဖြစ်စေချင်ကာ တတ်နိုင်သလောက် ပံ့ပိုးသွားဖို့ ဆုံးဖြတ်ထားပါ တယ်။

“ပညာတွေတတ်စေချင်တယ်။ ကိုယ့်လိုမျိုး မနိမ့်ကျစေချင်ဘူး။ ကိုယ့်လိုမျိုး ပင်ပင်ပန်းပန်း မလုပ်စေချင်ဘူး။ ကိုယ့်လိုမျိုး နိမ့်ကျတဲ့အလုပ်တွေ မလုပ်စေချင်ဘူး။ ဖြစ်အောင်တော့ကြိုးစားမယ်လို့ တွေးထားတယ်” လို့ မမူကပြောတယ်။

ကလေးကို တစ်ကိုယ်ထဲပျိုးထောင်နေတဲ့ မိခင်တွေဟာ အခက်အခဲတွေကြားမှာ ကလေးအတွက် ကြိုးစားရုန်း ကန်ရင်း သူတို့ရဲ့အိပ်မက်တွေ၊ စိတ်ကူးတွေကိုပါ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားရင်း ဖြတ်သန်းနေခဲ့ ကြတာ ဖြစ်တယ်။

ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးကြပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ရုန်းကန် နေရတဲ့ တစ်ကိုယ်ရေမိခင်တွေဟာ အိပ်မက်နဲ့စိတ်ကူးနောက်ကို မလိုက်နိုင်ဘဲ စားဝတ်နေရေးအတွက်သာ မနဲ ကြိုးစားရုန်းကန် နေကြရတယ်လို့ Single Mother တွေက ပြောပါတယ်။

လက်ရှိ တိုင်းပြည်မှာ စစ်ဘေး၊ ရောဂါဘေးတွေ ကြုံနေရတဲ့အချိန်မှာတော့ မိဘစုံလင်တဲ့ မိသားစုတွေမှာတောင် အခက်အခဲတွေ ကြုံနေကြရပြီး Single Mother မှာဆို ပိုလို့တောင် ခက်ခဲနေရပါတယ်။ ဒီလိုအခက်အခဲတွေ ကြားမှာ ရုန်းကန်နေရပေမယ့်လည်း Single Mother တွေဟာ အားမလျော့သွားကြပါဘူး။

မမူကတော့ လက်ရှိအလုပ်နှစ်ခုအပြင် တခြားဝင်ငွေရတဲ့အလုပ် သုံးလေးခုလောက် လုပ်သွားချင်တယ်လို့ ဆို တယ်။

ကိုယ်တိုင်လည်း ကြိုးစားနေသလို တခြားအမျိုးသမီးတွေအတွက်လည်း အခုလို အားပေးစကားပြောပါတယ်။

“လူတယောက်မှာ လုပ်နိုင်စွမ်း၊ အလုပ်လုပ်ချင်စိတ်ရှိဖို့ပဲ လိုတယ်။ ကျွန်မကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို အဲ့လို တွေးတယ်။ တခါမှ မလုပ်နိုင်ဘူးလို့ မစဉ်းစားဘူး။ လူတယောက်ရဲ့လုပ်နိုင်စွမ်းက လုပ်လိုစိတ်ရှိရင် ဘယ်သူ့မှ တားလို့မရဘူး” လို့ မမူကဆိုပါတယ်။

Single mother ဖြစ်လည်း အားမငယ်ဖို့ မအေးအေးကပြောပါတယ်။

မသဇင်ကတော့ “Single Mom တယောက်ဖြစ်တဲ့အတွက် အခက်အခဲဆိုရင်တောင် ပိုပြီးရုန်းကန်ရတယ်။ ပိုပြီး ရင့်ကျက်ရတယ်။ ပိုပြီးသန်မာရတယ်။ ပိုပြီးကြံ့ခိုင်ခဲ့ရတယ်။ ယိုင်လဲချင်ရင်တောင်မှ အမြန်ဆုံးပြန်မတ်ရတယ်။ မိမိမှတပါး တခြားအားကိုးစရာမရှိတော့ ကလေးအတွက်ရော၊ ကိုယ့်အတွက်ရော ကြိုးစားရတယ်” လို့ ဆိုပါတယ်။

ရှေ့ဆက်ပြီးလည်း ကြိုးစားသွားမယ်၊ သင်ယူသွားမယ်၊ အများအကျိုးလည်း တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင် သလောက် ကူညီသွားမယ်လို့ မသဇင်က ဆိုပါတော့တယ်။

Author:

Related Articles