နန်းအေးဖြူ (အလှကုန် ရောင်းသူ)
ဒီအွန်လိုင်းကနေ ဈေးရောင်းတာကတော့ ဖုန်းတစ်လုံးတည်းနဲ့ ဝင်ငွေရှာလို့ ရတာတစ်ကြောင်း ကုန်ဈေးနှုန်းကလည်း ထိုးတက်တော့ မိသားစု ဝင်ငွေအတွက် တစ်ဖက်တစ်လမ်းလေးရအောင်ဆိုပြီးတော့ လုပ်ဖြစ်တယ်။
ပြီးခဲ့တဲ့ ရက်ကတော့ စစ်ကောင်စီဖက်က အွန်လိုင်းကနေ ဈေးရောင်းတဲ့ သူမှန်သမျှ တရားဝင် မှတ်ပုံတင်ဖို့ အမိန့်ထုတ်ပြန်တာတော့ တွေ့တယ်။ မှတ်ပုံတင်ရင် ငါးသိန်းကနေ ခုနှစ်သိန်းကြား ကုန်ကျမယ်လို့လည်း ကြားမိတယ်။ အမိန့်စာက လူတိုင်းအတွက် အဆင်မပြေဘူးလို့ မြင်တယ် ဘာကြောင့်လဲဆိုတော့ ကျမတို့လို သာမက တချို့သော မိခင်တွေ၊ အမျိုးသမီးတွေကလည်း ဒိုင်တွေဆီမှာ လက်ကားယူပြီးတော့ အမြတ်နည်းနည်းလေး တင်ရောင်းတာမျိုးလုပ်တာလေ။ ရတဲ့အမြတ်တစ်ထောင် နှစ်ထောင်လောက်နဲ့ မှတ်ပုံတင်တဲ့အခါ သိန်းဂဏန်းနဲ့ဆိုတော့ အဆင်မပြေဘူး မတတ်နိုင်ဘူးလေ။
ကိုယ်ကလည်း တကယ်စီးပွားရေး ကြီးကြီးမားမား လုပ်တာမျိုးလည်း မဟုတ်တော့။ အပိုဝင်ငွေနဲ့ အွန်လိုင်း ပလပ်ဖောင်းကနေ ငွေရှာတယ် ဆိုတဲ့ဟာမျိုးပဲ ရှိတယ်။
ခုလိုမျိုး အမိန့်ထုတ်လိုက်တော့ အွန်လိုင်ရှော့ အသေးစားလေးတွေက ပိုထိတာပေါ့။ ဈေးမရောင်းရတော့ မိသားစု ဝင်ငွေကို ထိခိုက်နိုင်တာပေါ့။ မိသားစု စားဝတ်နေရေး ပိုပြီးတော့ ကြပ်တည်းစေတာပေါ့။
မငယ်ငယ် (တိုင်းရင်းဆေး ရောင်းသူ)
ဈေးရောင်းတာတော့ ၅ လပိုင်း ၂၀၂၁ ကတည်းက အာဏာသိမ်းတည်းက စလုပ်တာပေါ့။ CDM လှုပ်ရှားမှုမှာ ပါဝင်တာနဲ့ ဒီအလုပ်ကို စလုပ်ဖြစ်တယ်။
ကိုယ်ရဲ့ ဦးတည်ချက်ဖြစ်တဲ့ ဓာတုဆေးကို အလွန်အကျွံ သုံးစွဲတာကို လျော့ချနိုင်ဖို့အတွက် ကိုယ်ဝါသနာပါတဲ့ အလုပ်နဲ့ နောက်ထပ် ကိုယ်အသက်မွေးဝမ်းကျောင်းရပ်တည်လို့ ရဖို့အတွက် အလုပ်တစ်ခုနဲ့ နှစ်ခု ယှဉ်တွဲလိုက်တဲ့ အချိန်မှာ အခုရောင်းနေတဲ့ တိုင်းရင်းဆေးက ကိုယ့်အတွက်လည်း အဆင်ပြေစေတယ် လူနာအတွက်လည်း အဆင်ပြေစေတယ်ဆိုပြီး ဒီအွန်လိုင်းမှာ ဈေးရောင်းဖြစ်တယ်။
အွန်လိုင်းပေါ် ဈေးရောင်းတာကို မှတ်ပုံတင်ခိုင်းတာကိုတော့ ယုတ်မာတယ်လို့ပဲ မြင်တယ်။ အွန်လိုင်းပေါ်မှာ ဈေးရောင်းကြတဲ့ ဈေးသည်တိုင်းက ပိုက်ဆံရှိလို့ မဟုတ်ဘူး။ အရင်းအနှီး ရှိတဲ့ သူတွေလည်း ရှိသလို အရင်းအနှီး များများစားစား မရှိပဲ ရှိတဲ့ နည်းနည်းလေးနဲ့ ရှာဖွေစားသောက်နေကြတဲ့ သူတွေလည်း ရှိတယ်။ အကယ်၍ ပြည်သူကို တန်ဖိုးထားတယ်။ ပြည်သူ စားဝတ်နေရေး အဆင်ပြေဖို့အတွက် တန်ဖိုးထားရင် ဒီလို ပြည်သူတွေ ဒုက္ခရောက်မယ့် ကိစ္စတွေ မလုပ်ဘူး။ အခုက ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်အောင် တမင်လုပ်နေတယ်လို့ မြင်တယ်။
မှတ်ပုံတင် ခိုင်းတာက အစ်မတို့လို CDM လုပ်ပြီး ဈေးရောင်းနေတဲ့ သူတွေကြတော့ ဝင်ငွေ လမ်းကြောင်းပေါ်မှာ အခက်အခဲ ဖြစ်လာစေနိုင်တယ်။
မယဉ်အေး (လူသုံးကုန် ရောင်းသူ)
အွန်လိုင်းမှာ ဈေးရောင်းလာတာ ၂ နှစ်ကျော်ပြီ။ လိုင်းပေါ်မှာ ပိုစ့်တွေ တင်ရောင်းတာလည်း ရှိတယ်။ Live လွင့်ပြီး ရောင်းတာလည်း ရှိတယ်။ အာဏာသိမ်းတော့ ကျမ လုပ်နေတဲ့ အလုပ်မှာ သူဌေးက ဆိုင်ခွဲတွေ ပိတ်လိုက်တော့ ဝန်ထမ်းတွေ လျော့ချပစ်တော့ ကျမလည်း အလုပ်မရှိတော့ အရင်းအနှီးနည်းနည်းနဲ့ ဒိုင်တွေဆီမှာ တစ်ဆင့်ယူပြီး ပြန်ရောင်းတာပေါ့။
ဒီအလုပ်က ကျမတို့ မိသားစုအတွက် စားနိုင် သောက်နိုင်တဲ့ အနေအထားတော့ ရှိတယ်။
အွန်လိုင်းပေါ် ဈေးရောင်းရင် စစ်ကောင်စီက မှတ်ပုံတင်ခိုင်းတာ၊ တင်ခိုင်းတာက အကုန်လုံးဆိုတော့ ကျမတို့က လုပ်ငန်းကလည်း အကြီးစား လုပ်ငန်းလည်း မဟုတ် ဆားဖိုး ဆီဖိုး နည်းနည်းကာမိတာပဲ ရှိတာ။
ဒါပေမယ့် ကျမတို့ မှတ်ပုံတင်ဖို့ အစီအစဉ် မရှိဘူး။ ဈေးရောင်းလို့ ရတဲ့ အမြတ်က နည်းနည်း မှတ်ပုံတင်တဲ့ ကုန်ကျစရိတ်က နည်းတာ မဟုတ်ဘူး။ သိန်းဂဏန်းတွေနဲ့ ဘယ်နားသွားယူမှာလဲ။ သူတို့လည်း ပြည်သူတွေကို ဒုက္ခမျိုးစုံ ပေးလိုက်ရမှ။
အွန်လိုင်းပေါ်မှာ မရောင်းရရင် အပြင်မှာ လိုက်ရောင်းမယ်။ မှတ်ပုံတော့ မတင်တော့ဘူးပေါ့။ မရ ရတဲ့နည်းနဲ့ လုပ်စားရမှာပဲ။
မလီလီ (အထည် ရောင်းဝယ်ရေး)
အွန်လိုင်းမှာ ဈေးရောင်းတာ ၅ လ ကြာပါပြီ။
အမှန်တိုင်းပြောရရင် အဓိပ္ပါယ် မရှိဘူးလို့မြင်တယ်။ ပထမတစ်ချက်က အော့ဖ်လိုင်းကုမ္ပဏီမှတ်ပုံတင်တွေတောင် ထိထိမိမိ မလုပ်နိုင်လို့ရယ် ၊ ဒုတိယတစ်ချက်က အခုချိန်က တရားဥပဒေစိုးမိုးမှု ရှိနေတဲ့ အချိန်မဟုတ်လို့ရယ်ပါ။ ဥပမာ-ပြောရရင် တရားဥပဒေစိုးမိုးမှု မရှိတော့ မှတ်ပုံတင်လုပ်ထားတဲ့ Online Shop နဲ့ မလုပ်ထားတဲ့ Online Shop မူပိုင်ခွင့် ပြဿနာဖြစ်ပွားကြမယ်ဆိုရင်တောင် ပိုက်ဆံပိုပေးနိုင်တဲ့သူက အနိုင်ရမယ်လို့ပဲ မြင်တယ်။
အခက်အခဲတွေကတော့ အများကြီးပဲရှိလာမယ်လို့ မြင်နေတယ်။ အရင်ဆုံးက online shop မှတ်ပုံတင်ခ အပိုင်း နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မရှိ၊ ရှိတာ ရှာပြီး သွင်းရတော့မယ်။ ပြီးရင် Registration ဘောင်ထဲရောက်သွားတော့ ကန့်သတ်ချက်တွေ ထုတ်ပြန်လာတဲ့အခါ ဖန်တီးလုပ်ပိုင်ခွင့်တွေကို ကန့်သတ်ခံရမှုတွေ ရှိလာနိုင်တယ်။
အောက်ခြေ လူတန်းစားတွေက ဝင်ငွေခွန်တွေ ဆောင်ရပြီး အောက်ခြေလူတန်းစားတွေနဲ့ ကိုက်ညီတဲ့ ဘယ်လိုအခွင့်ရေးတွေ၊ ရပိုင်ခွင့်တွေကိုရော ပြန်ရပါ့မလား။ မေးခွန်းတွေနဲ့ပဲ ပိုက်ဆံတွေ အလကား ပေးနေရမယ့် အခက်ခဲတွေတော့ ကျိန်းသေပေါက် ရှိသွားမှာပါ။