မပူဆူး (ECO Warriors Nyaung Shwe)
ပလက်စတစ် လျော့ချရေးတွေနဲ့ ပက်သက်ပြီးတော့ အသိပညာပေးတာတွေ လုပ်ဖြစ်တယ်။ တစ်ဦး တစ်ယောက်ချင်းစီရယ် အသင်းအဖွဲ့အနေနဲ့လည်း လုပ်တယ်။ ပလက်စတစ် အစားထိုး စက္ကူအိတ်လေးတွေကို ကိုယ်တိုင်လုပ်ပြီးတော့ ဈေးတွေမှာ ဆိုင်တွေမှာ လိုက်ဝေတယ်။ အစားထိုးသုံးပေးဖို့ အဲတာလေးတွေ လိုက်လုပ်ပေးတယ်။
လမ်းပြရင်းနဲ့ ဟိုတယ်တွေမှာ အလုပ်ဝင်လုပ်တော့ နိုင်ငံခြားသားတွေနဲ့ ပိုပြီး ပြောဆို ဆက်ဆံရတာများလာတော့ သူတို့ရဲ့ အမူအကျင့်ကောင်းတွေကို မြင်ရတာ များလာတော့ သူတို့က စည်းကမ်းရှိတယ် အမှိုက်ကို တွေ့ကရာ မပစ်ဘူး။ သဘာဝ ပတ်ဝန်းကျင်ကို ချစ်လို့ ဆိုတာ အတွေးပေါက်လာတယ်။ နောက်တစ်ခုက ကျမတို့ မြေကို လာလည်တဲ့ နိုင်ငံခြားသားက စည်းကမ်းရှိတယ်။ ဆိုတော့ ပိုင်ရှင်ဖြစ်တဲ့ ကျမတို့က ပိုပြီးတော့ စည်းကမ်းရှိရမယ်။ အမှိုက်တွေကို စနစ်တကျပစ်ရမယ်ပေါ့။
ကလေးတွေကို အမှိုက် စနစ်တကျ ပစ်ဖို့သင်ပေးတယ်။ သောကြာနေ့တိုင်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ပြီးတော့ အဲနေ့ရောက်တိုင်း အမှိုက်ကောက်တယ် သစ်ပင်စိုက်တာမျိုးတွေ လုပ်ဖြစ်တယ်။ အတတ်နိုင်ဆုံး ပလက်စတစ်ကို မသုံးဖို့ ကြိုးစားတယ်။
အခက်ခဲ စိန်ခေါ်မှုကတော့ ကျမတို့က အမှိုက်ဘယ်လောက် ကောက်ကောက် ပစ်တဲ့ သူကတော့ ပစ်နေတာတစ်ခုပေါ့။ တခါတလေကျတော့ ကလေးတွေက အမှိုက်ကောက်တာတွေ့တော့ တချို့သော လူကြီးတွေက သူတို့ သားသမီးကို ပြောတာ တွေ့လား စာမကြိုးစားရင် အဲ့လို အမှိုက်ကောက်ရမယ်ဆိုပြီး လက်ညိုးထိုးပြပြီး ပြောတာပေါ့။ အဲ့လိုကျတော့ အမှိုက်ကောက်တဲ့ ကလေးတွေက စိတ်မကောင်းတာတွေ ရှိတယ်။ ကလေး အမှိုက်လာကောက်တာတွေ့တော့ နင်တို့တွေ ကောက်နေတာပဲ ဒီအမှိုက်ပါ ယူသွားဆိုပြီး ပြောတာမျိုးတွေ ရှိတာပေါ့။
နန်းခမ်းရွှေ (ပအိုဝ်း လူငယ်)
သစ်ပင်တွေ လိုက်စိုက်တာတော့ ၂၀၁၈ ခုနှစ်ကတည်းက စပြီး သူငယ်ချင်းတွေနဲ့ စလုပ်ဖြစ်တယ်။ ချောင်းဘေးတွေ၊ ရွာမှာ ရှိတဲ့ လမ်းဘေး တစ်လျှောက်တွေမှာ စိုက်ဖြစ်တယ်။ နှစ်ရှည်ပင်တွေပေါ့ သစ်တောဦးစီးသူတွေနဲ့ တွဲပြီး စိုက်တာမျိုးတွေ လုပ်ဖြစ်တယ်။
အာဏာမသိမ်းခင်ကတော့ အပင်တွေ သယ်သွားသယ်လာရတဲ့ အချိန်မှာ လွတ်လပ်တယ်။ ပြီးတော့ သစ်ပင်စိုက်တာတို့ ဘာတို့ လုပ်ရင် အဲလောက်ထိ မခက်ဘူးပေါ့ လူစုရလွယ်တယ်။ လူငယ်တိုင်းကလည်း ပါဝင်ကြတယ်။ အာဏာသိမ်းတော့ သစ်ပင်တွေ သယ်သွားသယ်လာရတာ သိပ်အဆင်မပြေဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့က အင်မတန်မှ အရေးကြီးတယ်။
ကမ္ဘာပေါ်မှာ အမျိုးသားတွေထက် အမျိုးသမီးတွေက လူဦးရေ ပိုများတယ်။ အထိနာတာလည်း အမျိုးသမီးတွေပဲ။ စစ်ပွဲပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် နောက်ဆုံး အထိနာတာက အမျိုးသမီးနဲ့ ကလေးတွေပဲ။ အခုလည်း ထိုနည်း၎င်းပဲ အမှိုက်အနံ့တွေ ကားက ထွက်လာတဲ့ အညစ်အကြေးတွေက လူတွေအတွက် အရမ်း အန္တရာယ်များတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ပိုပြီးတော့ အန္တရာယ်များတယ်။ ကလေးလည်း ထိတယ် မိခင်လည်း ထိတယ်။
ဒေါ်ဝါနု (ကျွန်းတစ်ထောင်ဖောင်ဒေးရှင်း)
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အနေနဲ့ လုပ်လာတာက ၂၀၁၁၊ ၂၀၁၂ က လုပ်လာတာဖြစ်တယ်။
သံလွင်မြစ်ပေါ်မှာ ဆည်အကြီးကြီးတွေ မဆောက်ဖို့ ကိစ္စရပ်တွေကို ကမ်ပိန်းတွေ ဟောပြောပွဲတွေ လုပ်ဖြစ်တယ်။ အနီးနား ပတ်ဝန်းကျင်တွေမှာ သုတေသနလုပ်လာတာတွေ လေ့လာတာတွေ အစဉ်တဆက် လုပ်တယ်။ အခါကြီး ရက်ကြီးတွေဆိုလည်း ကျမတို့ သစ်ပင်တွေ စိုက်တယ်။ ရှမ်းဓလေ့ထုံးတမ်းအရ သစ်ပင်တွေကို ရှင်ပြုပေးတဲ့ ပွဲတွေ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြန်ခန်းတွေကို ကျမတို့ လုပ်ဖြစ်တယ်။
အာဏာမသိမ်းခင်တုန်းကတော့ ကျမတို့ အလုပ်လုပ်ရတာ ပိုပြီးတော့ ကျယ်ပြန့်တယ်။ အခုကတော့ အာဏာသိမ်းတော့ အရင်လို့ ပွဲတွေ ကမ်ပိန်းတွေကို တစ်စုတစ်စည်း လုပ်လို့ မရတော့ဘူး။
သတ္တုတွေ တူးဖော်တော့ ထွက်လာတဲ့ အညစ်အကြေးတွေကို ချောင်းထဲ မြစ်ထဲတွေမှာ ပစ်တာတို့ဆိုရင် ဒေသခံတွေ ပြည်သူတွေကို ရောဂါကူးစက်မှုတွေ ဖြစ်စေတယ်။
သဘာဝပတ်ဝန်းကျင် ကိစ္စက လာထိရောက်ရင် ပထမဆုံး အမျိုးသမီးနဲ့ ကလေးကို လာထိတယ်။ သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးက အမျိုးသားတွေထက် အမျိုးသမီးနဲ့ ကလေးက ပိုပြီး ခံရတယ်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတာ လူတိုင်း သိထားဖို့ လိုအပ်တယ်။ လူတိုင်းမှာ တာဝန်ရှိတယ်။