လင်းခေတ်။ ။
လွန်ခဲ့တဲ့ နှစ်လလောက်တုန်းကဆိုတော့ ဘယ်သိပ်ကြာဦးမလဲ။ ကရင်ပြည်နယ်ထဲက PDFရဲဘော်တွေရဲ့ တောတွင်း လက်ထပ်မင်္ဂလာဓာတ်ပုံတွေ တက်လာလို့ကြည့်လိုက်တော့ ကျနော့်မိတ်ဆွေ PDF ရဲမေတချို့ကို ပြန်တွေ့မိတော့ ရင်ထဲ လှိုက်ခနဲဖြစ်ရတယ်။
မတွေ့ကြတာ တစ်နှစ်ကျော်ကြာ။ ဒီတစ်နှစ်ကျော်ကာလအတွင်း ဘယ်လိုမှမချောမွေ့နိုင်တဲ့လမ်းပေါ် ခက်ခက်ခဲခဲ ဖြတ် သန်းခဲ့ရမှာ သေချာတယ်။ စိတ်ဓာတ်တွေ ဇောက်ထိုးဆင်းလာတဲ့နေ့ရက်တွေကိုလည်း ကြုံခဲ့နိုင်ပေမဲ့ အခု ဖေ့စ်ဘွတ်ခ် ပလက်ဖောင်းပေါ် သူတို့ကို ပြန်တွေ့တော့ မာမာချာချာ။ ဒါနဲ့သတိတရ ဆေးတပ်သားရဲမေကို မက်ဆင်ဂျာကနေ လှမ်း HI ကြည့်မိ ။ သူတို့လျှောက်နေတဲ့လမ်းပေါ် မယိမ်းမယိုင် တွေဝေငေးမှိုင်ခြင်းမရှိကြောင်း ထပ်သိလိုက်ရ။
“ အိမ်မှာနေခဲ့သလို ဘယ်သူမှအဆင်မပြေပေမဲ့ အိမ်မှာနေတုန်းကလို၊ရန်ကုန်မှာ ကိုယ်ပိုင်ကားစီးပြီး ကျောင်းတက်ခဲ့တုန်း ကလို အဆင်ပြေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တောထဲဝင်ခဲ့ကြတာမဟုတ်တော့ အဆင်မပြေမှုတွေကြား အစစအရာ ရာ အဆင်ပြေနေတယ်လို့ သေချာပေါက်ပြောနိုင်ပါတယ်။ အခု ကျမတို့ စိတ်ဓာတ်တွေ အမြင့်ဆုံးကို ရောက်နေကြတယ်။ နိုင်အောင်တိုက်မယ်ဆိုတဲ့စိတ် တစ်ခုတည်းနဲ့ မနက်ဖြန်တွေဆီခရီးဆက်နေတယ်။ ”တဲ့။ ထပ်မံလှိုက်မောရပြန်တဲ့ မက် ဆေ့မို့ တခမ်းတနား ရင်ဘတ်ထဲထည့်သိမ်းထားလိုက်တယ်။
သူတို့အသက်တွေဟာ ဘာရှိဦးမှာလဲ။ ၂၀ကျော်အရွယ်၊ တချို့ဆို အသက်၂၀ ပြည့်ဖို့တောင် လိုသေးတဲ့အရွယ်၊ ဂျန်နရေး ရှင်းဇက်ဆိုတဲ့ ကျနော်တို့အလေးထားခဲ့ကြတဲ့ မိန်းမငယ်တွေ။ ကိုယ့်တိုင်းပြည်အနာဂတ် ကိုယ့်လက်ကိုယ့်ခြေ ကိုယ့် အသက်သွေးတွေနဲ့ ရေးမယ်ဆိုပြီး သူတို့ လေးကေ့ကော်ဆီရောက်လာခဲ့ကြ။
လေးကေ့ကော်ဆိုတာက ကရင်ပြည်နယ်၊ ဒေါင့်ကွေးက မြဝတီမြို့နဲ့ သိပ်မဝေးတဲ့ ငြိမ်းချမ်းရေးမြို့သစ်ဆိုလား။ သူတို့ အတွက်တော့ လက်နက်ကိုင်တော်လှန်ရေးအတွက် ခရီးတစ်ထောက်နားရာ။ ၂၀၂၁ခုနှစ်တုန်းက ဖုန်တထောင်းထောင်း ထနေတဲ့ လေးကေ့ကော်မှာ ဂျန်နရေးရှင်းဇက်တွေ ဖွေးဖွေးလှုပ်လို့။
သူတို့ရဲ့မလှမ်းမကမ်းကနေ သူတို့ကို ကျနော်ငေးကြည့်ခဲ့တယ်။ လေးကေ့ကော်မှာ လွတ်လပ်ပေါ့ပါးစွာနဲ့ ထီမထင်တဲ့ မျက်နှာပေးတွေနဲ့။ နိုင်ငံရေးစကားလုံးကြီးကြီးကျယ်ကျယ်တွေ သူတို့မသိပေမဲ့ ပြည်ဖျက်နေတဲ့ အာဏာသိမ်းတပ်ကို သေနတ်ကိုသေနတ်ချင်း တိုက်မှဖြစ်မယ်ဆိုတဲ့ သူတို့ယုံကြည်မှုက ကျောက်သားပမာ။ အဲဒီယုံကြည်မှုကြောင့်ပဲလား။ သူတို့ကို ကြည့်လိုက်ရင် လိင်ကွဲပြားမှုအပေါ်အခြေခံတဲ့ ရှက်ရွံ့တွန့်ဆုတ် ခြင်းဆိုတာမျိုးမတွေ့ရ။ ကျားနဲ့မ အထွေးလိုက် အိမ်တစ်လုံးတည်း အတူဌားနေကြရခြင်းကြောင့် အဆင်မပြေတာတွေ၊ အနေအထိုင်ခက်တာတွေ၊ မလွတ်လပ်ဘူးဆိုတာ မျိုးတွေ မရှိ။
“ တစ်အိမ်တည်းအတူနေလို့ တစ်ခုခုဖြစ်မလားဆိုတဲ့စိုးရိမ်စိတ်တွေ၊ သူများတွေ တမျိုးမြင်မလား ဆိုတာမျိုးတွေ ကျမတို့ အာရုံထဲမှာမရှိတော့ဘူး။ မိန်းကလေးဖြစ်လို့ တစ်ခုခုအတားအဆီးဖြစ်နေတာတွေ၊ ယောကျာ်းလေးတွေရဲ့ အကူအညီ လိုအပ်နေတာတွေ၊ Lady First ဆိုတာမျိုးတွေမရှိတော့ဘူး။ ” လို့ လေးကေ့ကော်ရဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ မိတ်ဆွေမလေးက အဲဒီလိုပြောပြတော့ ကျနော်ကြွေခဲ့ရ၊ သူတို့ဟာ အမှီအခိုကင်းတဲ့သူတွေ။
လေးကေ့ကော်မှာ ဖြတ်ခနဲတစ်ချက်တွေ့ပြီး သူတို့ပျောက်သွားကုန်တယ်။ သူတို့လေးကေ့ကော်ကနေ လေးကေ့ကော် နောက်ကျောက ဒေါနတောင်တန်းနဲ့အဆက်အစပ်တွေဆီ တက်သွားကြတယ်။ သူတို့လို မျက်နှာပေါ် အခြယ်အသမရှိ၊ နှုတ်ခမ်းနီးပါးနီမရှိ ယုံကြည်မှုနဲ့ တည်ကြည်နေတဲ့ မိန်းမငယ်လေးတွေ တဖွဲဖွဲ ရောက်လာတာ ထပ်တွေ့ရတယ်။ လေးကေ့ ကော်ရောက်ပြီး အလွန်ဆုံးကြာတစ်လပေါ့။ ပြီးရင် သူတို့ရဲ့မျက်နှာတွေ ပျောက်ဆုံးသွားပြန်တယ်။
ပြီးတော့ ဘယ်ကြာလိုက်မလဲ။ ၂၀၂၁ခုနှစ်ဒီဇင်ဘာ၁၄ရက်။ လွတ်မြောက်ချင်ယောင်ဆောင်နေတဲ့ လေးကေ့ကော်ကို အကြမ်းဖက်စစ်တပ်ကဝင်စီးတော့ တစ်ရောင်တည်းသော သူတို့မျက်နှာတချို့ကို လေးကေ့ကော်နောက်ကျောက တောင် ပေါ်မှာ ပြန်တွေ့ရတော့တယ်။
PDF တပ်ဖွဲ့ အခြေစိုက်ရာ လင်းယုန်စခန်း။ လေးကေ့ကော်ကနေ တောလမ်းအတိုင်း ကားနဲ့တက်လာလိုက်ရင် အလွန်ဆုံး ၁၅ မိနစ်လောက် မောင်းရတဲ့နေရာ။ ကျောက်သားတွေခပ်များများနဲ့ မာကျောလွန်းလှတဲ့ အဲဒီနေရာရဲ့ တောင်စောင်းတွေ မှာ သူတို့စိုက်ထားတဲ့ လေးတိုင်စင်ဝါးတဲတွေ အခိုင်အမာ။
လင်းယုန်စခန်းမှာ ဆူးခက်နှင်းဆီတွေအားလုံး မျက်နှာတွေတင်တစ်ရောင်တည်း မဟုတ်တော့ဘဲ PDF ယူနီဖောင်းတွေနဲ့ အကုန်တစ်ရောင်တည်း။ PDFရဲဘော်တွေ ခပ်များများ၊ သူတို့ ရဲမေတွေက အယောက်၂၀ကျော်။ အဲဒီ၂၀ကျော်မှာ လေးကေ့ ကော်တုန်းက ကျနော့်မိတ်ဆွေမလေး လေးယောက်ကို ပြန်ဆုံရတော့ ထွက်ပြေးလာရတဲ့ ကိုယ့်ဘဝကိုယ်မေ့ကာ ပျော် သွားရတယ်။
ဒီတဲတွေအကုန်လုံးကို ကျမတို့ဆောက်ထားတာ။ အခုမြင်နေရတဲ့ အမိုးအကာလုံရုံ စုတ်စုတ်ချာချာ အိမ်သာဆိုတာ မိန်း ကလေးလည်း ဒါပဲတက်ရတာ။ မိန်းကလေးဆိုပြီး တစ်နာရီပိုအိပ်ရတာမျိုးမရှိ၊ မိန်းကလေးဆိုပြီး ကင်းမစောင့်ရတာမျိုး မရှိ၊ မိန်းကလေးဆိုပြီး သီးခြားအခွင့်အရေးဆိုတာမျိုးဘာမှမရှိ။ ကျား၊မတန်းတူ။ မိန်းကလေးမို့ သီးခြားအခွင့်အရေး ဆို တာမျိုးမရှိအောင် ကျမတို့ကိုယ်တိုင် တောင်းဆိုခဲ့ကြတာတဲ့။ ကျားနဲ့မ ကျမတို့ဘက်က ပိုတာဆိုလို့ သဘာဝတရားရဲ့ ပြဌာန်းချက် ဗလာစီယာဝတ်ရတာနဲ့ တစ်လမှာတစ်ခါ အီဗာဆောင်ရတာသာရှိတယ်တဲ့။ ဆူးခက်တွေနဲ့ ရဲရဲပွင့်နေတဲ့ နှင်းဆီနီတွေ။
လင်းယုန်စခန်းမှာ ကိုယ့်တစ်နိုင်သယ်လာတဲ့ အထုပ်အပိုးချ၊ PDFစာကြည့်တိုက်က စာအုပ်တစ်အုပ်ကိုဖတ်ကာ ကျောတစ် ချက်ဆန့်ရုံရှိသေး။ လင်းယုန်ဟာ မလုံခြုံတော့တာကြောင့် အတွင်းပိုင်းနက်တဲ့တစ်နေရာဆီ အားခြင်းရွှေ့ကြရမယ်တဲ့။
တောင်အဆင်းအတက်တွေနဲ့ တောလမ်းကိုမမှုတဲ့ ကားတွေအစီအရီထိုးဆိုက်။ မဖြစ်မနေသယ်ရမယ့် ပစ္စည်းတွေနဲ့ ရိက္ခာ တွေကားပေါ်တက်။ သက်ကြီးရွယ်အို၊ ကလေး၊ မိန်းမနဲ့ကျန်းမာရေးချို့တဲ့သူတွေ ကားပေါ်တက်။ PDFရဲဘော်၊ ရဲမေနဲ့ ကျန်စစ်ရှောင်တွေကတော့ တစ်တောင်တက်တစ်တောင်ဆင်း ခြေလျင်ခရီးနှင်ကြမယ်တဲ့။
ကျနော့်မိတ်ဆွေမလေးတွေ ခပ်နင့်နင့်ကျောပိုးအိတ်ကိုယ်စီနဲ့အသင့်။ ခရီးစနှင်ပြီး နာရီဝက်လောက်အကြာ၊ မိတ်ဆွေ မလေးတစ်ဦးက ခပ်ရွယ်ရွယ်ဝါးလုံးလာပေးကာ မှောင်လာရင်တောင်အဆင်းမှာ လိမ့်မဆင်းသွားရလေအောင် ထောက်ကူ ဖို့လိုသတဲ့။
လေးနာရီကျော်ကြာခရီးမှာ PDFရဲမေတွေရဲ့ ညီးသံညူသံမကြားမိ။ ခဏတဖြုတ်နားရတဲ့အချိန် ခြေပစ်လက်ပစ် နားပစ် လိုက် တာမျိုးမရှိ။ အလကားနေရင်း ရေမော့သောက်နေတာမျိုးမရှိ။ သူတို့ကို PDFရဲဘော်တစ်ယောက်ယောက်က တွဲပေးရတာ မျိုးမရှိ။ အမှောင်သည်းလာတော့ ကျနော့်ကျောပိုးအိတ်ကိုပင် သူတို့သယ်ပေးမယ်လုပ်နေလို့ တောင်းပန်ရ။
“ မိန်းကလေးတွေက အများအားဖြင့် ကွမ်းမစား၊ဆေးလိပ်မသောက်၊အရက်မသောက်ဘူးဆိုတော့ ဦးလေးတို့ ယောကျာ်း တွေထက်တောင် အမောခံနိုင်သေးတယ်” တဲ့။ ချွေးပြိုက်ပြိုက်ကျနေတဲ့ကြားက လက်မထောင်ပြလိုက်ရ။
တောင်အတက်အဆင်းတွေနဲ့ လေးနာရီကျော်ကြာတဲ့ခရီးကို ပေါ့ပေါ့ပါးပါးပုံစံနဲ့ပဲ သူတို့ရောက်ခဲ့တယ်။ အခြေချရတဲ့ စခန်း က ခြေတံရှည်ကရင်အိမ်လေးလုံး၊ အိမ်သာလေးလုံးလောက်နဲ့ PDFရောစစ်ရှောင်ပါ စုစုပေါင်း ၁,၀၀၀ ပတ်လည်။ ဟိုစခန်း ဒီစခန်းကနေရောက်လာတဲ့ PDF ရဲမေတွေပေါင်း ၁၀၀ဝန်းကျင်။
ချွေးတွေဖုန်တွေနဲ့ စေးကပ်နေတဲ့ သူတို့ဆံသားရှည်ရှည် ခေါင်းလျှော်ရည်မရှိတာ ညီးညူစရာမှ မဟုတ်ဘဲ။ စခန်းအ နောက်က စမ်းချောင်းထဲမှာ ကျားနဲ့မ ခွဲခြားဖို့ မဖြစ်နိုင်တော့ ဖြစ်သလို ရေချိုးဖြစ်တယ်ဆိုရုံ မလုံခြုံဘူးဆိုတာကြောင့် ရှက်ရွံ့နေလို့ ဘယ်ဖြစ်မလဲ။
ဒီလိုပဲ တောထဲဝင် အခင်းသွား၊ ဒီလိုပဲ နေရာအကွယ်တွေမှာ အဝတ်အစားလဲကြရ။ တစ်ယောက် ပုခက်တစ်လုံးစီနဲ့ တော မှောင်မှောင် သစ်ပင်ခြံနွယ်တွေရဲ့ကြား အိပ်စက်ကြရ။ ရှက်စရာ ကြောက်စရာမရှိ။ ယောကျာ်းသားများစွာကြား အကြည့် စူးစူးတွေရှိခဲ့ရင် အကြည့်စူးစူးတွေနဲ့ တုံ့ပြန်ရုံကလွဲ တခြားမရှိ။ မိန်းကလေးဖြစ်ခြင်းကြောင့် တစ်ဆင့်နိမ့်ခြင်းမရှိ။ မိန်းက လေးဖြစ်ခြင်းကြောင့် ဂုဏ်ငယ်စရာမရှိ။ မိန်းမဖြစ်ခြင်းကြောင့် မလုပ်နိုင်ဘူးဆိုတာမရှိ။ အားနွဲ့တဲ့မိန်းကလေးဆိုတာမရှိ။ လိင်ကွဲပြားမှုကြောင့် ခန္ဓာဗေဒတည်ဆောက်ပုံကွဲပြားနေပေမဲ့ ကိုယ့်အားသာချက်နဲ့ကိုယ်ရှိပြီးသား။
တောရိုင်းဥပဒေအသက်ဝင်နေသေးတဲ့ ရှေးရှေးအခါက ယောကျာ်းသားတွေရဲ့ ခွန်အားအရာသာလွန်မှုဟာ အရေးပါခဲ့ပေမဲ့ ဉာဏ်ပညာကသာ ဦးဆောင်နေတဲ့ ဒီနေ့ခေတ်သစ်မှာ ဉာဏ်ပညာသည်သာ အခရာ။
“ ကျမတို့က ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လမ်းကိုယ်ဖောက်နေကြတာ။ နွေဦးတော်လှန်ရေးဆိုတာ မြန်မာ့လူ့အဖွဲ့အစည်း ထဲမှာ ရေးကြီးခွင်ကျယ်ဖြစ်နေသေးတဲ့ ကျား၊မခွဲခြားမှုကိုပါ တိုက်ဖျက်နေတာ။”လို့ မိတ်ဆွေမလေးက ရဲရဲတင်းတင်း ဆိုတယ်။
မိန်းမဖြစ်ခြင်းကြောင့် အခွင့်အရေးပိုမယူ။ မိန်းမဖြစ်ခြင်းကြောင့် ခြွင်းချက်ဆိုတာမျိုးမရှိစေရ။ ရဲရဲပွင့်နေတဲ့နှင်းဆီတွေ အဲဒီလို နီစွေးလို့ သူတို့လမ်းသူတို့ဘာသာ ခုတ်ထွင်ကာ ရှေ့သို့ချီလာကြတယ်။ ကျားနဲ့မ ဆိုတာ တန်းတူ။