Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မေ ၁ရက်နေ့က ၇ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်း ဖော်ပြပေးလိုက်ရပါတယ်။

  • မြိုင်မြို့နယ်မှာ ဆေးကုသပေးနေတဲ့ CDMဆရာဝန်နဲ့နောက်ဆုံးနှစ်ဆေးကျောင်းသူကို စစ်ကောင်စီတပ်က အကျဉ်းထောင်ပို့

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် မန်ကျည်းကန်ရွာမှာ ဓားစားခံ အဖြစ်ဖမ်းဆီးခံလိုက်ရတဲ့ CDM ဆရာဝန်တစ်ဦးနဲ့ နောက် ဆုံးနှစ်ဆေးကျောင်းသူတစ်ဦးကို စစ်ကောင်စီတပ်က အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ၁၉ရက်နေ့က စစ်ကောင်စီတပ်က မန်ကျည်းကန်ကျေးရွာထဲကနေ ပြန်လည်ထွက်ခွာချိန် ရွာမှာလာရောက် ဆေးကုသခံနေတဲ့ ပြည်သူတစ်ချို့နဲ့ ဆေးကုသပေးနေတဲ့ ဆရာဝန်၊ နောက်ဆုံးနှစ် ဆေးကျောင်းသူတစ်ဦး စုစုပေါင်း ၁၄ဦး ကို မြိုင်မြို့နယ်ထဲ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးခံရတဲ့ ဆရာဝန်မှာ အရိုးအကြောဆရာဝန်ဖြစ်ပြီး မြိုင်မြို့နယ်မှာ လာရောက်ဆေးကုသပေးနေတာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ကာ ဆေးကျောင်းသူကတော့ လာရောက်ဆေးကုပေးနေတာ ခြောက်လသာရှိသေးတယ်လို့ သိရပါတယ်။

Source- မြေလတ်အသံ

  • မကွေးမှာရဲသတင်းပေးဆိုသူအမျိုးသမီး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာ (D) ရပ်ကွက် ၊ ဘူတာ ၁လမ်းမှာ နေထိုင်တဲ့ ရဲသတင်းပေးဆိုသူ အမျိုးသမီး တစ်ဦးကို မကွေးပျောက်ကြားတပ်ဖွဲ့ (Magway Guerrilla Warfer) အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

အသတ်ခံရသူ အမျိုးသမီးက အသက်၄၀ဝန်းကျင် မသန်းသန်းဆင့်ဆိုသူဖြစ်ပြီး အောင်မေတ္တာရပ်ကွက်မှာရှိတဲ့ ညီမဖြစ်သူပိုင် ကွမ်းယာဆိုင်အတွင်း ဖဲထိုင်ရိုက်နေချိန် ပစ်ခတ်ရှင်းလင်းခံရတာ ဖြစ်ပါတယ်။

ယင်းအမျိုးသမီးက စစ်ကောင်စီလက်အောက်ခံရဲတွေကို အကာအကွယ်ယူပြီး ရဲသတင်းပေးလုပ်ဆောင်နေသူဖြစ်ကာ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီလအတွင်းက သူသတင်းပေးတိုင်တန်းခဲ့တာကြောင့် မြင်သာ ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူလူငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

Source- မြေလတ်အသံ

  • တမူးမှာပျူခေါင်းဆောင်တစ်ဦးက အရပ်သားဇနီးမောင်နှံကိုသတ်ဖြတ်

စစ်ကိုင်းတိုင်း‌ဒေသကြီး ၊ တမူးမြို့မှာ ပျူစောထီးခေါင်းဆောင် ချမ်းမြေ့ဦးဆောင်တဲ့အဖွဲ့က စော်ဘွား ၁၂(ခ) ရပ်ကွက်မှာ နေထိုင်တဲ့ လူလတ်ပိုင်းအရွယ် ဇနီးမောင်နှံနှစ်ဦးကို ဧပြီ ၂၆ ရက်မှာ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

သတ်ဖြတ်ခံရသူ ဇနီးမောင်နှံမှာ မုန့်လုပ်ရောင်းနေသူဖြစ်ပြီး ချမ်းမြေ့ဦးဆောင်တဲ့ ပျူခေါင်းဆောင်အဖွဲ့က စစ်အာဏာရှင် တော်လှန်ရေးတွင် ပါဝင်နေတဲ့ ဒေသခံပြည်သူငါးဦးထက် မနည်းကိုသတ်ဖြတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Source – People’s Spring

  • ကိုဗစ်ကူးစက်ခံရသူ သက်ကြီးအမျိုးသမီးတစ်ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် (၆၇) နှစ်အရွယ် သက်ကြီးအမျိုးသမီးတစ်ဦး ကိုဗစ်ကူးစက်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ပြည်မြို့တစ်ဖက်ကမ်း ဧရာဝတီတိုင်း၊ မြန်အောင်မြို့ ၊ ကြာနီကန်ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်စန်းမြင့်ဆိုသူမှာ အမျိုးသမီး ရောဂါနဲ့ ပြည်မြို့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရင်း ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသူဖြစ်ပါတယ်။

ကိုဗစ်ပိုးတွေ့ရှိပြီးနောက် သေဆုံးသွားတဲ့ သက်ကြီးအမျိုးသမီးကို ပြည်မြို့ အေးငြိမ်းရာ သုသာန်မှာ မေလ၂ရက်နေ့ မနက်ပိုင်း က မြို့ခံလူမှုကူညီရေးအဖွဲ့က သင်္ဂြိုလ်ပေးခဲ့ပြီး ကိုဗစ်ပိုးရှိသူနဲ့ထိတွေ့ထားတဲ့ လူနာစောင့်တွေကို ကျန်းမာရေးစောင့် ရှောက် မှုပေးတာ ကိုဗစ်ကူးစက်မှုခံထားရတာရှိမရှိ စစ်ဆေးတာ စောင့်ကြည့်ကုသတာမရှိတာတွေကြောင့် နေရပ်ကဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Source- Delta News Agency

  • လှိုင်မြို့နယ် စစ်တပ်ပိုင်ချည်မျှင်စက်ရုံက အလုပ်သမားမိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ် အရာရှိ တွေထံ ပြုစုဖို့ အဓမ္မစေလွှတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်က စစ်တပ်ပိုင်ချည်မျှင်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား မိန်းမပျိုလေးတွေ ကို နေပြည်တော်ကောင်စီနယ်မြေက စစ်ကောင်စီတပ်အရာရှိတွေကိုပြုစုပေးဖို့ အဓမ္မစေလွှတ်ခံနေရတယ်လို့ လှိုင်မြို့ခံတွေ က သိရပါတယ်။

နေပြည်တော်စစ်ကောင်စီအရာရှိ ၈၀ ဝန်းကျင်ကို ချည်မျှင်စက်ရုံက မိန်းမပျိုလေးတွေဟာ နှစ်ပတ်ကြာ သွားရောက်ပြုစု ပေးရပြီး စက်ရုံကမိန်းမပျိုအားလုံးထဲမှ ၁၅ဦးစီ အလှည့်ကျအဓမ္မ စေလွှတ်ခံနေရတာ ဖြစ်ပါတယ်။

အမျိုးသမီးတွေက စစ်ကောင်စီအရာရှိတွေရဲ့ အဝတ်လျှော်ရတာ၊ မီးပူတိုက်ရတာ၊ နှိပ်နယ်ပေးရတာ၊ စားဖို့သောက်ဖို့ ပြုလုပ် ပေးရတာနဲ့ အခြားလိင်ပိုင်းဆိုင်ရာကိစ္စတွေပြုလုပ်ပေးရပြီး မခံနိုင်လို့ ပြန်ပြောတဲ့အခါ ကိုယ်ထိလက်ရောက် ကျူးလွန်တာ တွေရှိတယ်လို့ ချည်မျှင်စက်ရုံက အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီပိုင် ချည်မျှင်စက်ရုံကို စက်ရုံမှူးဦးခိုင်ရွေဦးဆောင်၍ ခေါင်းဆောင်ပိုင်း ၃၀ နဲ့ လည်ပတ်နေတာဖြစ်ပြီး အမျိုးသမီး အလုပ်သမား ၈၀၀ ဝန်းကျင်နဲ့ အမျိုးသားအလုပ်သမား ၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

 Source – Ayeyarwaddy Times

  • ပွေးကျစ်ရဲစခန်းကို ဝင်ရောက်စီးနင်းစဉ်ဖမ်းဆီးရမိခဲ့တဲ့ ရဲမိသားစုဝင် အမျိုးသမီးနဲ့ ကလေးတွေကို ဒေသကာကွယ် ရေးတပ်ဖွဲ့က ပြန်လွှတ်ပေး

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ် ၊ပွေးကျစ်နယ်မြေရဲစခန်းကို မေလ ၂ရက်နေ့က ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးရမိခဲ့တဲ့ ရဲမိသားစုဝင်အမျိုးသမီးနဲ့ ကလေးများကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ပွေးကျစ်နယ်မြေရဲခန်းတွင် ရဲအင်အား ၁၃ဦး ခန့်သာရှိပြီး ၈ဦးမှာ တရားရုံးသွားနေချိန် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦး သေဆုံးပြီး ရဲတပ်ကြပ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Source- Tachileik News Agency

  • တနင်္သာရီ မြို့နယ်မှာ မိုးကြိုးပစ်တာကြောင့် သားအမိနှစ်ဦးသေဆုံး

မြိတ်ခရိုင် ၊တနင်္သာရီမြို့နယ်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးကြိုးပစ်တာကြောင့် ချောင်းနောက်ပြန်ရွာနေ အသက်၈ နှစ် အရွယ်မိန်းကလေးတစ်ဦးနှင့် အသက် ၃၀ အရွယ်မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပါတယ်။

ကလေးတွေဆော့ကစားနေချိန် မိုးကြိုးပစ်နေတာကြောင့် မိခင်ဖြစ်သူက အိမ်ရှေ့ထွက် အော်ခေါ်တဲ့အချိန်မှာ နှစ်ယောက် စလုံးကို တပြိုင်တည်း မိုးကြိုးပစ်ခံရတာဖြစ်ပြီး သေဆုံးသူကလေးငယ်နဲ့အတူ ဆော့ကစားနေတဲ့ အခြားကလေးငယ်များမှာ အထိအခိုက်မရှိခဲ့ဘူးလို့ ဒေသခံတွေထံကသိရပါတယ်။

Source- Dawei Watch   

  • CDM စည်ပင်ဝန်ထမ်း ဖခင်ဖြစ်သူကိုမမိ၍ ဓားစာခံဖမ်းဆီးခံရသည့် သုံးနှစ်သမီးနဲ့မိသားစုဝင်နှစ်ဦး လွတ်မြောက်

CDM စည်ပင်ဝန်ထမ်း ဖခင်ဖြစ်သူကို ဖမ်းမမိတာကြောင့် ဓားစာခံဖမ်းဆီးခံရသည့် ၃နှစ်သမီးလေးနဲ့ မိသားစုဝင်နှစ်ဦးမှာ လွန်ခဲ့တဲ့ ဧပြီ ၂၈ရက်တွင် လွတ်ရက်စေ့ပြီး အင်စိန်ထောင်မှာ လွတ်မြောက်လာခဲ့ပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMမှာပါဝင်တဲ့ ရန်ကုန်စည်ပင်သာယာရေးကော်မတီက အမှိုက်သိမ်းဝန်ထမ်းဖြစ်သူ အသက် ၃၅နှစ်အရွယ် ကိုမင်းဇော်ဦးကို မဖမ်းမိတာကြောင့် စစ်ကောင်စီက အသက် ၅၀ကျော်အရွယ် မိခင်ဒေါ်ကေသီမြင့် အသက် ၃၀ကျော်အရွယ် ဇနီးဖြစ်သူ ဒေါ်တင်မေဦးနဲ့ သုံးနှစ်အရွယ်သမီးဖြစ်သူ မဆုမြတ်ဇော်တို့ကို ၂၀၂၁ မတ်လကုန်ပိုင်းက ဖမ်းဆီး ၍ ပုဒ်မ၅၀၅-က နဲ့ထောင်သုံးနှစ်ချမှတ်ခဲ့တာပါ။

ဖမ်းဆီးခံရစဉ်က ကလေးငယ်မှာ အသက်နှစ်နှစ်ကျော်သာရှိသေးပြီး လွန်ခဲ့တဲ့ဒီဇင်ဘာလဆန်းပိုင်းက အင်းစိန် ထောင် အတွင်း အသက်လေးနှစ်ပြည့်ခဲ့ပါတယ်။ ကလေးငယ်ရဲ့ဖခင်ဖြစ်သူ ကိုမင်းဇော်ဦးမှာ ၂၀၂၂ သြဂုတ် ၁ရက်နေ့က မင်္ဂလာ တောင်ညွန့်မြို့နယ်မှာ ဖမ်းဆီးခံရပြီး ၅၀၅ -ကနဲ့ထောင်ချခံရပြီး အင်းစိန်ထောင်တွင်ရှိနေဆဲဖြစ်ပါတယ်။

Source – Myanmar Now

  • ရုပ်ရှင်ဖန်တီးသူမအိမ့် သာယာဝတီထောင်က ပြန်လွတ်မြောက်   

တရားမဝင်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွဲချက်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်ခံထားရတဲ့ ရုပ်ရှင်ဖန်တီးသူ မအိမ့် မေလ၃ရက်နေ့မှာ စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။  

မအိမ့်က ၂၀၂၁ခုနှစ် ဇွန်လက ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ခုနှစ် ဧပြီမှာ ထောင်ဒဏ်ချမှတ်ခံရကာ ဖမ်းဆီးထောင်ချခံရပြီးနောက် ၁နှစ်နဲ့ ၁၁လအကြာမှာ သာယာဝတီထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

မအိမ့်က နိုင်ငံတကာရုပ်ရှင်ဆိုင်ရာ ဆုတွေရထားပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသဖို့ရွေးချယ်ခံထားရတဲ့ Money Has Four Legs (ခြေလေးချောင်း) ရုပ်ရှင်ဇာတ်ကားရဲ့ ထုတ်လုပ်ဖန်တီးသူ တစ်ဦးလည်း ဖြစ်သလို ဇာတ်ညွန်း ရေးသားခဲ့ သူလည်းဖြစ်ပါတယ်။

Source – BBC

  • စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦးအပါဝင် လူသုံးဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ ၊တောင်ငူခရိုင် ၊ထန်းတပင်မြို့နယ် ၊ ဘုမ္မတီးကျေးရွာအနီးတဝိုက် ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုမ္မတီးကျေးရွာက ဒေသခံဇနီးမောင်နှံနှစ်ဦးသေဆုံးပြီး ကျွဲလမ်း ကျေးရွာမှအသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းပြတ်ထွက်ကာ သေဆုံးခဲ့ပါတယ်။

မေလ၂ရက်နေ့ ညနေ၆နာရီဝန်းကျင်မှာ စစ်ကောင်စီလက်အောက်ခံတောင်ငူလေတပ်က ဂျက်ဖိုက်တာနှစ်စီး ၊ ရဟတ်ယာဉ် တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုမ္မတီးကျေးရွာ ၊ကျွဲလမ်းကျေးရွာနဲ့ သရက်တန်း ကျေးရွာ တွေမှာ ကျရောက်ပေါက် ကွဲခဲ့ကာ ထိခိုက်ဒဏ်ရာရသူများမှငါးဦးမှာ ဆေးရုံမှာကုသမှုခံယူနေရပါတယ်။

Source- Mizzima     

  • တစ်လအတွင်းစစ်ကောင်စီက အမျိုးသမီး ၅၅ဦးသတ်ဖြတ်

အာဏာသိမ်းစစ်ကောင်စီက ဧပြီ၁ရက်နေ့က ၂၈ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်းမှ အမျိုးသမီး ၄၃ဦးကို ဖမ်းဆီးခဲ့သလို ၅၅ဦး ကို သတ်ဖြတ်ခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ ထုတ်ပြန်ပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်များက ဖမ်းဆီးဆီးရန်လှုံဆော်တာကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဧရာဝတီ၊မကွေး၊ မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ပဲခူးတိုင်း၊ကရင်၊မွန်၊ရှမ်း ၊ကချင်ပြည်နယ် တို့မှပါဝင်သလို ရန်ကုန်တိုင်းတစ်ခုတည်းတွင် ၉ဦးထိ အများဆုံးဖမ်းဆီးခံခဲ့ရပါတယ်။

သေဆုံးမှုအနေဖြင့် ကချင် ၊ချင်း၊ ရှမ်း ၊ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းတို့မှဖြစ်ပြီး ဧပြီ ၁၁ရက်နေ့မှာ ဖြစ်ပွား တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံး သူ ၁၆၈ဦးအနက် အမျိုးသမီး ၄၅ ဦး အထိ ပါဝင်ခဲ့တာကြောင့် ဧပြီတစ်လအတွင်း စုစုပေါင်း ၅၅ဦးရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဧပြီ ၂၈ရက် အထိ အမျိုးသမီး ၃၃၉၀ ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့အနက် ၈၁၉ ဦး ပုဒ်မအမျိုးမျိုး ဖြင့် တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးသေဆုံးသူ ၅၁၃ဦးထိ ရှိခဲ့ပါတယ်။

Source – Irrawaddy

  • အလွတ်တန်းသတင်းထောက် မမေဘယ်လ် လွတ်ငြိမ်းနဲ့ပြန်လွတ်

အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံနေသူများကို ကဆုန်လပြည့်နေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် မဇ္ဇျိမ မီဒီယာက အလွတ်တန်းသတင်းထောက် မညိမ်းညိမ်းအေး(ခ)မေဘယ်လ်လည်း ပါဝင်ခဲ့ပါတယ်။

ထောင်ပြောင်းရွှေ့အကျဉ်းကျခံနေရတဲ့ သတင်းထောက်မမေဘယ်လ်ရဲ့ ကျန်းမာရေးအခြေအနေမှာ ယခင်တလောက အပူ ရှပ် ဖျားနာတာ၊ အစာအိမ်အောင့်တာ၊ ခြေမခွဲစိတ်မှုတို့ပြုလုပ်ခဲ့ရတယ်လို့ မိသားစုဝင်က ပြောပါတယ်။

မမေဘယ်လ်မှာ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၅ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ပုဒ်မ၅၀၅(က) နဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ရပါတယ်။ စက်တင်ဘာလမှာ သာယာဝတီထောင်ကို ရုတ်တရက်ပြောင်းရွှေ့ခံရသူတွေထဲ ပါဝင်ခဲ့ပြီး ထောင် နှစ်လသုံးလကျော်ကျခံပြီးနောက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၀၁၊ ပုဒ်မခွဲ၁အရ နောက်တစ်ကြိမ်ပြစ်မှုထပ်ကျူးလွန်ပါက ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံ ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြတ်လည်လွတ်မြောက်လာ တာပဲ ဖြစ်ပါတယ်။

Source- Mizzima

  • လေပြင်းတိုက်ချိန် သစ်ပင်ပိလို့ သားအမိနှစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ် လိပ်ကျန်ကျေးရွာမှာ လေပြင်းတိုက်ချိန် သစ်ပင်ပိလို့ အသက်၃နှစ်အရွယ် ကလေးငယ်နဲ့ အသက်၂၂အရွယ်မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပါတယ်။

မေလ၁ရက်ည ၁၁နာရီခန့်မှာ မိုးရွာလေပြင်းတိုက်လို့ လိပ်ကျကျေးရွာ အမှတ်၃ ရပ်ကွက်မှာရှိတဲ့ မယ်ဇလီပင်မှာ အနီးရှိနေ အိမ်ပေါ်ကိုပြိုလဲကျခဲ့ရမှ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

Source- မြေလတ်အသံ

  • လောင်းလုံမြို့မှာ လမ်းသွားလမ်းလာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ လောင်းလုံမြို့မှာ မေလ၁ရက် ညနေ ၅နာရီလောက်က လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦး ဖုန်းစစ်ဆေး ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။

အဖမ်းခံရသူက လောင်းလုံမြို့နဲကပ်လျက် သဗျာကျေးရွာက အသက်၄၀ ဝန်းကျင်ရှိတဲ့ ဒေါ်နုနုရှိန်ဖြစ်ပြီး  အခြားအမျိုးသမီး တစ်ဦးနဲ့ဆိုင်ကယ်စီးလာချိန် စစ်ဆေးခံရပြီးဖုန်းထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ ပတ်သတ်တာတွေ့လို့ ဖမ်း ဆီးခံခဲ့ရတာပါ။

အဖမ်းခံရပြီးနောက် စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့(စရဖ)ရုံးမှာ တစ်နာရီခန့်အကြာစစ်ဆေးခံခဲ့ရပြီးနောက် လောင်းလုံရဲစ ခန်းကို ခေါ်သွားကာ အဖော်ဖြစ်သူ အမျိုးသမီးကိုတော့ ပြန်လည်လွတ်ပေးခဲ့ပါတယ်။

Source- DVB        

  • အမျိုးသမီးလေးဦးအပါအဝင် လူငယ်ခုနစ်ဦးကိုသတ်ဖြတ်မှုဖြင့် ချောင်းဦးကာကွယ်ရေးအဖွဲ့ဝင်တချို့ကို အရေးယူ မယ်လို့ NUG ဆို

အမျိုးသမီးလေးဦးအပါအဝင် လူငယ်၇ဦးကိုစစ်ကောင်စီသတင်းပေးလို့စွပ်စွဲကာ အဓ္မမပြုကျင့်သတ်ဖြတ်မှုပြုလုပ်ခဲ့တဲ့ ချောင်းဦး ကာကွယ်ရေးအဖွဲ့ဝင်တချို့ကို အရေးယူမယ်လို့ NUGကထုတ်ပြန်ပါတယ်။

၂၀၂၂ခုနှစ်၊ သြဂုတ်၃၀ရက်မှာချောင်းဦးမြို့နယ်က အသက်မပြည့်သေးသူ ငါးဦးအပါအဝင် လူငယ်၇ဦးကို စစ်ကောင်စီ သတင်း ပေးဟုဆိုကာ စွပ်စွဲသတ်ဖြတ်ခဲ့တာဖြစ်ပြီး ယင်းနေ့တွင်ပင် ပြစ်မှုကျုးလွန်သူတွေကိုဖမ်းဆီး၍  ၃၁ရက်နေ့မှာ ရုပ်အလောင်း တွေကို တူးဖော်းစစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်။

သတ်ဖြတ်ခံရသူတွေက စစ်ကိုင်းမြို့နယ်က ချောင်းဦးကို ရောက်လာသူတွေဖြစ်ပြီး အမျိုးသမီး၄ဦးနဲ့ အမျိုးသား၃ဦးတို့ ဖြစ် ကာ ၁၅နှစ်မှ ၂၀ကျော်အရွယ်လူငယ်တွေဖြစ်ပါတယ်၊

ယင်းဖြစ်စဉ်က စစ်သည်တော်ကျင့်ဝတ် စည်းမျဉ်းတွေနဲ့မညီတဲ့အပြင် လူ့အခွင့်အရေး ၊အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့် အရေးတွေအပေါ် ချိုးဖောက်ရာကျတာကြောင့် စစ်ဘက်အရပ်ဘက်တရားစီရင်ရေး လမ်းကြောင်းတွေကတစ်ဆင့် ဥပဒေနဲ့ အညီအရေးယူဆောင်ရွက်မယ့်အခြေအနေကိုထုတ်ပြန်သွားမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

Source – Irrawaddy  

Author:

Related Articles