စစ်အာဏာသိမ်းပြီးနောက် သင်္ကြန်ပွဲတော် ကျရောက်လာတာ ယခုနှစ်ဆိုရင် သုံးကြိမ်မြောက်ရှိလာခဲ့ပါပြီ။ အာဏာသိမ်း မတိုင်ခင် ၂၀၁၉ တည်းက ကိုဗစ်ရောဂါကြောင့် သင်္ကြန်ပွဲတော် မကျင်းပခဲ့ရတာကို ထည့်တွက်ရင် ငါးနှစ်ရှိလာခဲ့တာပဲ ဖြစ်ပါ တယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံးပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်ကို လွမ်းနေသူတို့အဖို့ ဒီနှစ်မှာလည်း ထပ်လွမ်းရဖို့ရှိနေပါတယ်။
အကြောင်းကတော့ စစ်ကောင်စီဟာ အဖက်ဖက်ကကျဆင်းလာတဲ့ နိုင်ငံရဲ့အခြေအနေ၊ ကျပ်တည်းလာတဲ့ ပြည်သူလူထု တွေရဲ့အသံတွေကို မျက်ကွယ်ပြုပြီး ပုံမှန်ဖြစ်နေသယောင် ဖန်တီးဖို့ သင်္ကြန်ပွဲတော်ကို စည်ကားသယောင် ကျင်းပဖို့ စိုင်းပြင် နေတာကြောင့်ပါပဲ။
ဒီကာလက မြန်မာ့နိုင်ငံရေးအခြေအနေ ဆိုးရွားကျပ်တည်းနေဆဲကာလဖြစ်ပြီး နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့်လည်း စစ်ရှောင် ဦးရေတွေဟာ တိုးပွားလျှက် ရှိနေဆဲပါ။ ဒီလိုဖြစ်ရပ်တွေကြောင့် သင်္ကြန်ကာလကို မပျော်ရွှင်ကြဖို့ ၊ ငိုနေသူတွေနဲ့ ပြန်စရာ နေအိမ်ပျောက်သူတွေကို စာနာကြဖို့ တော်လှန်ရေးအဖွဲ့တွေက မေတ္တာရပ်ခံထားကြပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ကျင်းပ မယ့် သင်္ကြန်ပွဲတော်တွေကိုလည်း တိုက်ခိုက်မယ်ဆိုပြီး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန်လိုမြို့ကြီးတွေမှာတော့ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ဖို့ပြင်ဆင်နေကြတုန်းပါပဲ။ ဒါကြောင့် နေအိမ်ကိုစွန့်ခွာပြီး စစ်ရှောင်စခန်း၊ တောထဲ တောင်ထဲမှာ စစ်ရှောင်နေကြရတဲ့ စစ်ရှောင် အမျိုးသမီးတွေရဲ့ သင်္ကြန်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရင်တွင်းခံစားချက်တွေကို စုစည်းကောက်နုတ် ဖော်ပြလိုက်ပါတယ်။
နန်းထက်ထက်ဦး (ပင်လောင်းမြို့ စစ်ရှောင်စခန်း)
အာဏာမသိမ်းခင် စစ်မရှောင်ခင်ကဆို သင်္ကြန်ကို ဖြတ်သန်းရတာ ပျော်တယ်။ ကိုယ့်အိမ်နဲ့ ကိုယ်ရွာနဲ့ နေရတဲ့ အခိုက်အတန့်တွေ၊ သူငယ်ချင်းတွေနဲ့ ရေကစားတာတွေကို ပြန်လိုချင်တယ်။ လွမ်းတယ်။ အရင်လိုပဲ ပြန်နေချင်တယ်။ အခု ဒီနှစ်သင်္ကြန်ကတော့ ဘုန်းကြီးကျောင်းတက် အဘိုးအဘွား လိုက်ကန်ဖို့ မပြောနဲ့ ကန်တော့စရာ အမေတောင် မရှိတော့ဘူး။ လက်နက်ကြီးထိလို့ အမေဆုံးသွားရတယ်။ ဆုံးတာလည်း တစ်နှစ်ပြည့်နေပြီ။
ဒီနှစ် သင်္ကြန်တော့ စစ်ရှောင်စခန်းမှာပဲ နေလိုက်ရုံပဲ ရှိတယ်။ ဘာမှမလုပ်ဘူး မပျော်ဘူး။ အခု မြို့တွေထဲမှာ စစ်ကောင်စီဖက်က မဏ္ဍပ်တွေ ပွဲတွေ ဘာတွေ လုပ်နေတယ်လို့ ကြားတယ်။ အဲတာက ငြိမ်းချမ်းနေလို့ ပွဲတော်တွေ ကျင်းပနေတာလား။
ငြိမ်းချမ်းနေလို့ ကျင်းပတယ်ဆိုရင် ကျမတို့ ဘာလို့ ကိုယ့်အိမ်နဲ့ ကိုယ့်ယာနဲ့ မနေရတာလဲ။ ဘာလို့ ပြေးနေရလဲလို့တော့ မေးချင်တယ်။
စစ်အာဏာရှင် ပြုတ်ကျ အမြစ်ဖြတ်သွားတဲ့ တစ်နေ့ မပျော်ရွင်ခဲ့ရတဲ့ နှစ်တွေကို အဲနေ့ရောက်ရင် သင်္ကြန်ရေနဲ့ ဆေးချပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပွဲတွေ လုပ်မယ်။
ဒေါ်မြသန်း (လွိုင်ကော်မြို့ )
စစ်မရှောင်ခင်တုန်းက သင်္ကြန်ရောက်ပြီဆို ရပ်ကွက်ထဲမှာ ကလေးတွေ ပြေးလွှား ဆော့ကစားကြ။ လူကြီးတွေလည်း မုန့်တွေလုပ်စားကြတယ်။ ရေကစားကြတယ်။ ဘုန်းကြီးကျောင်းတက် ကုသိုလ်ယူကြတယ်လေ။ ကိုဗစ် ရောဂါတုန်းက ဘုန်းကြီးကျောင်းတက်လို့ ရသေးတယ်။
အာဏာသိမ်းလိုက်တော့ ဘုန်းကြီးကျောင်းမပြောနဲ့ အိမ်က ဘုရားကိုတောင် မရှိခိုးရဘူး။ ရွာကနေ ဒီစစ်ရှောင်စခန်းကို ထွက်ပြေးလာတာ ၁ နှစ်ကျော် ရှိနေပြီ။ ပြေးလာတော့ ဘာမှမပါလာဘူး။ အိမ်က ဘုရားလည်း မပင့်လာရဘူးလေ။ သင်္ကြန်ကို ပျော်ပျော်လေး မကျင်းပတာလည်း ကြာနေပါပြီ။
ကျမတို့လည်း သင်္ကြန်ကို သူများတွေလို ပျော်ပါးချင်တာပေါ့။ ကျမတို့လည်း ခံစားချက်နဲ့လေ ကျမတို့လည်း လူပဲလေ။ ပျော်ချင်တယ်။ မိသားစု စုံစုံလင်လင်နဲ့ ထမင်းလက်စုံစားချင်တယ်။
အိမ်ကို လွမ်းတယ်။ ကျမ အေးချမ်းမှုကို လိုလားတယ်။ လိုချင်တယ်။ အေးအေးချမ်းချမ်းနဲ့ နေရတဲ့ တစ်နေ့ကျရင် ကျမ ဝမ်းသာလို့ မဆုံး၊ ပျော်လို့ မဆုံးဖြစ်ပြီး ငိုနေမိမှာ သေချာတယ်။
မအက်ကနက် (ဆီဆိုင်မြို့ စစ်ရှောင်စခန်း)
သင်္ကြန်ရောက်ရင် ရေတွေ ကစားကြတယ်။ ကားတွေ ဆိုင်ကယ်နဲ့ လျှောက်လည်ကြတယ်။ ကလေးတွေကို ခေါ်ပြီး ရေတံခွန်တွေ သွားလည်ကြတယ်။ ကျမတို့က ဗုဒ္ဓဘာသာ မဟုတ်ပေမယ့် တခြားဗုဒ္ဒဘာသာတွေနဲ့ အတူ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်တွေ အတူတူလုပ်စားကြတယ်။ ကူညီပေးတယ်။ အရမ်းပျော်ရတယ်။
ကျမ စစ်ရှောင်လာတာ ၂ ပြည့်တော့မယ်။ ပျော်ခဲ့တာတွေကို ပြန်လိုချင်တယ်။ အိမ်လည်း ပြန်လိုချင်တယ်။ ပြန်လည်း ပြန်ချင်တယ်။ ဒါပေမယ့် ဘယ်နေ့မှ ကျမတို့ အိမ်ပြန်ရမှာလဲ။ ဘယ်နေ့မှ ကျမတို့ အရင်လို ပျော်ပျော်ပါးပါးနေရမှာလဲဆိုတာကို အမြဲစဥ်းစားနေမိတယ်။
ကျမတို့က ပြေးလွှားနေရတဲ့ လူဆိုတော့ သူများတွေက ပျော်ပျော်ပါးပါး ပွဲတွေ လုပ်တာ မြင်ရတော့ အားငယ်မိတယ်။ ဝမ်းလည်း နည်းတယ်။ ပျော်နိုင်တဲ့ သူတွေကတော့ ပျော်ကြပေါ့။ ဝမ်းနည်းနေရတဲ့ သူကလည်း ဝမ်းနည်းရပေါ့။ သူများဖက်မှာက ပွဲတွေ လုပ်နိုင်တယ်။ ကျမတို့ဖက်ကတော့ ပြေးလွှားနေရတယ်။ သူများပျော်လည်း ကျမတို့က မပျော်နဲ့လို့ ပြောပိုင်ခွင့် မရှိဘူးလေ။
တချိန်က ကျမတို့ ပျော်ရွှင်ခဲ့သလို ပြန်ပျော်ရွှင်ဖို့က နောက် လေးငါး၊ ဆယ်နှစ်လောက် ကြာနေမှာ။ ဒီထပ်ပိုပြီး ကြာလည်း ကြာနိုင်တယ်။