နန်းဆိုင်နွမ်။ ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမ မနွယ်ဟာလာမယ့်လအနည်းငယ်အတွင်း သက်တမ်းကုန်တော့ မယ့် သူ့ရဲ့မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စပို့) အတွက် စိုးရိမ်ပူပန်နေပါတယ်။ မကြာခဏ ပြောင်းလဲနေတဲ့ ပတ်စပို့မူဝါဒ တွေကြောင့် သက်တမ်းကုန်ခါနီးလေ စိုးရိမ်စိတ်တိုးလာလေလေ ဖြစ်ရတယ်လို့ ဆိုပါတယ်။
“ ပတ်စပို့သက်တမ်းတိုးတာ အရင်လိုမဟုတ်ဘူး။ တော်တော်ရှုပ်တယ်” လို့ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက မော်လမြိုင်ကနေ ထိုင်းဘက်ဆီ တက်လာခဲ့တဲ့ မနွယ်က ဆိုပါတယ်။
မနွယ်ဟာ အသက် ၇နှစ်အရွယ်သားတစ်ယောက်နဲ့ အသက်၅နှစ်အရွယ် သမီးတယောက်ရှိပါတယ်။ နိုင်ငံရေးအခြေအနေ ကောင်းချိန်တုန်းက ကလေးတွေကို ဘိုး၊ဘွားတွေနဲ့ မြန်မာပြည်မှာထားခဲ့ပါတယ်။ ကိုဗစ်-၁၉ နဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် လက်ရှိမှာတော့ ကလေး ၂ယောက်ကို ထိုင်းနိုင်ငံသို့ ပြန်ခေါ်ပြီး ကျောင်းပြန် ထားနေရကြောင်း မနွယ်က ပြောပြပါတယ်။
“ အခုက ကလေးတွေကိုပါ ဒီဘက်ခေါ်ရတော့ အလုပ်ကိုလည်း စိတ်ချလက်ချ လုပ်လို့မရဘူး။ ကလေးတဖက်နဲ့ဆိုတော့ နေမကောင်းရင် နောက်ကလေး ကျောင်းကိစ္စဆိုရင် အလုပ်ပျက်ရတယ်လေ။ အလုပ်ပျက်တဲ့ရက်ဆိုရင် နေ့စားခမရဘူး” လို့ မနွယ်က လက်ရှိကြုံတွေ့ရတာတွေကို ရင်ဖွင့်လာပါတယ်။
မနွယ်တယောက် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အထည်ဆိုင်မှာ နေ့စားခ တရက် ဘတ် ၃၅၀ မြန်မာကျပ်ငွေ ကာလပေါက်စျေး ၂သောင်းကျပ် ဖြစ်ပြီး အလုပ်ပျက်တဲ့ရက်တွေမှာ နေ့စားခ ဖျက်ခံထိပါတယ်။
ဒါ့အပြင် ပတ်ပိုစ့်ဖိုး ဗီဇာဖိုး နဲ့ အလုပ်ပါမစ်တွေ အခွန်အခတွေဟာ အလုပ်ရှင်က ထုတ်မပေးဘဲ ကိုယ်နည်းကိုယ်ဟန်နဲ့ ဖြေရှင်းနေရတဲ့အတွက် မနွယ်တို့ မိသားစုဟာ ထိုင်းနိုင်ငံမှာ နေထိုင်ရတာ ခက်ခဲပေမယ့် ရွေးချယ်စရာလမ်းမရှိပါဘူး။
လက်ရှိမှာ မနွယ်တို့ မိသားစု အစစအရာရာ ခက်ခဲနေချိန် ပတ်စပို့ သက်တမ်းတိုးခလည်း အရင်ကထက် စျေးတက်လာပြီး ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံရဲ့ မူဝါဒပြောင်းလဲမှုကြောင့် စိတ်ညစ်နေရကြောင်း မနွယ်က ညည်းထွားပြောဆိုပါတယ်။
“ အခု သက်တမ်းတိုးဖို့ တိုကင်ယူတာပဲကြည့်၊ ညကြီးတန်းစီးသွားရတာ။ မသွားချင်ရင်တော့ ပွဲစားပေါ့။ သွားရင်လည်း တိုကင် မရရင် အလုပ်ကလည်းပျက်မယ်။ နီးရင်တော့တမျိုးပေါ့။ ဝေးရင်တော့ ပွဲစားကိုပဲအပ်ရမှာ။ ကျမကတော့ ပွဲစားအပ်မယ်”လို့ မနွယ်က ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကလည်း မတ် ၁ရက် မှစတင်ပြီး နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မယ်သူတွေကို ပတ်စပို့စာအုပ်ကြေး ဘတ်(၈၀၀) အစား ဘတ် ၁၂၅၀နှုန်း တိုးမြင့်လိုက်တဲ့အပြင် PJ စာအုပ်အမျိုးအစားတွေဟာ စာအုပ်ကြေး ၁၂၅၀ ဘတ်နဲ့ OWIC ကဒ်ကြေး ၂၅၀ ဘတ် စုစုပေါင်း ဘတ် ၁၅၀၀ ဘတ်နှုန်းပေးဆောင်ရမယ်လို ဖေဖော်ဝါရီ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
ဒ့ါကြောင့် မနွယ်တယောက် ပတ်စပို့စာအုပ် သက်တမ်းတိုး/ အသစ်လုပ်ပါက အရင်ကထက် ငွေကြေး ပိုပေးရမှာဖြစ်တဲ့ အတွက် စုဆောင်းထားတဲ့ငွေတွေကုန်မှာကို တွေးပူနေပါတယ်။
“ ဘန်ကောက်မှာက အရင်က (ပွဲစားနဲ့) ပတ်စပို့သက်တမ်းတိုးရင် ဘတ် ၅၀၀၀ ကုန်တယ်။ အခု သံရုံးက စျေးတက်တော့ ပိုကုန်ပြီပေါ့။ ရှာသမျှစုဆောင်းသမျှက ပတ်စပို့စာအုပ်အတွက်ဖြစ်နေပြီ” လို့ မနွယ်က လေသံတိုးတိုးဖြင့်ပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာသံရုံးမှာ ပတ်စပို့တခုတည်း တိုးရတာမဟုတ်ဘဲ ထိုင်းနေ ထိုင်ခွင့်အတွက် ထိုင်းလူဝင်မှုကြီးကြပ်ရေးဆီမှာ တစ်နှစ်တစ်ကြိမ်တိုးရတဲ့အပြင် အလုပ်လုပ်ခွင့်အတွက် Work Permit လည်း တိုးရပါတယ်။
ပတ်စပို့တိုးရတဲ့သူတွေထဲမှာ မြန်မာစာနဲ့ စကားမတတ်ကျွမ်းတဲ့ တိုင်းရင်းသားတွေအတွက်က စိန်ခေါ်မှုပိုပြီး ကြီးမားကြပါ တယ်။ သူတို့ဟာ ပတ်စပို့တိုးဖို့ စာရွက်စာတမ်းဖြည့်စွက်ရေးသားရာမှာ ပွဲစားကိုသာ အားကိုးကြရပါတယ်။ အဲဒီထဲမှာ နန်းစံလည်း အပါအဝင်ပါ။
နန်းစံတယောက်ဟာ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ထဲက စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။ သူဟာ အလုပ်သမား ပတ်စပို့ကို ကိုင်ထားတဲ့သူဖြစ်ပြီး ပတ်စပို့ သက်တမ်းကုန်ဖို့အတွက် လပိုင်းသာကျန်တဲ့အတွက် ပွဲစားကို အပ်ထားကြောင်း ဆိုပါတယ်။
“ ကျမ အခု ပတ်စပို့ သက်တမ်းတိုးဖို့ ပွဲစားကိုအပ်ထားတယ်။ ကျမက ပွဲစားနဲ့ပဲ။ ကျမ တယောက်တည်း သွားရမှာလည်း မလွယ်ဘူးလေ။ ကိုယ်သွားရင်လည်း ဘာမှ နားမလည်တာ။ အခု ချင်းမိုင်မှာလုပ်တာ ဘတ် ၅၀၀၀ ကုန်မယ်ပြောတယ်” လို့ နန်းစံက ရှမ်းဘာသာစကားနဲ့ပြောလာပါတယ်။
ချင်းမိုင်မှာ ပတ်ပိုစ့်သက်တမ်းတိုးဖို့အတွက် အလုပ်ပျက်ခံရမှာဖြစ်ပြီး၊ ကောင်စစ်ဝန်ရုံးကိုရောက်ရင်လည်း ဘာသာစကား နားမလည်မှုနဲ့ မြန်မာအစိုးရထုတ်ပြန်ထားတဲ့ပေါ်လစီနားမလည်မှုကြောင့် ပွဲစားကို ငွေပိုပေးပြီး အပ်နှံရခြင်းဖြစ်ကြောင်း နန်းစံက ဆိုပြန်ပါတယ်။
အလားတူ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င ခရိုင်မှာနေထိုင်တဲ့ အမျိုးသမီးတွေဟာ ရာဘာခြံလုပ်သားတွေဖြစ်ကြပြီး၊ ပုံမှန်ဝင် ငွေမရှိကြတဲ့အတွက် ထိုင်းနိုင်ငံ တရားဝင်နေထိုင်ဖို့ ရုန်းကန်ရကြောင်း အမျိုးသမီးအရေးကူညီပေးနေတဲ့ မခင်မာစိုးက ပြောပြပါတယ်။
“ ဒီမှာက ဘယ်သူမှ အဆင်မပြေဘူး။ နေ့စားခကလည်း ပုံမှန်မဟုတ်။ အစစအရာရာက စျေးတက်၊ ပတ်စပို့စာအုပ်လည်း စျေးတက်တော့ ရှေ့ဆက်အတွက်ပိုခက်ခဲကြပ်တည်းတာပေါ့” မခင်မာစိုးက ဆိုပြန်ပါတယ်။
ပြည်တွင်းမှာ စစ်ပဋိပက္ခတွေကြောင့် မြန်မာပြည်ဘက်မှ နေထိုင်ရတာ အဆင်မပြေမှုတွေကြောင့် တချို့ ရွှေ့ပြောင်း အလုပ် သမားတွေဟာ မိသားစုကို ထိုင်းဘက်သို့ ပြန်ခေါ်လာရပါတယ်။
“ ဒီလိုပါပဲ ပတ်စပို့တွေ ဗီဇာခတွေ လုပ်ရရင် စုထားတာကုန်သွားလိုက် ချေးလိုက်ငှားလိုက် ပြန်ဆပ်လိုက်တွေနဲ့ သံသရာ လည်နေတာပေါ့။ အခက်အခဲကတော့ အမျိုးသမီးတွေက အမျိုးသားတွေနည်းတူလစာမရတော့ ပိုဆိုးတယ်။ ပိုကျပ်တည်း တာပေါ့” လို့ မခင်မာစိုးက ထောက်ပြပြောဆိုပါတယ်။
ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေဟာ နေ့စားခ တရက် ဘတ် ၆၀၀ ရရှိဖို့ အတွက် ထိုင်းအလုပ်သမား ဝန်ကြီးဌာနထံ စာတင်တောင်းခဲ့ပေမယ့် တကယ်လက်တွေ့မှာ အမျိုးသမီးတွေဟာ တရက်ကို နေ့စားခ ဘတ် ၂၅၀ ကနေ ဘတ် ၃၅၀ ထိတာရရှိနေပါတယ်။ အမျိုးသားတွေကတော့ တရက်ကို နေ့စားခ ဘတ် ၃၀၀ ကနေ ဘတ် ၄၅၀ ထိရရှိပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ နည်းတူ လုပ်ငန်းကျွမ်းကျင်တောင်မှ လစာဟာ အမျိုးသားတွေထက် နိမ့်ကျနေ ပါတယ်။
“ ကျမတို့ အမျိုးသမီးတွေက နေ့စားခရတာနည်းတယ်။ ကျမ ခြံလုပ်တာ တရက်ကို ၃၀၀ဘတ်ရတယ်။ ဒီခေတ်ကာလ ၃၀၀ကတော့ အဆင်မပြေဘူးလေ။ ကျမတို့တွေက ယောင်္ကျားတွေလို တန်းတူ လစာမရပေမယ့် ဗီဇာဖိုး ပတ်စပို့ဖိုး ကျတော့ တန်းတူနေတယ်လဲ” နန်းစံ က ရှမ်းဘာသာနဲ့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင် ရွှေ့ပြောင်း အလုပ်သမား ၃သန်းရှိပြီး အများစုက မြန်မာ၊ ကမ္ဘောဒီးယား၊လာအိုနိုင်ငံက လာကြတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး လူသစ်ပန်းရောင်ကဒ် လာလုပ်တဲ့ဦးရေ ဟာ ၂သန်းခွဲနီးပါး ရှိကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၇ ရက် ထိုင်းအလုပ် သမား ဝန်ကြီး ဌာန အချက်အလက် အရ သိရပါတယ်။
ပတ်စပို့တွေ ဗီဇာတွေ Work Permit တွေ မရှိရင်လည်း အလုပ်မရသလို အလုပ်ရှင်တွေကလည်း လစာခေါင်းပုံဖြတ်မှုတွေရှိ တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေဟာ အခက်အခဲတွေကြား သက်တမ်းတိုးနေရပါတယ်။
ဒါ့ကြောင့် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ MAP Foundation မှ တာဝန်ရှိသူတစ်ဦးက “ ကျမတို့ အလုပ်သမားတွေဟာ အဓိက မြန်မာလိုလည်း နားမလည်ကျ ထိုင်းလိုကျတော့လည်း မသိဆိုတော့ နောက်သက်ဆိုင်ရာက ပေါ်လစီတွေ ကလည်း ခဏခဏပြောင်းတော့ သူတို့တွေအတွက် ခက်ခဲတာပေါ့။ တခုခုဆိုရင် ကျမတို့က ဘာသာစကားတွေ နဲ့ MAP ရေဒီယိုမှာ ကြေညာပေးတယ်။ ပတ်စပို့က ကိုယ်တွေကလေးတယောက်လိုပဲ ပြုစုရတာ။ အသက်မဆက်ရင် ကိုယ်တွေလည်း အခက် ကြုံနိုင်တယ်လေ” လို့ HI Burma ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမတွေဟာ အရင်ကထက်ပိုပြီး ကြပ်တည်းလာကြပါတယ်။
“ ဒီအာဏာသိမ်းပြီးနောက်မှာက သံရုံးတွေ ကောင်စစ်ဝန်ရုံးတွေသွားရင် အရင်လိုမဟုတ်တော့ဘူး။ ပြောင်းလဲမှုတွေများ လာတယ်။ အရင်က ပတ်စပို့လုပ်ဖို့ အဲ့လောက်တန်းမစီရဘူး။ အခုဆိုရင် ညသွားတန်းစီအိပ်တာ နောက်စည်းကမ်းချက်တွေ များလာတယ်” လို့ ဘန်ကောက်မြို့ နေထိုင်တဲ့ မနွယ်က ပြောပါတယ်။
အခုနောက်ပိုင်း မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံးတွေကို အကြောင်းကိစ္စတခုခု သွားမယ်ဆိုရင် အရင်လို စိတ်အေးအေးနဲ့ သွားလို့မရတော့ကြောင်း၊ ဖုန်းထဲမှာ တော်လှန်ရေးကိစ္စနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပါ ဖျက်ပြီးသွားနေရကြောင်း မခင်မာစိုးက လက်ရှိ အခြေအနေ ကို ပြန်ပြောပြလာပါတယ်။
“ ကျမတို့ဘက်က ရွှေ့ပြောင်းအလုပ်သမားတွေက သံရုံး၊ ကောင်စစ်ဝန်ရုံးကိုသွားမယ်ဆိုရင် ဖုန်းထဲမှာ လက်သုံးချောင်း ထောင်တဲ့ပုံ အမေစုပုံတွေကို ဖျက်သွားရတယ်။ ကျမတို့ ထိုင်းမှာနေပေမယ့် အရာရာကို တွေးပူနေကြတယ်” လို့ မခင်မာစိုးက ထပ်လောင်းပြောပါတယ်။
ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းမရနိုင်သလို အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်မှုကိုလည်း ခံရနိုင်တဲ့အတွက် တရားဝင်နည်းလမ်းဖြစ်ဖို့အတွက် ပတ်စပို့တွေ အလုပ်လုပ်ပါမစ်တွေ ဗီဇာတွေကို တော့ ပိုက်ဆံဘယ် လောက်ပဲကုန်ကုန် ရွှေ့ပြောင်းအလုပ်သမားတွေက လုပ်နေရမှာပါပဲ။
မရေရာ မသေချာမှုတွေ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမတွေဟာ ရွေးချယ်စရာ သိပ်များများစားစား မရှိတာကြောင့် ထိုင်းနိုင်ငံဘက်ကို တိုးဝင်လာနေကြစဲ ဖြစ်ပါတယ်။
“ ဒီလို့ ရှုပ်ထွေး တဲ့ကိစ္စတွေကို မလုပ်ချင်ဘူး။ ဖြစ်နိုင်ရင် ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီး အေးဆေးနေချင်တယ်။ ဒီမှာရှာသမျှ က ထိုင်းကိုလုပ်ကျွေးနေတာပဲ။ ဒီစာရွက်စာတမ်းတွေ ပတ်စပို့တွေကိစ္စကတော့ ဘာမှ မစဥ်းစားချင်တော့ဘူး” လို့ မနွယ်တစ်ယောက် စိတ်ကုန်စွာဖြင့် ပြောဆိုလိုက်ပါတယ်။