Home ဆောင်းပါး ငါးမန်းစစ်ဆင်ရေးနှင့် ကွတ်ခိုင်အမျိုးသမီးများ

ငါးမန်းစစ်ဆင်ရေးနှင့် ကွတ်ခိုင်အမျိုးသမီးများ

 

ကွတ်ခိုင်မြို့ရှိ ငါးမန်းဂိမ်းဆိုင်အချို့ကို ဖျက်ဆီးနေပုံ( Photo by Rcm Kawnghka/facebook )

နန်းဆိုင်နွမ်။     ။

ခံဝန်ကတိရေးထိုးထားပြီး၊ ပြန်ဖွင့်သည့် လောင်းကစားဂိမ်းဆိုင်တွေ ထပ်မံပိတ်ဖို့အတွက် ကွတ်ခိုင်ရှိ အမျိုးသမီး များ ဦးဆောင်ပြီး ဂိမ်းဆိုင်များသို့ ချီတက်ခဲ့သည်။

ထိုနေ့က စက်တင်ဘာ (၁၆) ရက်နေ့ဖြစ်သည်။

အမျိုးသမီးများသည်  ငါးမန်းဟုခေါ်သည့် လောင်းကစားသောဂိမ်းဆိုင်ထဲသို့ရောက်ရှိလာချိန်တွင်  ဒေါသစိတ်များ မထိန်းနိုင်တော့ဘဲ ဂိမ်းခုံများကို သူထက်ငါ အလျင်အမြန်ဖျက်ဆီးခဲ့ကြသည်ဟု ပါဝင်ခဲ့သူ ကွတ်ခိုင်အိမ်ထောင်ရှင် အမျိုးသမီးအဖွဲ့မှ နန်းအေးက ဆိုသည်။

လောင်းကစားရုံဆက်ဖွင့်သည့်အကြောင်းရင်းမေးရန်နှင့် ပြန်ပိတ်ဖို့ သွားရောက်ပြောဆိုရန် သွားခဲ့ကြပေမယ့် “ အမျိုးသမီးတွေအားလုံးဟာ ခံစားချက်တွေတူနေတော့  မနေနိုင်လို့ လုပ်လိုက်တာပါ” ဟု နန်းအေးက ပြောသည်။

ထိုလောင်းကစားရုံကို ရောက်သွားချိန်တွင် ဂိမ်းဆော့နေသူတဦးတယောက်မှ မတွေ့မြင်ခဲ့သော်လည်း ဆော့ထား သည့် လက်ရာတွေကတော့ ရှိနေသေးကြောင်း နန်းအေးက သူမမြင်ခဲ့သည့် မြင်ကွင်းကို ပြန်ပြောပြသည်။

“ ကျမတို့လာမယ်ဆိုတာသိတော့ ထွက်ပြေးသွားကြတယ်။ ဆော့နေတဲ့ လက်ရာတော့ရှိတယ်။ အဲဒီနေ့က  ရုံ(၃)ရုံ ကို  ဖျက်ခဲ့တယ်” ဟုနန်းအေးက ပြောပြသည်။

ထိုဂိမ်းဆိုင်ကြောင့် သူမတို့ပတ်ဝန်းကျင်ရှိ ဆယ်ကျော်သက်တွေ၊ အမျိုးသားတွေ၊  နိစ္စဓူဝအလုပ်အကိုင်ပျက်ပြီး ဂိမ်းစွဲလမ်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဂိမ်းလောင်းကစားဆိုင်ကို မြင်လိုက်သည့်အချိန်တွင် စိတ်တွေထိန်းချုပ်လို့ မရအောင်ဖြစ်သွားကြောင်း ကွတ်ခိုင်အမျိုးသမီးများက ရင်ဖွင့်ပြောပြသည်။

လောင်းကစားဂိမ်းဆိုင်တွင် တချို့အမျိုးသမီးတွေပါ ဝင်ရောက်ဆော့ကစားမှုရှိသည်ဟု ကွတ်ခိုင်မြို့အိမ်ထောင်ရှင် အမျိုးသမီးတွေက  ဆိုသည်။

လောင်းကစားဂိမ်းဆိုင်ကြောင့် အိမ်ထောင်ရေးပဋိပက္ခတွေ ရင်ဆိုင်နေရသည့်  အသက်(၄၀)ကျော်  မခိုင်ဇာက “ ကျမယောကျ်ားက အချိန်ပြည့်ဂိမ်းဆိုင်မှာပဲ အချိန်ကုန်နေတယ်။ ရတဲ့ငွေလည်း အပ်တာမရှိဘူး။ ကျမဆီက ပြန် လက်ဖြန့်တောင်းတယ်။ မရရင် အိမ်မှာ ရှိတဲ့ပစ္စည်းရှာရောင်းတဲ့အဆင့်ပါပဲ” ဟု ဝမ်းနည်းစွာဖြင့် ပြောပြသည်။

အိမ်ထောင်ရှင် အမျိုးသားများ၊ ဆယ်ကျော်သက် ယောကျ်ားလေးများသည် ဂိမ်းဆိုင်ကို  နေ့စဉ်သွားရောက် အချိန် ဖြုန်းတီးမှုများရှိလာပြီး၊ လောင်းကစားဂိမ်းဆိုင်ကြောင့် အိမ်ထောင်ရေးပဋိပက္ခတွေ ကြုံတွေ့နေရကြောင်း မခိုင်ဇာ က ပြောပြသည်။

“ဂိမ်းက ဆေးစွဲသလိုပါပဲ။ ကြောက်စရာအရမ်းကောင်းတယ်။ ဒီဂိမ်းကြောင့် ကျမတို့ အိမ်ထောင်ရေးလည်း ခဏ ခဏ ပြဿနာဖြစ်ရတယ်။ ကျမတယောက်တည်း မဟုတ်ဘူး။ ကျမပတ်ဝန်းကျင်မှာလည်း ဒီပြဿနာတွေ ကြုံနေ ရပါတယ်” ဟု ကလေးနှစ်ယောက်မိခင် မခိုင်ဇာက ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရင်ဖွင့်သည်။

ကွတ်ခိုင်မြို့နယ်တွင် ငါးမန်းလို့ခေါ်သည့်  လောင်းကစားဂိမ်းကို မူးယစ်ဆေးဝါး သုံးစွဲသလို စွဲလမ်းနေကြပြီး၊ အိမ် တွင်းပစ္စည်းခိုးယူမှု၊ လုယက်မှုတွေ များပြားလာကြောင်းလည်း ကွတ်ခိုင်ဒေသခံများက ပြောဆိုကြသည်။

“ ကျမမှာ သားသမီးတွေ မွေးထားတယ်။ ဒါက  အနာဂတ်မျိုးဆက်သစ်တွေအတွက် သက်ရောက်မှုရှိတယ်။ ဒီလို ဂိမ်းဆိုင်ရှိတော့ ကလေးတွေဖွံ့ဖြိုးမှုက နှောင့်နှေးမှုတွေ ဖြစ်ကုန်ပြီလေ။  ကလေးတွေက စာသင်တဲ့ ကျောင်းခန်းထဲ မရောက်ပဲ အဲဒီအထဲကိုရောက်နေကြတယ်။ ဦးနှောက်ထဲမှာလည်း ဂိမ်းဆော့ဖို့ပဲရှိတယ်” ဟု  ဂိမ်းဆိုင်ကို သွား ရောက်ဖျက်ဆီးသည့်အထဲတွင် ပါဝင်သည့် ကလေးမိခင် မမီးမီးက ပြောသည်။

လောင်းကစား ဂိမ်းဆိုင်အများစုသည် လက်နက်ကိုင်အဖွဲ့အစည်းတွေကို အားကိုးပြီး ဖွင့်လှစ်ထားကြကြောင်း၊  သွားရောက်ဖျက်ဆီးသည်နေ့တွင် တချို့ဆိုင်ဝန်ထမ်းများက လက်နက်တွေထုတ်ကာ ခြိမ်းခြောက်မှုတွေ ပြုလုပ် သေးကြောင်း မမီးမီးက ထပ်ပြောပြသည်။

“ ဂိမ်းဆိုင်တွေက လက်နက်ကိုင်တွေ အဖွဲ့အစည်းတွေ အားကိုးပြီး ဖွင့်တာတော့ရှိတယ်။ ကျမတို့ သွားဖျက်ဆီးတဲ့ နေ့ကဆို လက်နက်သွားထုတ်ပြီး ခြိမ်းခြောက်သေးတယ်။ ကျမတို့လူအုပ်ကများတော့ သူတို့ ဘာမှ မလုပ်ရဲဘူး” ဟု မမီးမီးက ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်လည်ပြောပြနေသည်။

ထိုဂိမ်းဆိုင်ကြောင့် ပတ်ဝန်းကျင်လုံခြုံမှုမရှိကြောင်း၊ ညစဉ်ကောင်းကောင်းမွန်မွန် မအိပ်စက်ရကြောင်းနှင့်  နေ့ လည်နေ့ခင်း အပြင်ထွက်ပါက ဘုရားတပြီးထွက်နေရသည်ဟု မမီးမီးက ကွတ်ခိုင်မြို့ဒေသခံတွေ၏ ခံစားချက်ကို ပြောသည်။

ကွတ်ခိုင်မြို့ရှိ ငါးမန်းဂိမ်းဆိုင်အချို့ကို ဖျက်ဆီးနေပုံ( Photo by Rcm Kawnghka/facebook )

“ ကိုယ့်အိမ်ထောင်ဖက်တွေကလည်း ရတဲ့ငွေကို ဂိမ်းပဲဆော့ကြတယ်။ ဒီလောင်းကစားပဲလုပ်ကြတယ်လေ။ ဒီ ဂိမ်းဆိုင်တွေကြောင့် လူတွေဘဝတွေ ပျက်စီးလာကြတယ်။  အဆိုးရွားဆုံးက အိမ်တွေကို ဖောက်ထွင်းတာတွေ ရှိတယ်။ လုယက်မှုတွေ၊ ဆိုင်ကယ်တွေလု၊ ခိုးတာတွေရှိတယ်။ သီးနှံတွေလည်း သွားခိုးရောင်းကြတာတွေ ရှိလာတယ်” ဟု သူမက ဆိုသည်။

ကွတ်ခိုင်မြို့နယ်အတွင်း လောင်းကစားဂိမ်းဆိုင်(၂၀)အထက်တွင်ရှိနေကြောင်းနှင့် ထိုဂိမ်းဆိုင်များသည် မည်သည့် အဖွဲ့အစည်းအားကိုးဖြင့် ဖွင့်လှစ်နေသည်ကို မသိရှိသလို ဂိမ်းဆိုင်ကို အာဏာပိုင်အဖွဲ့အစည်းများက ဘာကြောင့် မတားဆီးနိုင်ကြလဲဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်နေကြောင်း ကွတ်ခိုင်မြို့ အိမ်ထောင်ရှင်မများအဖွဲ့က ပြော ဆိုလိုက်သည်။

“ လက်ရှိအမျိုးသမီးတွေ ဦးဆောင်ပြီး ဖျက်ဆီးခဲ့တာ မပြောပြလောက်ပါဘူး။ ကျမတို့ရပ်ကွက်(၈)က ဂိမ်းဆိုင်ကိုပဲ ဖျက်တာပါ။ တခြားနေရာတွေမှာ အများကြီးကျန်ပါသေးတယ်” ဟု ကွတ်ခိုင်ဒေသခံမမီးမီးက ထပ်မံပြောသည်။

လောင်ကစားဂိမ်းဆိုင်ကို အမျိုးသမီးများဦးဆောင်ပြီး သွားရောက်ဖျက်ဆီးရခြင်းနှင့်ပါတ်သက်ပြီး ကွတ်ခိုင်မြို့တွင်  တရားဥပဒေစိုးမိုးမှုမရှိသဖြင့် ယခုလိုပြည်သူများဦးဆောင်လုပ်ဆောင်နေရခြင်းဖြစ်သည်ဟု  ကွတ်ခိုင်မြို့၊ ကချင် လူငယ်ကွန်ယက်မှ မိုင်းမိုင်က ပြောသည်။

“တရားနည်းလမ်းတကျ ဥပဒေစိုးမိုးမှု မရှိတဲ့အချိန်မှာ ပြည်သူလူထုတွေ ဒီလိုလုပ်တယ်။ အမျိုးသမီးတယောက် ပြောရင်တော့ ပိုပြီးခံစားရတာ အမျိုးသမီးတွေဖြစ်တယ်။ ကိုယ့်ယောကျ်ားတွေ၊ ကိုယ့်သားသမီးတွေက ဒီလိုသွား ဆော့တော့ အိမ်ထောင်ရေးတွေ ပြိုကွဲရတယ်။ မိသားစုဘဝပျက်တယ်။ ဒါတွေကို မခံစားနိုင်တဲ့အတွက် ဒီလိုဖြစ် တာလို့ကျမမြင်တယ်” ဟု မိုင်းမိုင်က ဆိုသည်။

ကွတ်ခိုင်မြို့ရှိ လောင်းကစားဂိမ်ဆိုင်များတွင် ပြည်သူ့စစ်များက လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေကြသဖြင့် ကွတ်ခိုင်ဒေသခံများအနေဖြင့် ပြည်သူ့စစ်များကိုပါ ကြောက်နေရကြောင်းလည်း မိုင်းမိုင်က ပြောပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လောင်းကစားဝိုင်းပြဿနာ ကွင်းဆင်းရှင်းလင်းပိတ်ပင်အရေးယူပေးရန် ရှမ်းပြည် နယ် လွှတ်တော်အစည်းအဝေးတွင် သိန်းနီမြို့၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီက စက်တင်ဘာ (၁၉)ရက်နေ့တွင် တင်ပြခဲ့ကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီ(၂၇)ရက်နေ့တွင် လားရှိုးမြို့တွင်  လူငယ်တွေ့ဆုံပွဲပြုလုပ်ရာ သူမ၏တင်ပြမှုသည် အဆိုပါ ဆွေးနွေးပွဲမှ လူငယ်များ၏အသံဖြစ်သကဲ့သို့ ယခုနောက်ပိုင်း ရှမ်းမြောက်ဒေသတွင် လောင်းကစားရုံများ ပိုမိုများ ပြားလာကြောင်း နန်းခင်ထားရီက ဆိုသည်။

ကွတ်ခိုင်မြို့ရှိ ငါးမန်းဂိမ်းဆိုင်အချို့ကို ဖျက်ဆီးနေပုံ( Photo by Rcm Kawnghka/facebook )

“ ငါးမန်းဂိမ်းနဲ့ လောင်းကစားတွေက လူငယ်ရော လူကြီးတွေပါ စွဲလမ်းနေကြတယ်။ ဒီဂိမ်းဆိုင်ကြောင့် ဘဝတွေ ပျက်တဲ့သူတွေ အများကြီးပါ။ ကျောင်းသားတွေ အဖြူအစိမ်းနဲ့ လာဆော့တာတွေ မနည်းဘူး” ဟု ကွတ်ခိုင်မြို့မှ အသက်(၃၅)နှစ်အရွယ် စိုင်းဝေ က ပြောသည်။

ထိုဂိမ်းဆိုင်ကြောင့် လူမှုဝန်းကျင်ထိခိုက်ရပြီး၊ လူငယ်တွေ အကျင့်စာရိတ္တ ပျက်ပြားမှု များပြားလာကြောင်း၊ အိမ် ထောင်သည်များလည်း အိမ်ထောင်ပြိုကွဲမှုတွေ များပြားလာသဖြင့် ထိုဂိမ်းဆိုင်များကို သက်ဆိုင်ရာမှ တားဆီးပိတ် ပင်သင့်ကြောင်းလည်း စိုင်းဝေက တိုက်တွန်းလိုက်သည်။

“ လောင်းကစားဂိမ်းတွေ ရှိတဲ့နေရာဆိုရင် မူးယစ်ဆေးတွေလည်း ပေါတယ်။ ကလေးတွေအတွက် အန္တရာယ်ပါပဲ။ ဂိမ်းဆိုင်တွေ အမြန်ရှင်းလင်းပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု စိုင်းဝေက ဆက်ပြောသည်။

ကိုယ်နေထိုင်သည့် ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုရှိလျှင်ဖြစ်စေ၊ ဂိမ်းဆိုင်တွေတွေ့မြင်လျှင်ဖြစ်စေ၊ တိတ်ဆိတ်စွာ မနေကြဘဲ သတင်းပေးရန်နှင့် တဦးတယောက်တည်းမလုပ်နိုင်ရင် အများအားဖြင့် တွန်းလှန်စေချင် ကြောင်းလည်း  နန်းအေးကလည်း ထောက်ပြပြောဆိုလိုက်သည်။

“ တဦးတယောက်တည်း လုပ်လို့မရဘူး၊ မနိုင်တဲ့ဝန်ကို မထမ်းစေချင်ဘူး။ အများအားနဲ့ တွန်းလှန်ဖို့ ပြောချင်ပါ တယ်” ဟု နန်းအေးက ထောက်ပြသည်။

အမျိုးသမီးတယောက်၊ မိခင်တယောက်အနေဖြင့်  ကိုယ့်မျက်စိရှေ့မှာ ကလေးတွေ အသက်(၁၂)နှစ်၊ (၁၃)နှစ် အရွယ်တွေ ဂိမ်းစွဲသူများ၊ မူးယစ်ဆေးဝါးစွဲသူများ၊ မြင်တွေ့နေရပြီး စိတ်မကောင်းလည်း ဖြစ်ကြကြောင်း မခိုင်ဇာ က ပြောသည်။

“ကလေးတွေ ဂိမ်းစွဲ၊ မူးယစ်ဆေးစွဲတာ မြင်တော့ စိတ်နာတယ်။ ပညာရှာရမယ့်အရွယ်၊ စီးပွားရှာရမယ့်အရွယ်မှာ ပျက်စီးနေတာမြင်တော့ အနာဂတ် ဘယ်လိုလှပနိုင်မှာလဲ” ဟု မိခင်ဖြစ်သည့်မခိုင်ဇာကလည်း ဝမ်းနည်းစွာဖြင့် ပြောသည်။

ငါးမန်းဟုခေါ်သည့်လောင်းကစားဂိမ်းဆိုင်တွေ ရှိနေသရွေ့ ကွတ်ခိုင်မြို့ကြီး အန္တရာယ်တွေများပြီး ပျက်စီးနေမှာပဲ ဟု နန်းအေးက မှတ်ချက်ပြုသည်။

“ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ကလေးတွေ ကောင်းစားဖို့အတွက် အမျိုးသမီးတွေ ဦးဆောင်နိုင်မှ ဖြစ်မယ်။ ဂိမ်းဆိုင် တွေမရှိအောင် အမျိုးသမီးတွေ ဆက်ပြီးလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ အများအင်အားနဲ့ တွန်းလှန်ရင် အောင် မြင်မှာပါ” ဟု နန်းအေးက ဆက်လက်တိုက်တွန်းလိုက်သည်။

Related Articles