Home အမျိုးသမီးများအသံ နိုင်ငံတကာအမျိုးသမီးများနေ့ တိုက်ပွဲဝင်အမျိုးသမီးများအသံ

နိုင်ငံတကာအမျိုးသမီးများနေ့ တိုက်ပွဲဝင်အမျိုးသမီးများအသံ

ရှင်ငြိမ်း။ ။

မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။ ၁၉၀၈ ခုနှစ် ၊ အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့က အမျိုးသမီးအလုပ်သမားတွေဟာ သင့်တင့်တဲ့လုပ်အားခရဖို့၊ အလုပ်လုပ်ချိန်လျော့ချပေးဖို့နဲ့ မဲပေးခွင့်ရဖို့တောင်းဆိုရာမှ အစပြုပြီး အမျိုးသမီးများနေ့ဖြစ်လာခဲ့တယ်။

ဒီလိုနေ့ရောက်တိုင်း အမျိုးသမီးတွေဟာ ရိုးရာဓလေ့အရသော်လည်းကောင်း ဘာသာရေးအရသော်လည်းကောင်း သူတို့ အပေါ် ခွဲခြားဖိနှိပ်မှုတွေကို ဖယ်ရှားပေးဖို့တောင်းဆိုတာ၊ ရပိုင်ခွင့်တွေကို တန်းတူအခွင့်အရေးပေးဖို့တောင်းဆိုတာတွေ ပြု လုပ်လေ့ရှိတယ်။

လက်ရှိ မြန်မာနိုင်ငံအာဏာသိမ်းစစ်တပ်ကို သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြတာကစလို့ လက်နက်ကိုင်တော်လှန်ရေးအထိပါ အမျိုးသမီးတွေဟာ ကျရာကဏ္ဍကနေ ပါဝင်ခဲ့တယ်။ အာဏာသိမ်းမှုစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ကျရောက်တဲ့နိုင်ငံတကာ အမျိုးသမီးများနေ့မှာ နိုင်ငံတစ်ဝန်းကပြည်သူတွေဟာ ထဘီတော်လှန်ရေးနဲ့စပြီး စစ်တပ်ကို တော်လှန်သပိတ်မှောက်ခဲ့တယ်။

နောက်တော့ သနပ်ခါးတော်လှန်ရေး၊ နှင်းဆီနီတော်လှန်ရေးစတာတွေမှာ အမျိုးသမီးတွေဦးဆောင်ပြီး စစ်တပ်ကိုစိတ်ဓါတ် စစ်ဆင်ရေးတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့ကိုယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ခွဲခြားဖိနှိပ်ထားတာတွေကိုလည်း စစ်အာ ဏာရှင်နဲ့အတူ တိုက်ထုတ်နေရတာဖြစ်တယ်။

အခုလိုအမျိုးသမီးတွေဟာ တော်လှန်ရေးမှာ ကျရာကဏ္ဍကနေ ပါဝင်နေတဲ့အတွက် စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်တာမှာ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ အမျိုးသမီး ၄၂၉ ဦးသေဆုံးထားပြီး ၃,၁၂၅ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံထားရသူတွေထဲမှာ အမျိုးသမီး ၁၁ ဦးဟာ သေဒဏ်ချမှတ်ခံထားရပြီး ၁၅ ဦးကတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)နဲ့ မြန်မာ့အမျိုး သမီးသမဂ္ဂ (BWU)တို့ရဲ့ ထုတ်ပြန်စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေကို အခုလိုဖိနှိပ်သတ်ဖြတ်တာတွေရှိနေပေမယ့် အမျိုးသမီးစစ်မေတချို့ကတော့ ရှေ့တန်းမှာ ထိုးစစ်တွေ ဆင်ပြီး စစ်အာဏာရှင်ကိုတော်လှန်တိုက်ခိုက်နေတာဖြစ်တယ်။ ဒီအတွက် အမျိုးသမီးတွေ တိုက်ပွဲထဲပါဝင်တဲ့အခါ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာတယ်ဆိုတာကို HI က နယ်မြေအသီးသီးမှာထိုးစစ်ဆင်နေတဲ့ အမျိုးသမီးစစ်မေတွေရဲ့ အမြင်သဘောထားတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကျားခင်စိန် (T.G.R women Drone Force မှ ခေါင်းဆောင်၊ စစ်ကိုင်းတိုင်း)

“ အခုတော်လှန်ရေးကာလကလမှာ ကျနော်တို့ပန်းတွေနဲ့ဆန္ဒပြတာကို သေနတ်တွေနဲ့ဖြိုခွင်းခဲ့တာ နှစ်နှစ်ပြည့်လာခဲ့ပြီ။ ကျနော်တို့စပြီး ဆန္ဒပြမယ်ဆိုကတည်းက ရက်ရက်စက်စက်ဖြိုခွင်းခဲ့တာပေါ့။ ပြောချင်တာကတော့ ကိုယ်က မိန်းကလေး ဖြစ်လို့ အမျိုးသားတွေလိုတော့ မပါဝင်နိုင်ဘူး။ ဒီလောက်လေးပဲ ပါဝင်နိုင်တယ်ဆိုတဲ့ အားလျော့တဲ့စိတ်ဓါတ်မထားဘဲနဲ့ အမျိုးသမီးတွေဟာ စွမ်းဆောင်နိုင်တယ်။ သူများနဲ့တန်းတူလုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုးထားရမယ်။

ဘာလို့ဆို ခေတ်အဆက်ဆက်မှာလည်း အမျိုးသမီးတွေက အားနည်းတဲ့ ပုံစံခွက်ထဲမှာနေခဲ့ရလို့ဖြစ်တယ်။ စိတ်ကိုလျော့ မပစ်စေချင်တာပါ။ ကိုယ့်စွမ်းအားကို ကိုယ်ယုံစေချင်ပါတယ်။ ရှေ့မှာလည်း အမျိုးသမီးတွေဟာ တော်လှန်ရေးမှာ ရွပ်ရွပ် ချွံချွံ ပါဝင်ခဲ့တာ နမူနာယူစေချင်တယ်။ စိတ်ခွန်အားယူပြီး တော်လှန်ရေးမှာပါဝင်စေချင်တယ်။

ဒီလိုစိတ်ခွန်အားထားစေချင်တာကလည်း ကျနော်တို့ အလေးအနက်ထားရတဲ့ အမေဒေါ်အောင်ဆန်းစုကြည်ဆိုရင် စစ်တပ် ရဲ့ဖမ်းဆီးထောင်ကျမှုကို အကြိမ်ကြိမ်ခံခဲ့ရတယ်။ သူ့အသက်အရွယ်နဲ့ စစ်တပ်ရဲ့ရက်စက်မှုကိုမာန်တင်း ဒါပေမဲ့အမျိုးသမီး ဆိုပြီး သူ့ကိုယ့်သူအားငယ်တဲ့စိတ်မမွေးဘဲ သူရဲ့ကြံ့ခိုင်တဲ့စိတ်ဓါတ်နဲ့ စစ်တပ်ကိုအနိုင်ယူခဲ့တော့ သူ့ကိုသာဓက ထားစေ ချင်တယ်။

ကျနော်ဆိုရင်လည်း အမျိုးသားတွေနဲ့တန်းတူ တော်လှန်ရေးသာမက တိုက်ခိုက်ရေးမှာပါဝင်တယ်။ တိုက်ပွဲကြောင့် လူ လည်း မသေရုံတမယ် ဒဏ်ရာတွေရခဲ့ပေမယ့် အခုထိမလျော့တဲ့စိတ်နဲ့ စစ်အာဏာရှင်ကို တိုက်နေနိုင်တာက သူ့ကြောင့်လို့ ပြောရမှာပါ။ ဒါကြောင့် အခုလိုအရေးကြီးတဲ့ကာလမှာ အမျိုးသမီးတွေအနေနဲ့ ကိုယ်မှာရှိတဲ့ခွန်အားတွေ၊ လုပ်ကိုင်နိုင်စွမ်း တွေကို ဖွင့်ထုတ်လိုက်ဖို့လိုတယ်။

လက်ရှိ ဒေသကာကွယ်ရေးတပ်တွေမှာတော့ အနည်းနဲ့အများတော့ အမျိုးသမီးတွေကို တိုက်ပွဲထဲခေါ်လေ့မရှိဘူး။ ကျနော် ဆိုလည်း စစ်အာဏာရှင်ကို ကိုယ်တိုင်တိုက်ချင်လို့ လက်နက်ကိုင်ထဲဝင်လာတယ်။ ဒါပေမဲ့ဒီထဲကျတော့ လက်နက်အင်အား မရှိတော့ တိုက်ပွဲမလိုက်ရဘူး။

စစ်တပ်ကတော့ အမျိုးသမီးဖြစ်လို့ သက်ညှာတာမရှိတဲ့အပြင် သေဆုံးသွားတဲ့စစ်မေတွေတောင် မုဒိမ်းကျင့်တယ်။ ကျနော် တို့ ကျဆုံးသွားတဲ့စစ်မေတွေရဲ့အလောင်းကို ပြန်မကောက်နိုင်တာကို သူတို့က မုဒိမ်းကျင့်ထားတဲ့ပုံတွေတင်ထားတယ်။ အဲ့တော့ တချို့တပ်တွေက ဒါကိုစိတ်ပူပြီး အမျိုးသမီးတွေကို တိုက်ပွဲထဲမခေါ်ဘူး။

အဓိကကတော့ အများစုသောတပ်က အမျိုးသားတွေတွေးတာက အမျိုးသမီးဆိုရင် မပြေးနိုင်ဘူး။ အားနည်းတယ်။ အဲ့လို တွေးတယ်။ ကျနော်လည်း တစ်ချိန်တုန်းက အပြောခံရဖူးတယ်။ အဲ့အချိန်က ကျနော်တစ်ခွန်းပဲပြန်ပြောလိုက်တယ်။ ဘယ် လောက်ပဲခွန်အားနည်းတဲ့ မိန်းမပဲဖြစ်ဖြစ် ကိုယ့်ရဲ့အသက်ဘေးနဲ့ယှဉ်လာရင် ရှေ့ဆုံးကနေပြေးနိုင်ပါတယ်။

နောက် ကျနော်တို့ မိန်းကလေးတွေက တိုက်ပွဲထဲကို မိစွန့်ဖစွန့်၊ မိသားစုကိုစွန့်ပစ်ပြီး ဝင်လာတာက ကျနော်တို့ထမင်းချက်၊ ဟင်းချက်ဖို့မဟုတ်ပါဘူး။ ဒီတိုက်ပွဲကိုဝင်ချင်လို့၊ ကိုယ်တိုင်တိုက်ချင်လို့ ယောကျာၤးတွေနဲ့ရင်ဘောင်တန်းတာ၊ မတန်းတာ ထက် ဒီတိုက်ပွဲမှာ ကျနော်တို့အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ ဒီထဲကိုဝင်လာတာ။

အမျိုးသမီးတွေရဲ့စွမ်းအားကို အသိအမှတ်မပြုတဲ့၊ မလေးစားဘဲ တိုက်ပွဲမှာပါဝင်ခွင့်မပေးတဲ့ တပ်တွေကို တစ်ခုတော့အကြံ ပေးချင်တယ်။ အမျိုးသမီးတွေရဲ့ခွန်အားကို ယုံကြည်လေးစားပြီး သူတို့လုပ်နိုင်တဲ့နေရာ၊ စွမ်းဆောင်နိုင်တဲ့နေရာတွေ တိုက်ခွင့်ပေးစေချင်တယ်။ လုပ်နိုင်ရင် လုပ်နိုင်သလောက် အခွင့်အရေးပေးတာမျိုးဖြစ်စေချင်တယ်။

အသက်တွေရင်းတိုက်ရတဲ့စစ်ပွဲတွေကို သေမှာကြောက်ရက်နဲ့ ကိုယ်တိုင်လက်နက်ကိုင်တိုက်နေတိုက်ပွဲဝင်နေတယ်ဆိုတာ တော်ရုံသတ္တိမဟုတ်ပါဘူး။ ဒါ့ကြောင့် အမျိုးသမီးစစ်မေတွေကို ခွဲခြားပြီး မဆက်ဆံစေချင်ဘူး။ အားလုံးကို တန်းတူညီမျှ အခွင့်အရေးတွေနဲ့ ပါဝင်စေချင်ပါတယ်။

အမျိုးသမီးလိုဆိုရင် ဘယ်လိုနေထိုင်ရမယ်။ ဘာလုပ်တတ်ရမယ်စတဲ့ ကန့်သတ်ချက်တွေနဲ့ ရှင်သန်ခဲ့ရတယ်။ ဒါ့ကြောင့် အမျိုးသမီးနဲ့စစ်ရေးဟာ မဆိုင်ဘူးလို့အမြင်ရှိခဲ့တာပေါ့။ တစ်ကယ်တော့ အမျိုးသမီးတွေက စစ်ရေးအမြင်မရှိတာလည်း မဟုတ်ဘူး။ မလုပ်နိုင်တာလည်း မဟုတ်ဘူး။ လုပ်ခွင့်မရခဲ့တာပါ။

ဒါပေမဲ့ အမျိုးသမီးတွေဟာ ဒီကန့်သတ်မှုတွေကြားကနေ ထိုးဖောက်ပြီး သူတို့ရဲ့လုပ်နိုင်တဲ့စွမ်းအားကို ပြခဲ့ကြလို့ အခုဆို ရှေ့တန်းထွက်စစ်တိုက်နေတာ အမျိုးသမီးတွေပါ။ ကျနော်တို့ဆိုလည်း အမျိုးသားတွေနဲ့တန်းတူတိုက်ပွဲဝင်တယ်။ အသက် သေနိုင်တဲ့အထိအန္တရာယ်တွေနဲ့လည်း ကြုံခဲ့ရတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေရဲ့စွမ်းအားကို လေးစားပါလို့ပြောချင်တယ်။

ကျနော်တို့ အမျိုးသမီးတွေ အခုလိုရှေ့တန်းထွက်တိုက်တော့ ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုရင် တိုက်ပွဲအောင်မြင်မှု က ခပ်စိပ်စိပ်ရှိလာတယ်။ နောက်စစ်တပ်ကိုယ်တိုင် အမျိုးသမီးတွေဆိုပြီး ပေါ့ပေါ့လျော့လျော့မဆက်ဆံရဲဘူး။ ကျနော်တို့ T.R.G အမျိုးသမီးဒရုန်းအဖွဲ့နဲ့ တိုက်ရပြီဆိုရင် စစ်တပ်က သတိထားတာမျိုး၊ စစ်အင်အားတိုးတာတွေလုပ်လာတယ်ပေါ့။

နောက် စစ်တပ်ဘက်က အခုကြေညာထားတာက ကျားခင်စိန်တို့အဖွဲ့ကို ချေမှုန်းတော့မယ်ဆိုပြီး သတင်းတက်လာတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့အင်အားက စစ်တပ်ကိုတုန်လှုပ်စေတယ်ဆိုတာ ထင်ရှားတယ်။ ဒီအတွက် တိုက်ပွဲမှာ ဦးဆောင်တာဖြစ်ဖြစ်၊ ကျရာကဏ္ဍကနေ ပါဝင်တိုက်ခိုက်နေတဲ့အမျိုးသမီးတွေကို လေးစားတယ်။ ဘာလို့ဆို အမျိုးသားတွေအတွက်တောင် လုပ်ဖို့ခက်တဲ့တိုက်ပွဲတွေမှာ အမျိုးသမီးတွေက တိုးဝင်လုပ်နိုင်တယ်ဆိုတာ တစ်ကယ့်ကို ချီးကျူးလေးစားလောက်စရာပါပဲ။

ဘဝတူအမျိုးသမီးစစ်မေတွေကို ခွန်းအားပေးချင်တာက ကျနော်တို့ဒီအတိုင်းပဲ အရှိန်အဟုန်မြင့်ပြီး တိုက်ပွဲဝင်သွားကြပါ တယ်။ နောက်ကန့်သတ်ချက်တွေရှိတဲ့ကြားကနေ အခုလိုနေရာမျိုးအထိရောက်အောင် တက်လှမ်းနိုင်တဲ့အမျိုးသမီးစစ်မေ လေးတွေကိုလည်း ဂုဏ်ယူပါတယ်။

နောက်ဆုံးကတော့ အမျိုးသမီးလေးတွေအနေနဲ့ ကိုယ်ရဲ့မာန်မာနနဲ့ခွန်အားကို မလျော့ကြဖို့ ကျနော်ပြောချင်ပါတယ်။”

ကစ်ကစ် (ကရင်နီအမျိူးသားများကာကွယ်ရေးတပ်အမှတ်(၉)တပ်ရင်း (KNDF/B-09)၊ မြေပြင်ထောက်ပို့နဲ့ မြေပြင်မီဒီယာ)

“ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့အမျိူးသမီးများနေ့မှာ ပြည်သူတွေကို အဓိကပြောချင်တာက ကျွန်မအပါအဝင် ပြည်သူ တွေ အားလုံးညီညွတ်မှုစည်းလုံးမှုတွေဟာ ကောက်ရိုးမီးတောက်လိုဖြစ်ခဲ့တာကြောင့် နှစ်ပေါင်း၇၀ကျော်ထိ စစ်ကျွန်ဖြစ်ခဲ့ရတယ်။

ဒါပေမယ့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစပြီး လက်ရှိ ၂၀၂၃ ခုနှစ်ထိ အလွှာပေါင်းစုံ လူတန်းစားပေါင်းစုံ အသီးသီးကနေ ပြည်သူလူထုတွေပါဝင်လှုပ်ရှားပေးနေကြတာတွေ တွေ့မြင်ခဲ့ရတယ်။ဒါကြောင့်မို့ ခုလိုမျိုးကျွန်မတို့တွေ အားလုံးနဲ့တူတူ ဒီ စစ်ကျွန်စနစ်ကြီးကို တွန်းလှန်နေကြတဲ့ပြည်နယ်အသီးသီး၊တိုင်းဒေသအသီးသီးက ပြည်သူတွေကို များစွာဂုဏ်ယူလေးစား မိပါတယ်။

ကျွန်မတို့တပ်ရင်းတပ်ဖွဲ့မှာရှိကြတဲ့ အမျိုးသမီးတွေအားလုံးဟာ စစ်မြေပြင်နဲ့ အနီးကပ်နေရမှာ နေရတာများပါတယ်။ ဒါ ကြောင့် လက်နက်ပိုင်းမပြည့်စုံလို့ မြေပြင်မသွားရဘူးဆိုခဲ့ရင်တောင် မြေပြင်မှာအရေးပေါ် ဖြည့်တင်းရေးတွေမှာ အမျိုးသမီး တွေက တာဝန်ယူလုပ်ရပါတယ်။ တစ်ခါတစ်လေ ကြမ်းတမ်းတဲ့စစ်ဆင်ရေးတွေမှာ ပါဝင်ရလို့ အသက်သေမှာစိုးရိမ်မှု ရှိပေ မယ့် စစ်ဆင်ရေးမှာဘယ်တော့မှ လက်မလျော့ခဲ့ဘူး။

ဒီလိုတိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်နေတာဖြစ်လို့ အမျိုးသမီးနဲ့စစ်ရေးဟာ မသက်ဆိုင်ဘူးဆိုတဲ့ ဓလေ့အမှားကြီးကိုတော့ ကျမအနေနဲ့ လက်မခံနိုင်ပါဘူး။ ဘာလို့ဆို စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ အတော်များများမှာ အမျိုးသမီးတွေဟာ ရှေ့တန်းကမဟုတ်ရင်တောင် တစ်ထောင့်တစ်နေရာတော့ ပါဝင်နေတာဖြစ်တယ်။

ဒီတော်လှန်ရေးခရီးကြီးမှာဆိုရင်လည်း တစ်ချို့သောအမျိုးသားတွေ မလုပ်ဆောင်နိုင်တဲ့နေရာတွေမှာ အမျိုးသမီးတွေ ဦး ဆောင်လုပ်လာကြတာလည်းရှိတယ်။ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းလုပ်နေတဲ့ အမျိုးသမီးတွေရှိတာဖြစ်လို့ ဒီဓလေ့မှားကြီးကို လက်မခံနိုင်တာပါ။

အမျိုးသမီးတွေစစ်ပွဲထဲမှာ ပါဝင်ရတဲ့အခါ အကျိုးသက်ရောက်မှုဆိုတာထက် ကျွန်မအတွက်တော့ စိန်ခေါ်မှုက ပိုများပါ တယ်။ ဒါပေမဲ့ သေချာတာကတော့ အမျိုးသမီးတွေပါဝင်ရင် အောင်မြင်မှုကပိုများပါတယ်။

အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းတိုက်ခိုက်နေတဲ့အမျိူးသမီးတစ်ယောက်အနေနဲ့ တခြားသောတပ်ရင်းအသီးသီးမှ တိုက်ခိုက်ရေးအမျိုးသမီးတွေအားလုံးကို အမြဲတမ်းလေးစားမိပါတယ်။ ဆက်ပြီးတော့လည်း ရောင်နီသာမယ့်နေ့ရက်တွေ အထိ စစ်အာဏာရှင်စနစ်ဆိုးကြီးလက်အောက်က လွတ်မြောက်ဖို့အခက်ခဲပေါင်းစုံ စိန်ခေါ်မှုပေါင်းစုံတွေကို ရင်ဘောင်တန်း ဖြေရှင်းပြီးကာကွယ် တွန်းလှန်နေကြတဲ့ တိုက်ခိုက်ရေးအမျိုးသမီးအားလုံးကို ဒီနေ့မှာကျရောက်တဲ့အမျိုးသမီးများနေ့မှာ အလေးပြုပါတယ်။”

ထူးလေး ( သံတောင်ကြီးဒေသကာကွယ်ရေးတပ်မှ အမျိုးသမီးစစ်မေ ၊ ကရင်ပြည်နယ်)

“ နိုင်ငံတကာအမျိုးသမီးများနေ့မှမဟုတ်ဘူး။ နေ့ရက်တိုင်းမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့လုပ်ဆောင်နိုင်မှုစွမ်းအားတွေ၊ စွမ်းရည်တွေကို ဖော်ထုတ်ပြသပေးကြပါတယ်လို့ ပြောချင်တယ်။ ဘာလို့ဆိုရင် အမျိုးသားတွေက အမျိုးသမီးတွေကို မှီခို တတ်သူတွေလို့ မြင်ကြတယ်။ အဲ့ဒါကြီးကို မခံချင်လို့ပါ။

နောက်အစွမ်းအစရှိတဲ့ အမျိုးသမီးတွေကို ဘယ်လိုအကြောင်းကြောင်းကြောင့်နဲ့မှ တိုက်ခိုက်ရေးထဲလိုက်ဖို့ မချန်ထားစေ ချင်ဘူး။ သူတို့လည်း အသွေးအသားနဲ့လူဖြစ်လို့ သူတို့အသက်တောင်မနှမြောဘဲ တိုက်ခိုက်ရေးထဲဝင်လာတာဟာ နောက် နေပြီး ထောက်ပို့ပေးချင်လို့မဟုတ်ဘူး။ အဲ့တော့ တိုက်ခိုက်ရေးမှာ ယောကျာၤးဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လုပ်နိုင်ရင် လုပ်နိုင်သ လောက်နေရာပေးသင့်တယ်။ သူတို့ခွန်အားလည်း အလကားမဖြစ်တော့ဘူးပေါ့။ တော်လှန်ရေးအတွက်လည်း အကျိုးရှိပါ တယ်။ ဒါ့ကြောင့် အမျိုးသမီး၊ အမျိုးသားရယ်မခွဲဘဲ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး တိုက်ခိုက်ရေးမှာပါဝင်သင့်တယ်လို့ မြင်တယ်။

ကျမတို့အမျိုးသမီးတွေရဲ့အခွင့်အရေးဟာ မွေးလာကတည်းက ဆုံးရှုံးရတယ်လို့မြင်တယ်။ ကျမတို့အသက်ငယ်ငယ်နဲ့ အိမ် ထောင်ပြုခဲ့ရတော့ ရည်မှန်းချက်၊ ဘဝအိပ်မက်ဆိုတာ ဘာမှန်းမသိခဲ့ရဘူး။ အိမ်ထောင်ကွဲတော့လည်း ကလေးအမေဖြစ် လို့ စစ်ထဲမဝင်ရဘူးဆိုရင်တော့ ကျမစွမ်းရည်တွေဆုံးရှုံးကုန်မှာပေါ့။

ဒါ့ကြောင့် အခုကတည်းက အမျိုးသမီးနဲ့ စစ်ရေးမဆိုင်ဘူးဆိုတဲ့အယူအဆကို ဒီတော်လှန်ရေးမှာ မဖယ်ရှားနိုင်ဘူးဆိုရင် အမျိုးသမီးတွေဟာ ဆက်ပြီးဖိနှိပ်ခံနေရမယ့်အခြေအနေပါ။ ကျမကတော့ ဒီအယူအဆကိုအလိုမရှိဘူး။ ကျားနေနေ၊ မနေနေ သူ့အသက်တောင်မနှမြောဘဲ တိုက်ပွဲထဲဝင်လာနိုင်တာကို ချီးကျူးကြိုဆိုရမှာဖြစ်တယ်။

အမျိုးသမီးတွေစစ်ပွဲထဲ ကိုယ်တိုင်ပါဝင်တိုက်ခိုက်နေတဲ့သူတွေရှိပါတယ်။ ကျမအရမ်းအားကျတယ်။ သူတို့ တိုက်ပွဲထဲပါ တော့ အောင်မြင်မှုပိုရတာပေါ့။ တစ်ဖက်မှာလည်း အမျိုးသားတွေက တိုက်၊ ဒီဘက်မှာလည်း အမျိုးသမီးတွေက တိုက်ရင် ရန်သူမခံနိုင်ဘူး။ ခဏလေးနဲ့ပြေးမှာသေချာတယ်။ အဲ့တော့ အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေရဲ့စွမ်းအားကို ယုံ ကြည်ပါ။ အားပေးပါလို့ ပြောချင်တယ်။

ကျမကတော့ တိုက်ခိုက်ရေးထဲသိပ်မလိုက်ရပါဘူး။ ဒါပေမဲ့ ရှေ့တန်းမှာ ဦးဆောင်တိုက်နေတဲ့အမျိုးသမီးတွေကိုတော့ အား ကျတယ်။ လေးစားဂုဏ်ယူပါတယ်။ နွေဦးတော်လှန်ရေးရဲ့သူရဲကောင်းလို့ မှတ်ချက်ပေးချင်ပါတယ်။”

မိုနာ (အမျိုးသမီးစစ်မေ ၊ ချင်းဒေသကာကွယ်ရေးတပ်-CDF အဖွဲ့ဝင်)

“ နိုင်ငံတကာအမျိုးသမီးများနေ့မှာ တော်လှန်ရေးထဲပါဝင်နေတဲ့အမျိုးသမီးတွေကို အားမလျော့ကြပါနဲ့။ တော်လှန်ရေး အတွက် ကိုယ်ပါဝင်နိုင်တဲ့နေရာကနေ ပါဝင်ကြပါလို့ပြောချင်ပါတယ်။ ဘာလို့ဆို တော်လှန်ရေးကနှစ်ချီကြာလာတော့ အ ဘက်ဘက်မှာ ပင်ပန်းနေကြပြီလို့ အခုလိုပြောတာပါ။

အာဏာရှင်ကိုတော်လှန်တဲ့နေရာမှာ အမျိုးသမီးတွေဟာ အသက်အရွယ်မျိုးစုံပါဝင်ကြသလို တချို့ဆို သက်ကြီးရွယ်အို မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေအထိ ပါဝင်ကြတယ်။ သူတို့ဟာ သေမှာကြောက်ရက်နဲ့ တိုက်ပွဲတွေ ဝင်နေတယ်ဆိုတာ ဒီ တော်လှန်ရေးအောင်မြင်ချင်လို့ပါပဲ။

ဒါကို အခွင့်အရေးမပေးဘဲ တိုက်ခိုက်ရေးတွေမှာ အမျိုးသမီးတွေကို ချန်ထားမယ်။ အထင်သေးနှိမ့်ချမယ်ဆိုရင် ဒီတိုက်ပွဲ ဟာ အောင်ပွဲနဲ့ဝေးသွားလိမ့်မယ်။ အားလုံးစည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့သွားမှအောင်မြင်မှာ။ အဲ့တော့ ဒီအချိန်မှာ ဘာလို့ခွဲခြားတာတွေထားနေမလဲ။ လူအားလုံးမှာ သူ့အစွမ်းအစနဲ့ သူရှိပါတယ်။ တချို့အမျိုးသမီးတွေဆို အမျိုးသားတွေ အံ့သြလောက်အောင်ထိ တိုက်ခိုက်မှုမှာရော၊ စစ်ရေးဗျူဟာတွေမှာကောင်းကြတယ်။ သူတို့လိုအမျိုးသမီးတွေဆို တိုက်ပွဲထဲ မှာ လိုကိုလိုအပ်ပါတယ်။

အမျိုးသမီးနဲ့စစ်ရေးဟာ မဆိုင်ဘူးဆိုတဲ့ အယူအဆတွေကတော့ အရင်ကတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ၂၁ ရာစုမှာတော့ အဲ့ဒါက မှေးမှိန်ပျောက်သလောက်ရှိနေပြီ။ အထူးသဖြင့် ဒီနွေဦးတော်လှန်ရေးမှာတော့ အမျိုးသမီးတွေရဲ့ပေးဆပ်၊ လုပ် ဆောင်နိုင်မှုက ထင်မှတ်ထားတာထက်ပိုအစွမ်းထက်လာတယ်။ ဒီတော်လှန်ရေးကြီးအောင်မြင်သွားရင်တော့ ဒီအယူအဆ လည်းတစ်ခါထဲ ပျောက်သွားမယ်လို့ထင်ပါတယ်။

အမျိုးသမီးတွေ တိုက်ခိုက်ရေးထဲပါတော့ အင်အားတွေပိုထွက်လာတယ်။ ဒီတော့ အောင်မြင်မှုနဲ့ ပိုနီးလာတယ်လို့ထင်ပါ တယ်။ နောက်စစ်တပ်ဟာ အမျိုးသမီးတွေကို အထင်မသေးရဲတော့ဘူး။ တော်လှန်ရေးမှာ လက်နက်ကိုင်တိုက်နေတဲ့ ရှေ့တန်းရောက်အမျိုးသမီးတွေကိုတော့ တိုင်းပြည်ရဲ့အာဇာနည်တွေလို့ မှတ်ချက်ပေးချင်ပါတယ်။”

ရဲမေပူတူး (ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ထုတ်လုပ်ရေးတပ်သား)

“ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ပြည်သူတွေကိုပြောချင်တဲ့စကားကတော့ အကြောက်တရားကိုပယ်ပြီး အမှန်တရား ဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ပေးကြပါ။ တော်လှန်ရေးမှာနိုင်ရာဝန်ထမ်းပေးကြပါ။

တိုက်ပွဲတွေမှာ အားနည်းချက်အမျိူးမျိုးကြောင့်အမျိုးသမီးတွေကိုထားခဲ့တာ အပြစ်တစ်ခုလို့မထင်ပါဘူး။ ဒါပေမဲ့ တိုက်ခိုက် ရေးလုပ်ချင်တဲ့အမျိုးသမီးရဲမေတွေအတွက်တော့ ဘေးအန္တရာယ်နည်းမယ့်တိုက်ခိုက်ရေးတွေမှာ ပါဝင်နိုင်အောင်ဖန်တီးပေး သင့်ပါတယ်။ တစ်ဖက်မှာလည်း လက်နက်အင်အားမလုံလောက်မှုအပေါ်နားလည်ထားဖို့လည်းလိုပါတယ်။

အမျိုးသမီးအများစုဟာ အမျိုးသားတွေထက် နှလုံးသားပိုနူးညံ့တဲ့အတွက် အခုလိုတိုက်ခိုက်ရေးတွေမှာ မပါဝင်လိုကြဘူး။ ဒါပေမဲ့ တစ်ဘက်ရန်သူစစ်တပ်ကတော့ ယောကျာၤး၊ မိန်းမ မခွဲခြားဘဲ ကြမ်းတမ်းရက်စက်နေတော့ ကိုယ်မသတ်လည်း သူတို့က ပြန်သတ်မယ့်အခြေအနေတွေကြောင့် အခုလိုသက်တွေစွန့်တိုက်ခိုက်နေတာဖြစ်တယ်။

စစ်သားတွေက အမျိုးသမီးအင်အားကိုကြောက်လာတာပေါ့။ ဒါကအမျိုးသမီးတွေစစ်ပွဲမှာ ပါလာလို့ရတဲ့အကျိုးကျေးဇူးပါပဲ။”

Author:

Related Articles