Ring
မြစ်ကြီးနားမြို့ရဲ့ အေးချမ်းလှတဲ့ ဆောင်းရာသီရဲ့ အာရုဏ်ဦးမှာ မနှင်းဆီတယောက် အအေးဒဏ်ကို အံတုရင်း မိသားစုဝမ်းရေးအတွက် ဆိုင်ကယ်လေးနဲ့ ဈေးပတ်ရောင်းဖို့ ထွက်လာပါတယ်။
အသက် ၃၀ အရွယ်ခန့်ရှိပြီး လှပတဲ့ မနှင်းဆီဟာ သားသမီး နှစ်ဦးရှိပြီး မိသားစုဝမ်းရေးဖြေရှင်းဖို့ အတွက် အိမ်ထောင်ဦးစီးတာဝန်ကို ခင်ပွန်းမရှိဘဲ တစ်ဦးတည်း တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။
“မိသားစုက အဆင်မပြေတော့ ပိုက်ဆံရှာချင်တာတစ်ခုပဲ သိတယ်လေ … တခြားမိန်းကလေးတွေကို ကိုယ့်လိုမဖြစ်စေချင်တော့ဘူး” လို့ပြောပြီး မနှင်းဆီက သူမဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေ၊ အခက်အခဲတွေကို ပြောပြပါတယ်။
မနှင်းဆီဟာ ငယ်ဘဝကတည်းက ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူ တစ်ဦးဖြစ်ပြီး ငယ်ရွယ်စဉ် ကလေးဘဝမှာ မိဘနဲ့မနေရတဲ့အပြင် မိဘနှစ်ပါးက မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထောင်ကျနေတာ ကြောင့် မနှင်းဆီရဲ့အဒေါ်ဖြစ်သူ လက်ထဲမှာ ကြီးပြင်းလာရပါတယ်။ မနှင်းဆီသုံးတန်းအရွယ်လောက် မှာ အမေက ထောင်ကထွက်လာတော့ မိခင်နဲ့အတူ အိမ်စီးပွားရေးအတွက် ရုန်းကန်ခဲ့ပါတယ်။
“အမေနဲ့အတူနေတယ်။ စုဆောင်းထားတာလည်းမရှိတော့အဆင်မပြေဘူး … အမေနဲ့တန်းတူ ရွှေကျင် တယ်။ ငါးရှာတယ်…။ ယောက်ျားလေးလုပ်တဲ့ သဲကျောက်တင်တာကအစ အလုပ်မှန်သမျှအကုန်လုပ် တယ်…။ အမေငါးဖမ်းရင်ငါးရောင်းကူတယ် “ လို့ပြောပြပါတယ်။
မနှင်းဆီ ငါးတန်းလောက်အရွယ်မှာ အဖေဆုံးပြီး မောင်လေးနဲ့ညီမလေးကိုငဲ့တဲ့အနေနဲ့ ကျောင်းထွက် လိုက်ပါတယ်။
ဒီလိုနဲ့ သူမအသက် ဆယ့်ငါးနှစ်လောက်အရွယ်မှာ အဆင်မပြေမှုတွေ ဆက်တိုက်များလာတော့ တရုတ် နိုင်ငံ ရွှေလီဘက်ကို အလုပ်သွားလုပ်ဖို့ အရဲစွန့် ဆုံးဖြတ်လိုက်ပါတယ်။
“သူငယ်ချင်းတွေနဲ့ ရွှေလီဘက်မှာ အလုပ်လုပ်ဖို့ သူငယ်ချင်းအကူအညီနဲ့ မောင်တွေ၊ ညီမတွေ ကျောင်း ကောင်းကောင်းတက်ရဖို့ သွားလိုက်တယ်” လို့ပြောပြပါတယ်။
ဖခင်ဆုံးပြီးနောက် မိခင်နဲ့အတူ ရရာအလုပ်လုပ်ပြီး မောင်လေးတွေ၊ ညီမလေးတွေ ကျောင်းကောင်း ကောင်းထားနိုင်ဖို့ ကြိုးစားရုန်းကန်နေတဲ့ မနှင်းဆီဟာ သူမယုံကြည်ရတဲ့ တရပ်ကွက်ထဲနေ ကျောင်းနေ ဖက် သူငယ်ချင်းတစ်ဦးရဲ့ အကူအညီနဲ့ တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအလုပ်ရပြီ ထင်ပြီး အစပိုင်းမှာ ပျော်နေခဲ့ပါတယ်။
“သူငယ်ချင်းက နင်ဒီအတိုင်းပဲဆက်နေတော့မလား။ ဒီတိုင်းပဲဆက်နေလို့မဖြစ်ဘူး…။ သူငယ်ချင်းဆို ပေမဲ့ ကိုယ်နဲ့ကျောင်းနေဖက်သူငယ်ချင်းဆိုတော့ သူ့အစ်မက ရွှေလီဘက်မှာ စားသောက်ဆိုင်ဖွင့်ထား တယ်ပေါ့။ ကိုယ်က စားပွဲထိုးပေးရုံပဲပေါ့ အလုပ်ရပြီထင်နေတာ အစက” လို့ဆိုတယ်။
ကံဆိုးချင်တော့ မနှင်းဆီဟာ သူငယ်ချင်းကနေတစ်ဆင့် တရုတ်နိုင်ငံမှာ ရောင်းစားခံလိုက်ရတာ ဖြစ်ပါတယ်။
မနှင်းဆီကို ခေါ်သွားချိန်မှာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားမြို့မှာ တစ်ညအိပ်ခိုင်းပါတယ်။ အဲ ဒီနောက် မူဆယ်ဖက်ကိုကားနဲ့ပို့ပြီး အဲ့နေရာကနေတဆင့် ကြယ်ဂေါင်ကို လူမှောင်ခိုဂိုဏ်းနဲ့သွင်းပြီး မနှင်းဆီကို ရောင်းစားလိုက်ကြပါတော့တယ်လို့ မနှင်းဆီက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သူမကြုံတွေ့ ခဲ့ရတဲ့ အိမ်မက်ဆိုးကိုပြောပြပါတယ်။
မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုများ၊ ပြည်တွင်းစစ်ဘေးဒဏ်များ၊ ချွတ်ခြုံကျမှုများနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတို့ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးခံရမှုများသည် ပုံစံအမျိုးမျိုး ရှိသော်လည်း မနှင်းဆီကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းကို ဗန်းပြပြီး တရုတ်နိုင်ငံသို့ လူကုန်ကူးခံရ သည့်အမှုက ၈၀ ရာခိုင်နှုန်းနှင့် အများဆုံးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်များအရ သိရှိရ သည်။
၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် တရုတ်နှင့် ဂျပန် နိုင်ငံအပြင် အိုမန်၊ ယူအေအီးနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူ မြန်မာအမျိုးသမီးအများစု လူ ကုန်ကူးခံနေရဆဲဖြစ်သည်။
မနှင်းဆီသည် ဝယ်သူတရုတ်များ၏ လက်ထဲတွင် တစ်လနီးပါးကြာခဲ့ပြီး လိင်ဖျော်ဖြေရေးလုပ်ငန်းများ တွင် သူမကို ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်းသိရသည်။
“အစ်မကိုရောင်းပြီး ပိုက်ဆံကို တစ်ခါတည်း ချေလိုက်တာ။ ဘယ်လောက်နဲ့ ရောင်းလဲဆိုတာတော့ မသိ ဘူး။ ရောင်းစားခံရတဲ့အခါမှာ တစ်ယောက်နဲ့ဆက်ဆံရတာမဟုတ်ဘဲ အများနဲ့ဆက်ဆံရတဲ့အထဲမှာ ပါ သွားတာ။ ကိုယ်မသွားချင်ဘူး၊ မလုပ်ချင်ဘူးဆိုရင်မရဘူး။ သူတို့က ရိုက်နှက်တယ်။ တချို့မိန်းကလေး တွေကျတော့ လူသုံးတအားများလာပြီး နောက်တော့ အသုံးမ၀င်တော့ရင်၊ ပြန်ရောင်းစားလို့မရရင် မျှော့စာကျွေးလိုက်တာ။ ပြီးတော့ သွေးဝနေတဲ့မျှော့တွေကို စျေးကွက်ထဲပြန်ရောင်းတာမျိုးရှိတယ်”လို့ မနှင်းဆီက ဖြတ်သန်းခဲ့ရတဲ့ ဆိုးရွားလှတဲ့ ဘ၀နေ့ရက်များကို ပြောပြပါတယ်။
ဆက်လက်ပြီး မနှင်းဆီက ဘဝတူမိန်းကလေးတွေရဲ့ အကြောင်းကိုပြောပြပါတယ်။ “ပုံစံခွက်ထဲမှာနေရ တာဆိုတော့ နေရာတိုင်းမှာ CCTV camera တွေ တပ်ထားပြီးတာ။ မိန်းကလေးတွေ တော်တော်များ များက လုပ်သက်ကြာလာမှ အပြင်ထွက်ခွင့်ရတယ်။ ပြန်ခွင့်တော့မရဘူး” လို့ သိရပါတယ်။
မနှင်းဆီရဲ့မိခင်ကြိုးပမ်းမှုကြောင့် လူကုန်ကူးသူတွေလက်ထဲကနေ ၂၀၀၇ ခုနှစ်မှာ လွတ်မြောက်လာခဲ့ပါ တယ်။
“အိမ်မပြန်ရသေးတဲ့ မိန်းကလေးတွေလဲ အများကြီးရှိသေးတယ်။ အမေကကျတော့ အရင်က နံပါတ် ဖိုးမှုနဲ့ကျဖူးတော့ ဒီအမှုတွဲကို ဘယ်လိုလိုက်ရင်ရတယ်ဆိုတာ သိတယ်လေ။ အမေကချက်ချင်းလိုက် တော့ ချက်ချင်းရလာတာ” လို့ပြောပြပါတယ်။
လူကုန်ကူးသူများ၏ လက်ထဲမှလွှတ်မြောက်လာခဲ့သော်လည်း မနှင်းဆီတွင် ခုခံအားကျဆင်းမှုရောဂါ၏ လက္ခဏာ နှစ်နှစ်ခန့်အကြာတွင် ပေါ်လာခဲ့သည်။
မနှင်းဆီဟာ သူမရဲ့နေရပ်ရင်း အိမ်ကိုပြန်ရောက်စမှာတော့ ရောဂါလက္ခဏာမပေါ်သေးပါဘူး။ သူမဟာ လောင်းကစားပွဲတွေမှာ ပိုက်ဆံအလျော်အစားလိုက်တဲ့ လုပ်ငန်းကိုဝင်လုပ်ရင်း လုပ်ငန်းခွင်ပြန်ဝင်ပါ တယ်။ လုပ်ခကြေးအနေနဲ့ တစ်နေ့ကို ၆ထောင်ကျပ်ရရှိပါတယ်။ အဲ့လိုလုပ်ကိုင်နေရင်း နှစ်နှစ်လောက် အကြာမှာ အိပ်ရေးပျက်ပြီးအားနည်းလာတဲ့အချိန်မှာ ခုခံအားကနည်းလာပြီး ရောဂါလက္ခဏာ စပြလာ ပါတော့တယ်။ အစားအသောက်ပျက်တာ၊ စားတိုင်းအန်တာဖြစ်ပြီး နေမကောင်းစဖြစ်လာတာကြောင့် မနှင်းဆီက ဆေးခန်းသွားပြီး သွေးစစ်၊ ဆေးစစ်မှုတွေ လုပ်ပါတယ်။
“ဆေးခန်းသွားတော့ မနက်စစ်ပြီးညနေမှာ ဆေးရလာဒ်သိခဲ့တယ်။ စိတ်ဓာတ်ကတော့ အရမ်းကျသွား ခဲ့တယ်။ ကိုယ်ဖြစ်တာတော့ သိတယ်။ ဒါပေမဲ့အခုလိုကြီး လက္ခဏာပြလာတော့ မယုံနိုင်တော့ဘူး။ ညရောက်တာနဲ့ ငိုပြီ။ အမေကိုလည်း မျက်နှာမပြရဲဘူး။ အမေသမီးမနေချင်တော့ဘူး သမီးကိုတစ်နေရာ ပို့လိုက်တော့။ သမီးဆက်နေရင် အမေတို့နာမည်ပျက်လိမ့်မယ်။ အရမ်အားငယ်ပြီး ကိုယ့်ကိုကိုယ် သတ် သေချင်စိတ်ပေါက်တဲ့အထိဖြစ်ခဲ့တယ်” လို့ ပြောပြတယ်။
ဒါပေမယ့် မိသားစုရဲ့အားပေးမှု၊ ဖေးမမှုတွေနဲ့ မနှင်းဆီတယောက် ဇွဲမလျှော့ဘဲ ART (Antiretroviral Therapy) ဆေးသောက်ရင်း နေပူပူ၊ မိုးရွာရွာ ဘဝကိုကြိုးစားရုန်းကန်ခဲ့ပါတယ်။
ART ဆေးဆိုတာ HIV ပိုး ထိန်းချုပ်ကုသတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သွေးထဲမှာ HIV ပိုးကို ဆက်လက်မပွားအောင် ထိန်းချုပ်ပေးနိုင်တဲ့ ဆေးဖြစ်ပါတယ်။ ART ဆေးကို စနစ်တကျ နေ့ စဉ်ပုံမှန်၊ အချိန်မှန် သောက်သုံးပြီး ပိုးကောင်ရေကို ထိန်းချုပ်သွားနိုင်တဲ့အခါ သာမန် လူတစ်ယောက်လို မျိုး ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ပါတယ်။
ART ဆေးကို ပုံမှန်သောက်ပေးပြီး ရောဂါပိုးကိုထိန်းထားနိုင်ရင် ကိုယ့်ရဲ့လက်တွဲဖော်၊ အိမ်ထောင်ဖက်နဲ့ ကလေးကို ကူးစက်နိုင်ခြေ အလွန်နည်းသွားပါတယ်။ ART ဆေးဟာ နေ့စဉ် အချိန်မှန်မှန် သောက်ပေးရ မယ့်ဆေးဖြစ်ပြီး တစ်ရက်မှ ပျက်ကွက်လို့မရပါဘူး။ ART ပျက်ကွက်ခဲ့တဲ့ ရက်တွေ၊ အချိန်နောက်ကျမှ သောက်မိတာတွေ များလာတဲ့အခါမှာ ပိုးဟာဆေးယဉ်ပါးသွားနိုင်ပြီး ဆေးမတိုးတဲ့ ပြဿနာတွေဖြစ် လာနိုင်ပါတယ်။
“ဘာလို့လောကကြီးကိုအရှုံးပေးရမှာလဲ ဆိုပြီးမှ ပိုက်ဆံပြန်ရှာတာ။ ကျွန်မအလုပ်ကို တအားလုပ် တယ်။ သူများတွေအလုပ်ကို သုံးနာရီလေးနာရီလောက် တနေ့လုပ်ရင် ကျွန်မက ၇ နာရီ ၈ နာရီလောက် လုပ်တယ်။ ကိုယ်ဖြစ်နေတဲ့ပုံစံမျိုးနဲ့ဆိုတော့ ကျွန်မလည်း အလုပ်ပိုလုပ်တယ်။ အဆင်ကတော့ ပြေလာ ပါတယ်။ သူများနဲ့တန်းတူမနေနိုင်ရင်တောင် စားနိုင်သောက်နိုင်လာတယ်” လို့ပြောပြတယ်။
ကံတရားရဲ့ အလှည့်အပြောင်းကြောင့် မနှင်းဆီတယောက် အလုပ်လုပ်ကိုင်ရင်း အမျိုးသားတစ်ဦးနဲံ ဖူးစာဆုံပြီး အိမ်ထောင်ကျခဲ့တယ်။ မိသားစုထက် အခြားအရာတွေကို ဦးစားမပေးတော့ဘူးလို့ ဆုံးဖြတ် ထားပေမယ့်လည်း သူမမှာ ရောဂါရှိတာကိုတောင် လက်ခံပြီးချစ်တဲ့အတွက်ကြောင့် လက်ထပ်ဖို့ ဆုံး ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားက မူးယစ်ဆေးဝါးသုံးစွဲလို့ အိမ်ထောင်ရေးမပြေလည်မှု တွေ ဖြစ်လာခဲ့ပါတယ်။
“ကောင်လေးကဆေးစွဲမှန်း ကျွန်မမသိဘူး။ ယူလည်းယူပြီးရော သူကမကြာဘူး ဗီဇတွေကပြလာပြီ။ နံပါတ်ဖိုးတွေသုံးလာတယ်။ ကိုယ်ကံကောင်းလှပြီလာလို့တွေးတော့လည်း ကံမကောင်းပြန်ဘူး” လို့ ဆိုတယ်။
“အမျိုးသားက ကျွန်မကလေးမွေးတာတောင်မှ ကျွန်မအနားမှာမရှိဘူး။ ပြောမယ်ဆိုရင် သူက နံပါတ် ဖိုးပဲ သုံးနေတဲ့အခါကျတော့ ကျွန်မအကြီးကောင်မွေးတဲ့အခါမှာ အမျိုးသားကရောက်မလာဘူး။ ပိုက် ဆံလည်း တစ်ကျပ်မှမရှိဘူး” လို့ပြောပြတယ်။
မနှင်းဆီဟာ အဲ့လိုအခြေအနေမှာ ဘဝရဲ့အခက်အခဲ ငရဲကို နောက်ထပ်တစ်ကြိမ် ဖြတ်သန်းရပြန်ပါ တယ်။ ထမင်းငတ်ခဲ့ရတဲ့ နေ့တွေလည်းရှိပါတယ်။ ကလေးနို့တိုက်နေတဲ့အချိန်မှာတောင် ထမင်းကို နပ် မှန်အောင် မစားရဘဲနေခဲ့ရပါတယ်။
“ကျွန်မကို ရောဂါရှိတာကိုယူပေးခဲ့လို့ ကျွန်မသည်းခံတယ်။ အငယ်မလေးဆက်မွေးတယ်။ အငယ် မလေး ဗိုက်သုံးလလောက်မှာ သူကတော်တော်လေးကို ဆိုးရွားလာတယ်။ ပြုပြင်ပေးတယ်၊ မရဘူး။ သူကြိုက်တာတွေ သူပြန်လုပ်တယ်။ မထူးတော့ဘူးဆိုပြီး ကျွန်မ သူနဲ့ဆက်မပေါင်းတော့ဘူး” လို့ ဆို တယ်။
မနှင်းဆီက လက်ရှိမှာ ဆိုင်ကယ်နဲ့ နေ့စဉ် ဈေးရောင်းပြီး အိမ်ထောင်ဦးစီးတာဝန်နဲ့ မိသားစုတာဝန်နှစ်ခု ကို တစ်ဦးတည်းတပြိုင်နက် ထမ်းရွက်နေသူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှာ မိသားစုဝမ်းရေး အတွက် ပိုမိုကြပ်တည်း ခက်ခဲလာကြောင်းပြောပြခဲ့ပါတယ်။
“အခုစျေးရောင်းနေတာက မြတ်လို့ရောင်းနေတာမဟုတ်ဘူး။ အိမ်မှာစားရရုံပဲ။ ကလေးတွေကများ တယ်လေ။ ကျွန်မကလေးကနှစ်ယောက်၊ တူ၊တူမတွေက ငါးယောက်။ ကျွန်မကအနီးကပ် အိမ်ထောင် ဦးစီးလိုနေရတော့ တစ်ခြားကလေးတွေစားရပြီး သူတို့မစားရရင် စိတ်ကမကောင်းဘူး။ ရှာတယ်၊ ဖွေ တယ်။ အခုအချိန်ထိတော့ ငတ်တာရယ်မျိုးမရှိဘူး။ ကြိုးစားရှာတယ်၊ အကြွေးတွေယူတယ်။ တစ် သိန်းရင်းပေမဲ့ တစ်သိန်းပြန်မရဘူး” လို့ ပြောပါတယ်။
မနှင်းဆီက သူများမိန်းမတွေလိုမျိုး ယောက်ျားပစ်သွားလို့ စိတ်ပျက်အားငယ်မနေဘဲ၊ အ၀တ်လျှော်၊ အိမ်သန့်ရှင်းရေးနဲ့ အောက်ခြေသိမ်းအလုပ်များပါမကျန် လုပ်ကိုင်ပြီး အမျိုးသားဘက်က ထောက်ပံ့ ကြေးငွေမယူဘဲ မနှင်းဆီဘာသာ ရုန်းကန်ကျွေးမွေးကြောင်းကိုလည်း ဆက်ပြောပြခဲ့ပါတယ်။
“ကျွန်မဘာသာ ကျွန်မရုန်းကန်စားတယ်။ ကျွန်မမာနနဲ့ ကျွန်မရှိတယ်။ ကိုယ်ကဘာလို့ မလုပ်နိုင်ရမ လဲ။ ယောက်ျားပစ်သွားလို့ စုတ်တိစုတ်ပဲ့နဲ့ ကျွန်မလုံးဝမနေဘူး။ သူများတွေလို မဝတ်နိုင်၊ မစားနိုင်ရင် တောင် သန့်သန့်ပြန့်ပြန့်နေတယ်” လို့ မနှင်းဆီကစိတ်ပြတ်သားစွာနဲ့ ပြောပြပါတယ်။
မနှင်းဆီရဲ့ မိခင်ကတော့ မနှင်းဆီဟာ မိသားစုအပေါ် ဘယ်လိုသိတတ်ပြီး တာဝန်ကျေတဲ့ သမီးကောင်း တယောက်ဖြစ်တယ်ဆိုတာ အခုလိုပြောပြပါတယ်။
“အခုနေတဲ့ အိမ်ကလေးကိုလည်း သူပဲဦးဆောင်ပြီးဆောက်ထားပေးတာ။ မနှင်းဆီလေးကတော့ မွေး ချင်းတွေအားလုံးထဲမှာ အတော်ဆုံးနဲ့ အားအကိုးရဆုံးပဲ။ တူနဲ့တူမလေးတွေကိုလည်း သူပညာမတတ် လို့ ဒီလိုစော်ကားခံရတာဆိုပြီး ကျောင်းထားပေးခဲ့တယ်။ အမေကိုလည်း မျက်နှာမငယ်အောင် ရှာ ကျွေးတယ်။ တစ်ခါတစ်လေ အမေတစ်ယောက်အနေနဲ့ သူပင်ပန်းနေတာ မကြည့်ရက်ဘူး။ ကျွန်မမွေး ထားတဲ့ကလေး ဘာပဲဖြစ်နေ၊ ဖြစ်နေ မစွန့်ပစ်ရက်ဘူး။ ဖြစ်ချင်တာဖြစ်” လို့တုန်ရီနေတဲ့အသံတွေနဲ့ ပြောပြပါတယ်။
မိသားစု ဝမ်းရေးအတွက် အလုပ်ညပိုင်းဆင်းရတဲ့အခါတွေမှာ ဆေးသောက်ချိန်လွန်တဲ့ အကြောင်းတွေ ကိုလည်း ပြောပြပါတယ်။ မနှင်းဆီက ဆေးသောက်တဲ့အခါကြုံတွေ့ရတဲ့ အခက်အခဲကိုလည်း အခုလို ပြောပြပါတယ်။
“သူများအလုပ်ကိုလုပ်တယ်ဆိုတော့ ကိုယ်ဆေးသောက်တာကိုလည်း သိလို့မဖြစ်ဘူးလေ။ သိလို့ ရှိရင် တော်ရုံတန်ရုံ တချို့လူတွေကျတော့ နားလည်ပေးတဲ့သူတွေရှိပေမဲ့ နှိမ်ချချင်တဲ့သူတွေလည်း ရှိတယ် လေ။ သူများမသိအောင် ပုန်းကွယ်ပြီးသောက်ရတာရှိတယ်” လို့ ပတ်ဝန်းကျင်မှာ ရင်ဆိုင်ရတဲ့ သူမရဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
အရင်က မနှင်းဆီဟာ ART ဆေးကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO ဆေးခန်းတစ်ခုမှာ အဆင်ပြေ ပြေ ထုတ်ယူနိုင်ခဲ့ပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက် အဆိုပါ ဆေးခန်းမှာ ပုံမှန်ဆေးထုတ်ဖို့ ခက်ခဲလာကြောင်း ပြောပြပါတယ်။
“အခုက အစိုးရဆေးရုံ၊ ဆေးရုံကြီးမှာ သွားပြောင်းသွားထုတ်ရမှာ။ ဆေးက အလကားပေးတာ။ ဒါပေမဲ့ အခုစစ်အာဏာရှင်လက်ထက်မှာ အစိုးရပြောင်းသွားတော့ ဆေးသွားထုတ်ဖို့ရာ အဆင်ကမပြေဘူး။ ကိုယ်အရင်က ဆေးထုတ်လာခဲ့တဲ့ ဆရာတွေ၊ ဆရာမတွေက ကိုယ့်ကိုနားလည်မှုပေးတယ်လေ။ တွေ့လို့ ရှိရင်တောင်ဖော်ဖော်ရွေရွေနဲ့ နှိမ်တဲ့ဆက်ဆံရေး ဆိုတာမရှိဘူး။ အခုအစိုးရအသစ်တက်သွားတော့ ဟို ဘက်ကိုပြန်သွားထုတ်ရမှာ နည်းနည်းတော့ကြောက်တယ်။ ကိုယ့်မှာရောဂါရှိတယ်ဆိုတော့ ကိုယ့်ကို များ နှိမ်ချပြောမလား စိုးရိမ်တယ် ”
သူမအနေနဲ့ တခါတရံမှာ စိတ်ပင်ပန်းလို့ ဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်တွေ ပေါ်ပေါက်ကြောင်း မနှင်းဆီက သူမရဲ့ စိတ်ပျက်အားငယ်ရမှုတွေကိုလည်း ရင်ဖွင့်ပါတယ်။
“ဒါပေမဲ့ သေချင်သလားဆိုတော့လည်း ခဏပဲ။ ကိုယ့်သားသမီး၊ ကိုယ့်မိသားစုအတွက် ချက်ချင်းကိုယ် လုပ်စရာ ရှိတဲ့အလုပ်ကို တောက်လျှောက် တန်းပြန်လုပ်တယ် ”
မိသားစုတာဝန်ကို ထမ်းပိုးထားရတဲ့ မနှင်းဆီအနေနဲ့ နေမကောင်းဖျားနာတဲ့ ရက်တွေမှာတောင် အလုပ် မနားရဲပါဘူး။ စျေးထွက်ရောင်းတာ မနားရပါဘူး။ သူမအလုပ်တစ်ရက်နားလိုက်တာနဲ့ သူမရဲ့မိသားစု အတွက် စားသောက်ဖို့ ခက်ခဲသွားမှာမို့လို့ပါ။
“ကျွန်မဖျားရင်လည်း ထွက်တယ်။ နာရင်လည်းထွက်တယ်။ နောက်ဆုံး ကျွန်မ မခံနိုင်တဲ့အဆုံးကျမှ တစ်ရက်လောက် နားလိုက်တယ်။ အရမ်းဖျားနာလို့ ဆိုင်ကယ်လည်းမှောက်ဖူးတယ်။ စျေးရောင်းရင်း တန်းလန်းနဲ့ လက်တွေအေးလို့ ကပ်သွားတာမျိုးရှိတယ်။ ဒါပေမဲ့ ကျွန်မလုံး၀အားမငယ်ဘူး။ မိသားစု က ကျွန်မကိုအားကိုးရတော့ ကျွန်မတစ်ခုခုဖြစ်ချင်လာပြီဆိုလို့ရှိရင် မျိုသိပ်ထားတာများတယ်။ တစ် ယောက်တည်းတော့ ငိုရတာပေါ့ ” လို့ ဆိုပါတယ်။
မနှင်းဆီက သားသမီးအပေါ်ဂရုစိုက်တဲ့အတွက် သူမရဲ့ကလေးနှစ်ယောက်မှာ ရောဂါမကူးစက်ခဲ့ဘူးလို့သိရပါတယ်။
“ဆေးသောက်နေတာ ၁၂ နှစ်လောက်ရှိပြီ။ ဆေးလည်းပုံမှန်သောက်တဲ့အခါကျတော့ ကလေးနှစ် ယောက်မှာ ကျွန်မလိုခုခံအားကျဆင်းတဲ့ ရောဂါမရှိဘူး။ မိခင်ကောင်းတယ်ဆိုပြီး ဆရာမတွေလည်း အရမ်းချီးကျူးတယ်”လို့ ဝမ်းသာဂုဏ်ယူစွာပြောပြပါတယ်။
မိသားစုအတွက် မိခင်ကောင်း၊ သမီးကောင်း၊ အစ်မကြီးကောင်းပီပီသသဖြစ်ဖို့က မနှင်းဆီရဲ့ ဘဝမှာ အဖြစ်ချင်ဆုံး အိမ်မက်ဖြစ်ပြီး “ကျန်တဲ့ဟာက ဟိုဟာလိုချင်တာ၊ ဒီဟာလိုချင်တာမရှိဘူး။ မိသားစုနဲ့ အတူ စားရ၊ သောက်ရနေရင်ကျွန်မ တအားနဲ့ကျေနပ်တယ်” လို့ဆိုပါတယ်။