Home ဆောင်းပါး စစ်မီးအပူကြောင့်အေးချမ်းမှုကိုစွန့်ခဲ့သူ

စစ်မီးအပူကြောင့်အေးချမ်းမှုကိုစွန့်ခဲ့သူ

ဒေဝီ။ ။

      မျက်စိရှေ့မှာမြင်နေရတဲ့အရာတွေကို ကြည့်ရင်း ဆရာလေးမသုဓမ္မစာရီ ရင်ထဲမွန်းကြပ်လာတယ်။

      သူမြင်နေရတာက မီးလောင်လို့ မဲကျွမ်းနေတဲ့ သစ်လုံးတိုင်တွေ၊ မီးကျွမ်းတဝက်၊ အကောင်းတဝက်ကျန်နေ သေးတဲ့ မီးဖိုချောင်စားနပ်ရိက္ခာတချို့၊ မီးခိုးရိုက်ထားလို့မဲနေတဲ့ နံရံ‌တွေနဲ့ သွပ်ပြားတွေ၊ဘေးပတ်ဝန်းကျင်မှာ လည်း ဟာလာဟင်းလင်းနဲ့ မီးလောင်ပြာကျနေတဲ့ နေအိမ်တွေပါ။

     မီးလောင်ပျက်စီးနေတဲ့နေအိမ်တွေကို ကြည့်ရင်း ပြည်သူတွေရဲ့ အိုးအိမ်၊ စည်းစိမ်တွေကို ဖျက်စီးနေတဲ့ စစ် ကောင်စီကို နာကျည်းမုန်းတီးမှုက တစတစနဲ့တိုးလာတယ်။

        ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက စစ်ကောင်စီရဲ့လက်ချက်နဲ့ ရွာလုံးကျွတ် မီးရှို့ခံရတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊  ကင်းမရွာကို မီးလောင်ပြီးနောက်နှစ်ပတ်အကြာမှာ ထောက်ပံ့ကူညီဖို့ရောက်ရှိခဲ့စဉ်က တွေ့ရတဲ့မြင်ကွင်းကို ဆရာလေးမသုဓမ္မစာရီတဖြစ်လဲ မသူက ပြန်လည်ပြောပြနေတာပါ။

      “ဒါကိုမြင်လိုက်ရတော့ အော်..လူတွေအရမ်းဒုက္ခရောက်ခဲ့ကြတယ်၊ ဒုက္ခမရောက်အောင် ငါဘာတွေလုပ်ပေး နိုင်မလဲဆိုတာ တွေးမိတယ်” လို့ မသူကပြောပါတယ်။

       အေးချမ်းမှုကိုရှာဖွေဖို့အတွက် သာသနာ့ဘောင်ဝင်ခဲ့ပေမယ့် မျက်စိရှေ့မြင်ရတဲ့ဖြစ်ရပ်တွေ၊ ကြားရတဲ့ သတင်းတွေက သူ့စိတ်ကိုမအေးချမ်းစေခဲ့ပါဘူး ။

       သာသနာ့နွယ်ဝင် သီလရှင်တစ်ဦးဖြစ်ခဲ့တဲ့ မသူက တရားဓမ္မလမ်းစဉ်ကနေ၊ စစ်ကောင်စီရဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက်မှုတွေကို နာကျည်းတဲ့အတွက် သင်္ကန်းကိုဖယ်၊ လူဝတ်လဲပြီး စစ်အာဏာရှင်ကို UG တစ်ဦး၊  ထောက်ပို့တစ်ဦးအဖြစ် တော်လှန်ဆန့်ကျင်နေတဲ့သူလည်း ဖြစ်ပါတယ်။

   စစ်ကောင်စီက ဆန္ဒပြလှုပ်ရှားသူတွေ၊ သပိတ်သမားတွေကို အကြမ်းဖက်ဖမ်းဆီးတာ၊ စစ်ကြောရေးမှာနှိပ်စက် ညှဉ်းပန်း၊ သတ်ဖြတ်တာတွေကို တွေ့မြင်လာရတဲ့အခါ သပိတ်မှောက်ရုံနဲ့မရဘဲ ထိရောက်တဲ့နည်းလမ်းနဲ့ တော် လှန်မှသာလျှင် ရလိမ့်မယ်ဆိုပြီး UG တစ်ဦးအဖြစ် လျှောက်လှမ်းခဲ့တာလို့ဆိုတယ်။

     အာဏာမသိမ်းခင်ကာလတွေတုန်းက မသူက သာမန်လူတစ်ဦးအဖြစ် နေထိုင်ဖြတ်သန်းခဲ့တာပါ။ မိဘတွေရဲ့  စီးပွားရေးမှာ ကူညီလုပ်ဆောင်ပေးတယ်။ သူ့ပညာရေး MBA ဘွဲ့အတွက် Thesis လုပ်ရင်း အခါအားလျော်စွာ ရိပ်သာဝင် သီလရှင်ဝတ်နဲ့ သမာရိုးကျဘဝအဖြစ် ရှိခဲ့တယ်။

     စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မန္တလေးမြို့ပေါ်က ဆန္ဒပြလှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့တယ်။

    လူထုသပိတ်တွေ၊ ကျောင်းသားသပိတ်တွေမှာ ပါဝင်ခဲ့သလို ပြောက်ကျားသပိတ်တွေမှာလည်း ဆက်လက် ပါဝင်ခဲ့တယ်။ ဒီလိုပါဝင်မှုကြောင့်လည်း ဖမ်းဆီးဖို့ကြိုးစားခံရတာလည်း အကြိမ်ကြိမ်ပါ။

      မန္တလေးမြို့ ၈၄ လမ်းမှာ ကျောင်းသား၊ လူငယ် ပြောက်ကျားသပိတ်ကို အင်အားသုံး ဖြိုခွဲတာကြောင့် လူစုခွဲ ရှောင်တိမ်းလာချိန် မနောရမ္မာဥယျာဉ်ရှေ့မှာ စစ်သားတွေက လူစုခွဲရှောင်လာတဲ့ သပိတ်သမားတွေကို ရိုက်နှက် ဖမ်းဆီးတာနဲ့ ကြုံခဲ့တယ်။

   စစ်သားတွေက သပိတ်ကျောင်းသားတွေကိုရိုက်နှက်ပြီး ကားပေါ်ဆွဲတင်နေတာကိုတွေ့တဲ့မသူက လှည့်ပြေးဖို့ ပြင်လိုက်ချိန်မှာ စစ်သားတယောက်က သူစီးလာတဲ့ ဆိုင်ကယ်လက်ကိုင်ကိုလှမ်းဆွဲပြီး သူ့ကိုလည်း သေနတ်ဒင်နဲ့ ရိုက်နှက်ခဲ့တယ်။

     ဆိုင်ကယ်လက်ကိုင်ကိုဆွဲထားပြီး သူ့ကိုလည်းရိုက်နှက်နေပေမယ့် သတိကပ်လို့ ဆိုင်ကယ်ကို နောက်ပြန် လှည့် မောင်းပြေးခဲ့တာကြောင့် ဖမ်းဆီးမခံရဘဲ လွတ်မြောက်ခဲ့တယ်။

     “ကျနော် မောင်းအပြေး၊ မောင်းပြေးလိုက်တဲ့အချိန်မှာ လက်ကိုင်ကိုကိုင်နေရာကနေ အဲ့စစ်သားက ဖင်ထိုင်ခုံ နောက်အစွန်းကို ကိုင်လိုက်လာတာ ဒရွတ်တိုက်ကြီး၊ အတင်းမောင်းတာပဲ။ ဒါမြို့ပြမှာ သပိတ်သမားတွေရဲ့ ဒုက္ခ ပေါ့ ” လို့ မသူကပြောတယ်။

      ဒါ့အပြင် စိန်ပန်းလမ်းသပိတ်ကို ဖြိုခွဲလို့ ထွက်ပြေးပြီး လူနေအိမ်တွေထဲ ဝင်ရောက်ပုန်းခိုနေချိန်မှာ သူပုန်းခို တဲ့နေအိမ်ရဲ့ ရှေ့တည့်တည့်နေအိမ်က သပိတ်ကျောင်းသားတွေကို ပုန်းခိုခွင့်ပေးတာကြောင့် အိမ်ပိုင်ရှင် အမျိုး သမီးကို သေနတ်နဲ့ပစ်သတ်တာကိုလည်း ကြုံခဲ့ရသေးတယ်လို့ ဆက်ပြောတယ်။

    ဆန္ဒပြလှုပ်ရှားမှုတွေ၊ သပိတ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ကူညီနေရင်း အဖမ်း အဆီးတွေရှိလာတဲ့အခါ သူ့မိခင်တိုက်တွန်းချက်အရရော၊ အာဏာမသိမ်းခင်ကာလကတည်းက သီလရှင်ဝတ်ဖို့ ရည်မှန်းထားတာကြောင့်ရော ၂၀၂၁ ဇွန်လပိုင်းမှာ မသုဓမ္မစာရီဆိုတဲ့ဘွဲ့နဲ့ သီလရှင်ဝတ်ဖြစ်ခဲ့တယ်။

      “အမေကလည်း သမီးရယ်၊ မယ်သီလရှင်ဝတ်ပြီး အေးအေးချမ်းချမ်းလေးနေပါဦး။ ကြည့်ရတာပူလောင် လိုက်တာလို့ပြောရော အစကတည်းက ရည်ရွယ်ချက်ကလည်းရှိတော့ ဝတ်ခဲ့တာ” လို့ မသူကပြောပါတယ်။

      သီလရှင်ဘဝနဲ့ ကျောင်းတိုက်ဝေယျာဝစ္စတွေ ဆောင်ရွက်နေသလို တရားဓမ္မကိုလည်း စိတ်ဝင်တစားလေ့ လာခဲ့တယ်။ တဖက်မှာလည်း သူကူညီထောက်ပံ့နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ကူညီတာတွေ ဆက်လုပ်ဖြစ်ခဲ့တယ်။

     သီလရှင်ဝတ်နဲ့ပဲ ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ကင်းမရွာဘက်တကြောနဲ့ ယော၊ ဆောမြို့နယ်က စစ်ဘေးရှောင် စခန်းတွေ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစခန်းကို သွားရောက်ပြီး ထောက်ပံ့ကူညီတာတွေပါ ပြုလုပ်ခဲ့တယ်။

     မသူက ယခင်ကတည်း သီလရှင်ဝတ်တာ၊ ရိပ်သာ၊ တရားစခန်းဝင်တာတွေလုပ်ခဲ့တော့ သူ့အတွက် သီလရှင် ဘဝနဲ့ တရားဓမ္မလေ့လာမှုက မစိမ်းလှ။ ဒါပေမယ့် တော်လှန်ရေးမှာ ပါဝင်လုပ်ကိုင်နေတဲ့အတွက် တရားဓမ္မ ထက် တော်လှန်ရေးကိုသာ အာရုံရောက်နေတယ်။

     ဒီအတွက်ကြောင့် လူထွက်လို့ တော်လှန်ရေးပဲဆက်လုပ်မယ်ဆိုပြီး ကျောင်းတိုက်က သီလရှင်ဆရာကြီးတွေ ကို ခွင့်ပန်ခဲ့တယ်။

     သီလရှင်စာသင်တိုက်မှာ ဝါအငယ်ဆုံးဖြစ်ပေမယ့် သီလရှင်ဘဝနဲ့ ကျောင်းဝေယျာဝစ္စတွေ မပျက်မကွက် လုပ်ဆောင်ပေးသလို တရားဓမ္မဘက်မှာလည်း လစ်ဟင်းမှုမရှိတဲ့ မသုဓမ္မစာရီကို သီလရှင်ဆရာကြီးတွေက လူမ ထွက်စေလို။

      မသူက လူ့ဘဝမှာ မဟာဘွဲ့ ရယူဖို့ကြိုးစားနေသလို၊ အဘိဓမ္မာသင်တန်းလည်း အောင်မြင်ထားတာကြောင့် ပညာရော၊ တရားဓမ္မပါရမီပါတဲ့သူ့ကို သီလရှင်အဖြစ်နဲ့ပဲ အေးအေးချမ်းချမ်းမြင်စေချင်တဲ့အတွက် တားမြစ်ကြ တယ်။

     “ဆရာကြီးတွေက အေးချမ်းမှုကိုရအောင်ယူ မသုတဲ့၊ မသုအေးချမ်းတာပဲမြင်ချင်တယ်။ ဒါပေမယ့် တားလို့ မရရင်ထွက်ပေါ့ဆိုပြီး ကျနော့်ကို သိက္ခာချပေးခဲ့တယ်။ သိက္ခာချပေးတော့လည်း ငိုတာပဲ။ ကျနော့်ကို ကြည့် ကြည့်ပြီးတော့ကို ငိုတာ” လို့ မသုဓမ္မစာရီတစ်ဖြစ်လဲ မသူက သီလရှင်ဘဝကနေ လူထွက်ချိန်ကအဖြစ်ကို ပြော ပါတယ်။

       မသူက တော်လှန်ရေးမှာ ကိုယ်တိုင်လက်နက်ကိုင်ပြီး တိုက်ခိုက်နေတာမဟုတ်ပေမယ့် သီလရှင်မဝတ်ခင် အချိန်က ဆန္ဒပြလှုပ်ရှားမှုတွေ၊ ပြောက်ကျားသပိတ်တွေမှာ ပါဝင်ခဲ့သလို သီလရှင်ဝတ်တဲ့အချိန်မှာတောင် တော် လှန်ရေးဖွဲ့တွေအတွက် ငွေကြေးနဲ့ရိက္ခာ ကူညီထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေတာကြောင့် ဒီတာဝန်တွေ ကနေ မရှောင်ဖယ်ရက်။

    “သူတို့ကို နောက်လှည့်ပြီး အေးချမ်းမှုရှာနေတော့ ကျွန်တော်ငရဲပဲကြီးမှာပေါ့။ အဲ့ဒီအတွက်ကြောင့်မလို့ ကျနော့် ကို ခွင့်လွှတ်ပေးပါ၊ နားလည်ပေးပါဆိုပြီး ဆရာကြီးတွေကိုတောင်းဆိုခဲ့တယ်” လို့ မသူက ပြောပါတယ်။

      သီလရှင်ဘဝနဲ့ နှစ်လကျော်နေထိုင်ကာ လူထွက်ခဲ့ပြီး မန္တလေးမြို့နယ်က UG အဖွဲ့တစ်ခုမှာ ပါဝင်ကာ၊ စကစ ထောက်တိုင်တွေ၊ သတင်းပေးတွေ ရှင်းလင်းရေးအတွက် သတင်းထောက်လှမ်းတာတွေလုပ်ခဲ့သလို တော်လှန် ရေးပေချ့်တစ်ခုဖြစ်တဲ့ Voice Of Mandalay မှာ admin အဖြစ် တော်လှန်ရေးသတင်းတွေ မျှဝေခဲ့တယ်။

      ဒါ့အပြင် သူငွေကြေးရှာဖွေထောက်ပံ့ပေးနေတဲ့ ပေါက်ဒေသက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက် ထုတ်လုပ်ရေးလုပ်ငန်းတွေမှာလည်း ထောက်ပံ့ကူညီတာတွေ ပြုလုပ်ခဲ့တယ်။

      မသူက UG တစ်ဦးအဖြစ်ရော၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ကူညီတာတွေရောကြောင့် စစ်ကောင်စီရဲ့ ပစ်မှတ်ထားဖမ်းဆီးမှုကို ခံရပါတယ်။

      သူနေထိုင်တဲ့ နေအိမ်နဲ့ဆိုင်ကို စစ်ကောင်စီက ဝင်ရောက်ပြီး အကြမ်းဖက်ဖမ်းဆီးတာကြောင့် တိမ်းရှောင် နေရပြီး နေထိုင်ရာအိမ်နဲ့စျေးဆိုင်က ချိတ်ပိတ်ခံခဲ့ရတယ်။

      “ချိတ်ပိတ်တာက တော်လှန်ရေးမှာပါလို့ပိတ်တာ ကျွန်တော်ကိုယ်တိုင်က အတိုဝယ်ထားတယ်။ ဒရုန်းဝယ် ထားတယ်ဆိုတဲ့ စွဲချက်နဲ့” လို့ မသူကပြောပါတယ်။

     မသူကို ဖမ်းဆီးဖို့ကြိုးစားသလို သူသွားလာလေ့ရှိတဲ့နေရာတွေနဲ့ ဆိုင်အနီးအနားကိုလည်း စောင့်ကြည့်တာ တွေရှိဆဲဖြစ်ပြီး ဒီလိုဆုံးရှုံးမှုတွေရှိပေမယ့်လည်း ဒီလမ်းကိုရွေးချယ်ခဲ့တဲ့အတွက် နောင်တမရဘူးလို့ ဆက်ပြော တယ်။

     အာဏာရှင်စနစ်ကိုအမြစ်ဖြတ်တဲ့ တော်လှန်ရေးခရီးကြမ်းမှာ ကျား၊မ လိင်မခွဲခြားဘဲပါဝင်နေကြသလို၊ ဘာ သာအသီးသီးက သာသနာ့နွယ်ဝင်ပုဂ္ဂိုလ်တွေကလည်း ကျရာတာဝန်ကနေ ပါဝင်နေတာက တော်လှန်ရေးအောင် မြင်ဖို့ လမ်းစတစ်ခုပဲလို့ ဆိုတယ်။

     အထူးသဖြင့် တော်လှန်ရေးမှာ အမျိုးသမီးတွေက လက်နက်ကိုင်ပါဝင်နေသလို၊ ထောက်ပို့၊ စစ်ဘေးရှောင် တွေကိုကူညီတာ စသဖြင့် နယ်ပယ်ပေါင်းစုံကနေပါဝင်နေပြီး ဒီလိုပါဝင်နေတဲ့အတွက်ကြောင့်လည်း စစ်ကောင်စီ က ဖိနှိပ်စော်ကားတာ၊ ပုံဖျက်နှိမ့်ချတာနဲ့ ကြောက်ရွံ့စေဖို့လုပ်ပေမယ့် အမျိုးသမီးတွေကတော့ ရဲဝံ့စွာ ဆက် လက် ချီတက်ဆဲဖြစ်တယ်လို့ မသူကပြောတယ်။

       “ကျနော်တို့တွေကို အကြမ်းဖက်ခံရရင်တောင်မှ မီးလောင်ပြင်ထဲက တိုးထွက်လာတဲ့ ဇာမဏီငှက်လိုပဲ၊ ဘယ်လောက်ပဲဖိနှိပ်ပါစေ၊ နှိမ့်ချပါ‌စေ၊ ကျနော်တို့မိန်းမသားတွေက နောက်မဆုတ်တဲ့ဇွဲကိုယ်စီရှိကြတယ်” လို့ မသူကပြောတယ်။

       ဒါ့အပြင် တော်လှန်ရေးမှာဖြစ်စေ၊ စစ်ဘေးရှောင်ကူညီရေးမှာဖြစ်စေ ပါဝင်နေတဲ့ သံဃာတော်တွေ၊ သီလ ရှင်တွေကိုလည်း ဗုဒ္ဓလမ်းစဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်၊ အကြမ်းဖက်လုပ်ရပ်အားပေးတယ်လို့ ဝေဖန်ပြောဆို  မှုတွေရှိပေမယ့် တကယ်တော့ ပြည်သူတွေက အကြမ်းဖက်ခံနေရတာဖြစ်တဲ့အတွက် တရားတဲ့နည်းလမ်းနဲ့ ပြန် လည်ကာကွယ်ခြင်းသာ ဖြစ်တယ်လို့ ဆက်ပြောတယ်။

      “ကျနော်တို့က အကြမ်းဖက်ခံနေရတဲ့သူတွေပါ။ ခုခံကာကွယ်နိုင်စွမ်းရှိရပါမယ်။ ခုခံပိုင်ခွင့်လည်းရှိရပါမယ်။  အဲ့ဒီအတွက် ကျွန်တော်တို့သည် ဘယ်တော့မှငရဲမကြီးဘူးလို့ ပြောချင်ပါတယ်” လို့ ဆိုတယ်။

      သီလရှင်ဘဝမှာ မိုးလင်းတာနဲ့ ဘုရားရှိခိုး၊ ကျောင်းဝေယျာဝစ္စလုပ်ဆောင်ပြီး တရားဘာဝနာအားထုတ်ရတဲ့ အတွက် အေးချမ်းမှုရပါတယ်။ ဒီလိုအေးချမ်းမှုက သူအရင်ကတည်းကလိုချင်ရာဖြစ်ပေမယ့် အခုတော့ မဟုတ် သေးဘူးလို့ မသူကပြောတယ်။

       စစ်ကောင်စီကိုအမြစ်ပြတ်အောင် တော်လှန်ရမယ့်သွေးတွေက ကိန်းအောင်းနေတော့ တော်လှန်ရေးအောင် မြင်ဖို့ ကြိုးစားမယ်လို့ဆိုတယ်။ တော်လှန်ရေးပြီးတဲ့အခါ ထူထောင်ရေးလုပ်ငန်းတွေမှာ ဆက်လက်ပါဝင်မှာ ဖြစ် သလို အေးချမ်းတဲ့အချိန်မှာ တရားဓမ္မလုပ်ဆောင်ရင်း ဆုံးရှုံးသွားတဲ့မိသားစုစီးပွားရေးအတွက် ပြန်လည်ကြိုး စားမယ်လို့ ဆိုတယ်။

      “သီလရှင်ဘဝက အေးချမ်းပါတယ်။ အေးချမ်းမှုကို အခုတော်လှန်ရေးလုပ်နေချိန်မှာတော့ မကြိုက်ဘူး။ ကျွန်တော်အေးချမ်းနေလို့ ကျွန်တော်ထောက်ပံ့နေတဲ့အဖွဲ့တွေက အေးချမ်းသွားမှာ မဟုတ်ဘူး။ အဲ့ဒီအတွက် ကျွန်တော်အေးချမ်းနိုင်မှာ မဟုတ်ဘူး” လို့ မသူကပြောပါတယ်။

     စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေမှာလည်း လက်ဗလာကနေစခဲ့ပေမယ့် ပြည်သူ တွေရဲ့ထောက်ပံ့မှုတွေကြောင့် အင်အားကောင်းလာခဲ့တဲ့အတွက် ရှေ့ဆက်အလားလာကောင်းတွေ ပိုရဖို့မျှော်မှန်း ထားတယ်လို့ ဆက်ပြောတယ်။

    “သူတို့လက်လှမ်းမမှီတဲ့နေရာတွေမှာ ရောက်နေတဲ့သူတွေက တော်ရုံတန်ရုံမဟုတ်သလို၊ တကယ့်အဖွဲ့အစည်း နဲ့ သေသေချာချာ ပြင်ဆင်ပြီးနေတာဖြစ်တဲ့အတွက်ကြောင့် ပိုအောင်မြင်လိမ့်မယ် ကျွန်တော်ယုံကြည်တယ်” လို့ ဆိုတယ်။

     လက်ရှိမှာတော့ Voice Of Mandalay ရဲ့ admin တစ်ဦးအဖြစ်နဲ့ UG နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ အချို့ အတွက် ထောက်ပို့လုပ်ငန်းတွေရော၊ စစ်ဘေးရှောင်ကူညီရေးတွေကို လုပ်ဆောင်နေပြီး တော်လှန်ရေးမပြီး မချင်း နိုင်တဲ့နေရာကနေ ပါဝင်သွားမယ်လို့ဆိုတယ်။

      “မိန်းကလေးပေမယ့် ကျရာနေရာကို ထမ်းဆောင်ဖို့အသင့်ပါပဲ။ အိမ်မပြန်ရမယ့် အတူတူဆက်လုပ်နေရမှာ ပေါ့” လို့မသူကပြောပါတယ်။

Author:

Related Articles