မိုးဆွေ။ ။
“ ဝေါ … ဝေါ” ဆိုတဲ့ အသံကြားရာကို လှည့်ကြည့်လိုက်တော့ လူတစ်ရပ်နီးပါးရှိတဲ့ ဒီရေလှိုင်းလုံးက သူ့ဆီကို တဟုန် ထိုးပြေးလာနေတယ်။ ဒါနဲ့သူလည်း ဖော့ကြိုးကိုဆွဲကာကုန်းပေါ်ကို အမြန်တက်ပြေးလိုက်ပေမယ့် အချိန်မမီတော့ဘူး။
ဒီရေလှိုင်းလုံးက သူကိုရေထဲပုတ်ခတ်ဆွဲချသွားလို့ လူတခြား၊ ဖော့တစ်ခြားဖြစ်သွားပြီး လူက ဒီရေလှိုင်းလုံးကြီးအောက်မှာ လုံးထွေးလိမ့်ပါသွားခဲ့တယ်။
“ ဒီလုံးက မျက်နှာကိုပိတ်ရိုက်လိုက်တာ၊ လူစိတ်ပါပျောက်သွားတယ်” လို့ မကြူခိုင်က ပြီးခဲ့တဲ့နှစ် မိုးနှောင်းပိုင်းက ငမိုးရိပ်ချောင်းထဲမှာ သူရေနစ်ခဲ့ပုံကို ပြန်ပြောပြတယ်။
ရေနစ်တဲ့အချိန် သတိရတစ်ချက်၊ မရတစ်ချက်နဲ့ ကုန်းပေါ်က သားအလတ်ဖြစ်သူရဲ့အော်သံကို ကြားရတယ်လို့ သူက ဆိုတယ်။ ဒီရေလှိုင်းလုံးကြီး သူကိုကျော်တက်သွားမှပဲ သူလည်းရေပေါ်ပြန်တက်လာပြီး ကမ်းနံဖူးကိုပေါ်ကို ကုပ်ကတ် တက်ခဲ့ရတယ်။
အဲဒီနေ့က သူတို့သားအမိနှစ်ယောက် ချောင်းထဲကကောက်ယူယူထားတဲ့ ဗူးခွံ၊ ပုလင်းခွံအိတ်တွေလည်း ဒီလှိုင်းကြောင့် ရေထဲအကုန်နစ်မြှုပ်သွားလို့ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ကြုံခဲ့တာဟာ ပြီးခဲ့တဲ့မိုးအကုန် ဘေလီ တံတားအနီးက ကမ်းစပ်မှာဖြစ်ခဲ့တာလို့ မကြူခိုင်ကဆိုပါတယ်။ အဲဒီဝန်းကျင်ဟာ တခြားနေရာတွေထက် ချောင်းပိုကျယ် ပြီး လှိုင်းပိုထတယ်လို့ မကြူခိုင်က ရှင်းပြပါတယ်။
ငမိုးရိပ်ချောင်းထဲက ဗူးခွံတွေကောက်လာတဲ့ သက်တမ်းတစ်လျှောက် အခုလို ဒီလှိုင်းရိုက်လို့ ရေနစ်တာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ မကြူခိုင်က ပြောပြပါတယ်။
အသက် ၃၉ နှစ်အရွယ် အရပ်ငါးပေဝန်းကျင်ရှိတဲ့ မကြူခိုင်ရဲ့မျက်နှာဟာ ခပ်ဝိုင်းဝိုင်းရှိပြီး မဲနက်ကောက်ကွေးနေတဲ့ မျက်ခုံးမွှေးတွေက မျက်နှာပေါ်မှာ အထင်းသားပါ။ အသားဖြူဖြူဖြစ်ပေမယ့် နေလောင်ထားလို့ မျက်နှာက နီစပ်စပ် ဖြစ် နေတယ်။
သူက ဖော့ပြားကိုလှေသဖွယ်အသုံးပြုပြီး ငမိုးရိပ်ချောင်းထဲက ဗူးခွံ၊ ပုလင်းခွံတွေကို လိုက်လံဆယ်ယူရောင်းချနေတာ နှစ်နှစ်နီးပါးရှိပါပြီ။ ခင်ပွန်းဖြစ်သူက လေးငန်းရောဂါခံစားနေရတာကြောင့် မိသားစုစားဝတ်နေရေး အတွက် သူကပဲ ဗူးခွံ၊ ပုလင်းခွံ ကောက်ပြီး ရှာဖွေကျွေးမွေးနေတာဖြစ်ပါတယ်။
မကြူခိုင်ရဲ့အလုပ်က ပုံမှန်ဝင်ငွေရတာမျိုးမဟုတ်လို့ “နောက်ရက်တွေကို ကလေးတွေကို ဘယ်လိုကျွေးမွေးရမလဲဆို တာမျိုး ယောကျ်ားဖြစ်သူကိုလည်း ဆေးဘယ်လိုတိုက်ရမလဲဆိုတဲ့အတွေးက အမြဲတမ်းခေါင်းထဲမှာခဲနေတာ” လို့ သူက ငြီးတွားပါတယ်။
ကြမ်းတမ်းတဲ့ ဘဝ
မကြူခိုင်ဟာ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ကပါ။ ယခင်အချိန်တုန်းက မိဘနှစ်ပါးဟာ လယ်ပိုင်ရှင် တွေဖြစ်ခဲ့ကြပေမယ့် သူ့အသက် ၈ နှစ်ဝန်းကျင်လောက်မှာ ဖခင်ဖြစ်သူဟာ လေးငန်းရောဂါဖြစ်ခဲ့ပြီး မိခင် ဖြစ်သူကလည်း ကလေးမီးဖွားစဉ် ကလေးဆုံးပါးသွားလို့ စိတ်အခြေအနေမမှန်ခဲ့ဘူးလို့ မကြူခိုင်က သူမှတ်မိသလောက်ကို ပြောပါတယ်။
ဒီလိုနဲ့ မိသားစုစီးပွားကျလာပြီး လယ်တွေကိုပေါင်နှံရောင်းချကာ ရေကြည်ရာမြက်နုရာကိုပြောင်းရွေ့ခဲ့ကြပါတယ်။ မိဘ တွေ ပြောင်းရွေ့တဲ့ရွာတွေမှာ မူလတန်းကျောင်းမရှိတာကြောင့် မကြူခိုင်ဟာ ဒုတိယတန်းနဲ့ပဲ ပညာရေးဆုံး ခန်းတိုင်ခဲ့ ပါတယ်။
ဒီလိုနဲ့ သူ့အသက် ၁၈ နှစ်ဝန်းကျင်မှာ လက်ရှိအမျိုးသားနဲ့ အကြောင်းပါပြီး တစ်အိုးတစ်အိမ်ထူထောင်ခဲ့ပါတယ်။ သူတို့မှာ သားလေးနှစ်ဦးထွန်းကားခဲ့ပါတယ်။ လင်ရောမယားပါ ဘောက်အလုပ်သမားပဲဖြစ်လို့ ရတဲ့ ဝင်ငွေ ၁,၅၀၀ – ၂,၀၀၀ ကျပ်နဲ့ မိသားစုစားဝတ်နေရေးအအတွက် အဆင်မပြေခဲ့ဘူးလို့ သူကပြောပါတယ်။ ဘောက်ဆိုတာက လယ်ထဲမှာ ကောက် ရိတ်ပျိုးနုတ်တဲ့ အလုပ်ပါ။
“ စီးပွားရေးက ဘယ်လိုမှ အဆင်မပြေဘူးလေ၊ လုပ်ကိုင်စားသောက်လို့လည်းမကောင်းဘူးလေ” လို့ မကြူခိုင်က နယ်က အခြေအနေကို ပြန်ပြောပြပါတယ်။
၂၀၀၈ နာဂစ်မုန်တိုင်းပြီးနောက်မှာ ဦးလေးဖြစ်သူရဲ့အဆက်အသွယ်နဲ့ ဝင်ငွေအလုပ်အကိုင်ကောင်းရဖို့ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ (၅၀) ရပ်ကွက်အနီးက သဲကွင်းတစ်ခုကို သူတို့မိသားစုလေးဦး ပြောင်းလာဖြစ်ခဲ့ကြပါတယ်။ သူတို့နေ ထိုင်တဲ့ သဲကွင်းက ထားဝယ်ချောင်အမှိုက်ကုန်းနဲ့လည်း နီးပါတယ်။
သဲကွင်းမှာအလုပ်ရှင်က လိုင်းခန်းပေးထားပြီး သဲဘောင်ပက်တဲ့အလုပ်ကို ခင်ပွန်းကဝင်လုပ်ခဲ့ပါတယ်။ သဲဘောင်ပက် တယ်ဆိုတာ သဲသင်္ဘောပေါ်က သဲတွေကို ကမ်းစပ်မှာ ကော်ပြားနဲ့ချပေးရတာပါ။
ဒီအလုပ်က လှေတစ်စီးကို ၃,၅၀၀ ကျပ်ရပါတယ်။ တစ်နေ့ကို သဲလှေနှစ်စီးလောက်ပက်ရတော့ နယ်မှာထက်စာ ရင် “မဆိုးပါဘူး” လို့ မကြူခိုင်ကနှိုင်းယှဉ်ပြောပေမယ့် အမျိုးသားဖြစ်သူကတော့ “ရန်ကုန်ရောက်မှ ထမင်းပါငတ်တယ်” လို့ ဝင်ပြောပါတယ်။
သဲကွင်းရောက်စမှာ မကြူခိုင်က ရပ်ကွက်ထဲက လမုဈေးထဲမှာ ငါးရောင်းပါတယ်။ အဲဒီတုန်းက ည ၁၂ မှာ ကြည့်မြင် တိုင်ငါးဈေးမှာ ငါးသွားဝယ်ပြီး ပြန်ရောင်းရတာပါ။ အိပ်ရေးပျက်ပေမယ့် တစ်ရက် ၂၀,၀၀၀ ကျပ် ဝန်းကျင် အမြတ် ကျန်ခဲ့ တယ်လို့ သူက ဆိုတယ်။
ဒါပေမယ့် အိပ်ရေးပျက်တာများလာလို့ လူက ပင်ပန်းလာပါတယ်။ ဒါနဲ့ သူ့အသိတစ်ယောက်ကို သူဝယ်နေကြ ဆိုင်မှာ ငါးယူပေးဖို့အကူအညီတောင်းခဲ့ရာမှာ “ အဲဒါကို မသွားဘဲ သူက ဈေးပေါပေါနဲ့ ရတဲ့ငါးတွေ၊ ငါးအပုတ်တွေကို ဝယ်လာ တော့ ဒီမှာရောင်းမရတော့ဘူးလေ။ အဲလိုနဲ့ အရင်းပါပြုတ်သွားတာ။ အဲလိုမျိုး တစ်လနီးပါးဖြစ်သွားလို့ အရင်းအနှီး ပါ မကျန်တော့ဘူးဖြစ်သွားတာ” လို့ မကြူခိုင်က ပြောပြတယ်။
သဲကွင်းမှာကလည်း လှေမထွက်ဖြစ်တဲ့ရက်ရှိလာတော့ မိသားစုစားဝတ်နေရေးအတွက် သဲဒိုင်ဆီက ပိုက်ဆံကြို ထုတ်ရ သလို ငါးဆိုင်က အရင်းအနှီးကိုလည်း စားရင်းသောက်ရင်းနဲ့ သူ့ငါးဆိုင်ဟာ အရင်းတည်မရခဲ့တော့ဘူးလို့ သူကဆိုတယ်။ အဲဒီအချိန်မှာ သူက တတိယကိုယ်ဝန်လွယ်ထားရပါပြီ။
ဒါကြောင့် သူကိုယ်တိုင် ကိုယ်ဝန်ကြီးနဲ့ သဲဘောင်ဝင်ပက်တာမျိုးလုပ်ခဲ့သလို ကန်စွန်းရွက်ခူးရောင်းတာ၊ ဖရဲသီး စိပ်ရောင်း တာတွေ လုပ်ခဲ့တယ်လို့ သူကပြောပါတယ်။ ကိုယ်ဝန်ပျက်ကျမှာမစိုးရိမ်ဘူးလားလို့ မေးကြည့်တော့ မကြူခိုင်က “စားစရာ မရှိတော့လည်း လုပ်ရတာပေါ့” လို့ သူက ခပ်အေးအေးဆိုပါတယ်။
ကိုယ်ဝန်ကြီးနဲ့ မိခင်ဖြစ်သူ အလုပ်ကြမ်းတွေလုပ်နေတာကို မကြည့်ရက်တဲ့သားကြီးဖြစ်သူက သုံးတန်းနဲ့ ကျောင်းထွက် ခဲ့ပြီး မိဘကိုဝိုင်းကူတယ်လို့ မကြူခိုင်က ဆိုတယ်။
သဲကွင်းမှာ လေးနှစ်နီးပါးလောက်နေထိုင်ခဲ့ပြီး တတိယမြောက် သားလေးတစ်ဦးထွန်းကားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ ခင်ပွန်းဖြစ်သူ လေငန်းရောဂါစွဲကပ်ခဲ့ပြီး အလုပ်နားလိုက်ရတာကြောင့် မိသားစုစားဝတ်နေရေး ပိုခက်ခဲသွားခဲ့တယ်လို့ မကြူခိုင်ကပြောပါတယ်။
နောက်ပိုင်းမှာ လေးငန်ဖြစ်သူခင်ပွန်းက ခြေလက်တွေမလှုပ်ရှားနိုင်တော့သလို ထမင်းလည်းမစားနိုင်တဲ့အထိ ဖြစ်ခဲ့လို့ မြောက်ဥက္ကလာက မေဒါဝီဆေးရုံကိုတင်ခဲ့ရတယ်လို့ မကြူခိုင်က ပြောပြတယ်။ ဆေးကုသဖို့ ပိုက်ဆံချေးငှားရင်း ကျပ်သိန်း ၂၀ ဝန်းကျင်အထိ အကြွေးတင်ခဲ့တယ်လို့ မကြူခိုင်က ဆိုတယ်။
“ကိုယ်ယောကျ်ား ကျန်းမာရေးကောင်းဖို့အရေး ငါ့မှာလုပ်နိုင်စွမ်းအားရှိတယ်ဆိုပြီး ဘယ်လိုပဲရှာရရှာရလုပ်ရင်းနဲ့ (အကြွေး) ဆွဲရင်း ဆေးကုမယ်ပေါ့၊ အဲလိုနဲ့သူအသက်ရှင်တာ” လို့ သူ့ခင်ပွန်းသည်ကိုကြည့်ပြီး ပြောပြပါတယ်။ သူ့ခင်ပွန်းဟာ အခုမှာ ထူထူထောင်ထောင်လေး ရှိနေပါပြီ။
အမျိုးသားဖြစ်သူ သဲကွင်းမှာ အလုပ်မဆင်းနိုင်တော့လို့ လိုင်းခန်းကဆင်းပေးခဲ့ရပြီး လက်ရှိနေထိုင်တဲ့နေရာမှာ မြေစိုက်တဲ သာသာ အိမ်ကလေးတစ်လုံးဆောက်ပြီး မိသားစုတွေနေထိုင်ကြပါတယ်။ မကြူခိုင်တို့အိမ်က ကြမ်းခင်းကို ပျဉ်ခင်းထားပြီး ဝါးကပ်ထရံကာထားတာပါ။ သွပ်မိုးတွေက ဟောင်းနွမ်းနေပြီဖြစ်တယ်။ အိမ်နောက်ဖေး ဝါးကပ်ထရံက ကျို့တို့ကျဲတဲ ဖြစ်နေလို့ ငမိုးရိပ်ချောင်းကို လှမ်းမြင်ရပါတယ်။
“ မိုးရွာရင် အိမ်ကိုပက်တာ ဖင်ထိုင်စရာမရှိဘူး။ အိမ်ကို ရွှဲလို့” လို့ မကြူခိုင်က သူ့အိမ်အခြေအနေကို ပြောပြတယ်။
သူတို့နေတဲ့ မြေဟာကျူးကျော်မြေအမျိုးအစားဖြစ်ပြီး မြေငှားခက တစ်လကို တစ်သောင်းခွဲကျပ်ပေးရပါတယ်။ ဒါ့အပြင် တစ်ခြားအိမ်က တစ်ဆင့်သွယ်ယူတဲ့ လျှပ်စစ်မီးဖိုးနဲ့ ရေဖိုးအတွက်ကလည်း တစ်လကို ၄၅,၀၀၀ ကျပ် ရှိတယ်လို့ သူက ဆိုတယ်။
ဒီလိုနဲ့ မကြူခိုင်ဟာ အိမ်ထောင်ဦးစီးတာဝန်ကို ပခုံးလွဲယူခဲ့ပြီး မိသားစုစားဝတ်နေရေးအပြင် အမျိုးသားဖြစ်သူ ဆေးဖိုး အတွက် ရပ်ကွက်ထဲအဝတ်လှည့်လျှော်တလှည့် ခြံသန့်ရှင်းရေးတလှည့် ကန်စွန်းရွက်ခူးရောင်းလိုက်နဲ့ ဝင်ငွေရဖို့ ရုန်းကန် ရတယ်လို့ ပြောပြပါတယ်။ အရွယ်ရောက်လာပြီဖြစ်တဲ့ သားကြီးဖြစ်သူက သဲတင်၊ သဲချ အလုပ်ကို ဒီသဲကွင်းမှာပဲ ဝင်လုပ်ခဲ့ပါတယ်။
ဒီလိုနဲ့ မကြူခိုင်တစ်ယောက် မိသားစားဝတ်နေရေးအတွက် လုံးပန်းရင်း သဲကွင်းအနီးက ထားဝယ်ချောင်အမှိုက်ကုန်းကို တက်ဖို့ ဖြစ်လာပါတယ်။
ထားဝယ်ချောင် အမှိုက်ကုန်းသို့
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာတည်ရှိတဲ့ ထားဝယ်ချောင်စွန့်ပစ်အမှိုက်ပုံဟာ ထိန်ပင်အမှိုက်ပုံပြီးရင် ရန်ကုန်မြို့ရဲ့ ဒုတိယအကြီးဆုံးအမှိုက်ပုံဖြစ်ပါတယ်။ ၁၁၃ ဧက အကျယ်အဝန်းရှိပြီး တစ်ရက်ကိုအမှိုက် တန်ချိန် ၁,၀၀၀ ဝန်းကျင် စွန့် ပစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒီအမှိုက်ကုန်းကို မကြူခိုင်က အသိမိတ်ဆွေတစ်ဦးရဲ့အဆက်အသွယ်နဲ့တက်ခဲ့တာပါ။ ဒါက အလွယ်တကူ တက်ခွင့်ရ တာမဟုတ်ပါဘူး။ စည်ပင်ဝန်ထမ်းတွေနဲ့ သူတို့မိသားစုဝင်တွေရဲ့အပြောအဆိုကို သည်းခံရပါတယ်။
“ဒီနေရာကို သူတို့ဝန်ထမ်းတွေပဲ အကောက်ခံတယ်ပေါ့၊ တခြားသူအကောက်မခံဘူး။ တကယ်က သူတို့ ကောက်ပြီးလို့ အကျန်မှကောက်ရတာ။ သူတို့ကောက်နေတဲ့အချိန် ကိုယ်က ငုတ်တုတ်ထိုင်စောင့်ရတာ” လို့ မကြူခိုင်က ပြောပြပါတယ်။
ဒီထားဝယ်ချောင်အမှိုက်ပုံကို မကြူခိုင်တို့လိုပဲ ရပ်ကွက်ပေါင်းစုံက အလုပ်မရှိတဲ့သူတွေကလည်း တစ်ဝမ်းတစ်ခါးအတွက် စည်ပင်ဝန်းထမ်းတွေရဲ့ အဆူအငေါက်ခံပြီးတက်ကြတယ်လို့ မကြူခိုင်ကပြောပြတယ်။ အမှိုက်ပုံမှာ အဓိကကောက်ကြ တာက ရေသန့်ဗူး၊ ဗူးကျွတ်၊ နို့ဆီဗူး၊ ရှက်ဗူး၊ ဘီယာဗူးစတဲ့ ပြန်ရောင်းချလို့ ရနိုင်မဲ့အရာတွေအပြင် သူတို့မိသားစု တွေအတွက် အသုံးတည့်နိုင်မဲ့ပစ္စည်းတွေဖြစ်ပါတယ်။
ကောက်လို့ရတဲ့ ဗူးခွံတွေကို ပီနံအိတ်တွေထဲထည့်ပြီး တစ်နေရာမှာ စုပုံထားပါတယ်။ ညနေစောင်းလို့ အိမ်ပြန်ချိန်မှပဲ ဈေးတူတဲ့ဗူးတွေကို ရွေးထုတ်ပြီးရောင်းချတယ်လို့ သူက အမှိုက်ကုန်းလုပ်ငန်းအကြောင်းကိုပြောပြပါတယ်။
“ စတက်တဲ့နေ့က ၇,၂၀၀ ရတယ်။ အမှိုက်ပုံမှာ အခုလိုမျိုး ပလုံကိုယ်တစ်ခါမှ မကောက်ဖူးဘူးလေ၊ အဲလိုဒုက္ခမျိုးစုံနဲ့မှ ကောက်ရတော့တယ်။ ကိုယ်ကောက်တဲ့ဟာတွေက လောက်တွေတဖွားဖွားနဲ့ဆိုတော့ ရွံတာ၊ ရွံလည်း လုပ်ရတာပေါ့” လို့ မကြူခိုင်က ပြောပြတယ်။
တစ်ရက် ၇,၀၀၀ကျပ်ရတာကို ဆေးဖိုးနဲ့အကြွေးဆပ်တာဖယ်ထားပြီး မိသားစုက ဖြစ်သလိုစားလိုက်တယ်လို့ မကြူခိုင်က ပြောပြတယ်။
“ ကလေးနှစ်ယောက်ကို ကြက်ဥ မနက်နှစ်လုံး၊ ညနေနှစ်လုံးကျွေးပေ့ါ။ ဆန်ကတော့ ဈေးပေါတဲ့အထဲက ဝယ်လိုက် တာပေ့ါ။ ဆေးဖိုးဖယ်ထုတ်ထားပြီးပေါ့။ မိသားစုက ဖြစ်သလိုစားကြပေါ့” လို့ သူက ပြောပြတယ်။
အမှိုက်ကုန်းပေါ်တက်ပြီး ဗူးခွံတွေလိုက်ရှာရတဲ့အလုပ်ကလည်း လွယ်ကူတာတော့မဟုတ်ပါဘူး။ ပုပ်အဲ့နေတဲ့ အမှိုက်နံ့ကို ရှုရတာအပြင် လူကိုအပေါ်မီး၊ အောက်မီးပေးထားသလိုနေပူဒဏ်နဲ့ အမှိုက်အောက်ကတက်လာတဲ့ အပူဒဏ်ကို ခံရပါ တယ်။
“လူကတစ်ခါတည်း နုံးကျသွားတာ။ အမှိုက်ပုံနံ့ စစရှုတုန်းက တော်တော်ဆိုးဆိုးဝါးဝါးပဲ။ ညဖက်လည်း အဲဒီအနံ့က နှာ ခေါင်းထဲမှာ စွဲနေတာ” လို့ မကြူခိုင်က ငြီးတွားပါတယ်။
နေ့လည်စာ ထမင်းစားချိန်ဆိုရင်လည်း အမှိုက်နံ့ကြောင့် ထမင်းမစားဖြစ်တဲ့ရက်တွေများလာလို့ “ဗိုက်အောင့်တာ ချွေးက ဒီးဒီးကျတယ်” လို့ မကြူခိုင်က ပြောပြတယ်။
ဗိုက်အောင့်ပျောက်အောင် ဆေးခန်းတွေမသွားနိုင်လို့ ရပ်ကွက်ဆေးဆိုင်က တစ်ခွက် ၃၀၀ ကျပ်တန် စပ်ဆေးနဲ့ပဲ ပြီးခဲ့ရ တယ်လို့ သူကပြောပါတယ်။ ဒါတောင်လက်ထဲမှာ ပိုက်ဆံ ၃၀၀ မရှိလို့ ဆေးမသောက်ခဲ့ဖြစ်တဲ့ အကြိမ်တွေလည်း မနည်းဘူးလို့ သူကဆိုပါတယ်။
“ပြန်လာရင် ဗိုက်အောက်မှာ စောင်လေးခုထားပြီး ဝမ်းလျားမှောက်နေလိုက်တာ၊ သူ့ဟာနဲ့သူ အဆင်ပြေသွားတာပေါ့” လို့ သူ့အခြေအနေကို ပြောပြပါတယ်။
ဒ့ါအပြင် အမှိုက်အိတ်တွေထဲက ကောင်းနိုးရာရာတွေကို ရှာဖွေရင်းပုလင်းကွဲရှတာ၊ ကြက်သွန်လှီးဓါး၊ ဘလိတ်ဓါးရှတာနဲ့ ဆေးထိုးအပ်နဲ့ထိုးမိတာလည်း ခဏခဏပဲလို့ မကြူမကြူခိုင်ကပြောပါတယ်။
“ဒဏ်ရာတွေကို ဘာမှထွေထူးသိပ်မလိမ်းဖြစ်ဘူး။ ဆား၊ နနွင်းလေးပဲ သိပ်လိုက်တာ” လို့ သူက ပြောပြတယ်။
“တစ်ခါတစ်လေကျရင် ခြေထောက်တွေယောင်ပြီး အိပ်ယာမထနိုင်တဲ့အခြေအနေဖြစ်တယ်။ အဲလိုဆို ကိုယ့်ကိုကိုယ် ပြန် အားတင်းပြီး အမှိုက်ကုန်းကို တက်ရတာပေါ့။ လမ်းမလျှောက်နိုင်ရင် ဒီကလေးတွေနဲ့ ယောကျာ်းကို ဘယ်လိုလုပ်ကိုင် ကျွေးရပါ့မလဲ၊ ကိုယ့်ကိုကိုယ်တင်းပြီး အိမ်ရှေ့လေးမှာ လမ်းလျှောက်လိုက်၊ အိပ်ပေါ်မှာ လျှောက်လိုက်နဲ့ ဖြေးဖြေးချင်း လျှောက်ခဲ့တာ” လို့ မကြူခိုင်က ဆက်ပြောပါတယ်။
သောကသည် မိခင်
အမှိုက်ကုန်းပေါ်တက်နေတုန်း မကြူသင်းအဖို့ သောကအပူမိပါသေးတယ်။ အဲဒါကတော့ အသက် ၁၉ အရွယ် သားကြီး ဖြစ်သူက ကားတစ်စီးကို ဆိုင်ကယ်နဲ့တိုက်မှုဖြစ်ခဲ့တာပါ။ ကားပိုင်ရှင်ကို လျော်ကြေးမပေးနိုင်တာကြောင့် သူဟာ အိမ်က နေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။
ကားပိုင်ရှင်တွေက မကြူခိုင်တို့အိမ်ကို ရဲတွေနဲ့ လျော်ကြေးတောင်းဖို့ရောက်လာကြပြီး သားကိုမတွေ့ရင် အဖေကိုဖမ်းဖို့ လုပ်ပါသေးတယ်။ ဒါပေမယ့် “အဖေကလည်း ကျန်းမာရေးမကောင်းတော့ သူတို့ရပ်သွားကြတာ။ ဒုက္ခတွေ တအားရောက် နေကြတာ သူတို့လည်းတွေ့သွားကြတာကိုး” လို့ မကြူခိုင်က ပြောပြတယ်။
အဲဒီအချိန်ကစလို့ သားဖြစ်သူနဲ့ အဆက်အသွယ်မရတော့တာအခုထိပဲလို့ မကြူခိုင်က နွမ်းလျနေတဲ့လေသံနဲ့ဆိုတယ်။
“အဲတုန်းက ရူးမတတ်ပဲ၊ တစ်ခါမှ ဒီလိုအဖြစ်မျိုးကြုံဖူးတာမဟုတ်ဘူးလေ၊ သားနဲ့လည်း တစ်ခါမှ ဒီလိုခွဲဖူးတာ မဟုတ်ဘူး။ တော်တော်လေးကို စိတ်ဖိစီးတာ” လို့ မကြူခိုင်က ပြောပြတယ်။
ဒီလိုနဲ့ မကြူခိုင်တစ်ယောက် အမှိုက်ကုန်းပေါ် နှစ်နှစ်နီးပါးတက်ရင်း မိသားစုစားဝတ်နေရေးမပြေလည်လို့ ၁၁ နှစ်အရွယ် သူ့သားအလတ်ကိုလည်း မနှစ်ကကျောင်းနားခိုင်းထားပြီး သားငယ်ကိုပဲ ကျောင်းဆက်ထားဖြစ်တယ်လို့ မကြူခိုင်က ပြောပြပါတယ်။ သားတွေကို အခမဲ့ဘုန်းကြီးကျောင်းပညာရေးမှာ ထားတာဖြစ်ပါတယ်။
ချောင်းထဲကို ဆင်းပြီ
ကမ္ဘ့ာကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားချိန်ကစလို့ အာဏာပိုင်တွေက ထားဝယ်ချောင်အမှိုက်ကုန်းကို အပြင်လူ တက်ခွင့် ပိတ်လိုက်တာကြောင့် မကြူခိုင်တို့မိသားစုအတွက် ပိုခက်ခဲသွားပါတယ်။
“ ကုန်းပေါ်လည်းမတက်ရ၊ ချောင်းထဲလည်းမဆင်းခင် ကိုယ့်မှာ အခက်အခဲတွေရှိတယ်လေ။ ကျောင်းသားလေးတွေ လည်းရှိတော့ ဘာလုပ်စားလို့ လုပ်စားရမှန်းမသိဘူး။ ကျန်းမာရေးမကောင်းတဲ့သူလည်းရှိတော့ ဘာလုပ်လို့လုပ်ရမှန်း မသိဘူး” လို့ မကြူခိုင်က ငြီးတွားပါတယ်။
ဒီလိုနဲ့ရပ်ကွက်ထဲမှာ အိမ်သန့်ရှင်းရေး၊ အဝတ်လျှော်တာတွေ လိုက်လုပ်ပေမယ့်လည်း ဒီအလုပ်တွေက အမှိုက် ကုန်းတက် သလို တစ်ရက် ၇,၀၀၀ ကျပ်လောက်ပုံမှန်ဝင်ငွေရတာမျိုးမဟုတ်လို့ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်တယ်လို့ မကြူခိုင်က ဆိုပါတယ်။
မိသားစုစားဝတ်နေရေးအတွက် အမှိုက်ကုန်းတက်သလိုမျိုး တခြားအခွင့်အရေးရဖို့ မကြူခိုင်က အမြဲရှာဖွေနေတာပါ။
“ ကမ်းနားကသွားရင် ရေထဲမှာ ဗူးလေးတွေက စုန်ချီဆန်ချီမျှောနေတာလေ။ တွေ့နေရပေမယ့် ဘယ်လိုကောက်ရမလဲဆို တာစဉ်းစားနေတာ။ အလုပ်ကလည်းမရှိတော့ ကောက်ချင်နေတာ။ ဒီချောင်းထဲကို ဘယ်လိုဆင်းရပါ့ မလဲပေါ့” လို့ မကြူ ခိုင်က သူ့အတွေးကို ပြောပြတယ်။
တစ်ရက်မှာ မကြူခိုင်တို့နေထိုင်တဲ့ ရပ်ကွက်ထဲကအသိတစ်ချို့က ချောင်းထဲမှာအပျော်စီးဖို့ ဖော့ပြားတွေယူ လာကြပါ တယ်။ ဒါနဲ့ သူနဲ့သူ့ညီမဝမ်းကွဲဖြစ်သူ မယုတို့က ပိုင်ရှင်ထံမှာဖော့ပြားတွေကို ချောင်းထဲဆင်းဖို့သွားငှားလိုက်ကြပါတယ်။
ဖော့ချပ်ငှားတာ အဆင်ပြေခဲ့လို့ မကြူခိုင်တို့ညီအမတွေဟာ ငမိုးရိပ်ချောင်းထဲဆင်းပြီး ဗူးခွံ၊ ပုလင်းခွံတွေကို အရဲစွန့်လို့ ဆင်းကောက်ကြပါတော့တယ်။
“ ချောင်းထဲ ပလုံကောက်တယ်သာ ပြောတာ၊ ကိုယ့်အသက်က ပေးထားရတဲ့သဘောဖြစ်နေတာ။ ကိုယ့်အိမ်ပေါ်ရောက် မှပဲ အော် .. ငါဘာမှမဖြစ်ဘူးပဲဆိုပြီး စိတ်ချနိုင်တာ” လို့ မကြူခိုင်ရဲ့ ညီမဝမ်းကွဲဖြစ်သူ မယုကပြောပါတယ်။
မယုကလည်း မကြူခိုင်လိုပဲ လေငန်းဝေဒနာရှင်အမျိုးသားကိုပြုစုနေရတာဖြစ်ပြီး သားသမီးသုံးဦးကို ရှာဖွေ ကျွေးမွေး နေတာပါ။
သူတို့ဟာ ချောင်းထဲဆင်းဖို့ အလျား ၈ ပေ အနံ ၃ ပေ ဝန်းကျင်ရှိတဲ့ ဖော့ပြားကို လှေသဖွယ်အသုံးပြုကြပါတယ်။ ဖော့ စဝယ်တုန်း တစ်သောင်းခွဲကျပ်ဝန်းကျင်သာ ရှိခဲ့ပေမယ့် အခုမှာတော့ ၂၅,၀၀၀၊ ၃၀,၀၀၀ ကျပ် အထိဈေးတက်သွားပြီလို့ မကြူခိုင်က ဆိုတယ်။
ဖော့ပြားပေါ်မှာ ဖင်ထိုင်ခုံအသေးတစ်လုံးရယ်၊ လက်လုပ်လှော်တက်တစ်ချောင်းရယ်ရယ်နဲ့ ဗူးခွံတွေကိုထည့်ဖို့ ခြင်းတစ် လုံးပါပါတယ်။ ချောင်းထဲဆင်းခါစက အနီးနားကလူတွေက သူတို့ညီမနှစ်ယောက်ကို ခြောက်တစ် လှည့်၊ ချော့တစ်လှည့်နဲ့ ချောင်းထဲဆင်းတာအန္တရယ်များကြောင်း သတိပေးကြပါတယ်။
“ဟဲ့အငယ်မတို့ နင်တို့ချောင်းထဲမဆင်းကြနဲ့။ ကြိုးတံတားက လူစားတာတို့၊ မိချောင်းရှိတယ်တို့၊ လူသေအလောင်းမျော တယ်တို့ပေါ့။ ကိုယ်တွေကလည်း ဝင်ငွေကလည်းမရှိတော့ ဖြစ်သမျှအကြောင်းပေါ့ဆိုပြီး ဆင်းကြတာ” လို့ မကြူခိုင်က ပြောပြပါတယ်။
စစဆင်းတုန်းက ဝေးဝေးလံလံ မသွားရဲသေးဘဲကြိုးတံတားနဲ့ ရွှေပေါက်ကံတံတားကြားမှာပဲ ဗူးခွံတွေကို လှည့်ပတ် ကောက်ကြပါတယ်။ ညနေမိုးချုပ်ခါနီးကုန်းပေါ်ပြန်ရောက်တဲ့အခါ ရလာတဲ့ဗူးခွံတွေကို ဆေးကြောသန့်စင်ပြီး ရောင်းချတာ
၈,၀၀၀ ကျပ်နီးပါးရတယ်လို့ မကြူခိုင်က ပြောပြတယ်။
မကြူခိုင်တို့ ညီအမဝမ်းကွဲတွေဟာ ချောင်းထဲဆင်းပလုံကောက်ဖို့ မနက်လေးနာရီလောက်ကထလို့ ချက်ပြုတ်ကြပါတယ်။ ချောင်းထဲမှာပဲ တစ်နေကုန်နီးပါးဆင်းတာဖြစ်လို့ ထမင်းချိုင့်ယူသွားကြသလို နေပူဒဏ်ခံနိုင်ဖို့ အင်္ကျီလက်ရှည်နဲ့ ဦးထုပ် တို့အပြင် သနပ်ခါးထူထူကို အမြဲလိမ်းကျံထားရပါတယ်။ မကြူခိုင်တို့ဆင်းပြီးသိပ်မကြာခင်မှာပဲ သူတို့အနီးနားက စားဝတ် နေရေး အဆင်မပြေကြတဲ့ မိသားစုတွေကလည်း နောက်ကချောင်းထဲကိုလိုက်ဆင်းကြပါတယ်။
“ ကိုယ့်ကိုခြောက်တဲ့သူက ရေထဲကမတက်တော့ဘူး” လို့ မကြူခိုင်ရဲ့ နောက်ထပ်ညီမဝမ်းကွဲဖြစ်သူ မငယ်က သူတို့ကို ရေထဲမဆင်းဖို့တိုက်တွန်းသူတွေပါ လိုက်ဆင်းလာကြပြီး ရေထဲက မတက်တာကို ရယ်ရယ်မောမောနဲ့ ပြန်ပြောပြပါတယ်။
မကြူခိုင်တို့ဟာ ငမိုးရိပ်ချောင်းရဲ့ ဒီရေအတက်အကျအကိုအသုံးချပြီး သူတို့ရဲ့ ဖော့လှေနဲ့လိုက်ပါစီးမျှောရင်း ဗူးခွံတွေကို လိုက်လံကောက်ယူကြတာပါ။ မနက်အစောပိုင်း ဒီရေတက်တဲ့အချိန် သူတို့ဟာ ရွှေပေါက်ကံတံတား အထိ လိုက်ပါ သွားကြတာဖြစ်ပါတယ်။ အဲဒီနောက် ဒီရေပြန်အကျမှာ သူတို့ကလည်း ကြိုးတံတားအထိ ပြန်ဆင်းလာကြပါတယ်။ နောက် ပိုင်းမှာတော့ ဘေလီတံတားနားအထိ ရောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကနေ ဒီရေအတက်နဲ့ သူတို့နေရာကို အိမ်ပြန် လာကြတာပါ။
ရေထဲက မမြင်ရတဲ့ အန္တရာယ်
ငမိုးရိပ်ချောင်းရေက ခဲပုတ်ရောင်ဖြစ်ပြီး အမှိုက်နံ့က ရေပြင်ပေါ်မှာ ခပ်စူးစူးရစ်ဝဲနေတတ်တယ်။ ဒီလိုနောက်ကျိ နံစော် နေတဲ့ရေကို နေ့စဉ်ထိတွေ့နေတဲ့ မကြူခိုင်တို့ဟာ ယားနာမကြာခဏဖြစ်ကြပါတယ်။ ဒါ့အပြင် ချောင်းထဲမှာ အမှိုက် သရိုက်တွေအပြင် ခွေးသေကောင်တွေ၊ ဝက်သေကောင်တွေက နေ့တိုင်းမျောနေသလို တစ်ခါတစ်လေ လူသေအလောင်း တွေလည်း မျောလာတယ်လို့ မကြူခိုင်တို့က သူတို့အတွေ့အကြုံကို ပြောပြ ပါတယ်။
ငမိုးရိပ်ချောင်းထဲဆင်းတဲ့ နှစ်နှစ်နီးပါးမှာ လူသေအလောင်းတွေ့တာ သုံးကြိမ်မကဘူးလို့ မကြူခိုင်က သူမှတ်မိ သလောက် ကို ပြန်ပြောတယ်။
“ အဲလိုမျိုးဆိုရင် လူက ကြောက်ကလည်းကြောက်၊ အနံ့အသက်တွေကလည်း မကောင်းတော့ ထမင်းကလည်းမ စား နိုင်တော့ဘူး။ အဲလိုနဲ့ ကွမ်းပဲဝါးရင်းနဲ့ ကွမ်းစားတတ်သွားတာလို့ ” လို့ မကြူခိုင်က မဖြူတဲ့သွားတွေပေါ်အောင် ပြုံးပြ ရင်းပြောပြတယ်။ အမှိုက်ကုန်းပေါ်တက်ခဲ့တုန်းကရခဲ့တဲ့ ဗိုက်အောင့်ဝေဒနာကလည်း မကြာခဏ ပေါ်ပေါ်လာတတ် တယ်လို့ မကြူခိုင်က ဆိုပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက မိန်းကလေးတစ်ဦး ကြိုးတံတားပေါ်က ခုန်ချပြီးသက်သေခဲ့လို့ သက်ဆိုင်ရာအဖွဲ့တွေက မကြူခိုင်တို့ကို အလောင်းပေါ်ရင် အကြောင်းကြားပေးဖို့ အကူအညီတောင်းပါတယ်။ လောလောဆယ်မှာ ချောင်းထဲမှာ အလောင်း မတွေ့ သေးဘူးလို့ မကြူခိုင်တို့က ဆိုတယ်။
ဒါကြောင့် မကြူခိုင်တို့ဟာ ချောင်းထဲစဆင်းတာနဲ့ ဖော့ဦးကို ရေနဲ့သေချာဆေးကြောပြီး ဘုရားစာရွတ်ဆိုတာနဲ့ အမျှ အတမ်းပေးဝေတာတွေ လုပ်ကြတယ်လို့ပြောပါတယ်။ ဒီလိုလုပ်ရင် သူတို့လည်း အန္တာရယ်ကင်းမယ်လို့ ယုံကြည်ကြောင်း မကြူခိုင်တို့က ဆိုကြတယ်။
“အဲလိုလုပ်ပြီးဆင်းရင် ကိုယ့်ကိုပေးတဲ့ကမ်းတဲ့သူပေါ်တယ်။ မုန့်ဖိုးပေးတဲ့သူရှိတယ်။ ဆန်ပေးတယ်။ စက်ရုံတစ်ရုံဆိုရင် ကျမကိုလည်း သူတို့သောက်ထားတဲ့ ဗူးခွံတွေ အကုန်ပေးတယ်” လို့ မငယ်က သူ့အတွေ့အကြုံကို ဝင်ပြောပြပါတယ်။
မယုကလည်း “ကြောက်စိတ်ကရှိတယ်အခုထိပဲ။ တစ်ယောက်နဲ့တစ်ယောက် နဲနဲလေးဝေးသွားပြီဆို ကြောက်စိတ်က ဝင်လာပြီ။ ငါ့ကိုများ တစ်ယောက်ယောက်ထွက်လုပ်လိုက်ရင် နောက်ကလူမသိတော့ဘူးပေါ့ ” လို့ ဆိုတယ်။
ချောင်းထဲကို မိန်းမသားတွေနဲ့ကလေးတွေပဲ ဆင်းကြလို့ သဲသင်္ဘောပေါ်က တစ်ချို့အရက်မူးသမားတွေက ထိကပါး ရိကပါး ပြောဆိုတာမျိုးရှိသလို ကုန်းပေါ်ကနေလည်း လှမ်းအော်စတာလည်းရှိပါသေးတယ်။
“ သူတို့ကမူးနေတော့ ပျိုတာတွေ၊ အိုတာတွေမသိဘူးလေ။ စိတ်ထဲတော့ ကြောက်တာပေါ့။ သူတို့ကို ပြန်လည်း မပြောချင် ဘူးလေ။ သူတို့ဆင်းလာရင်ခက်မယ်။ ပြီးတော့ ကိုယ်တွေက နေ့တိုင်းလုပ်စားနေရတော့ သူတို့နဲ့တည့် အောင်ပေါင်း ရတာပေါ့” လို့ မကြူခိုင်ကဆိုတယ်။
မငယ်ကလည်း “အဲလို စက်လှေတွေ့ရင်ရှောင်နေလိုက်တယ်။ သူတို့ ဟိုဘက်ကမ်းဆို၊ ကိုယ်တွေက ဒီဘက်ကမ်း၊ အဲလိုနေလိုက်တယ်။ ကြောက်တယ်။ မိန်းမသားတွေချည်းပဲဆိုတော့” လို့ ပြောပြပါတယ်။
တစ်ချို့ သဲသင်္ဘောပေါ်ကလူတွေကတော့ သူတို့သောက်ထားတဲ့ အရက်ပုလင်းတွေကို အိတ်လိုက်ပေးတာမျိုး ရှိသလို တစ်ချို့က ချောင်းထဲမှာဒီရေလှိုင်းလုံးလာရင် ဘယ်လိုရှောင်ရမလဲဆိုတာမျိုး သင်ပေးတဲ့သူတွေလည်းရှိတယ်လို့ မကြူခိုင်က ပြောပြတယ်။
ချောင်းထဲမှာ ဒီရေတက်တော့မယ်ဆိုရင် ရေလယ်ခေါင်မှာ ရေမြှုပ်တွေစီထလာတယ်လို့ မကြူခိုင်က ရှင်းပြတယ်။ ဒီရေတက်လာတဲ့အခါ ကမ်းနံဘေးမှာ လှိုင်းပိုထတယ်လို့ သူက ဆက်ပြောတယ်။ ဒီရေအကြောင်းကို မသိခင်မှာတော့ သူတို့ ညီအစ်မတွေဟာ ဒီရေလာရင် ဖော့ချပ်တွေကို ကုန်းပေါ်ကို ဝိုင်းဆွဲတင်ရတာ၊ ဒီရေကျမှဖော့ချပ်တွေကို ပြန် ဆွဲချရတာနဲ့ အရမ်းပင်ပန်းခဲ့တယ်လို့ မကြူခိုင်က ပြောပြတယ်။
“ဖော့ချပ်က ရေတအားစုပ်တယ်လေ၊ ပြီးတော့ ပစ္စည်းတွေလည်းပါတော့ ကုန်းအစပ်ထိဆွဲရရင် လူကမနိုင်တော့ဘူး။ ရေကျတဲ့အချိန် ရွံ့နွံတွေက ပေါင်ရင်းလောက်အထိနစ်တော့ ရုန်းရတာမလွယ်ဘူးလေ” လို့ မကြူခိုင်က ပြောပြပါတယ်။
နောက်ပိုင်းမှာတော့ သဲသင်္ဘောပေါ်က အသိတစ်ချို့က ဒီရေလာရင် ကမ်းစပ်မှာလှိုင်းလုံးကြီးတာကြောင့် ကမ်းစပ်မှာ မနေခိုင်းဘဲ ရေလယ်ခေါင်မှာနေဖို့ပြောပြကြတယ်လို့ မကြူခိုင်က ပြောပြပါတယ်။ ဒီလိုနဲ့ မကြူခိုင်တို့လည်း လိုက်လုပ် ကြည့်ရင်း အဆင်ပြေသွားတာကြောင့် ဒီရေလာရင် ရေလယ်ခေါင်ကိုပဲသွားနေလိုက်တယ် လို့ပြောပြပါတယ်။
“ကျွန်မ ဒီလုံးရိုက်ခံရတုန်းက ခေါင်းထဲမှာ ကလေးတွေ စားဝတ်နေရေး၊ ယောက်ျားဆေးကုဖို့နဲ့ အကြွေးရှင် အကြောင်းတွေ အတွေးဝင်လာပြီး လူကသတိလက်လွတ်ဖြစ်သွားတာ” လို့ မကြူခိုင်က သူရေနစ်ရတဲ့ အကြောင်းကို ပြောပြတယ်။
မကြူခိုင်တို့ကို နောက်ထပ်အခက်တွေ့စေတာတစ်ခုက ချောင်းထဲမှာသူခိုးတွေရှိလာတဲ့ပြဿနာပါ။ သူခိုးတွေက ချောင်းနံ ဘေးက အိမ်တွေရဲ့သံတိုသံစတွေအပြင် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ဖော့ချပ်သုံးပြီးခိုးကြသလို စက်လှေငယ်သုံးပြီး လည်း ခိုးကြတာပါ။
ဒါကြောင့် မကြူခိုင်တို့ညီအစ်မတွေကို သူခိုးလို့ အထင်အမြင်လွဲခံရတာပါ။ အရင်တုန်းက ချောင်းကမ်းနံဘေးက အိမ် တွေက စွန့်ပစ်ထားတဲ့ ဗူးခွံ၊ ပုလင်းခွံတွေကို ကောက်ခွင့်ပေးကြသလို ဆန်၊ ဆီ၊ ဆား စတာတွေလည်း သူတို့ကို ပေးကမ်းတာမျိုးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူခိုးတွေကြောင့် မကြူခိုင်တို့ ညီအစ်မတွေကိုလည်း သူခိုးလို့ အမြင်မှားလာကြတယ်လို့ ဆိုတယ်။
“ သံခိုးတဲ့သူတွေကလည်း ဒီလိုဖော့ချပ်နဲ့ပဲဆိုတော့ ကျွန်မတို့က အထင်လွဲခံရတာလေ။ အဲဒါ သူတို့အိမ်တွေနားကပ်ရင် မကပ်နဲ့ဆိုပြီး အော်ကြတယ်” လို့ မယုက ပြောပြပါတယ်။
ပြီးခဲ့တဲ့ မိုးတွင်းတုန်းက ချောင်းနံဘေးကအိမ်နားကို ဗူးခွံကောက်ရင်း ရောက်သွားတဲ့ မယုကို အိမ်ရှင်တစ်ချို့က သူခိုးဆိုပြီး လှမ်းအော်တာ ကြုံခဲ့သေးတယ်လို့ မယုက ပြောပြတယ်။ ဒါနဲ့ မယုနဲ့ သူတို့အနီးနားကို အရောက်သွားပြီး “ဘာပြောတာ” လဲ ဆိုပြီး အသံခပ်မာမာနဲ့ မေးလိုက်တယ်လို့ သူက ပြောပြပါတယ်။
“ဟုတ်တယ်လေ၊ သူတို့အော်တာကို ကိုယ်ကရှောင်လိုက်ရင် သူခိုးပိုထင်ခံရမှာ” လို့ မယုက သူကြုံတွေ့ခဲ့တာကို ပြောပြ တယ်။
မကြူခိုင်တို့လို ချောင်းထဲမှာ ဗူးခွံကောက်သူတွေအတွက် မိုးရာသီက လေကြမ်း၊ လှိုင်းကြမ်းပြီး အန္တရာယ်လည်းများသလို ဗူးခွံတွေကလည်း နွေရာသီနဲ့ ဆောင်းရာသီတို့ထက် ပိုရတယ်လို့ ဆိုကြတယ်။ မိုးကြီးရွာရင် ရန်ကုန်မြို့ပေါ်မှာ ရေလျှံလေ့ ရှိတာကြောင့် လမ်းပေါ်က ဗူးတွေဟာ မြောင်းရေတွေနဲ့အတူ ချောင်းထဲကို မျောပါလာပါတယ်။
မိုးရာသီမှာပဲ ဗူးခွံပိုရလို့ မကြူခိုင်တို့ ညီအစ်မတွေက မိုးသည်းရင်လည်း ချောင်းထဲဆင်းကြပါတယ်။ လှိုင်းလေ ကြမ်း လာမှပဲ လေကွယ်ရာတံတားအောက်တို့မှာ ခဏခိုကပ်ပြီး အလုပ်ဆက်လုပ်တယ်လို့ မကြူခိုင်ကပြောပြတယ်။
“ကောက်နိုင်ရင် ကောက်နိုင်သလို တစ်ရက်ကို ၂၀,၀၀၀ လောက်လည်း ရတယ်” လို့ မကြူခိုင်က မိုးရာသီအတွေ့ အကြုံ ကို ပြောပြပါတယ်။
ဒါပေမယ့် အခုမှာတော့ မကြူခိုင်တို့က ဒီအလုပ်ကို နားဖို့စိတ်ကူးနေကြပါတယ်။ အကြောင်းကတော့ ချောင်းထဲကို ဆင်း ကြတဲ့သူတွေများလာသလို ချောင်းနံဘေးကအိမ်တွေကလည်း လွှတ်ပစ်ထားတဲ့ဗူးခွံတွေကို အကောက်မခံကြတော့လို့ ဗူးခွံတွေမရလို့ ဖြစ်ပါတယ်။ ပြီးတော့ နွေရာသီလည်းရောက်တော့မှာဖြစ်လို့ ဗူးခွံတွေနေ့တိုင်းရဖို့က မသေချာပါဘူး။
“ ပစ္စည်းတွေမရရင် ဒီအလုပ်ကို မလုပ်ချင်တော့ဘူးဆိုပြီး ဖော့ပေါ်မှာ စိတ်ကုန်သွားတာလည်းရှိတယ်။ ဆင်းချင်စိတ် မရှိတော့ဘူး။ အော် ငါ့သားသမီးလေးတွေရှိသေးတယ်ဟ၊ ဒီအလုပ်ကိုမလုပ်ရင် သူတို့စားဖို့ခက်လိမ့်မယ် ဆိုပြီး ကိုယ့်ဘာ ကိုယ် စိတ်ကိုအားပေးပြီး လုပ်ရတယ်” လို့ မကြူခိုင်က ဆိုတယ်။
“ စီးပွားရေးလေးကောင်းလို့ အကြွေးတွေကြေရင် ချောင်းထဲမဆင်းတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် ဒီအကြွေး မကြေသေးသ၍ကတော့ လုပ်ရဦးမှာပဲ” လို့ မကြူခိုင်က ငြီးတွားပါတယ်။
လက်ရှိမှာ ကြူခိုင်ဆီမှာ အကြွေး ခုနှစ်သိန်းတင်နေပါတယ်။ သူ့စိတ်ကူးကတော့ အရင်းအနှီး ကျပ်လေးသိန်းလောက်ရှိရင် အရင်ကလို လမုဈေးထဲမျာ ငါးပြန်ရောင်းဖို့ပါ။ ငါးရောင်းတာက ဒီအလုပ်ထက်စာရင် မျက်နှာမငယ်ရသလို လူလည်း သန့် သန့်ရှင်းရှင်းနဲ့ ပိုက်ဆံလည်းရတယ်လို့ သူကဆိုပါတယ်။
ပြီးတော့ သူ့ဖြစ်ချင်နေတဲ့ ဆန္ဒတစ်ခုကိုလည်း ရင်ဖွင့်တယ်။
“ ဒီနှစ်မိုးတွင်းတော့ အလတ်ကောင်လေးကိုကျောင်းပြန်တက်ခိုင်းရမယ်”