Home ဆောင်းပါး ပြန်ပေးသမားတို့ရဲ့ ပစ်မှတ်ဖြစ်နေသည့် ကလေးငယ်များ

ပြန်ပေးသမားတို့ရဲ့ ပစ်မှတ်ဖြစ်နေသည့် ကလေးငယ်များ

နန်းဆိုင်နွမ်။ ။

နေရောင်မလင်းတလင်းဖြစ်နေတဲ့ မနက်ခင်းတစ်ခုမှာ ရှမ်းစကားနဲ့ “ အမေရေ …အမေရေ…” လို့ တကြော်ကြော် အော်ဟစ်နေတဲ့ ကလေးငယ်ရဲ့ အသံဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပါတယ်။

ကလေးငယ်ကို ကျောင်းပို့ဖို့အတွက် အိမ်ထဲကနေ ဆိုင်ကယ်ကို ထုတ်နေတဲ့ အမေဖြစ်သူက သူ့ကလေးကို လှည့်ကြည့်လိုက်ချိန်မှာတော့ အိမ်ရှေ့ကို ဆိုက်ရောက်လာတဲ့ ကားတစ်စီးက ကလေးကိုကားပေါ်ခေါ်တင်သွားတာကိုသာ တွေ့လိုက်ရပါတယ်။

“အဲ့အချိန်တုန်းကတော့ သူ့အမေ ကလည်း ခြေမကိုင်မိ လက်မကိုင်မိ ကြောင်ပြီးရပ်ကြည့်နေတယ်။ နောက်ကြောက်ပြီးငိုပေါ့။ မနက်အစောကြီးဆိုတော့ ကျနော်လည်း စကြားကြားချင်းလန့်ပြီး ဘာလုပ်ရမှန်း တောင်းမသိဘူး” လို့ ပြန်ပေးဆွဲခံရတဲ့ အသက် ၁၀နှစ် သမီးလေးရဲ့ ဖခင်ဖြစ်သူ စိုင်းကျော် (အမည်လွှဲ) က ပြန်ပြောပြပါတယ်။

ဒီဖြစ်ပျက်လေးကတော့ အခုနှစ်စပိုင်း  မူဆယ်မြို့ လယ်ခေါင် ပြည်ထောင်စုလမ်းမပေါ်လည်းဖြစ်တဲ့ စျေးရပ်ကွက်မှာ ဖြစ်ပျက်ခဲ့တာပါ။

နောက်ထပ်နာရီအနည်းငယ် အကြာမှာတော့ ကလေးမိဘတွေဟာ ဖုန်းခေါ်သံတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

“ခင်ဗျားသမီး အသက်ရှင်ချင်ရင် ခင်ဗျားရဲ့မိန်းမကို ဖုန်းပေးလိုက်။ ရဲတိုင်ရင် အလောင်းကိုတောင် ပြန်ရမှာမဟုတ်ဘူးနော်”ဆိုပြီး ဖုန်းခေါ်တဲ့သူဘက်က ပြောခဲ့တယ်လို့ ကလေးဖခင်က ဆိုပါတယ်။

အဲ့လိုခြိမ်းခြောက်ပြောဆိုမှုကြောင့် အငိုမတိတ်တဲ့ ဇနီးကိုဖုန်းပေးခဲ့ကြောင်း၊ အဲ့အချိန်မှာ တအိမ်လုံးဟာ စိတ်တုန်လှုပ်ခြောက်ခြားနေကြပြီး ရဲကိုလည်းမတိုင်ရဲသလို တခြားပတ်ဝန်းကျင်ကိုလည်း အသိမပေးရဲတဲ့ အခြေအနေဖြစ်နေကြောင်းလည်း စိုင်းကျော် က စိတ်မကောင်းစွာနဲ့ ပြန်ပြောပါတယ်။

“သူတို့က သမီးကို အသက်ရှင်ပြီးပြန်တွေ့ချင်ရင် တရုတ်ယွမ် တသိန်းခွဲ (၁၅၀,၀၀၀)နဲ့ လာရွေးခိုင်းတယ်။ မြန်မာငွေဆိုရင်တော့ ကျပ်သိန်း (၆၀၀)ကျော် ရှိတယ်။ ကျနော်တို့လည်း မရှိပေမယ့် သမီးအတွက်ဆိုပြီး ပေးရတာပေါ့” လို့ စိုင်းကျော် တိုးတိတ်တဲ့အသံနဲ့ ပြောပါတယ်။

စိုင်းကျော်တို့ မိသားစုဟာ လွန်ခဲ့တဲ့ လပိုင်းမှာ လယ်ယာတွေ ရောင်းခဲ့ပြီး လက်ရှိမှာ တိုက်အိမ်ဆောက်လက်စ ဆောက်နေပါတယ်။

“ကျနော်တို့ လယ်တွေရောင်းတာ သိလို့လားမသိဘူး။ လယ်ရောင်းတာလည်း ပိုက်ဆံသိပ်မရပါဘူး။ ဒါပေမယ့်အခုတော့ သူတို့ကို ခွဲပေးလိုက်ရပြီလေ ” လို့ သူက ဆိုပြန်ပါတယ်။

သူတို့မိသားစု လယ်ရောင်းပြီးရတဲ့ငွေကို ပြန်ပေးဆွဲအုပ်စုကို ပေးလိုက်ရတဲ့အတွက် နှမျောမိပေမယ့် ငွေဆိုတာ အသက်ရှိနေသမျှ ပြန်ရှာနိုင်တဲ့စိတ်နဲ့ သမီးလေးကို အသက်ရှင်လျက်နဲ့ ပြန်တွေ့ချင်ဇောနဲ့ လိုက်လျှောခဲ့ရကြောင်း စိုင်းကျော် က သူ့ခံစားချက်ကို ပြောပါတယ်။

ကလေးငယ်ကို သွားရောက်ရွေးချိန်မှာလည်း လူသူမရှိတဲ့ မြို့ပြင်ဘက်မှာ သွားရောက်ခဲ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့အပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် (၁၀)ဖွဲ့ထက်မနည်းရှိပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ တအာင်း(ပလောင်)အမျိုးသားရေးတပ်မတော်(TNLA)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့ လှုပ်ရှားတဲ့နယ်မြေ ဖြစ်ပါတယ်။

မူဆယ်တစ်ကြောမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေဟာ စစ်ဝတ်စုံ လက်နက်အပြည့်နဲ့ မြို့ပေါ်မှာ အရင်ကထက် ပေါ်ပေါ်ထင်ထင် လှုပ်ရှားသွားလာသလို တဖက်မှာလည်း လောင်းကစားဝိုင်းတွေ မူးယစ်ဆေးဝါးတွေကလည်း လူမြင်ကွင်းတွေမှာ ရောင်းဝယ်လာပါတယ်။ ဒီလို လက်နက်ကိုင်တွေပေါများနေပေမယ့် မူဆယ်ဒေသခံတွေ  လုံခြုံမှုမရှိတဲ့အတွက် နေ့စဥ်နဲ့အမျှ စိုးရိမ်သောကနဲ့ နေထိုင်နေရပါတယ်။

၂၀၂၂ခုနစ် အောက်တိုဘာ ၁၅ ရက်မှာလည်း တရုတ်စာသင်ကျောင်းကို သွားတက်တဲ့ အသက် ၉နှစ်အရွယ် ကလေးငယ်တစ်ဦး ရပ်ကွက်ထဲ လမ်းလျှောက်သွားနေချိန်မှာ ကားတစ်စီးနဲ့ လူ ၄ယောက် က ကလေးကိုဖမ်းဆီးပြီး ပြန်ပေးဆွဲမှု တကြိမ်ဖြစ်ခဲ့ဖူးပါသေးတယ်။ အဲ့ချိန်တုန်းက ကလေးရဲ့ မိဘတွေဟာ ပြန်ပေးဆွဲသွားတဲ့လက်နက်ကိုင်အဖွဲ့ကို  တရုတ်ယွမ် ၅သိန်း (မြန်မာကာလပေါက်စျေး သိန်း ၂၀၀) ပေးဆောင်ခဲ့ရကြောင်း ဖမ်းဆီးခံရတဲ့ကလေးငယ်နဲ့ နီးစပ်တဲ့ ဆွေမျိုးက ပြောပြလာပါတယ်။

၂၀၂၂ ခုနစ်မှာ မူဆယ်မြို့တွင် အသက်မပြည့်သေးတဲ့ ကလေးငယ်ပြန်ပေးဆွဲမှု ၅မှုထက်မနည်းနှင့်  အသက် ၁၂နှစ်မှ အသက် ၁၇နှစ်အရွယ်ရှိ အမျိုးသမီးငယ်ပျောက်ဆုံးမှုမှာလည်း ၁၀မှုထက်မနည်းရှိကြောင်း Hi Burma သတင်းဌာန စုံစမ်းချက်အရသိရပါတယ်။

“အခုဆိုရင် ဘာမှစိတ်မချရတဲ့ ခေတ်ကာလဖြစ်နေပြီ။ ကလေးတွေကို ပြန်ပေးဆွဲပြီးရသလောက် တောင်းနေတာ ဓားပြအကြီးစားပဲ။ ကလေးတွေ အပြင်တယောက်တည်း ပေးမသွားရဲဘူး” လို့ အသက် ၁၀နှစ်အရွယ် မိခင် နန်းထွမ်းက ပြောပါတယ်။

မူးယစ်ဆေးဝါးတွေ လောင်းကစားတွေ ပေါ်တင်ဖွင့်လာပြီး လက်နက်တွေလည်း စျေးပေါပြီး အလွယ်တကူ ကိုင်နိုင်တဲ့ ခေတ်ဖြစ်သလို တခုခုဖြစ်လာပါက ဘယ်သူ့ကိုအားကိုးရမှန်းလည်း မသိတဲ့ခေတ်ကာလမှာ မိမိလုံခြုံရေး၊ ကလေးလုံခြုံရေးဟာ ကိုယ့်ဘာသာကိုယ် ပြုလုပ်နေရကြောင်းလည်း နန်းထွမ်းက လက်ရှိ မူဆယ်မြို့အခြေအနေကို ပြောလာပါတယ်။

“သေနတ်တစ်လက် နှစ်လက် လူ ၄ယောက်နဲ့ဆိုရင် ဓားပြဂိုဏ်းတခုထောင်လို့ရပြီ။ ညနေ ၆နာရီ ဆိုရင်တောင် ခပ်ကြောက်ကြောက်နဲ့ အပြင်ထွက်ရတဲ့ခေတ် ဖြစ်နေပြီ။ ပြန်ပေးဆွဲရင်ဆွဲ၊ မဆွဲရင် ဓားပြတိုက်တဲ့မြို့” လို့ နန်းထွမ်းက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူဆိုးဓားပြအုပ်စုတွေဟာ မူဆယ်မြို့က ပိုက်ဆံချမ်းသာတဲ့အသိုင်းအဝန်း၊ ဆိုင်ဖွင့်ထားတဲ့သူတွေကို ပစ်မှတ်ထားကာ ဓားပြတိုက်မှုကို ကျူးလွန်နေပါတယ်။ ဒါ့ကြောင့် အဲ့ဒီပိုက်ဆံရှိတဲ့ သူတွေဟာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေဘက်ကို မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ကြပါတယ်။

ဒီလိုပေါ်တင် လုယက်မှုတွေ ဓားပြမှုတွေ ပြန်ပေးဆွဲမှုတွေဟာ မူးယစ်ဆေးဝါး များလာမှု၊ လောင်းကစားတွေဖွင့်လာမှုနဲ့ ဆက်စပ်ကြောင်းလည်း မူဆယ်ဒေသခံတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

“ ကျမတို့မြို့မှာက လက်နက်ကိုင်တွေပေါတယ်လေ။ ကိုယ့်တိုင်းရင်းသားလက်နက်ကိုင်တွေ အားကိုးရမယ် မထင်နဲ့ သူတို့တောင်းတဲ့ ဆက်ကြေး (အခွန်)တွေတာပေးရတာ ကျမတို့ရဲ့ လုံခြုံရေးကို တချက်မှ မကြည့်ဘူး။ ဓားပြတွေ သူခိုးတွေလည်း မဖမ်းပေးဘူး။ ဒီမှာ မလုံခြုံတော့ တချို့ဆိုရင် ရန်ကုန်၊ မန္တလေးဘက် ပြောင်းသွားတယ်” လို့ မူဆယ်မြို့မှာ နေထိုင်တဲ့ အသက် ၃၅နှစ်အရွယ်ရှိ ကချင်တိုင်းရင်းသူ မဆိုင်လု က ဆိုပါတယ်။

မူဆယ်မြို့နယ်မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို မူဆယ်မြို့ရှိ ဆိုင်ဖွင့်ထားတဲ့သူတွေ ဟိုတယ်ပိုင်ရှင်တွေ၊ စီးပွားရေးသမားတွေဟာ နှစ်စဥ်နှစ်တိုင်း ဆက်ကြေး (အခွန်) ပေးဆောင်ရပေမယ့် အဲ့ဒီ လက်နက်ကိုင်တပ်ဖွဲ့တွေ ဟာ ဒေသခံတွေရဲ့ လုံခြုံရေးကို ဥပက္ခာပြုနေကြောင်းလည်း မဆိုင်လု က ထောက်ပြပြောပါတယ်။

မူဆယ်မြို့ဟာ နယ်စပ်ဒေသမြို့ဖြစ်တဲ့အလျောက် ဒုစရိုက်သမားများ ပျော်မွေ့ရာမြို့လို့ တင်စားလို့ရအောင် သက်ဆိုင်ရာက တမြင်လွှတ်ထားတဲ့သဘောဖြစ်ပြီး လက်နက်ရှိသူတွေက လက်နက်မဲ့သူတွေကို အနိုင်ကျင့်တဲ့ဗိုလ်ကျတဲ့မြို့ဖြစ်ကြောင်း သမီးလေး ပြန်ပေးဆွဲခံရတဲ့ ဖခင် စိုင်းကျော် က ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ စိုင်းကျော်တယောက် သမီးလေးရဲ့လုံခြုံရေးနဲ့ ဘဝမှာ စိတ်ဒဏ်ရာမရအောင်အတွက် ပြောင်းရွှေ့နေထိုင်ချင်ပေမယ့် အစစအရာရာ အဆင်သင့်မဖြစ်သေးကြောင်းလည်း သူက ဆိုပါတယ်။

“ အခု သမီးလေး အပြင်ကို တယောက်တည်းမသွားရဲ၊ မထွက်ရဲဘူး။ သူစိတ်ဒဏ်ရာဖြစ်မှာတော့ ကျနော်လည်း ကြောက်တယ်။ တခြားပြောင်းနေဖို့လည်းအဆင်သင့်မဖြစ်သေးဘူးလေ” လို့ တုန်ရီတဲ့အသံနဲ့စိုင်းကျော်က ပြောလာပါတယ်။

ဒ့ါကြောင့် မူဆယ်မြို့ဟာ နေ့စဥ်နဲ့အမျှ ဒုစရိုက်သမားတွေ ပျော်ရွှင်ရာမြို့ဖြစ်လာပြီး ကလေးငယ်တွေရဲ့ အသက်ကို ပါငဲ့ညာမှုမရှိဘဲ ဓားပြတိုက်နေတဲ့မြို့မှာ စိုင်းကျော်တို့လို ကလေးရှိတဲ့ မိသားစုတိုင်းဟာ လုံခြုံရေးအတွက် အားကိုးရာမဲ့ဘဝဖြစ်နေကြပါတယ်။

“လုံခြုံရေးတွေ မူးယစ်ဆေးတွေ၊လောင်းကစားတွေ ဆက်ပြီးပေးဖွင့်နေမယ်ဆိုရင်တော့ ကျနော်ကလေးလို တခြားကလေးတွေလည်း ဆက်ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် ကိုယ့်ကလေးကို ကိုယ်တိုင်ဂရုစိုက်ဖို့ လိုအပ်တယ်” လို့ စိုင်းကျော်က ပြောဆိုလိုက်ပါတယ်။

Author:

Related Articles