Home ဆောင်းပါး မီးနေသည်အခွင့်အရေးမရရှိသော ပဋိပက္ခဒေသက မိခင်များ

မီးနေသည်အခွင့်အရေးမရရှိသော ပဋိပက္ခဒေသက မိခင်များ

ဓာတ်ပုံ- Helen Mai

နန်းဆိုင်နွမ်။          ။

ရှမ်းပြည်နယ်ရဲ့ အေးစိမ့်တဲ့ ဆောင်းတွင်းမြောက်ပြန်လေ တဖြူးဖြူးတိုက်ခတ်နေချိန်မှာ မီးတွင်းမိခင် (မီးဖွားပြီးခါစ မိခင်) မအမ်လူတယောက်  ရက်သားအရွယ်ကလေးငယ်ကို ချီပိုးပြီး နာရီပေါင်းများစွာ  ခြေကျင်ခရီးနှင်ခဲ့ရပါတယ်။

မအမ်လူဟာ အသက်(၂၅)နှစ်အရွယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာ၊ ပန်ကူဒုက္ခသည် စခန်းမှာ နေထိုင်သူဖြစ်ပါတယ်။

နိုဝင်ဘာ (၂၀)ရက်နေ့က တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA ) မှ ကွတ်ခိုင် အ ခြေစိုက် တပ်မတော်အရာရှိတဦးကို ဖမ်းဆီးသွားခဲ့တဲ့ကိစ္စနဲ့ပါတ်သက်ပြီး ခေါ်ယူစစ်ဆေးလိုတဲ့အတွက် မီးဖွားပြီး ခါစ ရက်ပိုင်းသာ ရှိသေးတဲ့ မအမ်လူကို  မြန်မာ့တပ်မတော်မှ ခေါ်ဆောင်သွားခဲ့တာပါ။

မအမ်လူနဲ့အတူ ရက်သားအရွယ် သူ့ရဲ့ကလေးငယ်နဲ့ နောက်ထပ် အသက်(၂)နှစ်ကျော်အရွယ်ကလေး(၁)ဦး၊  အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတဦး၊ အမျိုးသား(၁)ဦးတို့ကိုပါ တပ်မ(၉၉)က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါ တယ်။

“ကျမကို စစ်ဆေးစရာရှိလို့ အုပ်ချုပ်ရေးမှူးအိမ် ခဏလိုက်ခဲ့ပါ၊ ကလေးရော ခေါ်ခဲ့ပါလို့ပြောပြီး ခေါ်ခဲ့တဲ့အတွက် လိုက်လာခဲ့ပါတယ်” လို့ သူမကပြောပြပါတယ်။

ကလေးငယ်(၂)ဦးပါတဲ့ မအမ်လူတို့(၅)ဦးဟာ အုပ်ချုပ်ရေးမှူးအိမ်ရောက်ချိန်မှာ အုပ်ချုပ်ရေးမှူး မရှိလို့ တပ်မ (၉၉)ဗျူဟာမှူးမှ တွေ့ချင်ပါတယ်ဆိုပြီး ဆက်လက်ခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။

တောလမ်းအတိုင်း လမ်းလျှောက်ခဲ့ရပြီး၊ တပ်ထဲရောက်ချိန်မှာတော့ (၂)ညစလုံး အိပ်မပျော်ခဲ့ကြောင်း မအမ်လူက ပြောပါတယ်။

“ အေးလွန်းတော့ ကလေးက တညလုံးငိုတယ်၊ အိပ်မပျော်ဘူး။ လမ်းလျှောက်လာရတော့ ပေါင်၊ ခြေထောက်တွေ က ကိုက်တယ်။ ကလေးတခုခုဖြစ်မှာလည်း အရမ်းစိုးရိမ်ခဲ့တယ်” လို့ သူမက ဆိုပါတယ်။

ရက်သားကလေးငယ်နဲ့ မွေးဖွားစမိခင်ကို စစ်ဆေးဖို့ဆိုပြီး မြန်မာ့တပ်မတော်မှ အခုလိုအေးချမ်းတဲ့ရာသီမှာ လမ်း လျှောက်ပြီး ခေါ်ဆောင်သွားတဲ့အပေါ် အမျိုးသမီးအရေး ဆောင်ရွက်သူများက ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။

“ကလေးမွေးပြီးခါစမိခင်နဲ့ ရက်သားကလေးငယ်ကို လေတဖြူးဖြူးတိုက်တဲ့ကြား နာရီပေါင်းများစွာ လမ်းလျှောက် ခိုင်းတာ စဉ်းစားလို့ မရဘူး” လို့ ကွတ်ခိုင်မြို့၊ အမျိုးသမီးနဲ့ ကလေးငယ် အခွင့်အရေး ဆောင်ရွက်နေသူ မမိုင်းမိုင် က ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ထားတဲ့ ပန်ကူစစ်ဘေးရှောင်စခန်းမှ မိခင်နဲ့အတူ ကျန်သူများကို စစ်ဆေးမေးမြန်းရာမှာ ထူးခြား မှု မရှိတဲ့အတွက် နိုဝင်ဘာ(၂၂)ရက်နေ့ ည(၈)နာရီကျော်မှာ ပြန်လွှတ်လာခဲ့ပါတယ်။

“ ဘယ်လိုပဲ စစ်ဆေးဖို့လိုပါစေ၊ ကားနဲ့ခေါ်သွားသင့်တယ်။ အခု သူ့ကိုကြည့်ရတာ ခေါင်းကိုက်တယ်။ မူးတယ်။ နှလုံးတွေ အရမ်းခုန်ပြီး လန့်နေတယ်” လို့ မမိုင်းမိုင်က ဆိုပါတယ်။

ပြန်ရောက်လာတဲ့ မအမ်လူဟာ စိတ်ပိုင်းဆိုင်ရာ တခုခုခံစားနေရတဲ့ပုံစံရှိပြီး ဆေးကုသမှု လိုအပ်နေတယ်လို့ ကွတ် ခိုင်မြို့၊ အမျိုးသမီးကွန်ယက်မှ လွေးအေးကလည်း ပြောပါတယ်။

မီးဖွားပြီးခါစ မအမ်လူနဲ့ ရက်သားကလေးကို ခေါ်ဆောင်သွားစဉ်က အဝတ်အစားကအစ အခြားလိုအပ်တဲ့ အသုံး အဆောင်ပစ္စည်းတွေ တခုမှမပါသွားတဲ့အပြင် လမ်းလျှောက်ခေါ်ဆောင်သွားခြင်းဖြစ်တဲ့အတွက် သူတို့သားအမိ ကျန်းမာရေးအတွက် စိုးရိမ်တယ်လို့ လွေးအေးက ဆက်ပြောပါတယ်။

“ (၁၂)ရက်သားကလေးနဲ့ မီးဖွားစမိခင်ကို ဒီလိုအေးတဲ့ချိန် ဘာပစ္စည်းမှ မပါ၊ လမ်းလျှောက်ခေါ်သွားတော့ လူသား ပီပီ ကိုယ်ချင်းစာစိတ်တော့ ရှိသင့်တယ်လို့ ထင်တာပေါ့။ (၄)မိုင်လောက်ဝေးတဲ့ခရီးကို လမ်းလျှောက်ခဲ့ရတာ လေ” လို့ လွေးအေးက  ပြောပြန်ပါတယ်။

ဓာတ်ပုံ-Helen Mai

မြန်မာ့တပ်မတော်မှ ဖမ်းဆီးစစ်ဆေးနေစဉ် မအမ်လူကို ညှင်းပမ်းနှိပ်စက်မှုတွေ မရှိပေမယ့် သူမ စိတ်ထဲမှာ စိုးရိမ်မှု များနဲ့ ကြောက်စိတ်များလွှမ်းမိုးနေခဲ့မှာ သေချာတယ်လို့ ပန်ကူစစ်ရှောင် ဒုက္ခသည်စခန်းမှာ နေထိုင်သူများက ပြောဆိုနေကြပါတယ်။

“ မီးနေသည်တယောက်ဟာ မီးဖွားပြီး (၁၂)ရက်မှာ ခရီးဝေးလမ်းလျှောက်ရတော့ အခုဘာမှမဖြစ်ပေမယ့် နောက် ကျရင် ဆိုးကျိုးတွေ ဖြစ်လာမယ်။ သူ့မျက်နှာက ယောင်နေတယ်။ နောက်ပိုင်းမှာ ဒဏ်တွေဖြစ်လာနိုင်တယ်” လို့ လွေးအေးက ဆက်ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားတဲ့ဒေသများမှာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများ ဖြစ်ပွားနေတဲ့အတွက် အမျိုးသမီးနဲ့ ကလေးများအတွက် လုံခြုံမှု မရှိဘူးလို့လည်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများကဆိုပါတယ်။

“ မီးဖွားစမိခင်၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေကို ခေါ်ဆောင်သွားတာ လူ့အခွင့်အရေးချိုးဖောက်တာပဲ။ အိမ်က လူတွေက နိုင်ငံရေးနဲ့ မဆိုင်ဘူးလေ။ ကျနော်တို့ ဒေသမှာကတော့ အမျိုးသမီးတွေအတွက် လုံခြုံမှုက လုံးဝကို မရှိတာပါ” လို့ ပန်ကူအုပ်ချုပ်ရေးမှူး ဦးအိုက်စံက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ မီးဖွားခါစ မိခင်နဲ့ ကလေးငယ်များကို ခေါ်ဆောင်သွားတဲ့အချိန်မှာ သိသိချင်း  လိုက် လံသွားရောက်ဖြေရှင်းပေးခဲ့ကာ နိုဝင်ဘာ(၂၂)ရက်နေ့မှာ တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူ(၅)ဦးကို ပြန်လွှတ် ပေးခဲ့တယ်လို့ ဦးအိုက်စံက ပြောပါတယ်။

“ကလေးမွေးဖွားစဆိုတော့ အချုပ်ထဲမှာနေရတာ ကျဉ်းတယ်။ အေးတယ်။ ကလေးကငို အိပ်မရ ခေါင်းမူးတာတွေ ဖြစ်တယ်။ သူရဲ့စိတ်ကတော့ ကျန်းမာရေးကတော့ ဒဏ်ဖြစ်နေအုံးမယ်” လို့ ဦးအိုက်စံက ဆိုပါတယ်။

ယခုနှစ် သြဂုတ်(၁၇)ရက်နေ့ကလည်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ နမ့် ခမ်းသူ၊ ကလေး(၃)ယောက်မိခင် နန်းမိုဟွမ်ကို တလကျော်ကြာ ဖမ်းဆီးခေါ်ဆောင်မှု ပြုလုပ်ခဲ့ပါတယ်။

စစ်ပဋိပက္ခနယ်မြေများမှာ မည်သည့် လက်နက်ကိုင်တပ်မဆို  အမျိုးသမီးများကို ပစ်မှတ်ထားခြင်း၊ ဓားစားခံပြုခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း မပြုလုပ်သင့်ကြောင်း တအာင်း(ပလောင်)လူငယ်တဦးဖြစ်တဲ့ မိုင်ကောင်း ဆိုင်က ပြောပါတယ်။

ထို့အပြင် “သံသယရှိပြီး စစ်ဆေးမေးမြန်းဖို့လိုအပ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မီးဖွားခါစ မိခင်များကို သူတို့ နေထိုင်တဲ့နေရာများမှာသာ စစ်ဆေးရမယ်”လို့လည်း မိုင်ကောင်းဆိုင်က ဖြည့်စွက်ပြောပါတယ်။

“ TNLA က တပ်မတော်သားကို ဖမ်းလို့၊ တပ်မတော်သားက အရပ်သားကို ပြန်ဖမ်း စစ်ဆေးတာမျိုး မလုပ်သင့်ဘူး။ နောက်ပြီး ကလေးမွေးခါစ မိခင်နဲ့ ရက်သားကလေးငယ်ကို တပ်ထဲအထိ လမ်းလျှောက်သွားခိုင်းတာ တော်တော် ဆိုးရွားတယ်။ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်နေတာပဲ” လို့ မိုင်ကောင်းဆိုင်က မှတ်ချက် ပြုပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသများမှာ အမျိုးသမီးများနဲ့ ကလေးငယ်များကို ဓားစားခံအဖြစ် အသုံးပြုမှုကို ရှုတ်ချပြီး မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို အမျိုးသမီးနဲ့ ကလေးသူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခြင်းကို ကန့်ကွက်ကြောင်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့များက ပြောပါတယ်။

အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များအတွက် ပထမဆုံးချမှတ်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) မှာ စစ်ပွဲ၊ ပဋိပက္ခများအတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များအ ပေါ်သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားပြီး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးတွင် အမျိုးသမီးများရဲ့အခန်းကဏ္ဍ ကို မဖြစ်မနေစဉ်းစားဖို့ လိုအပ်ကြောင်း အလေးထားဖော်ပြထားပါတယ်။

Related Articles