နွေဦးမောင်။ ။
ခရမ်းမြို့ လမ်းမများထက်တွင် ဆိုင်ကယ်အသွားအလာများရှင်းနေသည်။ ယခင်က ယခုလိုမနက်စောစောတွင် ထိုလမ်းမများ၌ ဥဒဟိုသွားလာနေသည့် ဆိုင်ကယ်အမျိုးအစားအစုံဖြင့် ရှုပ်ယှက်ခတ်နေတတ်၏။
ယခုမူ လမ်းမထက် ဆိုင်ကယ်အသွားအလာများကို မတွေ့ရတော့သည်မှာ နှစ်လကျော်ခဲ့ပြီ။ ဘာကြောင့် ယခုလို ရှင်းလင်း နေရပါသနည်း။ အကြောင်းမူ စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်သောကြောင့် ဖြစ်သည်။
တိတိကျကျဆိုရလျှင် ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်အတွင်းရှိ ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးနင်းခွင့်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်ကစပြီး စစ်ကောင်စီက တားမြစ်ပိတ်ပင်ခဲ့သည်။
ထို့ကြောင့် အများပြည်သူသွားလာရေးခက်ခဲစေပြီး လမ်းမများထက်ဆိုင်ကယ်များကို မတွေ့ရတော့ခြင်းဖြစ်သည်။ တနည်း အားဖြင့် ဆိုင်ကယ်များအစား ဟိုးယခင်ကကဲ့သို့ စက်ဘီးများအား ခရီးမြို့လမ်းမများထက်တွင် ပြန်မြင်လာရသည်လည်း ဖြစ်၏။
” အခုဟာက ခေတ်နောက်ပြန်ဆွဲသလိုဖြစ်နေတယ်”ဟု ခရမ်းမြို့၊ အမှတ်(၈)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက မှတ်ချက် ပြုသည်။
အကယ်၍ မြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းလိုပါက ဆိုက္ကားကဲ့သို့ ဆိုင်ကယ်ဘေးတွဲများကိုသာ စီးခွင့်ပြုထားသည်။ ထို့ကြောင့် ဆိုင်ကယ်ဘေးတွေဆင်ရန် ကျပ်သုံးသိန်းခန့် အပိုကုန်ကျရ၏။ ယခုကာလ စီးပွားရေးကျပ်တည်းသည့်အပြင် အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ပြည်သူအများစုမှာ အပိုငွေသုံးနိုင်ဖို့နေနေသာသာ စားဝတ်နေရေးပင် အနိုင်နိုင် ဖြေရှင်း နေရကြောင်း ဒေသခံများက ငြီးတွားသည်။
စားဝတ်နေရေးကျပ်တည်းမှုအား ငြီးတွားသူများတွင် ခရမ်းမြို့မှ ပျံကျဈေးသည် အမျိုးသမီးတစ်ဦးလည်း ပါသည်။ သူက မြို့စွန်နားကနေ ခရမ်းမြို့မဈေးသို့ ဈေးရောင်းထွက်သူ ဖြစ်၏။ ထို့ကြောင့် သွားလာရေးအတွက် ဆိုင်ကယ်ကိုအားကိုး ပြုကာ လင်မယားနှစ်ယောက် ဈေးရောင်းထွက်ရသည်။
သို့သော် စစ်ကောင်စီ၏ ဆိုင်ကယ်စီးခွင့် ပိတ်ပင်လိုက်ကတည်းက ကိုယ့်ဆိုင်ကယ်အား အိမ်ထဲထိုးထည့်ကာ ဘေးတွဲ ကယ်ရီငှား၍ သွားရတော့သည်။ ဤတွင် စီးပွားရေးအရ တွက်ခြေမကိုက်တော့ပါ။ ကိုယ့်ဆိုင်ကယ်နှင့်ကိုသွားလျှင် တစ်နေ့ ကျပ်ငါးထောင်မှ ကျပ်တစ်သောင်းကျော်အထိ အမြတ်ကျန်သော်လည်း အသွားအပြန်ကယ်ရီခနှုတ်လိုက်သည့်အခါ ကိုယ့် အတွက် ငွေငါးထောင်ပင် မကျန်တော့ပေ။
စစ်ကောင်စီက စီးနင်းခွင့်ပြုထားသည့် ဆိုင်ကယ်ဘေးတွဲ ဆင်ရမည်ဆိုလျှင်လည်း ဈေးကုန်အတွက်ရင်းထားရသည့် ရင်းနှီးငွေလေး ပြုတ်ဖို့သာရှိသည်။ ဘေးတွဲဆင်ရမည့် ကုန်ကျစရိတ် ကျပ်သုံးသိန်းကို သူတို့မတတ်နိုင်ပါ။
” ဒီအတိုင်းဆက်သွားရင် ဘယ်လိုမှတွက်ခြေမကိုက်တော့ဘူး။ ဒါကြောင့် ဈေးဆက်မရောင်းတော့ဘဲ စက်ရုံဆင်းဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ဈေးသယ်ဘဝမှ စက်ရုံအလုပ်သမဘဝသို့ ပြောင်းလဲလိုက်ရသော အထက်ပါ ခရမ်းမြို့ခံဈေးသည် အမျိုးသမီးက ရင်ဖွင့်သည်။
ထိုဆုံးဖြတ်ချက်ကြောင့် ခရမ်းမှအိမ်လေးကို သော့ခတ်ပိတ်ကာ စက်ရုံအလုပ်ရုံများရှိရာ ပဲခူးမြို့သို့ သူတို့လင်မယား ပြောင်းလာခဲ့သည်။ အလားတူ သားနှင့်ချွေးမဖြစ်သူကိုတော့ ရန်ကုန်မြို့သို့တက်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လုပ်ကိုင်စေ၏။
ဤသို့ဖြင့် ဈေးသည်အမျိုးသမီးသည် ဖိနပ်စက်ရုံတွင် အလုပ်လုပ်ကာ ၎င်း၏ယောကျ်ားဖြစ်သူမှာ အထည်ချုပ် စက်ရုံ တစ်ခု၌ ညစောင့်အလုပ်လုပ်ကိုင်နေရသည်။
ဆိုရလျှင် ထိုဈေးသည်မိသားစုမှာ စစ်ကောင်စီ၏ ဆိုင်ကယ်စီးခွင့်ပိတ်ပင်မှုကြောင့် ဖြစ်ပေါ်လာသော လူမှုစီးပွားဘဝ ရိုက်ခတ်မှုကို ခံစားနေကြရလေသည်။ အထူးသဖြင့် မိသားစုတကွဲတပြားဖြစ်ကာ ကိုယ့်အိုးကိုယ့်အိမ်ဖြင့် နေထိုင်ခဲ့ရာမှ အခြားမြို့တစ်မြို့သို့ ပြောင်းရွှေ့ရင်း အိမ်ငှားနေထိုင်ရသည့်ဘဝ ရောက်ခဲ့တော့၏။
အလားတူ ခရမ်းမြို့နယ် ကျေးလက်တောရွာမှနေ၍ သန်လျင်မြို့သို့ အလုပ်သွားလုပ်နေသော အမျိုးသမီးတစ်ဦးကလည်း ၎င်း၏ အခက်အခဲကို ယခုလို ရင်ဖွင့်လာသည်။ သူသည်လည်း စက်ရုံအလုပ်သမတစ်ဦးဖြစ်၏။
ဆိုင်ကယ်များစီးနင်းခွင့်ပြုထားတုန်းက သန်လျင်ကနေခရမ်း၊ ခရမ်းမှသန်လျင် ဆိုင်ကယ်ဖြင့်သာ သွားလာခဲ့သည်။ ပြောရ လျင် အလုပ်ပိတ်ရက်ရောက်တိုင်း မိသားစုထံ ပြန်လည်နားခိုရန် သွားလာရေးအဆင်ပြေခဲ့၏။ ယခုမူ လိုင်းကားအဆင့် ဆင့်စီးပါမှ ကိုယ့်အိမ်ကို ပြန်နိုင်သည်။
သို့တိုင် အချိန်လည်းပိုပေးရ၏။ ယခင်က စက်ရုံပိတ်သည့်ညနေခင်း ဆိုင်ကယ်လေးဖြင့်ထွက်လာလျင် နေ့ချင်းအိမ်ပြန် ရောက်သည်။ စစ်ကောင်စီက ဆိုင်ကယ်စီးခွင့်ပိတ်လိုက်ကတည်းက သွားလာရေးခက်ခဲမှုကြောင့် အိမ်ခဏခဏ မပြန် ဖြစ်တော့။ ပိတ်ရက်တွေကို အဆောင်မှအခန်းကျဉ်းလေး၌ ကုန်ဆုံးရတော့သည်။
မိသားစုထံ ဖုန်းဖြင့်ဆက်သွယ်၍ အပန်းဖြေရသော်လည်း ကျောင်းနေအရွယ်သားနှင့်သမီးကိုမူ ရင်ခွင်ထဲထည့်ပြီး အိပ်စက် နိုင်ခြင်း မရှိတော့ပေ။ သူနှင့်အတူခေါ်ထား၍လည်း အဖြစ်နိုင်ပါ။ အကြောင်းမှာ မိခင်ဖြစ်သည့်သူက စက်ရုံဆင်းရပြီး ဖခင် ဖြစ်သူ သူ့အမျိုးသားက သဲကားနောက်လိုက်ရ၍ ကလေးတွေကို မစောင့်ရှောက်နိုင်ကြ။ ထို့ကြောင့် ရွာတွင်ကျန်ရစ်သည့် အဘိုးအဘွားတို့နှင့် ကလေးနှစ်ဦးကို အပ်ခဲ့ရသည်။
ခါတိုင်းဆို အလုပ်ပိတ်ရက်တွေတိုင်း သားနှင့်သမီးကို အိမ်ပြန်တွေ့နိုင်သော်လည်း ယခုမူ သွားလာရေးအခက်အခဲကြောင့် တစ်လတစ်ကြိမ်ပင် မတွေ့ဖြစ်တော့။ ဖုန်းဆက်၍သာ အလွမ်းဖြေရတော့သည်။
” ဆိုင်ကယ်စီးခွင့်မရတော့ ခြေထောက်တွေ ရိုက်ချိုးခံထားရသလိုပဲ။ ဘယ်မှခရီးမပေါက်တော့ဘူး”ဟု ထိုအမျိုးသမီးက ရင် ဖွင့်သည်။
အလားတူ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းမှ သန်လျင်၊ ကျောက်တန်း၊ ဒလ၊ ကွမ်းခြံကုန်း၊ တွံတေး စသည့်မြို့နယ်များမှ ပြည်သူများသည်လည်း သွားလာရေးအခက်အခဲကြောင့် လူမှုစီးပွားဘဝရိုက်ခတ်မှုများကို ခံစားကြရသည်။
ထိုမြို့နယ်များတွင် ယခုနှစ်အစောပိုင်းကစပြီး စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့်များပိတ်ပင်ခဲ့သည်။ သို့ကြောင့် ပြည်သူ လူထုမှာ သယ်ယူပို့ဆောင်ရေးခက်ခဲမှုအပေါ်မူတည်၍ ကုန်ဈေးနှုန်းများ ကြီးမြင့်သည်ထက် ပိုမိုကြီးမြင့်လာမှု၊ ရွှေ့ပြောင်း အခြေချရမှု၊ ကျန်းမာရေးအရ လက်လှမ်းမမှီမှုအပါအဝင် ဒုက္ခမျိုးစုံကို ရင်စီးခံနေကြရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်မှာဆိုလျင် ပြီးခဲ့သည့် သြဂုတ်လမတိုင်မီထဲက မြို့နယ်တွင်း ဆိုင်ကယ်စီးနင်း ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ခဲ့သည်။
ထို့အပြင် ရေလမ်းအသုံးပြုသူများကိုပါ ကန့်သတ်စစ်ဆေးမှုများ ရှိခဲ့၏။
“မြို့ပေါ်တွေကို ပိတ်ဆို့စစ်ဆေးတာတွေအပြင် ရေလမ်းဆိုက်ကပ်မှုတွေကိုပါ စစ်ဆေးပိတ်ဆို့တာပါ။ တစ်မြို့နယ်လုံးပါ။ ဆိုင်ကယ်ကိုက လုံးဝစီးနင်းခွင့်မပေးတာ”ဟု တွံတေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ကြောင့် မြို့ပေါ်တက်ဈေးရောင်းမည့်သူ၊ ဈေးတက်ဝယ်မည်သူနှင့် ကျန်းမာရေးအရ ဆေးရုံဆေးခန်းသွားရမည့်သူ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ ဝယ်ယူမည့် ပြည်သူများမှာ အခက်အခဲအမျိုးမျိုးဖြင့် ကြုံတွေ့နေကြရသည်လည်း ဖြစ်သည်။
စစ်ကောင်စီက ဆိုင်ကယ်စီးခွင့်ပိတ်ပင်လိုက်ခြင်း၏ အကြောင်းပြချက်မှာ ‘အများပြည်သူလုံခြုံရေးအတွက်’ဟု ဆိုသည်။ အမှန်တကယ်ကမူ စစ်ကောင်စီတပ်များတည်ရှိရာ စစ်ဆေးရေးဂိတ်အပါအဝင် ရုံးဌာနများအား တိုက်ခိုက်ရာတွင် တော် လှန်ရေးရဲဘော်များက ဆိုင်ကယ်အသုံးပြုတိုက်ခိုက်ခြင်းကြောင့်ဖြစ်၏။ ထို့ကြောင့် ဆိုင်ကယ်စီးသူဆိုလျှင် ၎င်းတို့ ရန်သူ ဟုမှတ်ယူကာ ပြည်သူများအား အမိန့်အာဏာဖြင့် နှိပ်ကွပ်ခြင်းသာ ဖြစ်ပါသည်။
” ဒီကောင်တွေက ပြည်သူကိုအကြောင်းပြပြီး သူတို့လုပ်ချင်ရာလုပ်နေတာ။ ပြည်သူတွေကတော့ခံဘက်ကချည်းပဲ”ဟု တွံတေးမြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။
စစ်ကောင်စီက မည်သို့နှိပ်ကွပ်စေ မီးလျှံကြားမှဖီးနပ်စ်ငှက်များပမာ စစ်ရေးတိုက်ခိုက်မှုများ ဆက်လက်ဖော်ဆောင်နေ သည်ကို တွေ့ရသည်။ အထူးသဖြင့် ဆိုင်ကယ်စီးခွင့်ပိတ်ပင်ပြီးမှ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ ဒလ၊ ကွမ်းခြံကုန်း၊ တွံတေး စသည်မြို့နယ်များတွင် တော်လှန်ရေးရဲဘော်များက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။
ယင်းသည်ပင် ဆိုင်ကယ်စီးခွင့်ပိတ်လိုက်၍ စစ်ရေးတိုက်ခိုက်မှုများ မှေးမှိန်းသွားမည်ဟူယူဆခဲ့သော စစ်ကောင်စီ၏ စီမံ ခန့်ခွဲမှု လွဲမှားနေခြင်းကို မီးမောင်းထိုးပြနေသည်။ အခြားတဖက်တွင်မူ စစ်ရေးအရှိန်တန့်မသွားဘဲ ပြည်သူများ၏ လူမှု စီးပွားဘဝများသာ ထိခိုက်ကျန်နေရစ်သည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။