Home ဆောင်းပါး ခေတ်ဆိုးထဲက ထိုးဖောက်ကြတဲ့ အမျိုးသမီးများ

ခေတ်ဆိုးထဲက ထိုးဖောက်ကြတဲ့ အမျိုးသမီးများ

မြန်မာအမျိုးသမီးတွေဟာ ၂၀၂၂ ကို စစ်ပွဲ၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ မလုံခြုံမှု စတဲ့အဆိုးဆုံးသော အရာတွေနဲ့ ဖြတ်သန်းခဲ့ကြရပါတယ်။ စစ်အာဏာသိမ်းမှုအောက် ခက်ခဲလှတဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်းပြီး လည်ပြန်ကြည့်ချိန်မှာတော့ ခေတ်ဆိုးထဲက ထက်မြက်တက်ကြွတဲ့ အမျိုးသမီးတွေကို အထင်အရှားတွေ့မြင်ခဲ့ရပြန်ပါတယ်။ ၂၀၂၂ အတွင်း အရေးပါတဲ့ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေထဲက အချို့ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။

(၁) အားကောင်းနေဆဲ အမျိုးသမီးသပိတ်များ

လပေါင်းများစွာ ဖိနှိပ်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်တိုက်ရှိနေခဲ့ပေမယ့် အမျိုးသမီးထုရဲ့ တော်လှန်ပုန်ကန်လိုစိတ်ကိုတော့ တားဆီးမရနိုင်ခဲ့ပါဘူး။ ၂၀၂၂ အတွင်းမှာလည်း အမျိုးသမီးထု ဦးဆောင်တဲ့ သပိတ်တွေက ဒေသတချို့မှာ အားကောင်းနေဆဲပါ။ အမျိုးသမီးမဟာမိတ်အင်အားစု အဖွဲ့ဝင်တွေဟာ မုံရွာ၊ တည့်ဆည်၊ လက်ပတောင်းတောင်၊ ဆားလင်းကြီး၊ ယင်းမာပင်စတဲ့ အညာဒေသတွေမှာ ဦးဆောင်သပိတ်တွေ ဆင်နွဲပြီး စစ်ကောင်စီကို အားကောင်းကောင်းနဲ့ ဆန့်ကျင်တွန်းလှန် နေကြပါတယ်။

သပိတ်တွေနဲ့အတူ အမျိုးသမီးတွေကို ခွဲခြားတဲ့ အယူအဆတွေ၊ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ထောက်ပြတဲ့ ကြွေးကြော်သံစာသားတွေလည်း ပါဝင်ပါတယ်။ အများအားဖြင့် အမျိုးသမီးထု ဦးဆောင်တဲ့ သပိတ်တွေမှာ ထဘီအလံထူကာ ချီတက်ခဲ့ကြပါတယ်။

ဒါ့အပြင် အကျီအနီရောင်ဝတ်ဆင်ပြီး နှင်းဆီပန်းအနီကိုင်ကာချီတက်တဲ့ အမျိုးသမီးသပိတ်တွေကို ထားဝယ်ခရိုင်အတွင်းက ဒေသတချို့မှာ တွေ့ရပါတယ်။ ဒီသပိတ်တွေကို ထားဝယ်က တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ ထားဝယ်က ဦးဆောင်တာ ဖြစ်ပါတယ်။

(၂) နွေဦးတော်လှန်ရေးစစ်မြေပြင်က အမျိုးသမီးများ

တော်လှန်ရေးတစ်နှစ်ကျော်ကာလမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေ များလာသလို ရှေ့တန်းစစ်မြေပြင်မှာ စစ်ကောင်စီနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အမျိုးသမီးရဲဘော်တွေလည်း အများအပြား ရှိလာပါတယ်။
မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်းက အမျိုးသမီးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ရှေ့တန်းတာဝန်တွေကို ထမ်းဆောင်နေသလို အမျိုးသမီးရဲဘော်တွေကိုယ်တိုင် မိုင်းထုတ်လုပ်တာ၊ မိုင်းဆွဲတိုက်ခိုက်တဲ့ လုပ်ငန်းတွေမှာ ပါဝင်နေကြပါတယ်။ မြောင်မြို့နယ်၊T.G.R Women Drone Force အဖွဲ့ဆိုရင်လည်း အမျိုးသမီးတွေ ပါဝင်တဲ့ ဒရုန်းတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။ တော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ ပထမဆုံး အမျိုးသမီးဒရုန်းအဖွဲ့ တစ်ခုလည်း ဖြစ်တယ်။ဒီအဖွဲ့ဟာ စစ်ကောင်စီတပ်သားတွေရဲ့ စခန်းတွေကို ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ရာမှာ ရဲတင်းပြောင်မြောက်တဲ့ အဖွဲ့အဖြစ် ကျော်ကြားပါတယ်။ ဒီအဖွဲ့ကို ဦးဆောင်နေသူကတော့ ကျားခင်စိန်လို့ အမည်တွင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးပါ။

အမျိုးသမီးရဲမေတွေ သီးသန့်ပါဝင်တဲ့ အမျိုးသမီးတပ်ခွဲကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း ၂၀၂၂ခုနှစ်မေလမှာ ပထမဆုံးဖွဲ့စည်းခဲ့ပါတယ်။

အမျိုးသမီးရဲဘော်တွေ ပါဝင်တဲ့ ပခုက္ကူမြို့ပြောက်ကျားတပ်ဖွဲ့ဟာ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအစပ်၊ ပခုက္ကူဧရာဝတီမြစ်ကူးတံတားမှာ ကင်းစောင့်နေတဲ့ စစ်သား(၇)ဦးကိုဝင်ရောက်ပစ်ခတ်ခဲ့ကာ လက်နက်တချို့ သိမ်းဆည်းရယူနိုင်ခဲ့ပါတယ်။

အညာဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရဲဘော်ရဲမေတွေအနေနဲ့လည်း စစ်သင်တန်းတွေ တက်ရောက်ပြီးစီးပြီးတဲ့နောက်မှာ ရှေ့တန်းမှာအမျိုးသားတွေ တန်းတူစစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေကြပါတယ်။

(၃)နွေဦးတော်လှန်ရေးကိုအားဖြည့်သူအမျိုးသမီးများ

နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်နေသူတွေ အမျိုးသမီးတွေတင်မက တော်လှန်ရေးကြီးအားကောင်းလာဖို့အတွက် အားဖြည့်ပေးနေသူ အမျိုးသမီးတွေရဲ့ ပါဝင်မှုကိုလည်း မေ့ထားလို့မရပါဘူး။ ၂၀၂၂ခုနှစ်မှာတော့ တော်လှန်ရေးရှေ့ဆက်နိုင်ဖို့အတွက် ကျရာနေရကပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို တွေ့နိုင်ပါတယ်။
တော်လှန်ရေးရှေ့ဆက်နိုင်ဖို့ ပိုင်ဆိုင်သမျှ ရတနာလက်ဝတ်လက်စားတွေ၊ အိမ်တွေ၊ခြံတွေ၊မြေယာတွေကိုရောင်းချကာ တော်လှန်ရေးအတွက် ပေးလှူနေကြတဲ့အမျိုးသမီးတွေကိုလည်း ၂၀၂၂ခုနှစ်မှာ တွေ့ခဲ့ရပါတယ်။

ရှေ့တန်းကရဲဘော်တွေအတွက် ထောက်ပို့လုပ်နေတဲ့ အမျိုးသမီးတွေ၊ ချက်ရေးပြုတ်ရေး တာဝန်ယူထားတဲ့ အမျိုးသမီးတွေ၊ စစ်ရေးအတွက် လိုအပ်တဲ့ ငွေတွေအတွက် လက်မှုပစ္စည်းတွေ ပြုလုပ်ရောင်းချကာ ရန်ပုံတွေရှာကြတဲ့ အမျိုးသမီးတွေ များစွာရှိပါတယ်။

ဒါ့အပြင် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တွေထဲကလည်း စစ်တိုက်ရုံတင်မက လိုအပ်တဲ့ ကျည်ဖိုးအတွက် လယ်စိုက်တာ၊ ဈေးရောင်းတာ စတဲ့အလုပ်တွေလုပ်ကာ တော်လှန်ရေးမှာပါဝင်နေကြပါတယ်။

အင်္ဂလန်ရောက် မြန်မာအမျိုးသမီးသုံးဦးဖြစ်တဲ့ မလွင်၊မသီရိ၊နဲ့မသဲတို့ဟာ ခေါင်းတုံးရိတ်ကာစစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေရှာဖွေတဲ့ အစီစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းက စစ်ဘေးသင့်ပြည်သူတွေကို လှူဒါန်းသွားဖို့ ရည်ရွယ်ပြီး ခေါင်းတုံးတုံးတဲ့ Challenge ပြုလုပ်ခဲ့တဲ့ သူတို့ဟာ စတင်တဲ့နေ့မှာပဲ ဗြိတိသျှသုံးငွေပေါင်စတာလင် တစ်သောင်းကျော် ကောက်ခံရရှိခဲ့ပါတယ်။

(၄) စိန်ခေါ်မှုတွေကြားက အမျိုးသမီးများ

နွေဦးတော်လှန်ရေးနဲ့အတူ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တဲ့ ၂၀၂၁ခုနှစ်မတ်လ ၈ ရက်နေ့မှာ ထဘီအလံနဲ့ ထဘီသပိတ်တွေ နိုင်ငံနဲ့အဝန်းပေါ်ပေါက်ခဲ့တယ်။ ထဘီအလံသပိတ်တွေ မထွက်ခင်အစောပိုင်းရက်မှာလည်း ထဘီတွေ၊ အမျိုးသမီးဝတ် အတွင်းခံတွေကို ကြိုးနဲ့တန်းကာ လမ်းမတွေပေါ်မှာချိတ်ဆွဲပြီး စစ်ကောင်စီတပ်တွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် ခံတပ်အဖြစ် အသုံးပြုခဲ့ကြပါသေးတယ်။

အဲ့ဒီနောက်ပိုင်း အမျိုးသမီးထုဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေမှာလည်း ထဘီအလံတွေအသုံးပြုကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့သပိတ်တွေ တစ်နှစ်လုံး ထွက်လာခဲ့ကြပါတယ်။ ဒါ့အပြင် အမျိုးသားတွေကပါ ထဘီအလံတွေကိုင် ဆောင်တာ၊ ထဘီခေါင်းပေါင်းပြီး သပိတ်စစ်ကြောင်းတွေ ထွက်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကြာတဲ့ ၂၀၂၂ခုနှစ်မှာလည်း အမျိုးသမီးဝတ် တဘီတွေကို တော်လှန်ရေးနဲ့ ပတ်သက်ပြီး အယူအဆအမျိုးမျိုး၊ အသွင်ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနေကြတဲ့အပေါ်မှာ မတူညီတဲ့အမျိုးမျိုးသော ဝေဖန်မှုတွေ ၊ ဝိဝါဒကွဲလွဲတဲ့ ထောက်ပြဝေဖန်မှုတွေ ဆက်လက်မြင့် တက်နေဆဲ ဖြစ်ခဲ့ပါတယ်။ ဒီလိုအမြင်မတူမှုတွေ ရှိနေပေမယ့်လည်း သပိတ်စစ်ကြောင်းတွေမှာ အမျိုးသမီးဝတ် ထဘီတွေလွှမ်းခြုံနေဆဲပါ။

မကြာခင်လပိုင်းကလည်း အမျိုးသမီးဝတ်ထဘီနဲ့ အမျိုးသားဝတ်လုံချည်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားတွေရေးပြီး ၀တ်ဆင်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဖြစ်စဉ်ကလည်း လူအများ အံအားသင့် ချီးကျူးဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

အမျိုးသမီး ဓမ္မအမှုတော်ဆောင် သင်းအုပ်အရာ သိက္ခာတင်ခွင့်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှာ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေက အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားခံရပြီး သင်းအုပ်ဖြစ်ခွင့်မရတဲ့အတွက် အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကို သင်းအုပ်အရာ သိက္ခာတင်ခွင့် (Ordination) ပေးဖို့အတွက် ထောက်ခံနှိုး‌ဆော်တဲ့ ကမ်ပိန်းက ၂၀၂၂ခုနှစ်မတ်လဒုတိယပတ်ကစပြီး ပျံ့နှံ့လာပါတယ်။

အခြားတိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ရှမ်း၊ အခါ စတဲ့ နှစ်ခြင်းခရစ်ယာန် အသင်းတော်တွေမှာ အမျိုးသမီး သိက္ခာတော်ရ ဆရာမတွေ၊ သင်းအုပ်တွေ ရှိလာပြီဖြစ်ပေမဲ့ ကချင်နှစ်ခြင်းခရစ်ယာန်မှာတော့ အမျိုးသမီး ဓမ္မအမှုတော်ဆောင်တွေဟာ အမျိုးသမီးဖြစ်ခြင်းကြောင့် ယင်းနေရာနဲ့မသင့်တော်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ခွဲခြားခံထားရပြီး သိက္ခာတင်ခွင့်မရ သင်းအုပ်ဖြစ်ခွင့်မရ ရှိနေဆဲဖြစ်ပါတယ်။

ကချင်လူမှုအသိုင်းအဝိုင်းနဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက #WeSupportWomenOrdinationInKBC ဆိုတဲ့ စာသားတွေကိုလူမှုကွန်ယက်တွေမှာတင်ကာ အမျိုးသမီးဓမ္မအမှုတော်ဆောင်တွေကို သင်းအုပ်အရာသိက္ခာတင်ခွင့် (Ordination) ပေးအပ်ဖို့ ထောက်ခံနှိုးဆော်ကြသလို တစ်ဖက်မှာလည်း ဝေဖန်ရှုတ်ချမှုတွေ ကန့်ကွက်သံတွေ ထွက်ပေါ်လာခဲ့ကြတယ်။

(၅) ထင်ထင်ရှားရှားအမျိုးသမီးများ

NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ ရဲစွမ်းသတ္တိရှိသူ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများဆု (International Women Of Courage)ကို ၂၀၂၂ မတ်လ(၈)ရက်နေ့မှာ ရရှိခဲ့ပါတယ်။ ဒေါ်အိသဉ္ဇာမောင်ဟာ NUGဝန်ကြီး မဖြစ်ခင်ကတည်းက နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ လူငယ်တစ်ယောက်ဖြစ်ခဲ့သလို ၂၀၂၀ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

၂၀၂၂ အတွင်း နောက်ထပ် ထင်ရှားတဲ့ အမျိုးသမီးတယောက်ကတော့ အမေရိကန်ပြည်ထောင်စုက ဗားမောက်တက္ကသိုလ်မှာ ပညာသင်နေတဲ့ ဘွဲ့လွန်ကျောင်းသူ မဖြူပန်းနုခင် ဖြစ်ပါတယ်။ သူဟာ အမေရိကန် စိတ်ပညာအသင်းကြီးကချီးမြှင့်တဲ့ ၂၀၂၂ခုနှစ်အတွက် စိတ်ပညာရပ်ဆိုင်ရာ ထူးချွန်ကျောင်းသားဆုကို ရရှိခဲ့ပါတယ်။ မဖြူပန်းနုခင်ဟာ နွေဦးတော်လှန်ရေးမှာလည်း စိတ်ပညာရပ်ဆိုင်ရာတွေကို မြန်မာပြည်သူတွေကို မျှဝေပေးနေသူတစ်ဦးပါ။

တက်သစ်စမော်ဒယ်၊ သရုပ်ဆောင်အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ ဟန်နီနွေဦးဟာ စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာရှင်ကိုဆန့်ကျင်ရေး သပိတ်တွေမှာ ရဲဝင့်တက်ကြွစွာ ပါဝင်ခဲ့တဲ့နောက် ထင်ရှားလူသိများလာခဲ့ပါတယ်။ သူဟာ ၂၀၂၂ခုနှစ်ထဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ အနုပညာနယ်ပယ်မှာ အလားအလာကောင်းတွေရှိတဲ့ သူ့ရဲ့အနာဂတ်ကို စွန့်လွှတ်ကာ စစ်အာဏာရှင်ကိုတော်လှန်ပုန်ကန်ခဲ့သူတစ်ဦးဖြစ်တယ်။

မန္တလေးအခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ ဗစ်တိုးရီးယားအမှုနဲ့ လူသိများလာခဲ့သူဖြစ်သလို အာဏာသိမ်းပြီးတဲ့နောက်မှာလည်း မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဝန်ကြီးတချို့ရဲ့ ရှေ့နေအဖြစ် အမှုလိုက်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက ဒေါ်ရွက်နုအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေထံ ငွေထောက်ပံ့တယ်လို့ စွပ်စွဲဖမ်းဆီးပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၁၅နှစ် ချမှတ်ခဲ့ပါတယ်။

နောက်ထပ် ထင်ရှားသူ အမျိုးသမီးကတော့ ပခုက္ကူ ပြောက်ကျားတပ်ဖွဲ့တစ်ခုက တော်လှန်ရေးရဲမေ ပူတူးပါ။ သူ့ရဲဘော်တွေနဲ့အတူ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းပြီး လက်နက်တွေ လုယူခဲ့ပါတယ်။ ရဲမေပူတူးဟာ အရင်ကတော့ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဖြစ်လာပါတယ်။

(၆) ခေတ်ကျပ်ထဲက အမျိုးသမီးများ

၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေရဲ့ ၄၀ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် ကျရောက်ခဲ့ပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုဒဏ်တွေကို ပြည်သူတွေဟာ ခါးစည်းခံနေကြရပါတယ်။ ဒီအထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၁၈ လအကြာမှာ မြန်မာနိုင်ငံဟာ အလုပ်အကိုင်ဆုံးရှုံးမှုများနဲ့ အလုပ်အကိုင် ရှားပါးမှုဟာ မြင့်တက်လာပါတယ်။ ILO Myanmar ရဲ့ နောက်ဆုံးခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ခုနှစ် ပထမလဝက်မှာ အလုပ်အကိုင် ၁.၁ သန်းအထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာအမျိုးသမီးတွေရဲ့ အလုပ်အကိုင်ဆုံးရှုံးမှုဟာ ပိုမိုမြင့်မားလျက်ရှိတယ်လို့ ILO Myanmar ရဲ့ ၂၀၂၂ ပထမလဝက် မြန်မာနိုင်ငံ အလုပ်အကိုင် အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

(၇)အကျဉ်းစံအမျိုးသမီးများ

၂၀၂၁ဖေဖော်ဝါရီ ကနေ ၂၀၂၂ခနိုဝင်ဘာအထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ အမျိုးသမီး (၂၆၂၃)ဦး ရှိပြီး (၂၄၇)ဦးဟာ ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။ ဒီအထဲမှာ ထောင်ဒဏ်တသက်တကျွန်း ချခံထားရသူအမျိုးသမီး (၁၁)ဦး၊ သေဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး(၉)ဦး၊ ထောင်ဒဏ်နှစ်(၄၀)ချခံထားရသူ အမျိုးသမီး(၁)ဦး၊ ထောင်ဒဏ် ၁၀နှစ်အထက်မှ နှစ်၂၀အထိ ချခံထားရသူအမျိုးသမီး (၃၁)ဦး၊ ထောင်ဒဏ်၅နှစ်မှ ၁၀နှစ်အထိ ချခံထားရသူ(၃၇)ဦး၊ ထောင်ဒဏ်၁နှစ်မှ ၅နှစ်အထိ ချခံထားရသူ (၁၄၆)ဦး၊ ထောင်ဒဏ်၁နှစ်အောက် ချခံထားရသူ(၁၀)ဦး ရှိတယ်လို့ AAPPနဲ့BWUက ထုတ်ပြန်ထားပါတယ်။

(၈)ကြွေလွှင့်ခဲ့တဲ့အမျိုးသမီးများ

မြန်မာနိုင်ငံမှာအာဏာသိမ်းပြီး ၂၁လအတွင်း အာဏာသိမ်းစစ်ကောင်စီက အမျိုးသမီး(၃၀၀)ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM)က ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကိုခံရတဲ့ အမျိုးသမီးတွေဟာ ကျောင်းသူတွေ၊ဆန္ဒပြသူတွေ၊ ဆရာမတွေ၊ သူနာပြု၊ ပြည်သူ့ဝန်ထမ်း၊ သီလရှင်၊ အရပ်ဘက်အဖွဲ့အစည်းဝန်ထမ်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဈေးဆိုင် အလုပ်သမားတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ ခုခံတော်လှန်ရေးသမားတွေနဲ့အလုပ်သမားတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အမျိုးသမီး အနည်းဆုံး အယောက် ၄၀ ဟာစစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားစဉ် သတ်ဖြတ်ခံခဲ့ရပြီး အယောက် ၂၀ ဟာ အရှင်လတ်လတ် မီးရှို့ခံခဲ့ရတယ်လို့ FEMရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင်စစ်ကောင်စီက အမျိုးသမီးနဲ့ မိန်းကလေးငယ် အနည်းဆုံး(၁၇)ဦးခန့်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ကြုံခဲ့ရတဲ့ အမျိုးသမီးအရေအတွက်ဟာ ယခုထက်ပိုများနိုင်တယ်လို့ FEMကဆိုထားပါတယ်။

(၉) သက်တန့်တွေရဲ့ ၂၀၂၂ခုနှစ်

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ LGBTIQ သပိတ်စစ်ကြောင်းတွေ ထွက်ခဲ့ကြပါတယ်။ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း LGBT ၁၇ ဦး သေဆုံးပြီး၊ ၈၅ ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌာနက ၂၀၂၂ခုနှစ် မေလ ၁၇ ရက်နေ့ကထုတ်ပြန်ပါတယ်။ LGBT အယောက် ၅၀ လောက်ကတော့ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းကြောင့် ထွက်ပြေး ပုန်းရှောင်နေကြရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေအတွင်းမှာ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခံရကြရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။

Author:

Related Articles