Home ဆောင်းပါး ထဘီဆိုတာ အဝတ်တန်ဆာတခုမျှသာ

ထဘီဆိုတာ အဝတ်တန်ဆာတခုမျှသာ

Honest Information (HI)
“ထဘီအလံထူပစ်မယ် ”ဆိုတာ ဆဲရေးတိုင်းထွာလိုက်တဲ့ စကားမဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင်တန်းလုပ်နိုင်တယ်ဆိုတဲ့ ရဲစွမ်းသတ္တိကို ပြဆိုလိုက်တဲ့စကား ဖြစ်ပါတယ်။

ထဘီဆိုတာ လူတယောက်ရဲ့အရှက်ကို ဖုံးပေးတဲ့ချပ်ဝတ်တန်ဆာပါပဲ။ ဒီချပ်ဝတ်တန်ဆာက လူတယောက်ရဲ့ ဘုန်းကံကို မပြုပြင်နိုင်ပါဘူး။ ဘုန်းကံဆိုတာ လူတွေရဲ့အယူအဆစွဲတခုသာ ဖြစ်တယ်။ ဘုန်းဆိုတာ အများယူဆနေကြသလို အမျိုး သားတွေမှာသာ အလိုအလျှောက် ပါလာတဲ့ မွေးရာပါ ဂုဏ်တစ်ခုမဟုတ်ပါဘူး။

မည်သူမဆို စွမ်းဆောင်ရည်တခုခု လုပ်ဆောင်ခြင်းရဲ့ အကြောင်းကနေရရှိတဲ့ အကျိုးတရားတခုသာဖြစ်တယ်။ ဥပမာ Gym ဆော့ခြင်း အကြောင်းတရားကြောင့် ခန္ဓာကိုယ်အချိုးအဆစ်ကျနခြင်း အကျိုးတရားရရှိသလိုပါပဲ။ ဒီအကျိုးတရားက မည်သူမျှဖျက်ဆီးမရသလို သက်မဲ့ပစ္စည်းလုံခြည်လို ပိတ်စတွေကလည်း ဒီအကျိုးတရားကို ပျက်စီးအောင် မလုပ်နိုင်ပါဘူး။

ဘယ်ပစ္စည်းကမှလဲ ဘာဘုန်းကံမှ မရှိပါဘူး။ ပုဆိုးတို့၊ ထဘီတို့ဆိုတာ ပညတ်ထားတဲ့ အဝတ်စတခုမျှသာဖြစ်ပြီး သူ့ကို ထိုက်တဲ့နေရာမှာ သုံးရင်တော့ ပွဲလယ်တင့်တယ်စေတဲ့ ထဘီတောင် ဖြစ်နိုင်ပါသေးတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဆိုရင် မြန်မာလုံချည်(ထဘီ)လေးတွေ အမြဲဝတ်ပါတယ်။ သူရဲ့သတ္တိနဲ့ လေးစားစရာကောင်းတဲ့ လုပ်ဆောင်မှုတွေကြောင့် ဘယ်နိုင်ငံပဲရောက်ရောက် သူ့အဝတ်အစားနဲ့ သူ့ကိုတွဲမြင်ပြီး လေးစား တန်ဖိုးထားကြတယ်။

သူ့ကြောင့်ပဲ မြန်မာ့အဝတ်အစားက ကမ္ဘာ့အလယ်မှာ ဂုဏ်ရှိန်တင့်တဲ့ အများသူငှာ တန်ဖိုးထားရတဲ့ အဝတ်တန်ဆာ ဖြစ်လာခဲ့တယ်။

ထဘီက ဘုန်းနိမ့်တတ်တယ်ဆိုတာ လူတွေရဲ့အယူအဆသက်သက်ပါ။ ထဘီကြောင့်ဘုန်းနိမ့်တာမဟုတ်ပါဘူး။ ဘုန်း နိမ့်အောင်လည်း ထဘီကလုပ်မရပါဘူး။ လူတယောက်ရဲ့ စိတ် ၊ ခံယူချက်ကြောင့်သာ စိတ်မှာ စိုးရိမ်ကြောင့်ကြမှုဖြစ်လာ တာပါ။

အသက် ၇၂ အရွယ် ဦးအောင်သန်းက“ဘုရားလက်ထက်ကတည်းက လူလူချင်းအဆင့်မခွဲခြားခဲ့ပါဘူး။ အမျိုးသမီးတွေ ဘုရားရှေ့မလာရလို့လည်း မတားထားခဲ့ဘူး။ ကိုယ်ကျင့်သီလကောင်းနေတဲ့ အမျိုးသမီးတယောက်ဟာ ငါးပါးသီလ တောင်မလုံတဲ့ ယောင်္ကျားတယောက်ထက် ပိုမြင့်မြတ်ပါတယ်”လို့ ရှင်းပြပါတယ်။

ငယ်စဉ်ကတည်းက ရိုက်သွင်းခံခဲ့ရတဲ့ အယူအဆတွေကြောင့် အမျိုးသမီးတွေရဲ့ထဘီနဲ့ အတွင်းခံအဝတ်တွေကို အိမ်ရှေ့မှာ ထုတ်လှမ်းတာက အိမ်ရဲ့ကျက်သရေမင်္ဂလာကို ယုတ်နိမ့်သွားစေတယ်လို့ အယူအဆရှိနေကြတာပါ။

ဒီလိုအယူအဆရှိကြတဲ့ အမျိုးသမီးတွေဟာလည်း သူတို့ရဲ့အတွင်းခံတွေကို အမြင့်နေရာမလှန်းကြသလို အမျိုးသားတွေရဲ့ အဝတ်တွေနဲ့လည်း အတူတွဲလျှော်တာမျိုး မလုပ်ကြပါဘူး။ ဒါတွေကို လုပ်မိခဲ့မယ်ဆိုရင်လည်း အဲဒီအိမ်မှာရှိတဲ့ အမျိုးသား တွေရဲ့ ဘုန်းကံနိမ့်သွားပြီး သူတို့ရဲ့လုပ်ငန်းတွေလည်း ပျက်စီးသွားမယ်လို့ ယူဆထားကြလို့ပဲ ဖြစ်ပါတယ်။

ဒီလိုလွဲမှားတဲ့ အယူအဆစွဲတွေကြောင့်ပဲ အမျိုးသမီးတွေဟာ ဘာမှမလုပ်နိုင်ဘူးဆိုတဲ့ ယူဆချက်နဲ့ တဆင့်နိမ့်ခွဲခြား ခံလိုက်ရပြီး ခေါင်းဆောင်ဖြစ်လာမယ့် အခွင့်အရေးကိုပါ ပိတ်ပင်ခံလိုက်ရပါတော့တယ်။

“ လူမှာ ကျားနဲ့မနှစ်မျိုးပဲရှိတဲ့အထဲ ဘယ်သူကပိုသာတယ်၊ မြတ်တယ်ဆိုတာရှိနေရမှာလဲ။ ယောကျာၤးအဝတ် မိန်းမအဝတ် စက်ထဲကိုပစ်ထည့်ပြီး အကုန်ရောလျှော်တာပဲ။ နှစ်ယောက်ထဲရှိတာ အားတဲ့လူကလျှော်တာပဲ” လို့ အသက်၃၅ နှစ်အရွယ် အိမ်ထောင်ရှင်မတဦးဖြစ်တဲ့ မဧပရယ်က ပြောပါတယ်။

ဦးအောင်သန်းကတော့ ထဘီကိုအခြား အဝတ်တွေနဲ့ ရောမလျှော်တာတော့ ဘုန်းနိမ့်မှာစိုးလို့မဟုတ်ဘဲ ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေရဲ့ ရာသီသွေးတွေ တခြားအဝတ်အထည်တွေကို စွန်းထင်းကုန်မှာစိုးတဲ့အတွက် ရောမလျှော်ခဲ့တာ ဖြစ်ပါ လိမ့်မယ်လို့ သူ့ယူဆချက်ကို ပြောပြပါတယ်။

ဒါ့အပြင့် ကျန်းမာရေး ရှုဒေါင့်ကကြည့်မယ်ဆိုရင်လည်း နေရောင်အောက်မှာ မိန်းကလေးအတွင်းခံတွေလှမ်းတာက မွေး လမ်းကြောင်း ပိုးဝင်ခြင်းနဲ့ အမျိုးသမီးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။

ဒါတွေကြောင့်ပဲ အမျိုးသမီးတွေအနေနဲ့ ငယ်ကတည်းက ပုံသွင်းခံထားရတဲ့ အစွဲတွေကို ပြောင်းလဲဖို့ကအချိန်ပေးဖို့၊ သတ္တိ ရှိဖို့ လိုတယ်လို့လည်း မဧပရယ်က အကြံပြုပါတယ်။

ထဘီကို ဘာကြောင့်ဘုန်းကံနိမ့်တယ်လို့ ပြောကြတာလဲဆိုတော့ အမျိုးသမီးတွေရဲ့ ညစ်ပတ်တဲ့ရာသီသွေးတွေ စွန်းထင်း တဲ့လုံချည်ဖြစ်နေတာကြောင့်ပါ။ သူတို့တွေက အမျိုးသမီးတွေရဲ့ရာသီသွေးက ညစ်ပတ်တယ်လို့ ယူဆထားကြလို့ပဲ ဖြစ်ပါ တယ်။

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရာသီသွေး၊ မအင်္ဂါ(မိန်းမကိုယ်) ၊ သားအိမ်တို့ဟာ သဘာဝတရားအရ သူ့ အလိုအလျောက် သန့်စင်စနစ်တွေနဲ့ လည်ပတ်နေတာကြောင့် မသန့်ရှင်း၊ နိမ့်ကျတာဘာတခုမှမရှိပါဘူး။ဒါကြောင့် အမျိုး သမီးတွေရဲ့ခန္ဓာကိုယ်အောက်ပိုင်းမှာ ဝတ်တဲ့ ထဘီကလည်း ဘုန်းနိမ့်စရာအကြောင်းမရှိပါဘူး။

လူတိုင်းက ထဘီအောက်ကပဲ မွေးလာတာဖြစ်တဲ့အတွက် ထဘီကိုကိုင်မိလို့ ဘုန်းနိမ့်ရိုးမှန်ရင် လူသားတိုင်းဟာ မွေးက တည်းက ဘုန်းနိမ့်ပြီး မွေးလာကြတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။

အသက် ၅၀ အရွယ် အိမ်ထောင်ရှင်မ မကြည်သန်းကတော့ “ ကျွန်မမိဘတွေက ပုဆိုး၊ ထမီ ခွဲခြားပြီး ဘုန်းနိမ့်မြင့်တယ်လို့ မသင်ခဲ့ရဘူး။ အကုန်တန်းတူအခွင့်အရေးဘဲ။ ဒါကြောင့် ကျွန်မတို့မိဘဖြစ်တဲ့အခါ မဆိုင်တာတွေမခွဲခြားဘူး။ ခွဲခြားတယ် ဆိုတာ စိတ်ဓါတ်ယုတ်ညံ့သူတွေအလုပ်” လို့ ဆိုပါတယ်။

ရာသီသွေးတို့၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတို့ ထဘီတို့၊ ထဘီတန်းတို့ ကြောက်တဲ့သူတွေဟာ တပါးသူကို မတရား နှိပ်စက်ညှင်းပန်းသတ်ဖြတ်တဲ့သူ၊ အယူဝါဒစွဲသူတွေပဲ ကြောက်တတ်ကြတာပါ။ အခုခေတ် လူငယ်တွေမှာ ဒီလို အယူ အဆစွဲတွေ မရှိကြတော့ပါဘူး။

“Genderအမြင်မရှိတဲ့သူတွေအတွက်တော့ ထဘီဟာ ဘုန်းနိမ့်စေတဲ့ပစ္စည်းလို့ မြင်ကြမှာပါပဲ။ အဲဒီအမြင်အယူအဆ တွေဟာလည်း စစ်အာဏာရှင်စနစ်နဲ့အတူကျရှုံးသွားစေချင်ပါတယ်”လို့ အသက် ၂၅ နှစ်အရွယ် မသန္တာဦးပြောပါတယ်။

လက်ရှိအာဏာသိမ်းစစ်ကောင်စီကလည်း ဗေဒင် ၊ယတြာ ၊ အောက်လမ်းနည်းတွေကို ပိုယုံကြည်ကြပြီး ဒီလိုရှေးရိုးစွဲ အယူအဆတွေကြားထဲကနေ ရုန်းမထွက်နိုင်ကြတဲ့သူတွေ ဖြစ်နေတာကြောင့် ဒီအခွင့်အရေးကို အသုံးချကာ ထဘီနဲ့စစ် အာဏာတွေကို တွန်းလှန်ကြတယ်။

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြစစ်ကြောင်းတွေကို ဖြိုခွင်းမယ့် စစ်သားနဲ့ရဲတွေ မလာနိုင်အောင် ထဘီတွေကို ကြိုးနဲ့ အမြင့်နေရာတွေမှာလှန်းကာ ခံတပ်သဖွယ်ပြုလုပ်ခဲ့တယ်။

စစ်သားနဲ့ရဲတွေဟာ အမျိုးသမီးတွေ တန်းထားတဲ့ ထဘီကြိုးတန်းအောက်ကနေ ဖြတ်မသွားဘဲ ထဘီတွေကို ဖြုတ်ချ၊ ကြိုးတန်းတွေကို ဖျက်ချပြီးမှ ဖြတ်သန်းသွားလာကြသလို ညဘက်တွေမှာလည်း နေရာအနှံက ထဘီတန်းတွေကို လိုက် လံမီးရှို့နေတာလည်း တွေ့ရပါတယ်။

သူတို့ဟာ ဘာမှအကျိုးသက်ရောက်မှုမရှိတဲ့ ထဘီတွေကို ဘုန်းနိမ့်မှာကြောက်ကြပေမယ့် အမှန်တကယ် လူတောမတိုး လူတွေစက်ဆုပ်ရွံရှာကြတဲ့ အပြုအမူတွေ ၊ ရက်စက်မှုတွေကိုတော့ ဆက်တိုက်ပြုလုပ်နေတာပါ။

ဒါကြောင့် ထဘီတော်လှန်ရေးဟာ အမျိုးသားတွေ ဘယ်လိုမှထင်မှတ်မထားတဲ့ အမျိုးသမီးတွေရဲ့ အောင်ပွဲဖြစ်တယ် ဆိုတာ သက်သေတခုပါပဲ။

ပြည်သူတွေဟာ ထဘီကြိုးတန်းအောက်က ဖြတ်လို့ ဘုန်းနိမ့်မသွားဘူးဆိုတာကို ဒီခေတ်လူငယ်အများစုနဲ့ ကျား၊ မ ရေးရာ တန်းတူညီမျှရေးလုပ်ဆောင်နေသူ အများစုကတော့ ဒါကို နားလည်ထားကြပြီးသားဖြစ်ပါတယ်။

သူတို့တွေဟာ ဒီတော်လှန်ရေးအောင်မြင်ဖို့သာ အဓိကဖြစ်တာကြောင့် ထဘီက ဘုန်းကံနိမ့်တယ်ဆိုတာကို အတွေး အခေါ်ဟောင်း၊ ရှေးရိုးစွဲအယူအဆတွေကို ထဘီကြောက်တဲ့ စစ်အာဏာရှင်တွေနဲ့အတူ မောင်းထုတ်နေတာပါ။

ဒါနဲ့ပတ်သက်ပြီး မဧပရယ်က“ထဘီတိုက်ပွဲဟာ ဘုန်းနိမ့်ဖို့အတွက်မဟုတ်ဘူး။ အာဏာရှင်ကို တိုက်မယ့်တိုက်ပွဲ အမျိုး သမီးတွေဟာ ဘယ်တုန်းကမှ ဘုန်းမနိမ့်ခဲ့ဘူး”လို့ ပြောပါတယ်။

ဒီတော်လှန်ရေးမှာ စစ်အာဏာရှင်တင်မက လူတန်းစားခွဲခြားမှုဖြစ်တဲ့ အမျိုးသားတွေက အမျိုးသမီးတွေထက် မြတ်တယ် ဆိုတဲ့ယဉ်ကျေးမှုကိုပါ အမြစ်ပြတ်တော်လှန်ရမှာ ဖြစ်တယ်။

လူသားအဖြစ် မွေးဖွားလာတာချင်းအတူတူ လိင်အင်္ဂါကွဲပြားတာတခုနဲ့ အမျိုးသားက မြင့်မြတ်တယ်။ အမျိုးသမီးက နိမ့်ကျ တယ်ဆိုတဲ့ အယူအဆဟောင်းတွေကို လျော့လိုက်သင့်ပါပြီ။

မကြည်သန်းကတော့ ဒီလိုခွဲခြားနေတာတွေနဲ့ပတ်သက်ပြီး အခုလိုပဲ အကြုံပြုစကားဆိုလိုက်ပါတယ်။

“ ခန္ဓာဗေဒသဘောတရားကွဲပြားတာတစ်ခုနဲ့တော့ လူလူချင်းအတူတူ နှိမ်ချချင်တဲ့ စိတ်တွေတော့ ဖျောက်သင့်တယ်။ ပုဆိုးလည်းအဝတ်ပဲ၊ ထဘီလည်း အဝတ်ပဲ။ အရာတိုင်းဟာ တန်းတူတန်ဖိုးထားနိုင်ရမှာပေါ့”

Related Articles