နန်းဆိုင်နွမ်။ ။
တာလပတ် မိုးထားတဲ့ တဲတွေမှာ တံခါးမရှိတဲ့အတွက် သမီး ၃ ယောက် မိခင်တယောက်ဖြစ်တဲ့ မအဲမလီကတော့ ညညဆိုရင် စိတ်ချလက်ချ မအိပ်ရဲပါဘူး။
မအဲမလီတို့နေတဲ့နေရာဟာ ဆီဆိုင်မြို့နယ်ထဲက စစ်ရှောင်စခန်းတခုမှာပါ။ သူမတို့နေတဲ့နေရာမှာက စစ်ရှောင် ၃၀၀ ကျော်ရှိ ပြီး အဲ့ထဲမှာ ဆယ်ကျော်သက် အရွယ်တွေ ထက်ဝက်နီးပါး ရှိပါတယ်။ အဲထဲမှာ မအဲမလီရဲ့ သမီး ၂ ယောက်လည်း ပါဝင်နေ ပါတယ်။
သူမတို့ မိသားစုဟာ အရင်က ကရင်နီပြည် ဒီးမော့ဆိုဘက်မှာ နေထိုင်တဲ့သူတွေဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိတာ တွေ၊ ပြည်သူနေအိမ်တွေ မီးရှို့ခံရတဲ့အတွက် သျှမ်းတောင် ဆီဆိုင်မြို့နယ်ဘက်ကို စစ်ရှောင်လာကြတာပါ။
“ဒီကို ရောက်ကတည်းက ညဆိုရင် ကျမ အိပ်ပျော်တချက် မပျော်တချက်ပဲ။ ကျမတို့နေတဲ့ တဲက တံခါးမရှိတော့ သမီးလေး တွေအတွက် လုံခြုံရေးက စိုးရိမ်ရတယ်လေ။ နောက် သမီးတွေ ညအချိန် အိမ်သာသွားချင်ရင်လည်း စိတ်မချလို့ လိုက်ပေးရ တယ်” လို့ မအဲမလီက ပြောပါတယ်။
မကြာခင်မှာ ရာသီဓမ္မတာ စတင်လာပြီး ဖွံ့ဖြိုးတဲ့အရွယ်ရောက်လာတော့မယ့် သူမရဲ့ သမီးကြီးအတွက် မအဲမလီက ပိုပြီးစိုး ရိမ်သောက ရောက်နေမိပါတယ်။
မိမိနေရပ်၊ မိမိနေအိမ်မှာနေထိုင်ပါက မအဲမလီတယောက် အဲ့လောက်တွေးပူမှာ မဟုတ်သလို လက်ရှိမှာတော့ စစ်ရှောင်စ ခန်း လူမျိုးစုံနဲ့ရောနှောနေထိုင်တဲ့အတွက် မိခင်ဆိုတဲ့အတိုင်း နေ့စဥ်နဲ့အမျှ တွေးပြီးစိုးရိမ်နေရတဲ့ အခြေအနေပါ။
“ကလေးတွေ ညနေ ချောင်းထဲရေဆင်းသွားချိုးရင် ကျမလိုက်သွားပေးချင်ပေမယ့် မလိုက်နိုင်ဘူးလေ။ သူတို့ သူငယ်ချင်း တွေနဲ့ ၅ ယောက်အတူတူသွားရင်တောင် နည်းနည်းနောက်ကျရင် ကျမက လိုက်သွားကြည့်ရတယ်” လို့ မအဲမလီက သူမရဲ့ စိုးရိမ်မှုတွေကိစ္စကို ပြောပြပါတယ်။
သူမတို့နေထိုင်တဲ့ စစ်ရှောင်စခန်းတွေမှာ အိမ်သာကို ကျား၊မ ခွဲခြားထားပေမယ့် ညရေးညတာမှာ သမီးတွေအတွက်ကတော့ လုံခြုံမှု မရှိပါဘူး။
ဆီဆိုင်မြို့နယ်ထဲက စစ်ရှောင်စခန်းတွေဟာ တနှစ်ကျော်ကြာ ရှိလာတဲ့အလျောက် စစ်ရှောင်စခန်းထဲမှာ တစ်ဦးနဲ့တစ်ဦး ခိုက် ရန်ဖြစ်ပွားတာတွေ မလုပ်ဖို့ စစ်ရှောင်ကော်မတီတွေက ပြောပြတာရှိသလို ကလေးသူငယ်တွေအတွက် Save the Children ကလည်း လာရောက်ဟောပြောတာရှိတယ်လို့ မအဲမလီက ပြောပါတယ်။
ဒါပေမယ့် ဆယ်ကျော်သက်ကလေးငယ်တွေအတွက် ရှောင်ရန်၊ ဆောင်ရန်ကိစ္စတွေ၊ Sex Education လို့ခေါ်တဲ့ လိင်ပိုင်း ဆိုင်ရာ ပညာပေးမှုတွေကို တကြိမ်တခါမျှ လာရောက်ပြီး ပြောပြတာမရှိတဲ့အကြောင်းကိုလည်း သူမက ပြောပါတယ်။
“စခန်းတွေတိုင်းမှာ ဆယ်ကျော်သက်တွေများတော့ သူတို့အတွက် အသိပညာတွေ လာပေးရင်ကောင်းတာပေါ့။ ဒါမှ သူတို့တွေ ဘယ်လိုနေထိုင်သင့်လဲဆိုတာ သိမှာ။ နောက် ဒီက အမျိုးသားတွေကိုလည်း ပညာပေးတွေ လုပ်ပေးစေချင်တယ်” လို့ သူမက ဆိုပါတယ်။
မအဲမလီနည်းတူ ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်းမှာနေထိုင်တဲ့ မဂျူနီယာကလည်း ဆယ်ကျော်သက် သမီးရှင်တစ်ဦးရဲ့ မိခင် ဖြစ်တဲ့အလျောက် စိုးရိမ်ပူပန်မှု ဖြစ်နေပါတယ်။ သူမရဲ့ သမီးဟာ လက်ရှိမှာတော့ အသက် ၁၃ နှစ်အရွယ်ရှိတဲ့အတွက် သမီးရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးကို တွေးပူနေရပါတယ်။
“ဘယ်အရာမှ ပြောလို့မရဘူးလေ။ ဘာမှ ကြိုမမြင်နိုင်ဘူး။ သမီးရှင်ဆိုတော့ အစစအရာရာ တွေးပူနေရတယ်။ ဆယ်ကျော် သက်အရွယ်က စိတ်ကစားတဲ့အရွယ်၊ နောက် ဘာမှ မသိတဲ့အရွယ်လေ။ တခုခုဖြစ်မှာတွေးပြီး စိတ်ပူနေရတယ်” လို့ မဂျူနီ ယာက ပြောပါတယ်။
ဆယ်ကျော်သက်အရွယ်ဟာ ပညာကောင်းကောင်းမွန်မွန် သင်ကြားရမယ့်အရွယ်ဖြစ်သလို စိတ်ကစားတဲ့ အရွယ်ဖြစ်တဲ့ အတွက် သမီးရှင် မဂျူနီယာကတော့ စစ်ရှောင်စခန်းမှာနေထိုင်နေရတဲ့သမီးအတွက် လူမှုဆိုင်ရာ ပညာပေးမှုတွေ၊ ဆယ် ကျော်သက် ပညာပေးတွေကို လာရောက်ပေးစေလိုကြောင်းလည်း ပြောလာပါတယ်။
“အခု ကလေးတွေက ကျောင်းလည်း ကောင်းကောင်းမတက်ရတော့ သူတို့အရွယ်နဲ့လိုက်တဲ့ ပညာပေးမှုကို လာပေးစေချင် တယ်။ အသက်တနှစ်ပြီးတနှစ် ဒီလိုပြီးမသွားစေချင်ဘူး။ ကလေးတွေ ရှေ့ရေးက ရှိသေးတယ်လေ”လို့ မဂျူနီယာ က စိတ်မ ကောင်းတဲ့လေသံနဲ့ ပြောပါတယ်။
စစ်ရှောင်စခန်းမှာ အိမ်သာကို ကျား၊မ သီးသန့်ခွဲထားပေမယ့် ရေချိုးတဲ့နေရာကိုတော့ သီးခြားခွဲထားတာမရှိတော့ အမျိုးသမီး တွေအတွက် အတော်စိတ်ကသိကအောင့် ဖြစ်ရကြောင်း ပင်လောင်မြို့နယ်က စစ်ရှောင်စခန်းမှာ ရောက်နေတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောပြလာပါတယ်။
“ရေချိုးတဲ့အခါတော့ စိတ်မလုံခြုံဘူးလေ။ အမျိုးသားတွေနဲ့ရောချိုးရတော့ တခါတလေ သူတို့က ကြည့်တာတွေတော့ ရှိ တာပေါ့” လို့ ၎င်းက ဆိုပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း အခုနှစ် အောက်တိုဘာ ၁၉ ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဥ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ပြည်တွင်း စစ်ဘေးရှောင် တသန်းကျော်ထိတိုးခဲ့ပြီး အဲ့ထဲမှာ ရှမ်းပြည် စစ်ရှောင်ဦးရေဟာ တသိန်းနီးပါး ထိ ရှိလာတယ်လို့ Institute for Strategy and Policy -Myanmar (ISP-Myanmar) ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆီဆိုင်မြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ လက်ရှိစာရင်းပေးသွင်းထားတဲ့ စစ်ရှောင်ဦးရေ ၃၃၀၀ ရှိပေမယ့် လက်တလော ထပ်ထွက်ပြေးလာတဲ့ စာရင်းမသွင်းရသေးတဲ့ဦးရေ ၁၀၀၀ နီးပါးရှိတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ ခွန်ကျော်က ပြောပြပါ တယ်။
“စစ်ရှောင်တွေက ပြန့်ကျဲနေကြတယ်။ နောက် အပြောင်းအရွှေ့တွေကလည်းရှိသလို တချို့ကလည်း စခန်းထဲမှာ မနေတော့ စာရင်းကောက်ရခက်တယ်။ ကျနော့စာရင်းအရဆိုရင်တော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အရမ်းများတယ်” လို့ ခွန်ကျော်က ပြောပါတယ်။
စစ်ရှောင်စခန်းထဲမှာ အမျိုးသမီးဦးရေ အများအပြားရှိနေပေမယ့် အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး သင်တန်းတွေ၊ ဟော ပြောပွဲတွေ တကြိမ်တခါမှ လာပေးတာမရှိသလို ဆယ်ကျော်သက်တွေကိုလည်း ပညာပေးမှုတွေ မရှိကြောင်းလည်း သူက ပြောပြပါတယ်။
“လက်ရှိမှာတော့ စားဝတ်နေရေးအတွက်ပဲ အဓိက ဦးစားပေးနေရတော့ ဆယ်ကျော်သက်သင်တန်းတွေ၊ နောက် အမျိုးသမီး အရေးကိစ္စတွေကို ပေးဖို့ ခက်ခဲနေတုန်းပဲ” လို့ ခွန်ကျော်က ရှင်းပြပါတယ်။
စစ်ရှောင်စခန်းမှာ အများဆုံးဖြစ်တဲ့ပြဿနာဟာ လူမှုရေးပြဿနာ၊ အိမ်ထောင်ရေးပြဿနာတွေဖြစ်ပြီး မကြာခဏ ဖြေရှင်း နေရကြောင်းလည်း စစ်ရှောင်ကော်မတီဝင်တွေက ပြောပါတယ်။
“လူမှုရေးပြဿနာကတော့ အမြဲတမ်း ဖြေရှင်းရတယ်။ လူမှုရေးပြဿနာက အစုံပါပဲ” စစ်ရှောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ မဆွေက ပြောပါတယ်။
စစ်ရှောင်ကော်မတီနဲ့ စစ်ရှောင်ကူညီပေးနေတဲ့သူအများစုဟာ ဆယ်ကျော်သက် လိင်ပိုင်းဆိုင်ရာပညာပေးမှု၊ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ ပညာပေးမှုတွေကို လက်ရှိအချိန်မှာ မစဥ်းစားမိကြသေးကြောင်းကိုလည်း ၎င်း က ပြောဆိုပါတယ်။
စစ်ရှောင်စခန်းထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေ လက်ထပ်တာတွေလည်းရှိတယ်လို့ စစ်ရှောင်တွေကို ကူညီပေး နေတဲ့ မဆွေ ကပြောပါတယ်။
“အသက် ၁၄ နှစ်အရွယ်ပဲရှိတဲ့ ကလေး ၂ ယောက် လက်ထပ်တာတွေရှိတယ်။ ငယ်ရွယ်ချိန်မှာ ဒီလိုမဖြစ်သင့်တာတွေ၊ အရွယ်မရောက်သေးဘဲ လက်ထပ်ရင် ဘယ်လိုအန္တရာယ် ပြဿနာရှိလဲဆိုတာ သူတို့လေးတွေ သိဖို့၊ ပညာပေးဖို့ လိုအပ် တယ်” လို့ မဆွေက ထောက်ပြပြောပါတယ်။
ဒီလိုပညာပေးမှုမျိုးတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ လာရောက်ပေးမယ်ဆိုပါက ကောင်းမွန်ကြောင်း မမြင့်က ပြောပါတယ်။
“လူမျိုးပေါင်းစုံ။ အသက်အရွယ်ပေါင်းစုံနေထိုင်ရတော့ ကျမတို့ကလည်း အတူယှဥ်တွဲနေထိုင်ဖို့ ရှောင်ရန်တွေ၊ ဆောင်ရန် တွေ ပြောပေမယ့် စရိုက်တွေက မတူညီကြတော့ တခုခုဖြစ်ရင် မိန်းကလေးတွေက ပိုခံရတယ်လေ။ နောက် ဆယ်ကျော် သက် ကလေးတွေက ဘာမှ နားမလည်၊ ရှက်တတ်ကြတော့ ဖြစ်လာရင် မရှက်ဖို့၊ ပြောပြဖို့ကလည်း လိုတယ်” လို့ မမြင့်က ထောက်ပြပြောဆိုလိုက်ပါတယ်။
မြန်မာပြည် လူမှုအသိုင်းအဝန်းဟာ နှစ်ပေါင်းများစွာ ဘာသာရေး အယူအဆတွေ၊ ဖိုဝါဒကြီးစိုးမှုအောက်ကနေ ကြီးပြင်းလာ ရပြီး ပုံမှန် အနေအထားမျိုးမှာတောင် Sex Education လိင်ပိုင်းဆိုင်ရာပညာပေးမှု ဆယ်ကျော်သက် မျိုးဆက်ပွား ပညာပေး မှုကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့ကြပါဘူး။
ဒါပေမယ့် ဒီလိုခက်ခဲတဲ့ ကာလမှာ စစ်ရှောင်တွေမှာ ဘက်ပေါင်းစုံ စိန်ခေါ်မှုတွေများနေတဲ့အချိန်မှာ ဆယ်ကျော်သက်တွေ အတွက် လိင်ပိုင်းဆိုင်ရာ ပညာပေးကို အဓိကပေးဖို့လိုအပ်ကြောင်း၊ sex education ကိစ္စက ကျန်းမာရေးဆိုင်ရာ အကြောင်း အရာထဲကတခု အထူးသဖြင့် ဆယ်ကျော်သက်တွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ မျိုးပွားကိစ္စ သိသင့်သိထိုက်တာ သိဖို့ လိုအပ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က အထွေထွေအတွင်းရေးမှူး(၁) ဇူးပဒုမ္မာက ပြောဆိုလိုက်ပါတယ်။
“ဒီလိုကိစ္စတွေကလည်း အမျိုးသမီးအပြင် အမျိုးသားတွေပါ ပေးရမယ်လို့မြင်မိတယ်။ ဒီအကြောင်းအရာက အမျိုးသမီး နဲ့အမျိုးသားတွေ တပြိုင်နက်တည်းပေးဖို့ ဆွေးနွေးဖို့က အခက်အခဲဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီအကြောင်းအရာတွေက ဆယ်ကျော်သက် အမျိုးသမီးတွေအပြင် အမျိုးသားတွေပါ ပေးသင့်တယ်လို့မြင်တယ်” လို့ ဇူးပဒုမ္မာ က ဆိုပါတယ်။
ဒါကြောင့် နိုင်ငံအပြောင်းအလဲကို တည်ဆောက်ချင်တဲ့သူတွေ၊ အမျိုးသမီးတွေ ပါဝင်ဖို့ ပြောဆိုနေတဲ့သူတွေကို ဆယ်ကျော် သက် sex education ကိစ္စဟာလည်း အရေးကြီးတဲ့အတွက် ထည့်သွင်းစဥ်းစား၊ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ဇူးပဒုမ္မာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
မအဲမလီကတော့ စစ်ရှောင်စခန်းမှာနေထိုင်ရင်း အရွယ်ရောက်လာပြီဖြစ်တဲ့ သမီးဖြစ်သူရဲ့ လုံခြုံရေးနဲ့ အနာဂတ် ပညာသင် ကြားနိုင်ရေး အခွင့်အလမ်းအတွက် ကမ်းမမြင်၊ လမ်းမမြင်ဖြစ်နေတယ်လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ပွဲတွေသာ ဖြစ်မနေပါက သူမရဲ့ နေရပ်ရင်းက သူမရဲ့အိမ်ကသာ သူမရဲ့သမီးအတွက် အလုံခြုံဆုံး နေရာတစ်ခု ဖြစ်တယ်လို့ပြောပါတယ်။
“ကိုယ့်အိမ်က ဘယ်လောက်ပဲမကောင်းပါစေ အိမ်က အိမ်ပဲလေ။ အခုက မျက်နှာလည်းငယ်၊ စိတ်လည်းအားငယ်တယ်။ သမီးတွေအတွက် လုံခြုံတဲ့ အိမ်ကိုပြန်ချင်တယ်” လို့ မအဲမလီက စိတ်ထိခိုက်စွာနဲ့ ပြောလိုက်ပါတယ်။