Home ဆောင်းပါး ဘတ်ဂျက်ရေးဆွဲရာတွင် အမျိုးသမီးများ ပါဝင်ရန် လိုအပ်

ဘတ်ဂျက်ရေးဆွဲရာတွင် အမျိုးသမီးများ ပါဝင်ရန် လိုအပ်

ကချင်မလေး
၃၀၊ ၃၊ ၂၀၁၆။ ရန်ကုန်။

“ဘတ်ဂျက်ဆိုတာ အစိုးရတရပ်အတွက် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တုံ့ပြန်နိုင်ဖို့အင်အားအကောင်းဆုံး ကိရိယာ တစ်ခု ဖြစ်ပြီးတော့ တကယ်လို့အမျိုးသမီးတွေကို ဒီဘတ်ဂျက်တွေ စီစဉ်ရေးဆွဲရာမှာ ပါဝင်ခွင့်မပေးဘူး ဆိုရင် လူဦးရေထက်ဝက်ကို လစ်လျူရူတာနဲ့အတူတူပါပဲ” ဟု နော်ထက်ထက်အောင်ဟု ခေါ်သော အမျိုးသမီးအဖွဲ့များ ကွန်ယက်၏ ပဲ့ကိုင်ကော်မတီ ဥက္ကဌက ပြောပါတယ်။

၂၄ရက်၊ မတ်လ၊၂၀၁၆ ခုနှစ် ရန်ကုန်မြို့စိန်းလန်းစိုပြေဥယာဉ်တွင် မြန်မာနိုင်ငံ၏ ကျား၊မရေးရာအလေးပေး သော ဘတ်ဂျက်(ရသုံးမှန်းခြေ) လေ့လာခြင်းသုတေသနအစီရင်ခံစာမိတ်ဆက်ပွဲကို လုပ်ဆောင်ခဲ့တယ်။ အဓိကအားဖြင့်တော့ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်ရဲ့ ဘတ်ဂျက်ရေးဆွဲရာမှာ အမျိုးသမီးတွေ ပါဝင်ခွင့် နည်းပါးနေပြီး အမျိုးသားတွေကသာ ဘတ်ဂျက်တွေ ရေးဆွဲတဲ့အတွက် အမျိုးသမီးတွေ လိုအပ်တဲ့ ဘတ်ဂျက်ချ ထားမှုတွေ အားနည်းနေတာကို ထောက်ပြထားပါတယ်။

“ကျေးရွာအဆင့် အစည်းအဝေးတွေမှာ အမျိုးသမီးတွေပါဝင်တာ အရမ်းနည်းတယ်။ ၁၀%အောက်ပဲရှိမယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အိမ်အလုပ်တာဝန်တွေရှိတယ်၊ ကလေးတွေကို ကြည့်ရတယ်။ ဘယ်သူမှ သူတို့ ကိုမကူကြဘူး။ အဲ့ဒါဟာသူတို့အတွက် အကြီးမားဆုံးအဟန့်အတားပဲ” လို့ မြို့နယ်အဆင့်အစိုးရ အရာရှိတစ်ဦးက အစီခံစာတွင် ပြောထားပါတယ်။
မြန်မာနိုင်ငံ၏ ကျား၊မရေးရာ အလေးပေးသောဘတ်ဂျက် (ရသုံးမှန်းခြေ) ဆိုသည်မှာ ကျား၊မရေးရာ တန်းတူ ညီမျှရေးနှင့် အမျိုးသမီးများအခွင့်အရေးဆိုင်ရာ အဓိကလိုအပ်ချက်များကို ရောင်ပြန်ဟပ်နိုင်မည့် မူဝါဒရေးရာ ဆွေးနွေးမှုများနှင့် အမျိုးသမီးများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်စီမံကိန်းများ ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်ဖြစ်တယ်လို့ဆိုပါတယ်။
“အမျိုးသမီးတွေမှာ ကွဲပြားတဲ့လူမှုဘ၀ ဦးစားပေးလိုအပ်ချက်တွေရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိသာ နေပြီးတော့ အစိုးရအနေနဲ့ ဘယ်နေရာတွေမှာတော့ ဦးစားပေးသင့်သလဲဆိုတာ အမေးခံရဖို့လည်း သူတို့မှာ အခွင့်အရေးရှိပါတယ်” လို့နော်ထက်ထက်အောင်ပြောပါတယ်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ပွင့်လင်းမှု၊ မျှတမှုနည်းပါးသောဘတ်ဂျက် (ရသုံးမှန်းခြေ) ရေးဆွဲမှု လုပ်ငန်း စဉ်မှ ဖယ်ရှားခြင်းခံထားရပြီး ပြဿနာကိုဖြေရှင်းရန် ပြောင်းလဲမှုများ လုပ်ဆောင်ရမည်ဟုလည်း ထိုအစီ ရင်ခံစာတွင် ဖော်ပြထားပါတယ်။
အစီရင်ခံစာတွင် ဘတ်ဂျက်ရေးဆွဲရာမှာ အမျိုးသမီးများနှင့် အမျိုးသားများ၏ အမြင်များမတူကွဲပြားပုံကို ဖော်ပြ ထားရာတွင် အမျိုးသမီး၊ အမျိုးသား တဦးချင်းစီရဲ့ အမြင်သဘောထားများ ကောက်ယူရာ အမျိုးသား အများစု ၏ အမြင်တွင် “အဓိကဦးစားပေးလိုအပ်ချက်များမှာ လမ်းများနှင့် သယ်ယူပို့ဆောင်ရေး”တို့ဖြစ်တယ်လို့ ဆို ပါတယ်။

“ ကျွန်တော်တို့တွေက နေ့တိုင်းသွားလာနေရတော့ လမ်းတွေ ကောင်းဖို့ပိုလိုတယ်။ အမျိုးသမီးတွေကျတော့ နိစ္စဓူ၀ ပြဿနာတွေကို ရင်ဆိုင်နေရတာ၊ သူတို့ကမိသားစုကို ပြုစုစောင့်ရှောက်တဲ့ သူတွေဆိုတော့ သူတို့ကို သွားမေးမယ်ဆိုရင်တော့ ပိုကောင်းတဲ့ ပညာရေးတို့၊ ကျန်းမာရေးတို့ ပိုလိုချင်လိမ့်မယ်ထင်တယ်။ ကလေးတွေ ဘာလိုလဲဆိုတာကိုသူတို့ကပိုသိတယ်လေ”လို့ ဧရာဝတီတိုင်းမှ အမျိုးသားတဦးကပြောထားပါတယ်။

အမျိုးသမီးများ၏“အဓိကဦးစားပေးလိုအပ်ချက်များမှာ ကျန်းမာရေး၊ ပညာရေးနှင့် လျှပ်စစ်မီးရရှိရေး” တို့ဖြစ်တယ်။ “ ကျွန်မတို့လည်း အစည်းအဝေးတွေ တက်ချင်ပါတယ်။ ဒါပေမယ့်တစ်ခါမှ အဖိတ်မခံရဘူး၊ အမျိုးသားတွေပဲ အဖိတ်ခံရတယ်”လို့ မွန်ပြည်နယ်မှ အမျိုးသမီးကပြောပါတယ်။

သုတေသနအရ ဘတ်ဂျက်ခွဲဝေခြင်းအပေါ်တွင် အမျိုးသမီး ၇၅% နှုန်းကျော်က အမျိုးသမီးနှင့် အမျိုးသားများ တွင် ဘတ်ဂျက်ဦးစားပေး လိုအပ်ချက် မတူညီဘူးလို့ ထင်ကြပေမယ့်လည်း အမျိုးသား ၆၀%က တူညီတယ် လို့ ထင်တယ်ဟု ဖော်ပြထားပါတယ်။ အစိုးရဌာနဆိုင်ရာအရာရှိ ထက်ဝက်ကျော်ကလည်း အမျိုးသမီးနှင့် အမျိုးသားများတွင် ဘတ်ဂျက်ဦးစားပေးလိုအပ်ချက် တူညီတယ်လို့ မြင်ကြကြောင်း သုတေသနအရ ဖော်ပြထားတယ်။

ထပ်ပြီးအစီရင်ခံစာမှ လေ့လာဆန်းစစ်ချက်အရ အမျိုးသမီးများ၏ ဘတ်ဂျက်အသုံးပြုလိုမှု အဓိက ဦးစားပေး (၂)ခုဖြစ်သည့် ပညာရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှုများအတွက် မြန်မာနိုင်ငံ၏အသုံးစရိတ်မှာ အာရှဒေသ ရှိ အခြားနိုင်ငံများထက် များစွာလျော့နည်းနေကြောင်း ဖော်ပြထားပါတယ်။

လူမှုဖူလုံရေးအတွက် အသုံးပြုသည့်ဘတ်ဂျက်ကလည်း တစ်ကမ္ဘာလုံးတွင် အနည်းပါးဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်ပြီး၊၂၀၁၄ – ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ပညာရေး၊ ကျန်းမာ ရေးနှင့် လူမှုဖူလုံရေး အားလုံးပေါင်းအသုံးစရိတ်ထက် ပိုမိုများပြားနေကြောင်းကိုလည်း မီးမောင်းထိုးပြထား တယ်။

ဒီလို ကျား၊မရေးရာ အလေးပေးသော ဘတ်ဂျက်ကိုသာ ရေးဆွဲနိုင်မည်ဆိုလျှင် “အဲဒီကဏ္ဍတွေဟာ အမျိုး သမီးတွေရဲ့ဘဝကို လုံးဝပြောင်းလဲအောင်လုပ်ပေးနိုင်မယ့် ဝန်ဆောင်မှုတွေပါ။ ကမ္ဘာပေါ်မှာ တွေ့ရှိခဲ့တဲ့ သက်သေအထောက်အထားတွေအရ ဒီကိစ္စရပ်တွေပေါ်မှာ ငွေကြေးအသုံးပြုလိုက်တဲ့အတွက် မွေးဖွားမိခင် သေဆုံးနှုန်းကို လျှော့ချပေးနိုင်တယ်။ အမျိုးသမီးငယ်လေးတွေကို ကျောင်းတက်စေနိုင်ပြီးတော့ အမျိုးသမီး တွေကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ တက်တက်ကြွကြွပါဝင်လာစေဖို့ အထောက်အကူပေးပါတယ်။ ကျား၊မ ရေးရာအလေးပေးတဲ့ဘတ်ဂျက်လုပ်ငန်းစဉ်က အဲဒီလိုအရေးပါတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဦးစားပေးဖို့ အထောက်အပံ့ပေးပါတယ်” လို့ နန်းဖြူဖြူလင်း (အမျိုးသမီးအဖွဲ့များကွန်ယက်၏ပဲ့ကိုင်ကော်မတီဝင်) က ပြော ပါတယ်။
ဒီအစီရင်ခံစာကို အမျိုးသမီးများအဖွဲ့ကွန်ယက်(WON)၊ Oxfam၊ Action Aid နှင့် Care အဖွဲ့တို့မှ ပြုလုပ် ခဲ့တယ်။

အစီရင်ခံစာကိုမြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး(၆)ခု (ကချင်၊ ကယား၊ မကွေး၊ မွန်၊ ရန်ကုန် တိုင်းနှင့် ဧရာဝတီတိုင်း) တို့တွင် အခြေခံပြီး သုတေသနလုပ်ဆောင်ခဲ့ကြောင်းကို သတင်းစာရှင်းလင်းပွဲတွင် ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး အစီရင်ခံစာတွင် ဘတ်ဂျက်ရေးဆွဲမှုပုံစံ နောက်တစ်မျိုးကိုလည်း တင်ပြထားပြီး အစိုးရသစ်အား ဘတ်ဂျက်ကို ပွင့်လင်းမြင်သာအောင်ချပြပြီး အမျိုးသမီးများနှင့်ဆွေးနွေးတိုင်ပင်ရန် နိုင်ငံတော်၏ ဘတ်ဂျက်ကို ပိုမိုအကျိုးရှိ၊ အသုံးဝင်၍ အများပြည်သူကို ကိုယ်စားပြုသည့် ကျား၊မရေးရာ အလေးပေးတဲ့ ဘတ်ဂျက်အဖြစ် ရေးဆွဲရန်လည်းအကြံပြုထောက်ခံထားပါတယ်။

အမျိုးသမီးများ ကျေးရွာအုပ်စုအဆင့်နှင့် မြို့နယ်အဆင့် ဘတ်ဂျက်ဆွေးနွေးပွဲများ၌ ပါဝင်နိုင်ရန် ပညာပေး ခြင်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်ဂျက်ရေးဆွဲပြင်ဆင်ခြင်းလုပ်ငန်းစဉ်များ၏ တစိတ်တပိုင်းအဖြစ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် အစိုးရမှ သင်တန်းပေးသင့်ကြောင်းကိုလည်း အဆိုပြုထားတယ်။

ဒေါ်ခင်ခင်လေး(အမျိုးသမီးအဖွဲ့များကွန်ယက်၏ပဲ့ကိုင်ကော်မတီဝင်)က “ဘတ်ဂျက်ဆိုတဲ့ စကားလုံးဟာ ကျွန်မတို့အတွက် အင်မတန်မှစိမ်းပါတယ်၊ အစိုးရတာဝန်ရှိသူတွေက ဘယ်လိုသုံးစွဲနေလဲ၊ ဘယ်လိုခွဲဝေနေလဲ ဆိုတာ ဘယ်လိုမှ သိခွင့်မရခဲ့ဘူး”
“ဒီစာအုပ်လေးဟာ ကျား၊မရေးရာ အလေးပေးတဲ့ ဘတ်ဂျက်အဖြစ်ရေးဆွဲဖို့ ပြောတဲ့နေရာမှာ ဘတ်ဂျက်ကို ပိုမြှင့်ပေးဖို့ပဲ ဆိုလိုတာမဟုတ်ပါဘူး။ တနှစ်ပတ်လုံးဘတ်ဂျက်ရေးဆွဲတဲ့ အချိန်တွေမှာ ကျား၊မရေးရာ အမြင် ရှုထောင့်တွေကို အမြဲတမ်း ထည့်သွင်းစဉ်းစားပြီးတော့ လုပ်ပေးဖို့ ဆိုလိုတာလေးက အင်မတန်မှ ကောင်းပါ တယ်” လို့ပြောပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ကျား၊မရေးရာအလေးပေးသော ရသုံးမှန်းခြေရေးဆွဲသည့် လုပ်ငန်းစဉ်တခု ဘယ်လို လုပ် ဆောင်နိုင်မလဲဆိုတာကိုလည်း ဥပမာပြထားပေးသလို “ဒါဟာ လွှတ်တော်ကိုယ်စားလှယ်များအတွက်၊ တာဝန် ရှိသူများအတွက် လေ့လာစရာ၊ မှီငြမ်းစရာဖြစ်ပြီး ကျမတို့အတွက်လည်း အားကိုးစရာဖြစ်မယ်လို့ မျှော်လင့် ပါတယ်လို့” သူမက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးခွဲဝေရေးမှာ ကျား၊မ ရေးရာအလေးပေးသော ဘတ်ဂျက်ရေးဆွဲနိုင်ရေးဟာ စိန်ခေါ်မှုကြီးတရပ်ဖြစ်လာနိုင်ပါတယ်။ သက်ဆိုင်ဌာနတွေရဲ့ ဘတ်ဂျက်ခွဲဝေမှုဟာ “မီးများမီးနိုင်၊ ရေများရေနိုင်” အနေအထားတွင်ရှိနေကြောင်း ဝေဖန်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ ဒီလို ကျား၊မရေးရာ အလေးပေးသော ဘတ်ဂျက်ရေးဆွဲနိုင်ရေးကို လုပ်ဆောင်သွားမည်ဆိုလျှင် လက်ရှိအုပ်ချုပ်မှုပုံစံအရ လူမှုဖူလုံရေးဌာနအောက်မှ သွားရမည်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဌာနရဲ့ ၂၀၁၄ – ၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ လူမှုဖူလုံရေးအတွက် အသုံးပြုတဲ့ အစိုးရတရပ်လုံး အသုံးစရိတ် ဘတ်ဂျက်ပင်လျှင် ဝ.၁% သာ ရှိနေတာကလည်း အားလျော့စရာအခြေအနေ တခုဖြစ်နေကြောင်း သုံးသပ်မှုများလည်းရှိနေပါတယ်။

Related Articles