Home ဆောင်းပါး အမျိုးသမီးနဲ့လူငယ်တွေရဲ့လုပ်နိုင်စွမ်းကိုပြချင်လို့ လွှတ်တော်ထဲကိုဝင်ရောက်ချင်တဲ့ ကယန်းအမျိုးသမီး

အမျိုးသမီးနဲ့လူငယ်တွေရဲ့လုပ်နိုင်စွမ်းကိုပြချင်လို့ လွှတ်တော်ထဲကိုဝင်ရောက်ချင်တဲ့ ကယန်းအမျိုးသမီး

ခက်ဆစ် နှင့် ကြည်ဖြူ။ ။

ဗုံးခိုကျင်းတွေ၊ မီးလောင်ပြင်တွေနဲ့ စစ်ဘေးဒုက္ခသည်တွေဆိုတာ မူကယ်ရိုလိုင်းအတွက် စိမ်းလှတယ်တော့ မဟုတ်ပါဘူး။

ကယားနဲ့ ရှမ်း နှစ်ပြည်နယ်အစပ် ရှမ်းတောင်ပိုင်း ဖယ်ခုံမှာကြီးပြင်းနေထိုင်လာခဲ့တဲ့ ကယန်းအမျိုးသမီး မူကယ်ရိုလိုင်းဟာ လူမှန်းသိတတ်စအရွယ်ကတည်းက စစ်ပြေးနေခဲ့ရတာဖြစ်ပါတယ်။

၁၉၈၈ အရေးအခင်းကို အကြမ်းဖက်ဖြိုခွဲပြီး အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရနဲ့ကယားပြည်နယ်ထဲမှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ၁၉၉၂ ဝန်းကျင်တုန်းက ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် မြေဇာပင်ဖြစ်ခဲ့ရသူတွေထဲမှာ မူကယ်ရိုလိုင်းတို့မိသားစုလည်း အပါအဝင်ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ် ရဲ့တစ်ခုသောရက်… အဲ့ဒီနေ့က သူမရဲ့မိခင်က ဘုရားစင်အောက်မှာ ဆုတောင်းနေရင်း ပြင်းထန်တဲ့ ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တဲ့ အတိတ်က မြင်ကွင်းကို ထိုစဉ်က အသက် ၆ နှစ်အရွယ်သာ ရှိသေးတဲ့ မူကယ်ရိုလိုင်း အဖို့ ယနေ့အထိ အမှတ်ရနေဆဲဖြစ်ပါတယ်။

နှစ်ဖက်စစ်တပ်တွေ အပြန်အလှန် ပစ်ကြခတ်ကြတဲ့ တိုက်ပွဲအတွင်း လက်နက်ကြီးကျည်တစ်ခုဟာ သူတို့ရဲ့နေအိမ်ခေါင်မိုးပေါ်ကျလာရာကနေ ထွက်လာတဲ့ အသံဖြစ်ပါတယ်။

“အိမ်က မီးလောင်သွားတော့ ပြာက ကျမတို့အပေါ် အကုန်လုံး ကျတာပေါ့” လို့ မူကယ်ရိုလိုင်းက သူမငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ကို ပြောပြပါတယ်။

အိမ်ကပြာကျသွားပေမယ့် သူမတို့ မိသားစုကတော့ သေနတ်သံတွေ ကျည်ဆံတွေကြား အသက်ဘေးက လွတ်မြောက်လာခဲ့ပါတယ်။

နေစရာအိမ်ကလေး ပျက်စီးသွားခဲ့တဲ့နောက်မှာတော့ မူကယ်ရိုလိုင်းရဲ့မိဘတွေဟာ ကလေး ၆ ယောက်ရယ်၊ အသက် ၈၀ အရွယ် မိခင်တို့နဲ့အတူ ညဘက်ဆိုရင် ကိုယ့်စောင်ကိုပိုက်ကာ အမျိုးတွေအိမ်မှာ လှည့်ပတ်အိပ်ခဲ့ရသလို ဗုံးခိုးကျင်းတွေထဲမှာ အိပ်ပျော်သွားခဲ့ရတဲ့ ညပေါင်းကလည်း မနည်းပါဘူး။

စစ်ပွဲကြောင့် ဖြစ်လာရတဲ့ အခက်အခဲတွေကြားထဲ မူကယ်ရိုလိုင်းဟာ ကိုယ်ထူကိုယ်ထကျောင်းမှာ ခက်ခက်ခဲခဲနဲ့ ပညာသင်ကြားရင်း ဆယ်တန်းကိုတော့ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ရှိ ၊ ကက်သလစ်မိဘမဲ့ကျောင်းဖြစ်တဲ့ စိန်ဂျဲရာမာဂျဲလာမိဘမဲ့ဂေဟာမှာ သွားရောက်နေထိုင်ရင်း အောင်မြင်ခဲ့တာဖြစ်ပါတယ်။

“အဲမှာ မှတ်မှတ်ရရက ကျွန်မ မိဘမဲ့ကျောင်းမှာက ထမင်းမစားရတဲ့ရက်တွေလည်း ရှိတယ်။ တစ်ပတ်နည်းနည်းပေါ့။ ဆန်ပြုတ်တွေပဲ ကျိုပြီး သောက်ခဲ့ရတယ်”

“တိုင်းရင်းသားဒေသမှာ ဖြတ်၄ဖြတ်ခေတ်ဆိုတာတွေလည်း ကြုံရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ရွာထဲမှာ ခိုအောင်းလို့ မရအောင် စစ်အစိုးရကနေ ရွာတွေကို ဖြတ်လိုက်တာတို့ မြို့ထဲဘက်ကို အတင်းမောင်းထုတ်လိုက်တာတို့ ကြုံရတယ်” လို့ သူမကဆိုပါတယ်။

သူမဟာ လွိုင်ကော်တက္ကသိုလ်ကနေ ပထဝီဝင် အထူးပြု ဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ရရှိထားပြီး ပရဟိတလုပ်ငန်းတွေလုပ်ကိုင်ရင်း ရန်ကုန်မြို့မှာ နိုင်ငံရေးသိပ္ပံညာသာရပ်ကိုလေ့လာသင်ယူခဲ့ပါတယ်။

ဖွံဖြိုးမှုနောက်ကျနေဆဲဖြစ်တဲ့ တိုင်းရင်းသားတွေနေထိုင်ရာ တောင်ပေါ်ဒေသက အခြေအနေတွေကြားမှာ ရှင်သန်နေထိုင်လာခဲ့ရသူမို့ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး ဖိနှိပ်ခံထားခဲ့ရတဲ့အရာတွေဟာ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်ဖို့အတွက် တွန်းအားတွေဖြစ်လာစေခဲ့ပါတယ်။

“ကျမတို့တွေက လူနည်းစုဖြစ်တယ်။ တိုင်းရင်းသား ဖြစ်တယ်ဆိုတဲ့ အောက်မှာ ကျမတို့တွေက ဒုတိယလူတန်းစား အနေနဲ့သော်လည်းကောင်း အုပ်ချုပ်ခံ လူတန်းစားပုံစံမျိုးနဲ့သော်လည်းကောင်း ကျမတို့တွေက အမြဲတမ်း နေနေရတယ်။ အဓိကက ကိုယ့်ရေမြေ ကိုယ့်ဒေသရဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တိုင်းရင်းသားရှုထောင့်အနေနဲ့ စဉ်းစားပြီး ရွေးကောက်ပွဲဝင်ရခြင်းဖြစ်တယ်”

ဒါကတော့ မူကယ်ရိုလိုင်းရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ဖို့ ဖြစ်လာခဲ့တဲ့အချက်တွေထဲတစ်ခုဖြစ်ပါတယ်။

နောက်ထပ် အကြောင်းတရားတစ်ခုလည်းရှိနေပါသေးတယ်။

အဲ့ဒါကတော့ သူမဟာ နိုင်ငံရေး နယ်ပယ်ထဲမရောက်ခင် ကယန်းအမျိုးသမီးအစည်းအရုံးမှာ ၇ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ရင်း အမျိုးသမီးအရေးနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

“ အမျိုးသမီးခေါင်းဆောင်တွေ ပေါ်လာဖို့အတွက် ဒီနိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီးတွေပါဝင်လာဖို့အတွက် ဆိုတာတွေကို လှုပ်ရှားဆောင်ရွက်ခဲ့တယ်။ လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်သင့်သလောက် မအောင်မြင်တာတွေကို တွေ့မြင်နေရတဲ့အတွက် ကျမတို့တွေ ကိုယ်တိုင်က ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ဖို့ လိုအပ်လာပြီဆိုတာကို သဘောပေါက်လာတော့ ကိုယ်တိုင်ဝင်ရုန်းမယ်ဆိုပြီး အမျိုးသမီးတွေရဲ့အသံကို ပါဝင်ဖော်ပြလိုခြင်းလည်းဖြစ်တယ်။ လူငယ်တစ်ယောက်အနေနဲ့လည်း လူငယ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ဖော်ပြလိုခြင်းဖြစ်တဲ့အတွက် ဒီနိုင်ငံရေး ဧရိယာထဲကို ရောက်ရှိလာခြင်းဖြစ်တယ်” လို့ သူမရဲ့ ခံယူချက်ကို ပြောပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကယန်းအမျိုးသားပါတီကနေ မဲဆန္ဒနယ် စုစုပေါင်း ၁၀ နေရာကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မူကယ်ရိုလိုင်းကတော့ သူမရဲ့ဇာတိဖြစ်တဲ့ ဖယ်ခုံ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်ပါတယ်။

“အဓိက ဒီဖယ်ခုံမြို့နယ်နဲ့ ပတ်သက်ပြီး အမျိုးသမီးနဲ့ လူငယ်တွေ၊ ကလေးသူငယ်တွေရဲ့ အခန်းကဏ္ဍတွေကို အာရုံစိုက်ပြီးပိုလုပ်ပေးချင်တယ်။ တကယ်လို့ ကျမသာ အနိုင်ရခဲ့မယ်ဆိုရင် အစိုးရအနေနဲ့သော်လည်းကောင်း အရပ်ဖက်အဖွဲ့အစည်းလမ်းကြောင်းအနေနဲ့သော်လည်းကောင်း အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားချင်တယ်။ အမျိုးသမီးနဲ့ ကလေးသူငယ်ရဲ့ အခန်းကဏ္ဍတွေကို ထိထိမိမိ လုပ်ဆောင်ပေးနိုင်ဖို့အတွက် သုတေသနတွေ သေသေချာချာလုပ်ဆောင်ပေးမယ်။ လိုအပ်ချက်တွေကို လေ့လာချက်တွေ သုတေသနစစ်တမ်းတွေ ကောင်းကောင်းလုပ်ဆောင်ဖို့လိုတယ်။ ဒေတာ အချက်အလက်ပေါ်မှာ လုပ်ကိုင်မှသာ လူထုတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ထိထိမိမိဝန်ဆောင်မှုပေးနိုင်မယ်လို့ ကျမ ယုံကြည်တယ်” လို့ ဆိုပါတယ်။

ဖယ်ခုံဒေသက ကျေးရွာတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို လျှပ်စစ်မီး တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ မရရှိတဲ့နေရာတွေလည်း အများအပြားရှိနေပါတယ်။

ဒါကြောင့် အခု ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းတွေအတိုင်း ဆောင်ရွက်ရတာဖြစ်တာကြောင့် မြို့ကြီးတွေမှာလို နည်းပညာကိုအသုံးပြုပြီး စည်းရုံးလှုံ့ ဆော်ဖို့ဆိုတာဟာ တောင်ပေါ်ဒေသက ဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေအတွက်ကတော့ စိန်ခေါ်မှုတစ်ရပ်လိုဖြစ်နေပါတယ်။

“ကျမရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကတိကဝတ်တွေကို ဆိုရှယ်မီဒီယာမှာ အသုံးပြုပြီးလူထုဆီရောက်အောင် ကျမတို့ မပို့နိုင်ဘူးပေါ့။ ကျမတို့ ကိုယ်တိုင်သွားမှပဲဖြစ်မယ့် အနေအထားမျိုးတွေရှိတယ်။ မိုးတွင်းကာလလည်း ဖြစ်တယ်။ လမ်းခရီးကြာရှည်စွာနဲ့လျှောက်ရတာမျိုး၊ ဆိုင်ကယ်လမ်းခရီးနဲ့ သွားရတာမျိုးတွေလည်းရှိတယ်။ ကားလမ်းတွေလည်း မရှိတဲ့အတွက်ကြောင့် အသက်ကိုဖက်နဲ့ထုပ်ပြီးမှ စည်းရုံးရေးဆင်းနေရတဲ့ အနေအထားဖြစ်တယ်” လို့ မူကယ်ရိုလိုင်းကတော့ သူမရဲ့ မဲဆွယ်စည်းရုံးရေးကာလ အတွေ့အကြုံကို ပြောပါတယ်။

သူမရဲ့ မဲဆန္ဒနယ်မှာ သုံးပုံ နှစ်ပုံခန့်က လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေဖြစ်သလို အခုကာလမှာ လူစုလူဝေးကို အယောက် ၅၀ ထိစုဝေးခွင့်ပေးထားပေမယ့် ကျေးရွာတွေမှာ ရောဂါပိုးပြန့်နှံ့မှာကို စိုးရိမ်တာကြောင့် မဲဆွယ်တဲ့အခါ ၁၀ ယောက်ဝန်းကျင်လောက်သာ လာရောက် စုဝေးကြတာကိုလည်း တွေ့ကြုံနေရပါတယ်။

ဒါကြောင့် လူကိုယ်တိုင်သွားရောက်တာတောင် လုံလောက်တဲ့ သတင်းအချက်အလက်ကို ကျေးရွာက လူထုတွေဆီ ရောက်ရှိပေးနိုင်ဖို့က ခက်ခဲနေတာဖြစ်ပါတယ်။

တိုင်းရင်းသားပါတီဖြစ်တာကြောင့် အင်အားကြီးပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီတို့လောက် လူထုရဲ့ စိတ်ဝင်စားမှု အခြေအနေက မမြင့်မားတာကိုလည်း ရင်ဆိုင်ရပါတယ်။

၂၀၁၅ ခုနစ်ရွေးကောက်ပွဲထက်စာရင် နိုင်ငံရေးအပေါ် လူထုက စိတ်ဝင်စားမှုရှိပေမယ့် တိုင်းရင်းသားပါတီတွေနဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေအပေါ်မှာတော့ ယုံကြည်မှုအားနည်းနေသေးတာဖြစ်ပါတယ်။

အင်အားကြီးပါတီကြီးတွေအနေနဲ့ တိုင်းရင်းသားပါတီတွေကို လက်တွဲခေါ်ဆောင်သင့်တယ်လို့ မူကယ်ရိုလိုင်းကတော့ သူမရဲ့ အမြင်ကိုပြောပါတယ်။

“ကျမတို့တွေက စစ်အာဏာရှင်စနစ်ကိုမကြိုက်လို့ ဒီစနစ်ကိုဖြုတ်ချဖို့ ဘုံရည်မှန်းချက်တွေကို အတူထားရှိခဲ့တယ်။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာတော့ လက်ရှိ အနိုင်ရပါတီတွေက တိုင်းရင်းသားတွေကို ပြိုင်ဖက်အနေနဲ့ပြန်မြင်လာတာက တော်တော်ဆိုးတယ်လို့ ကျမမြင်တယ်။အမှန်က အဲ့လိုမဖြစ်ရဘူး။ တိုင်းရင်းသားတွေနဲ အနိုင်ရပါတီက အတူတကွ အလုပ်တွဲလုပ်ရမှာ။ ကျမတို့ အရင်က ထားရှိတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အတူသွားရမှာ။ကျမတစ်ယောက်တည်းအနေနဲ့ကတော့ ဒီလက်ရှိ အနိုင်ရပါတီနဲ့ တိုင်းရင်းသားတွေနဲ့ ညွန့်ပေါင်းအစိုးရသော်လည်းကောင်း၊ ညီညီညွှတ်ညွှတ်နဲ့သွားသင့်တယ်လို့ မြင်တယ်” လို့ ပြောပါတယ်။

တိုင်းရင်းသားပါတီကဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ နောက်ထပ်ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကတော့ အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ အပေါ်မှာ ခွဲခြားဆက်ဆံထားရှိမှုတွေပဲဖြစ်ပါတယ်။

အမျိုးသမီးအရေးတတ်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ မူကယ်ရိုလိုင်းအနေနဲ့ အခုလို နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်လာပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေလုပ်ဆောင်နေပေမယ့် အမျိုးသမီးအရေးနဲ့ နိုင်ငံရေးကို သီးခြားလုပ်ဆောင်နေရသလိုဖြစ်နေပါတယ်။

“အမျိုးသား ဆန်တစ်အိတ်ထမ်းရင် အမျိုးသမီးဆန်တစ်အိတ် ထမ်းရမယ်ဆိုတဲ့ ဟာမျိုး ကပ်သီးကပ်သပ် လက်ပေါက်ကပ်တဲ့ အတွေးမျိုးတွေနဲ့ ငြင်းဆန်နေတာမျိုးတွေရှိတယ်”လို့ အမျိုးသမီးအရေးလုပ်ဆောင်ရာမှာ တွေ့ကြုံရတဲ့ အခြေအနေတွေအကြောင်းကိုပြောပါတယ်။

သူမအနေနဲ့ကတော့ ဒီလို တုန့်ပြန့်မှုမျိုးကို လက်မခံချင်ပေမယ့်လည်း နားလည်ပေးရမယ့် အခြေအနေတွေလည်းရှိနေပါတယ်။

ရိုးရာဓလေ့အစဉ်အလာတွေကြား နေထိုင်ကြသူတွေဖြစ်ပြီး အမျိုးသမီး အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေကို လေ့လာဖို့ခက်ခဲနေတဲ့ဒေသဖြစ်သလို သူမတို့လို အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူတွေအနေနဲ့လည်း ဝေးလံခေါင်ဖြားတဲ့ ဒေသတွေအထိ အသိပညာပေးမှုတွေ လုပ်ဆောင်ပေးတဲ့အပိုင်း အားနည်းမှုတွေရှိနေတာကို တွေ့ရှိရတာဖြစ်တယ်လို့ သူမကတော့ သုံးသပ်ထားပါတယ်။

နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှုကို ကြည့်ရင်လည်း အင်အားနည်းနေသေးသလို လွှတ်တော်ထဲမှာ ကိုယ်စားပြုပါဝင်တဲ့ အရေအတွက်ကလည်းနည်းပါးနေသေးတယ်လို့ သူမက ဆိုပါတယ်။

“အမျိုးသမီးတွေရဲ့ ပြဿနာကို နိုင်ငံရေးပြဿနာလို့ မမြင်ကြဘူး။ လက်မခံကြဘူး။ လူဦးရေ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေရဲ့အသံတွေ လိုအပ်ချက်တွေကို ဖော်ဆောင်နိုင်ဖို့အတွက်ဆိုရင် ၁၆ ရာခိုင်နှုန်းပဲရှိသေးတဲ့ လွှတ်တော်ထဲက အမျိုးသမီးကိုယ်စားလှယ်တွေအနေနဲ့ဆိုရင် မလုံလောက်သေးဘူးလို့ မြင်ပါတယ်” လို့လည်း သူမကဆိုပါတယ်။

သူမအနေနဲ့ကတော့ အမျိုးသမီးတွေအတွက် လွှတ်တော်အတွင်းကနေ ဆောင်ရွက်မယ့် နိုင်ငံရေးလမ်းကြောင်းကိုလည်း ရွေးချယ်ထားသလို အရပ်ဖက်အဖွဲ့အစည်းတွေကနေ လုပ်ဆောင်သွားမယ့် လမ်းကြောင်းကိုလည်း ရွေးချယ်ထားပြီး အမျိုးသမီးအရေးကို တတ်နိုင်တဲ့ ဘက်ပေါင်းစုံကနေ ဆောင်ရွက်ပေးဖို့အတွက် ကြိုးစားနေတာပဲဖြစ်ပါတယ်။

ကယန်းတိုင်းရင်းသူ တစ်ဦးလည်းဖြစ်နေတာကြောင့် ကယန်းလူမျိုးတို့ရဲ့ ယဉ်ကျေးမှု၊ အခွင့်အရေးနဲ့ တန်းတူရေးတို့အတွက်ကိုလည်း ရှေးရှုလုပ်ဆောင်သွားဖို့ သူမကတော့ ရည်မှန်းထားပြီးသားလည်း ဖြစ်ပါတယ်။

“တိုင်းရင်းသားတွေသာ လွှတ်တော်ထဲပါလာခဲ့မယ်ဆိုရင်တော့ လွှတ်တော်ကိုပိုပြီး ထိန်းကျောင်းပေးနိုင်မယ်လို့ မျှော်လင့်မိတယ်။ဘယ်အစိုးရပဲတက်တက် တိုင်းရင်းသားပါတီက ပါခဲ့မယ်ဆိုရင် ပိုမိုအားကောင်းတဲ့ အစိုးရတစ်ရပ်ဖြစ်လာမယ်လို့ ယူဆပါတယ်” လို့သူမကဆိုပါတယ်။

Related Articles