Home ဆောင်းပါး စစ်ကောင်စီရဲ့ တရားခံပြေးဖြစ်ခဲ့ရသည့်ကျောင်းဆရာ၊ဆရာမများ

စစ်ကောင်စီရဲ့ တရားခံပြေးဖြစ်ခဲ့ရသည့်ကျောင်းဆရာ၊ဆရာမများ

နန်းဆိုင်နွမ်။ ။

စစ်အာဏာသိမ်းပြီး (၄)လကျော် ကာလအတွင်းမှာ တရားခံပြေးတယောက်လို ပြေးလွှားရှောင်ပုန်းနေရတဲ့ စိုးရိမ်ပူပန်နေရတဲ့ ဘဝဖြစ်နေပါတယ်။

“ဓားခိုးဓားပြတိုက် လူသတ်သမားတွေက လွှတ်မြောက်နေချိန်၊ ကျမတို့ဆရာမဘဝက စစ်ကောင်စီရဲ့ တရားခံပြေး ဖြစ်တဲ့ခေတ်ပေါ့” ဟု ရှမ်းမြောက် နမ္မတူမြို့နယ် စစ်အာဏာရှင် ဖီဆန်လှုပ်ရှားမှု CDM လုပ်ဆောင်နေတဲ့ဆရာမ နန်းသူဇာ(အမည်လွှဲ) က ဆိုပါတယ်။

သူမဟာ ကျောင်းဆရာမလုပ်သက် (၁၅)နှစ်ကျော်၊ သူမအသက် (၃၅)နှစ်အရွယ်ထိ ကျောင်းဆရာမတွေ ဝန်ထမ်းတွေ တရားခံပြေးတယောက်လို့ရှောင်ပုန်း နေရမယ်ဆိုတာ တကြိမ်တခါမျှ မစဉ်းစားမိခဲ့ပါဘူး။

ဖေဖော်ဝါရီ (၁)ရက် စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်း အစိုးရဝန်ထမ်းများဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပါဝင်လာကြပြီး၊ CDM ပါဝင်တဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီ က ၅၀၅(က)၊ ၅၀၅ (ခ) နဲ့လိုက်လံဖမ်းဆီးမှုတွေပြုလုပ်ကာ တချို့လည်း ဖမ်းဆီးခံရပြီး၊ အများစုက ထွက်ပြေးနေရပါတယ်။

ထိုထဲမှာ ဆရာမ နန်းသူဇာ တို့လင်မယားလည်း ပညာရေးဝန်ထမ်းဖြစ်ပြီး၊ CDM ပြုလုပ်နေကြတဲ့အတွက် လင်မယား (၂)ဦးတောထဲမှာ ကလေး(၂)ယောက်နဲ့ ပုန်းခိုကာ ဆင်းရဲစွာ စားသောက်နေကြရတာပါ။

“ လင်မယား (၂)ယောက်လုံးက (CDM )ပညာရေးဝန်ထမ်းတွေလေ အခက်အခဲကတော့ မျိုးစုံပဲ။ တောထဲမှာနေရတော့ အနေအထိုင်ခက်ခဲတယ်။ ကလေးတွေကိုလည်း သနားတယ်” လို့ နန်းသူဇာ က ဆိုပါတယ်။

တောထဲမှာ ခြင်တွေ ဖြုတ်တွေ ကပေါ၊ အစားအသောက် အနေအထိုင် ခက်ခဲပြီး ကလေးတွေ စိတ်ဒဏ်ရာရမှာကို စိုးရိမ်ကြောင်းလည်း သူမ က စိတ်မကောင်းစွာဖြင့် ပြောပြပါတယ်။

“ ကလေးတွေ အတွက် စိုးရိမ်မှုကတော့ အပြည့်ပဲ။ သူတို့လေးတွေ စိတ်ဒဏ်ရာရမှာ အကြောက်ဆုံးပဲ။ ဘယ်လောက်စိတ်ဆင်းရဲနေပါစေ ကလေးရှေ့ ကျမတို့ စိတ်ညစ်မပြရဲဘူး။ တနေ့တော့ သူတို့နားလည်လာမှာပါ” လို့ ဆရာမ နန်းသူဇာ က ဆိုပါတယ်။

CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းများအနေနဲ့ စစ်ကောင်စီ မှ အလုပ်ရပ်နားလိုက်တဲ့ ကြေညာစာထုတ်ပြန်ခဲ့ပေမယ့် CDM ဝန်ထမ်းတွေဟာ မိမိနေရပ်သို့ မပြန်ရဲဘဲ တောထဲတွင် နေ့စဉ် ထိတ်လန့်စိုးရိမ်စိတ်နဲ့ ညဘက်တွေဆိုနှစ်ခြိုက်စွာ အိပ်မပျော်ကြရှာပါဘူး။

“ ကျမတို့ လွှတ်မြောက်နယ်မြေလို့ ပြောပေမယ့် မလွှတ်မြောက်ပါဘူး။ နေ့တိုင်း ညတိုင်းကတော့ ဘေးမှာ အရိပ်မဲရှိနေသလို ကြောက်နေရတယ်။ အလုပ်နားလိုက်တယ်ဆိုတာ ကြေညာပေမယ့် ဖမ်းနေသေးတယ်လေ” လို့ သမီး(၂)ယောက်မိခင် က ပြောပါတယ်။

ရှမ်းမြောက် တောင်တန်းမြေမှ တချို့CDM ပညာရေးဝန်ထမ်းတွေ ဟာ ကျေးရွာတွေမှာ ပြောင်းရွှေ့ပြီး စိတ်ချရတဲ့နေအိမ်မှာ တိတ်တဆိတ်နဲ့ ခိုလှုံနေရကာ အသိမိတ်ဆွေတွေက ကျွေးမွေးစောင့်ရှောက်တာတွေကို စားသောက်နေကြရပါတယ်။

“ ကျမ အိမ်ကနေ ထွက်ပြေး(၂)လရှိပြီ။ အိမ်နဲ့ဝေးတဲ့နေရာပတ်ပြီးနေနေတာ။ ပတ်ဝန်းကျင်က အသိတွေပဲ ကျွေးမွေးထားတာ” ဟု နောင်ချိုမြို့နယ် က အသက် (၄၇)နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ချို က ပြောပါတယ်။

နောင်ချိုမြို့ အထက်တန်းပြ ဆရာမဒေါ်စန္ဒာမော် ကို စစ်ကောင်စီ က မေ (၉ )ရက် ညနေ (၄)နာရီမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရာဇာသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

“ ကျမတို့ CDM ဆရာမတွေ ၅၀၅ (က)နဲ့ ဖမ်းခံရတာ တယောက်ပဲရှိပေမယ့် တရားစွဲဆိုခံထားရတာရှိတယ်။ ကျမက ၅၀၅ ထဲမပါပေမယ့် အိမ်မှာ မနေရဲဘူး။ CDM သမားတွေကို လိုက်ဖမ်းနေတာဆိုတော့ ရှောင်နေရတယ်” လို့ ဆရာမဒေါ်ချို က ပြောပါတယ်။

ဆရာမ ဒေါ်ချို ဟာ ၂ လကျော်ကြာ နေအိမ်ကို စွန့်ခွာပြီး တခြားအရပ်တွင် ရှောင်ပြေးနေရပေမယ့် စစ်ကောင်စီ က လာရောက်ဖမ်းဆီးမှာကိုကြောက်နေရပြီး အချိန်ပြည့် သတိနဲ့ နေထိုင်ရကြောင်း၊ ပတ်ဝန်းကျင် က “ ဒလန်” ကိုလည်း ကြောက်နေရကြောင်း သူမက လက်ရှိ ကြုံနေရတဲ့ ခံစားချက်ကို ပြောပါတယ်။

“အိပ်မပျော်ဘူး။ ဘယ်နေ့ဖမ်းခံရမယ်ဆိုတာ မသိဘူး။ အိမ်ကို မပြန်ရဲတာ။ ကြောက်နေတာ။ အိမ်ကို ပြန်ရမှာ ကြောက်နေတယ်။ ကျမ ဒလန် ကို လည်းကြောက်ရတယ်” လို့ ဆရာမဒေါ်ချိုက ဆိုပါတယ်။

ပညာရေးဝန်ထမ်းတွေဟာ လစာကောင်းမွန်တဲ့ သူတွေ မဟုတ်ကြတဲ့အတွက် လစာ စုမိဆောင်းမိကြတဲ့ အတွက် လက်ရှိအချိန်မှာ အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။

“ ၄ လမှာ ဝင်ငွေလည်း မရှိတော့ စားဖို့က သူများအိမ်မှာ စားပေမယ့် ကလေးအတွက် မုန့်ဖိုးမရှိတော့ ကလေးစားချင်တာ မဝယ်ပေးနိုင်ဘူး။ ကလေး အတွက် စိုးရိမ်မှုရှိတယ်။ အခုက ကလေးကို ဘာမှ မလုပ်ပေးနိုင်တော့ ကလေး စိတ်နာမှာပဲ ကြောက်ရတယ်” လို့ နောင်ချိုမြို့နယ် မူလတန်းကျောင်းအုပ် ဆရာမကြီး တစ်ဦး က ဝမ်းနည်းစွာ ပြောပါတယ်။

အစားအသောက် အနေအထိုင် ဆင်းရဲနေပါစေ၊ စစ်အာဏာရှင် ဖမ်းဆီးမှုနှိပ်စက်မှုရှိနေပါစေ ကျောင်းအုပ်ဆရာမ အနေနဲ့ ဘယ်တော့မှ Non-CDM ပြန်လုပ်မှာ မဟုတ်ကြောင်းလည်း သူမက ပြတ်သားစွာ ပြောဆိုလိုက်ပါတယ်။

“ကျမတို့ကတော့ အဆုံးထိပါပဲ။ ဒီချိန် ဘယ်လောက်ခက်ခဲပါစေ။ ဘယ်တော့မှာ Non- CDM ပြန်မလုပ်ဘူး။ သား၊သမီး မျက်နှာရှိတယ်။ အနာဂတ်ရှိတယ်။ သူတို့ ဘဝတွေ အတွက် ကျမကတော့ ဒီစစ်အာဏာရှင်ကို တိုက်ရမှာပဲ။ ဒါတွေကို တနေ့သူတို့ သိမှာပါ” လို့ မူလတန်း ကျောင်းအုပ်ဆရာမကြီး က ပြတ်သားစွာ ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ ယန္တယားကြီးပြိုကျဖို့အတွက် CDM ဝန်ထမ်းတွေ အဓိက အရေးပါတဲ့ သူတွေဖြစ်ပေမယ့် လချီ ဝင်ငွေမရှိ၊ မိသားစုတွေရှိတဲ့သူတွေဖြစ်တဲ့အတွက် ငွေကြေး၊ စားဝတ်နေရေးခက်ခဲလာပြီး တချို့ Non-CDM ဖြစ်သွားကြပါတယ်။

CDM ဝန်ထမ်းတွေဟာ ထောက်ပံ့မှုလိုချင်တဲ့အတွက် CDM လုပ်ရတာ မဟုတ်ကြကြောင်း၊ စစ်အာဏာရှင်ကို အမြစ်ပြတ် တိုက်ခိုက်ခြင်းတဲ့အတွက် ပြုလုပ်ကြပေမယ့် ရေရှည်မှာ မတွေးဝံ့ပါဘူး။

“ ကျမတို့က အထောက်အပံ့လိုလို့ CDM လုပ်ရတာမဟုတ်ဘူး။ ဒါပေမယ့် နယ်က CDM ဆိုရင် ဘယ်သူမှ မသိကြ။ ကိုယ့်ဘာသာအခက်အခဲတွေဖြေရှင်းနေရတယ်။ CDM ဝန်ထမ်းသား၊သမီးတွေကို ကြည့်ပေးရင် ကျမ ကျေနပ်ပါတယ်။ ကျမတို့က ဖြစ်သလို နေလို့ရ၊စားလို့ရတယ်လေ။ ကလေးတွေက အဓိကပါ” လို့ ကလေးမိခင် CDM ဆရာမ ဒေါ်သူဇာ က ရင်ဖွင့်ပြောလာပါတယ်။

စစ်အာဏာသိမ်းပြီး ၄လကျော်အကြာမှာ CDM ဝန်ထမ်းတွေဟာ စိတ်ပိုင်းဆိုင်ရာ တော်တော်ထိခိုက်လာကြောင်း၊ စိတ်လုံခြုံမှုမရှိတဲ့အတွက် ညစဉ်ညတိုင်း အိပ်စက်အနားယူလို့မရကြောင်း CDM ဆရာမတွေ က ပြောပါတယ်။

“ CDM ကနေ Non-CDM ပြန်လုပ်သွားတဲ့ သူတွေရှိတော့ သူတို့ ကျမတို့ နေတဲ့ တောကို သွားပြောမှာ ကြောက်နေရတယ်။ သူတို့ တွေဒလန်ပြန်ဖြစ်မှာလားပေါ့။ ဒါတွေတွေးပြီး ညညဆိုရင် အိပ်မပျော်ဘူး။ အကြောက်ဆုံး ကဒလန်တွေပဲ” လို့ နမ္မတူမြို့နယ်က ဆရာမနန်းသူဇာ က ဆိုပါတယ်။

CDM ဝန်ထမ်း ထောက်ပံ့မှုမရှိလည်း ဆရာမ နန်းသူဇာ တို့ လင်မယား ကတော့ အစကတည်းက ဆုံးဖြတ်ပြီးသား စစ်အာဏာရှင် လက်အောက် ဘယ်တော့မှ အလုပ်ပြန်မဝင်ကြောင်း ပြတ်သားစွာ ပြောဆိုလိုက်သည်။

“ ကျမကတော့ Non- CDM ပြန်လုပ်ဖို့ တစက်မှ မတွေးဘူး။ ကျမတို့ ဘက်ဆိုရင် တိုင်းရင်းသားအချင်းချင်း စစ်ရေးရော၊ စစ်အာဏာသိမ်းရော ရှုပ်ထွေးနေတာ။ ဟင်းရွက်ပဲရောင်းပြီးစားရ စားရ ဆက်ပြီး လုပ်သွားမယ်” လို့ ကလေး (၂)ဦးရဲ့ မိခင်က ဆိုပါတယ်။

စစ်ကောင်စီဟာ CDM ကျောင်းဆရာ၊ ဆရာမတွေကို နည်းလမ်းမျိုးစုံသုံးပြီး ဖိနှိပ်နေတာဖြစ်ပါတယ်။ CDM ဝန်ထမ်းတွေကို အလုပ်ထုတ်တာ၊ ချေးငွေအတင်းအကျပ်ပြန်ဆပ်ခိုင်းတာနဲ့ အမှုဖွင့်ဖမ်းဆီးတာတွေလည်း လုပ်နေပါတယ်။ ဒါ့အပြင် ဝန်ထမ်းအဖြစ်က နှုတ်ထွက်ပြီးချိန်မှာတောင် လုပ်ကိုင်စားသောက်လို့မရအောင် ပုဂ္ဂလိကစာသင်ကျောင်းတွေမှာ CDM ကျောင်းဆရာ၊ဆရာမတွေကို အလုပ်မခန့်ဖို့အထိ ဖိအားပေးနေပါတယ်။

CDMပညာရေးဝန်ထမ်းတွေ ရဲ့ ဘဝအတွက် ဘယ်သူမှ မထောက်ပံ့ရင်နေပါစေ၊ ဝမ်းရေး ရှာစားဖို့အတွက် ဖမ်းဆီးမှုမရှိဘဲ၊ ကလေးအနာဂတ်အတွက် ဈေးရောင်းပြီး အနာဂတ်ဆက်ဖို့ ကူညီပေးစေချင်ကြောင်းလည်း ရှမ်းတောင်တန်းပေါ်က ဆရာမတွေက တောင်းဆိုလိုက်ပါတယ်။

Related Articles