Home ဆောင်းပါး မြေမရှိ၊ ငွေမရှိ၊ အနာဂတ်မရှိ

မြေမရှိ၊ ငွေမရှိ၊ အနာဂတ်မရှိ

သျှန်ကီခမ်း။ ။

လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ က စတင်ခဲ့သည့် လယ်ယာမြေပြဿနာအတွက် ဆီဆိုင်မြို့ တရားသူကြီး ချလိုက်သည့် အမိန့်ကို ဒေါ်လွင်တစ်ယောက် မကျေမနပ်ဖြစ်နေသည်။ တပ်နှင့်၎င်းတို့အကြား ကာလရှည်ကြာ အငြင်းပွားနေသည့် လယ်ယာမြေပိုင်ဆိုင်ခွင့် အမှုအခင်းတွင် ဒေါ်လွင်တို့ဘက် ရှုံးနိမ့်သွားသည့်အတွက်ကြောင့်ဖြစ်သည်။

တရားရုံးဆုံးဖြတ်ချက်က အငြင်းပွားနေသည့်မြေနေရာကို ဒေါ်လွင်တို့က စွန့်လွှတ်ရမည်ဖြစ်ပြီး ငွေဒဏ် ကျပ်တစ်သောင်းစီပါ ပေးဆောင်ရမည်လည်းဖြစ်သည်။

“မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာ” လို့ လုံခြုံရေးအရ အမည်ဝှက်ကိုသာ အသုံးပြုခွင့်ပေးသည့် ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်က ၎င်းကဆိုသည်။

ဒေါ်လွင်ဟာ အဆိုပါမြေနေရာများသည် ၎င်းတို့၏ဘိုးဘွားပိုင် မြေယာများဟုဆိုပြီး စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးကျောင်း ပြုနေသည်မှာလည်း ကြာမြင့်နေပြီဟု ဆိုသည်။

ဒါပေမယ့် ၁၉၉၂ ခုနှစ်မှာ ခမရ (၄၂၃)၊ ခမရ (၄၂၄)တို့ ရောက်လာပြီးကတည်း ဒေါ်လွင်နဲ့အတူ တောင်သူအယောက် (၂၀၀) ကျော်ရဲ့ ဘိုးဘွားပိုင် မြေယာကိုတပ်က သိမ်းဆည်းခဲ့သည်ဟုလည်း ဆိုသည်။

ဆီဆိုင်မြို့နယ်၊ တောင်ကြီး-လွိုင်ကော်လမ်း အရှေ့ဖက်မှ ဧကပေါင်း (၃၀၀)ကို ယာယီတပ် ဆောက်ပြီး၊ လမ်း၏ အ‌နောက်ဖက်မှာ တပ်ဆောက်လုပ်မှု ပြီးစီးလျှင် လမ်း၏အရှေ့ဖက် မြေယာများကို ပြန်ပေးမည်ဟု ယခင်က နားလည်ထားသော်လည်း ပြန်ပေးခြင်း မရှိကြောင်းလည်း ၎င်းကဆိုသည်။

ထိုမြေယာမှာ တောင်သူတွေဟာ အခွန်ပေးပြီး စိုက်ပျိုး လုပ်ကိုင်ကြပြီး ၂၀၁၈ ခုနှစ်လောက်မှာတော့ တပ်ဘက်က ဒေသခံများ စိုက်ပျိုးခွင့်မရှိတော့ကြောင့် နှုတ်ဖြင့် အသိပြောခဲ့ပြီး၊ လမ်းအနောက်ဖက်ရှိ တောင်သူဒေသခံများ မြေယာပေါင်း ဧက (၁၉၀၀) ကျော်လည်း သိမ်းယူခံခဲ့ရကြောင်း ဒေသခံများက ပြောသည်ꩻ

၂၀၂၀ ခုနှစ် စိုက်ပျိုး ရာသီချိန်မှာလည်း တောင်သူတွေ စိုက်ပျိုးထားတဲ့ ပြောင်းပင်ခြံ (၃၇) ဧကကို တပ်ဘက်က ဖျက်ဆီးခဲ့ပြီး တောင်သူဒေသခံတွေ သွားလို့ လာလို့ မရအောင်၊ ခြံထဲကို ဝင်လို့ မရအောင် ခြံစည်ရိုးကာ၊ အစောင့်တွေ ချထားတာတွေ ပြုလုပ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။ ထိုနှစ်မှာပင် တောင်သူများက တပ်မြေယာထဲကို ဝင်ရောက် ကျူးကျော် စိုက်ပျိုးသည်ဟုဆိုကာ တောင်သူ (၇၃)ဦးကို ပုဒ်မ (၄၇၇)ဖြင့် တပ်မတော်ဖက်က တရားစွဲဆိုခဲ့ပါတယ်။

အငြင်းပွားနေသည့် မြေအမှုအခင်းကို ပြီးခဲ့တဲ့ ရက် ၂၀၂၂ ခုနှစ် အောက်ဘာလ (၂၇) ရက်တွင် ဆီဆိုင်မြို့ တရားသူကြီးက အမိန့်ချ ဆုံးဖြတ်ခဲ့သည်။ ဒေါ်လွင်နဲ့အတူ တောင်သူ အယောက် (၇၃)တို့ဟာ ဘိုးဘွားပိုင်မြေယာ ပြန်မရတဲ့အပြင် ငွေဒဏ် ကျပ်တစ်‌သောင်း ပေးဆောင်ရန် အမိန့်ချခဲ့သည်။

“ မြေယာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတာ။ မြေယာသိမ်းတော့ ဘာနဲ့သွားလုပ်စားရလဲ” လို့ ဒေါ်လွင် အသံ ခတ်ပြတ်ပြတ်ဖြင့် ပြောပါတယ်။

တပ်ဘက်က တရားစွဲသည့်အမှုကို တောင်သူများဘက်က (၃) နှစ်‌ကျော် တရားရင်ဆိုင်ခဲ့ရသည်။ တရားစွဲခံရသူများထဲတွင် အသက် (၈၀)ကျော် သက်ကြီးရွယ်အိုတွေလည်း ပါဝင်ကြောင်းလည်း ဒေသခံများကဆိုသည်။

“နေမကောင်းပဲနဲ့ တရားရုံးချိန်းကို တက်ရတဲ့ အချိန်လည်းရှိတယ်။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ ရုံးချိန်းတိုင်း သွားရတယ်” လို့ ဒေါ်လွင်က ပြောသည်။

ဒါ့အပြင် တောင်သူများသည် တရားရုံးချိန်းသွားသည့် အချိန်တိုင်း မိမိစရိတ်နဲ့သာ သွားခဲ့ရပြီး တချို့နေ့တွေဆိုလျှင် တရားရုံးချိန်းကို မနက်အစောကြီး လာထိုင်ရပြီး ညနေ လေးနာရီလောက်မှ စစ်တာမျိုးတွေလည်း ရှိသလို တချို့နေ့တွေဆိုလည်း တနေ့ကုန် ထိုင်စောင့်ပြီးမှ တရားရုံးချိန်း ပျက်ပြီး ဒီတိုင်း ပြန်သွားရတဲ့ နေ့ရက်တွေလည်း ရှိသည်ဟုဆိုသည်ꩻ

“ ကိုယ်ထမင်း ကိုယ်ထုပ်တယ်။ မိုးကာလေးခင်းပြီး တရားရုံးရှေ့မှာ ထိုင်စားကြတယ်” လို့ ဒေါ်လွင်က ပြောပါသည်။

ရုံးချိန်းတိုင်း တရားရုံးရှေ့ရှိ သစ်ပင်အောက် မိုးကာလေးခင်းပြီး ထိုင်စောင့်ကြပြီး တချို့နေ့များတွင် ထမင်းမထုပ်လာတာကြောင့် လမ်းသွားလမ်းလာ တချို့က သနားပြီး ခေါက်ဆွဲကြော် ဝယ်ကျွေးလို့ သာစားရတဲ့ အခိုက်အတန့်လည်း ရှိသည်ဟု ၎င်းတို့ကပြောသည်။

အာဏာမသိမ်းခင်ကာလများတွင် မြေယာပြန်ရရန် လူမှုအဖွဲ့အစည်းများ၊ လူငယ်ဖွဲ့စည်းများက ကူညီပေးကြသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်း လုံခြုံရေးအရ အခြေအနေကြောင့် အကန့်အသတ်ဖြင့်သာ အကူအညီရတော့ကြောင်းလည်း တောင်သူများက ပြောသည်။

ကူညီပေးတဲ့ သူမရှိသည့် အခါမျိုးဆိုပါက တရားရုံး ခရီးစရိတ်၊ ရှေ့နေ့၏ ခရီးစရိတ်စသည့် အကုန်အကျအတွက် ရံပုံငွေအဖြစ် မြေယာ သိမ်းဆည်းခံထားရသည့် တောင်သူတွေဆီကနေ (၁) ဧကကို နှစ်ထောင်နှုန်းဖြင့် ကောက်ယူကာ စည်းလုံးစွာဖြင့် လုပ်ဆောင်ခဲ့ကြရသည်ဟု ဆိုသည်။ (၃)နှစ်တာ ကာလ အတောတွင်း တရားရုံးချိန်း အကြိမ်ရေပေါင်း (၇၀) နီးပါးထိရှိပြီး တရားရင်ဆိုင်ရတဲ့ ကုန်ကျစရိတ် သိန်း (၁၀၀) လောက်အထိ ရှိခဲ့ကြောင်း တောင်သူများကဆိုသည်။

တောင်သူတွေဟာ ကိုယ်ပိုင် ဘိုးဘွားပိုင် မြေယာ ပြန်ရဖို့ တရားမျှတမှု ရဖို့ ငွေအား၊ လူအား စတာတွေကို အားတွန် ခွန်စိုက် လုပ်ထားပေမယ့် နောက်ဆုံးမှာတော့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့။ နယ်မြေကျူးကျော်မှုဖြင့် တရားစွဲဆိုခံရတဲ့ထဲမှာ အမျိုးသမီး (၆)ဦး၊ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေး (၂)ဦး၊ အသက် (၈၀) သက်ကြီး ရွယ်အိုတို့ ပါဝင်သည်။

“ ကိုယ်မြေထဲကို သွားတာကို ကျုးကျော်မှုဆွဲတာ တရားလား” ဟု ဒေါ်လွင်က ဆိုသည်။

တပ်သိမ်းမြေဧက (၁၉၀၀) ထဲတွင် ဆီဆိုင်မြို့နယ်၊ ထီမန်းရွာတွင် နေထိုင်ပြီး အသက် (၃၉) နှစ် အရွယ် မွိုးဗိုလ်၏ မြေယာ(၁၀) ဧကလည်း ပါသည်။ တရားစွဲခံရသည့်ထဲတွင် မပါပေမယ့် မြေယာ ဧကပေါင်းများစွာ သိမ်းဆည်းခံရတာကြောင့် အတော်လေးတော့ အထိနာခဲ့ကြောင်း ၎င်းကပြောသည်။

သူဟာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသလို ကျောင်းတက်နေသည့် ကလေးကိုလည်း ထောက်ပံ့ရသေးသည်။ ယခင်က အဆိုပါမြေနေရာများတွင် စပါး၊ ပြောင်း၊ နှမ်း စသည်တို့ကို စိုက်ပျိုးပြီး တစ်နှစ်လျှင် ဝင်ငွေကျပ် သိန်း (၂၀) ကျော်နီးပါး အထိကြောင်းလည်း ၎င်းကပြောသည်။

တစ်နှစ် ရလာသည့်ငွေကို နောက်နှစ်အတွက် အရင်းအနှီး ပြန်ထုပ်လိုက် ဆန်၊ ဆီ၊ ဆားဝယ်လိုက်နဲ့ဖြင့် ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေပြီး ကလေးငယ်ကိုလည်း ပညာတတ်ကြီး တစ်ယောက်ဖြစ်အောင် ထောက်ပံ့မည်ဟု တွေးထားသော်လည်း တပ်ကသိမ်းသည့် မြေထဲတွင် ၎င်းတို့မြေများ ပါဝင်သွားပြီးနောက် မျှော်လင့်ထားသည်များ သဲထဲရေသွန်ဖြစ်ခဲ့ရသည်။

“ အမွိုး(အဒေါ်)မှာ ဘာမှမရှိတော့ဘူး။ မြေလည်းမရှိဘူး။ ပညာလည်းမတတ် စာလည်းမတတ်တော့ မလုပ်တော့ဘူး။ မစဥ်းစားတတ်တော့ဘူး” လို့ မွိုးဗိုလ်က သူ့ခံစားချက်ကို ဆိုပါတယ်။

“မြေယာလိုချင်လား သိမ်းလို့ရတယ်။ ဒါပေမယ့် မွိုး(အဒေါ်)တို့ရဲ့ စားဝတ်နေရေးအတွက် ‌ထောက်ပံ့ပေးရမယ်။ လစာပေးရမယ်။ ထိုင်စားမယ်” လို့ မွိုးဗိုလ် ခပ်ပြတ်ပြတ် ဆိုပါတယ်။

အစစအရာရာ ခက်ခဲနေသည့် ယနေ့ကာလတွင် တောင်သူများကတော့ ၎င်းတို့အစဉ်အဆက် စိုက်ပျိုးခဲ့သည့် မြေနေရာ ပြန်ရရေးအတွက် အထက်တရားရုံးအဆင့်ဆင့်ထံ ဆက်လက်အယူခံဝင်ရန် ဆုံးဖြတ်ထားသည်ဟုလည်း ဆိုကြသည်။

Author:

Related Articles