Home ဆောင်းပါးသတင်းဆောင်းပါး တစ်သျှူးငှက်ပျောနှင့် နောက်ဆက်တွဲအမျိုးသမီးများဘဝ

တစ်သျှူးငှက်ပျောနှင့် နောက်ဆက်တွဲအမျိုးသမီးများဘဝ

“ သတင်းရေးတာ မင်းမဟုတ်လားဆိုပြီး လက်မှာ ကိုင်ထားတဲ့ ဂျာနယ်နဲ့ရိုက်တယ်။ နားတွေ အူသွားတယ်” ဟု ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်ကို မမွန်းမွန်းပန်က ပြန်ပြောပြသည်။

မမွန်းမွန်းပန်သည် မြစ်ကြီးနားသတင်းဌာနတွင် သတင်းထောက်လုပ်နေသူဖြစ်သည်။

ဖေဖော်ဝါရီ (၂၆) ရက် မနက်(၉)နာရီတွင် သခင်စစ် ကုမ္ပဏီမှ ဝန်ထမ်း(၅)ဦးက  မမွန်းမွန်းပန်ကို ဒေသဖွံ့ဖြိုးရေး သတင်းပေးချင်သည်ဟုဆိုကာ မြစ်ကြီးနားသတင်းဌာန၏ရုံးသို့ လာခေါ်သဖြင့် မမွန်းမွန်းပန်နှင့် အားဂျယ်တို့သည် ဆိုင်ကယ်ဖြင့် သခင်ကုမ္ပဏီရှိရာ ဝိုင်းမော်သို့လိုက်သွားသည်။

“ ကျမတို့ရောက်ရောက်ချင်း ဆိုင်ကယ်ကို  ကုမ္ပဏီရဲ့မျက်နှာချင်းဆိုင်မှာထားခိုင်းပြီး  ကုမ္ပဏီထဲကို ခေါ်ဝင်သွား တယ်။ ကျမတို့က သခင်ကုမ္ပဏီရုံးကို ရောက်နေတာကို အယ်ဒီတာဆီ အကြောင်းကြားထားတယ်” ဟု မမွန်း မွန်းပန်က ပြောသည်။

သခင်ကုမ္ပဏီရုံးထဲသို့ ရောက်သွားချိန်တွင် သခင်ကုမ္ပဏီ၏ သူဌေးဦးဒိန်ဆောင် ရောက်လာကာ လေသံမာမာဖြင့် “သတင်းရေးတာမင်းလား” ဆိုပြီး အားဂျယ်ကို မေးတယ်။ သူက မဟုတ်ဘူးဆိုတော့ မဆိုင်တဲ့သူ အပြင်ထွက်နေ ဆိုပြီး သူ့ကို မောင်းထုတ်တယ်” ဟု သူမက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

အဖော်လိုက်လာသည့် သတင်းထောက်အားဂျယ်ကို မောင်းထုတ်သဖြင့် သူမကလည်း အပြင်ထွက်မည်လုပ်သည့် အခါ ကုမ္ပဏီဝန်ထမ်းများက အတင်းအဓမ္မဆွဲလားရမ်းလား စတင်ပြုလုပ်လာသည်။

“သူ(အားဂျယ်) မရှိရင် ကျမလည်း နေစရာ အကြောင်းမရှိဘူးဆိုပြီး ကျမက ထွက်ဖို့လုပ်တော့ တံခါးဝမှာ  ယောကျ်ားလေး(၅)ယောက်က ဝိုင်းဆွဲထားတယ်။ တကိုယ်လုံးကိုဆွဲတာ။ အတင်းအဓမ္မဆွဲခေါ်သွားတယ်” ဟု မမွန်းမွန်းပန်က ဝမ်းနည်းစွာ ပြန်လည်ပြောပြသည်။

သခင်သစ်ကုမ္ပဏီမှ ငှက်ပျောပင်စိုက်ပျိုးရန် လမ်းအသစ်ချဲ့နေသည်ဟု ဒေသခံများ၏ပြောကြားချက်ကို မမွန်းမွန်း ပန် ရေးသားသည့်သတင်းတွင် ထည့်သွင်းရေးသားခဲ့သဖြင့် သခင်သစ်ကုမ္ပဏီပိုင်ရှင် ဦးဒိန်ဆောင်က ဂျာနယ်ကိုင် ထားရင်း သူမ၏ နားထင်ကို ဖြတ်ရိုက်သဖြင့် နားအူပြီး ကြောက်စိတ်ဖြင့်  ငိုယိုခဲ့ရသည်။

ဆက်လက်ပြီး “ ကျမကို ဦးဒိန်ဆောင်က ဒီသတင်းမှားနေတာ မင်းမသိဘူးလား။ ငှက်ပျောပင်စိုက်ဖို့လည်း မရှိ ဘူး။ ငှက်ပျောပင်ပြနိုင်မှ ဒီအိမ်ကထွက်ရမယ်ဆိုပြီး ဦးဒိန်ဆောင်နဲ့မိသားစုလိုက် ဝိုင်းပြောကြတယ်” ဟု ဆိုပြန် သည်။

ထို့နောက် မမွန်းမွန်ပန်မှ သခင်သစ်ကုမ္ပဏီပိုင်ရှင်နှင့် ဝန်ထမ်း(၅)ဦးကို ပုဒ်မ(၅)ခုဖြင့် ဝိုင်းမော်ရဲစခန်းတွင် အမှုဖွင့် ခဲ့သည်။

“ သူတို့တွေက ပိုက်ဆံနဲ့ ဘာမဆိုလုပ်တတ်တဲ့သူဖြစ်တော့ ကျမက ကြောက်နေရတယ်။ ညနက်ထိ ရုံးကနေ အိမ် ကို မပြန်ဖို့လုပ်ထားတယ်” ဟုလည်း မမွန်းမွန်းပန်က ဆိုသည်။

မမွန်းမွန်းပန်သည် တစ်သျှူးငှက်ပျောနှင့်ပတ်သက်ပြီး သတင်းများရေးသားဖော်ပြခဲ့သူတဦးလည်းဖြစ်သည်။

တရုတ်တစ်သျှူးငှက်ပျောနှင့် အမျိုးသမီးများဘဝ

ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျောပင်စိုက်ပျိုးမှုကြောင့် ဒေသခံများ၊ အမျိုးသမီးများ၊ ကိုယ်ဝန်သည်များနှင့် ကလေးငယ်များ၏ အနာဂတ်သည် မတွေးဝံ့စရာ ဆိုးရွားနေပြီး တစ်သျှူးငှက်ပျောနှင့်ပတ်သက်လာလျှင် ကုမ္ပဏီ များအနေဖြင့် သတင်းဖော်ပြမှုများအား မလိုလားကြပေ။

တစ်သျှူးငှက်ပျောခြံ

ဝိုင်းမော်မြို့နယ်အတွင်း တစ်သျှူးတရုတ် ငှက်ပျောစိုက်ပျိုးခဲ့သည်မှာ လွန်ခဲ့သည့်(၉)နှစ်ခန့်ကဖြစ်ပြီး  ထိုငှက်ပျော စိုက်ပျိုးမှုကြောင့် ဒေသခံအမျိုးသမီးများ လူကုန်ကူးခံနေရခြင်း၊ ကိုယ်ဝန်ဆောင်များ ကိုယ်ဝန်ပျက်ကျခြင်းနှင့် လယ်ယာမြေ ဆုံးရှုံးရခြင်းများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာမှ ဝါရှောင် ဆရာ တော် အရှင်ဝိဇယက မိန့်ကြားသည်။

“ ဆရာတော်တို့ တိုင်းရင်းသူတွေက အဲဒီမှာထမင်းချက်တွေဘာသာပြန်တွေ များတယ်။ ငွေနဲ့ဖြားယောင်းပြီး ရွာထဲ မှာရှိတဲ့ အမျိုးသမီးတယောက်ကို အကြောင်းပြုပြီး ရွာထဲက နောက်ထပ်အမျိုးသမီးတွေရောက်သွားတယ်။ သူတို့ရဲ့ ဇနီးဖြစ်သွားတယ်” ဟု ဝါရှောင်ဆရာတော် အရှင်ဝိဇယက မိန့်ကြားသည်။

တရုတ်သူဌေးများသည် ငှက်ပျောခင်းတွင် အလုပ်လုပ်ကိုင်သည့် အမျိုးသမီးငယ်များကို မျက်နှာချိုသွေးကာ ဖြား ယောင်းသလို ငွေဖြင့်ဗန်းပြပြီးလည်း ဖြားယောင်းကြသဖြင့် လူကုန်ကူးမှုအလိုအလျောက်ဖြစ်သွားသည်ဟု ဆရာ တော်ကထပ်မံမိန့်ကြားသည်။

“ တရားဝင် လူကုန်ကူးတာမဟုတ်ဘူး။ လုပ်ငန်းရှင်တွေဖြားယောင်းတယ်။ ငွေနဲ့ ဖြားယောင်းတော့ တချို့လူတွေ က ဒါကို သဘောကျပြီး ရွာကလူကြီးတွေနဲ့ စည်းရုံးဖြားယောင်းပြီး အော်တိုရောက်သွားကြတယ်” ဟု ဆရာ တော်က ထပ်မံမိန့်သည်။

အဓိကအားဖြင့် တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် တရုတ်လူမျိုးများသည် အမျိုးသမီးငယ်များကို ငွေများများပေးကာ ကိုယ့်လူဖြစ်အောင် လုပ်ဆောင်ခြင်း၊ ဝိုင်းမော်ဒေသတွင် အလုပ်အကိုင် အခွင့်လမ်းရှားပါးမှုကို အခွင့်ကောင်းယူ ကာ ဖြားယောင်းနေခြင်းဖြစ်သည့် ဟု ဝါရှောင်ဆရာတော်က မှတ်ချက်ပြုသည်။

ငှက်ပျောခြံရှိ အိမ်တအိမ်

ထို့ပြင် တစ်သျှူးငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်သည့် ကိုယ်ဝန်သည်အမျိုးသမီးများနှင့် ပတ်သက်ပြီး ဆရာတော် က“ ကိုယ်ဝန်ပျက်ကျတာ တိတိကျကျ သိရတာ(၄)ယောက်ရှိတယ်။ သူတို့ရဲ့ အမျိုးသားတွေကိုယ်တိုင် လာပြော လို့သိရတာ” ဟု ထပ်လောင်း မိန့်ကြားပြန်သည်။

တစ်သျှူးငှက်ပျောခြံတွင် အလုပ်သွားလုပ်ပြီးနောက် တရုတ်သူဌေးနှင့် လိုက်ပါသွားသည့် တိုင်းရင်းသူအမျိုးသမီး များ မနည်းတော့ကြောင်းကို ဝိုင်းမော်ဒေသခံ ရှမ်းအမျိုးသမီးတဦးကလည်း ပြောပြသည်။

“ ငှက်ပျောခြံမှာ အလုပ်သွားလုပ်မယ်ဆိုပြီး တရုတ်မယားဖြစ်သွားတာ မနည်းတော့ဘူး။ တရုတ်တွေက တဆင့်ပြီး တဆင့်ရောင်းစားတွေရှိတယ်။ အလုပ်အကိုင် ရှားတာနဲ့ ငွေနောက်ပါသွားကြတာပေါ့” ဟု အသက် (၄၀) ဝန်းကျင် ရှိသည့် ရှမ်းအမျိုးသမီးက ပြောပြနေခြင်းဖြစ်သည်။

“ ငှက်ပျောခြံမှာ ဘယ်လိုဓာတုဆေးတွေ သုံးစွဲနေလဲတော့မသိဘူး။ ငှက်ပျောမပုတ်မသိုးအောင် ငှက်ပျော လှ အောင် ဓာတုဆေးတွေ အရမ်းသုံးတယ်။ အဲဒီဓာတုဆေးကြောင့် ရေကန်က ငါးတွေသေမှတော့ လူတွေ ဘယ် လောက် ထိခိုက်နေသလဲပေါ့” ဟု ဝိုင်းမော်တစ်သျှူးငှက်ပျောခြံတွင် အလုပ်လုပ်နေသည့် ဒေါ်အေးအောင်က ပြော ပြသည်။

တစ်သျှူးငှက်ပျောအတွက် အသုံးပြုသည့် ဓာတုပစ္စည်းများသည် တရုတ်နိုင်ငံမှ တင်သွင်းသည့်ပစ္စည်းများ ဖြစ် ကြောင်း၊ ထိုဆေးများတွင် လူကို အဆိုးဆုံးထိခိုက်စေသည့် ဆေးများရှိကြောင်း၊ ပိုးသတ်ဆေးကို အသုံးပြုသည့် အခါတွင်လည်း အလုပ်သမားများအတွက် အကာအကွယ်များ လုပ်ဆောင်ပေးခြင်းမရှိကြောင်း ဒေါ်အေးအောင်က ပြောသည်။

တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးသည့်အခါ ဓာတုပစ္စည်းများ အလွန်အကျွံသုံးစွဲသည့်အတွက် ခြံလုပ်သည့် အမျိုး သမီးများနည်းတူ အမျိုးသားများလည်း ထိခိုက်နစ်နာမှုရှိကြောင်း၊ အမျိုးသမီးများအနေဖြင့် ဆယ်ကျော်သက်မှ စပြီး သွေးမဆုံးသေးသည့် အိမ်ထောင်ရှင်များမှ ပိုပြီး အန္တရာယ်ရှိနေသည် ဟု ကချင်လူမှုအဖွဲ့အစည်းမှ ဒေါ်ခွန်ဂျာက ပြောသည်။

“ အမျိုးသမီးဆိုရင်  ကိုယ်ဝန်ပျက်ကျတာ၊ ချို့တဲ့တဲ့ ကလေးမွေးဖွားလာတာတွေက ကျမတို့ဆီမှာ သတင်းအချက် အလက်တွေရနေပါပြီ။ ဒါပေမယ့် ကျမတို့ တိကျတဲ့ဒေတာ(အချက်အလက်)ကောက်လို့ မရသေးဘူး။ အချက်အ လက်က စုဖို့ခက်တယ်” ဟု ဒေါ်ခွန်ဂျာက ဆိုသည်။

ဓာတုဗေဒဆေးဝါးအလွန်အကျွံသုံးစွဲမှုကြောင့် ကျန်းမာရေးထိခိုက်ပြီး မွေးဖွားလာသည့်ကလေးငယ် ခန္ဓာကိုယ်အင်္ဂါ မစုံခြင်းနှင့် ကိုယ်ဝန်သည်များ ကိုယ်ဝန်ပျက်ကျခြင်းတို့ ဖြစ်လာနိုင်သည်ဟု ဒေါ်ခွန်ဂျာက သုံးသပ်သည်။

“ အတွေ့အကြုံအရ ကျန်းမာရေးမှာ ထိခိုက်တယ်။ သတိမေ့မျောတာတွေ တွေ့ရတယ်။ ငှက်ပျောခိုင် ခုတ်လို့ လက်မှာ ဒဏ်ရာရတယ်။ အဲဒီမှာ ဖြန်းတဲ့ဆေးက ဒဏ်ရာထဲဝင်သွားလို့လက်ပါဖြတ်လိုက်ရတဲ့ အမျိုးသမီးရှိတယ်” ဟု သူမက ပြောပြသည်။

တရုတ်တစ်သျှူးငှက်ပျောနှင့်ပတ်သက်ပြီး အမျိုးသမီးများကိုပညာပေးမှု

ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာ့တပ်မတော်တို့သည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ယနေ့အချိန်ထိ တိုက်ပွဲများ ရင်ဆိုင်နေရသည်။

တိုက်ပွဲများ ဖြစ်ပွားမှုကြောင့်လည်း ကချင်ပြည်အတွင်းနေထိုင်သည့် ပြည်သူ(၁)သိန်းကျော်တို့သည့် မိမိအိုးအိမ်ကို စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံ(၁)သိန်းကျော်တို့ မိမိအိုးအိမ်ကို စွန့်ခွာနေရသည်ကို  တရုတ်လူမျိုးများက အခွင့်ကောင်းယူကာ တစ်သျှူးငှက်ပျော စိုက်ပျိုးမှုများလာရောက်လုပ်ဆောင်ကြသည်။

တိုက်ပွဲများကြောင့် အလုပ်လက်မဲ့ ဖြစ်ပွားပြီး ဝင်ငွေမရှိတော့သည့် ကချင်ပြည်သူများအတွက် တစ်သျှူးငှက်ပျော စိုက်ပျိုးမှုသည် လုပ်ငန်းခွင်ကြီးတခုဖြစ်လာသည်။

ထိုလုပ်ငန်းခွင်ထဲတွင် ဆယ်ကျော်သက်မိန်းကလေးငယ်များနှင့် အမျိုးသမီးများမှ သွားရောက်အလုပ်လုပ်ကိုင်ကြ ပြီး ထိုငှက်ပျောခြံတွင် အသုံးပြုသည့် ပိုးသတ်ဆေးရည်နှင့်ပတ်သက်သည့် ဗဟုသုတနည်းပါးမှုများကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ပျက်ကျမှုများနှင့် ရင်ဆိုင်နေကြသည်ဟု ကချင်လူမှုအဖွဲ့အစည်းများက ဆိုကြသည်။

“ ဒါတွေနဲ့ပတ်သက်ပြီး ပညာပေးမှုမရှိဘူး။ ငှက်ပျောခြံမှာ အသုံးပြုနေတဲ့ ဓာတုဆေးတွေကလည်း ဘာတွေဆိုတာ မသိကြဘူး။ အဲဒီဓာတုဆေးသုံးရင်လည်း ဘယ်လို ထိခိုက်မယ်ဆိုတာ နားမလည်ဘူး။ ဖြစ်လာမှ လာပြောကြတာ” ဟု ဝါရှောင်ဆရာတော်ကမိန့်ကြားသည်။

ဆရာတော်အနေဖြင့် ဝါရှောင်ကျောင်းတွင် မူကြိုကျောင်းဖွင့်ပေးကာ ဆယ်တန်းအောင်မြင်သူများအတွက် မူကြို တွင် အလုပ်ခန့်ခြင်း၊ ပညာရေး တပိုင်းတစဖြစ်နေပါက ပညာရေး ထောက်ပံ့မှုများပြုလုပ်ပေးသော်လည်း ငွေအင် အားကြီးမားသည့်နောက်သို့ လိုက်ကာ အလုပ်ရှာကြကြောင်းလည်း ဆရာတော် က မိန့်သည်။

“ဓာတုဗေဒ သုံးစွဲရင် ဘယ်လို အကာအကွယ်နဲ့ သုံးစွဲရမယ်ဆိုတာ ပညာပေးမရှိသလို အမျိုးသမီးတွေဘဝကို ဖြားယောင်းလာရင် ဘယ်လို ကာကွယ်ရမယ်ဆိုတာလဲ မရှိဘူး” ဟု တစ်သျှူးငှက်ပျောခြံတွင် အလုပ်လုပ်နေသည့် ဒေါ်အေးအောင်ကဆိုသည်။

တရုတ်တစ်သျှူးငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်မည်ဆိုပါက မိမိဘဝကို မိမိကိုယ်တိုင်သာ ကာကွယ်ရကြောင်း၊ သူဌေးများဖြားယောင်းလာပါက အမျိုးသမီးငယ်များကို ငွေနောက်မလိုက်ပါသွားရန် သတိပေးကြောင်း ဒေါ်အေး အောင်က ပြောသည်။

တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းသည် ဘိန်းစိုက်ပျိုးမှုကို လျော့ကျစေသလို အလုပ်အကိုင်၊ အခွင့်အလမ်း ရှားပါးမှုကို လည်း ဖြေရှင်းပေးသည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောကြားခဲ့သော်လည်း လက်တွေ့မှာ အမျိုးသမီးများ ဘဝ ပျက်စီးမှုမှာ ရာချီ ရှိနေသည်ဟု  ကချင်ပြည်နယ်လူမှုအဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

တရုတ်တစ်သျှူး ငှက်ပျောစိုက်ပျိုးမှု ရပ်ဆိုင်းရန်အတွက်  ဒေသခံများနှင့် ကချင်လူမှုအဖွဲ့အစည်းများက မကြာခဏ တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း ပြောင်းလဲလာမှု တစုံတရာမျှမတွေ့ရပေ။

 “ ဒီဟာကို ရပ်ကို ရပ်မှရမယ်။ တခြားနည်းလမ်းနဲ့ အလုပ်မပေးနိုင်တော့ဘူးလား။ ဒီနည်းလည်းပိုက်ဆံရမယ် ဆိုပြီး  ကိုယ့်လူတွေ ထိုးကျွေး၊ ကျွန်လုပ်ခိုင်းနေတာ။ တခြား အန္တရာယ်မရှိဘဲ သူတို့နဲ့ ထိုက်တန်တဲ့လုပ်ငန်း အစိုးရ က ဘယ်လိုဖန်တီးပေးမလဲ” ဟု ဝါရှောင်ဆရာတော်က မိန့်ကြားလိုက်သည်။

တစ်သျှူးငှက်ပျောခြံတွင် အလုပ်လုပ်နေသည့် အမျိုးသမီးများအနေဖြင့် ငွေနောက်မလိုက်ကြရန်လည်း ဆရာတော် က မိန့်ကြားလိုက်သည်။

“ ငွေတခုပဲ မကြည့်ဖို့နဲ့ နောက် မိမိကျန်းမာရေးကို သတိရဖို့။ ကိုယ်ရတဲ့ငွေနဲ့ ကုရမယ့်ဆေး မကာမိဘူး။ ဖြစ်နိုင်ရင် မလုပ်စေချင်ဘူး” ဟု နှစ်ပေါင်းများစွာ တစ်သျှူးငှက်ပျောခြံတွင် အလုပ်လုပ်သည့် ဒေါ်အေးအောင်ကလည်း ပြော သည်။

နန်းဆိုင်နွမ်

Author:

Related Articles