ရှင်ငြိမ်း။ ။
“ ဖိုးသားရေ .. ထမင်းစားမယ်လေ”လို့ မိခင်ဖြစ်သူက သားကို ထမင်းစားဖို့ခေါ်တာက သာမာန်ကိစ္စမို့အထူးအဆန်းမဟုတ် ပါဘူး။
သို့ပေမဲ့ ဒေါ်ဌေးရဲ့အိမ်မှာတော့ အခုလိုတွေခေါ်လိုက်တိုင်း ကျန်တဲ့မိသားစုဝင်တွေမှာ မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြ ရပါတယ်။
အကြောင်းကတော့ လွန်ခဲ့တဲ့ ရှစ်လလောက်က ဒေါ်ဌေးရဲ့သားငယ်ကို စစ်တပ်က ပြင်းပြင်းထန်ထန်ရိုက်နှက်ခေါ်သွားတာ ကို မြင်တွေ့လိုက်ရတဲ့မိခင်ဟာ စိတ်ထိခိုက်သွားပြီး စိတ်ဒဏ်ရာရသွားခဲ့တယ်။ ဒီစိတ်ဒဏ်ရာကြောင့် သားရှိသလိုခေါ် ပြောနေလို့ မိသားစုဝင်တွေမှာ ဝမ်းနည်းထိခိုက်နေတာဖြစ်တယ်။
စစ်တပ်ရဲ့အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ပြည်သူတွေဟာ ဆန့်ကျင်ဆန္ဒပြမှုတွေလုပ်ခဲ့ကြတယ်။ အာဏာသိမ်းစစ်တပ် ကလည်း သူတို့ဆန့်ကျင်တဲ့လူကြီး၊ လူငယ်၊ ယောကျာၤး၊ မိန်းမမရွေးဘဲ ပစ်ခတ်သတ်ဖြတ်ဖမ်းဆီးနေတာဖြစ်တယ်။
စစ်အာဏာသိမ်းထားတဲ့လပေါင်း ၂၀ ထဲမှာဖမ်းဆီးခံထားရတဲ့အရပ်သားပြည်သူပေါင်း ၁၂,၂၂၄ ဦးရှိပြီး သေဆုံးသူပေါင်း က ၂,၂၆၃ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါ တယ်။
ဒါတွေကြောင့် သားသမီး၊ လင်ယောကျ်ား၊ ညီအစ်ကိုမောင်နှမစတဲ့ မိသားစုဝင်တစ်ဦးဦး ဖမ်းဆီးခံရလို့ဖြစ်စေ၊ ဆုံးပါးသွား လို့ဖြစ်စေ ရုတ်တရက်အနားကနေ ထွက်သွားတဲ့အခါ ကျန်ခဲ့တဲ့မိသားစုဝင်မှာ စိတ်ဒဏ်ရာတွေရသွားတာဖြစ်တယ်။
အသက် ၆၅ နှစ်ကျော်ရှိပြီဖြစ်တဲ့ဒေါ်ဌေးဟာ သားသမီးသုံးယောက်ကိုမွေးပြီး ၁၃ နှစ်ကျော်မှရလာတဲ့သားငယ် ကိုဖိုးသား ကို အဖမဲ့သားဆိုပြီး အချစ်ပိုခဲ့တဲ့သူပါ။ ဒေါ်ဌေးရဲ့ခင်ပွန်းသည်ဟာ ကိုဖိုးသားမွေးပြီး ခြောက်လအကြာမှာဆုံးပါးသွားခဲ့ ပါတယ်။
ဒါ့အပြင် ဖခင်မရှိတော့တဲ့ သားသမီးတွေကို မျက်နှာမငယ်စေဖို့ ပညာရေးတန်းတူသင်ကြားပေးခဲ့ပေမယ့် သားသမီးလေး ယောက်မှာ ကိုဖိုးသားတစ်ယောက်သာ တက္ကသိုလ်အထိတက်နိုင်တဲ့အထိ ထွန်းထွန်းပေါက်ပေါက်ဖြစ်ခဲ့တယ်။
ဒေါ်ဌေးရဲ့သမီးဖြစ်သူ မနုဝေက“ဖိုးသားနဲ့ အမေကနှစ်ကိုယ့်တစ်စိတ်လိုနေကြတာ။ ဖိုးသားကလည်း အမေ့ကို ကလေး တယောက်လိုချွဲတာ။ အဖမ်းမခံရမီအထိ အမေ့ကိုဖက်လိုက်၊ နမ်းလိုက်နဲ့နေတာ”လို့ ပြောပါတယ်။
အသက် ၂၄ နှစ်အရွယ်ကိုဖိုးသားဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ထွက်နိုင်အောင်ကူညီပေးနေ သူဖြစ်တာကြောင့် အာဏာသိမ်းပြီးကတည်းက နေအိမ်မှာမနေဘဲ တခြားနေရာတွေမှာရှောင်တိမ်းနေရသူပါ။
အန္တရာယ်များတဲ့တော်လှန်ရေးသမားသားကို စိုးရိမ်ပေမယ့် မတားရက်တဲ့အတွက် သားဖြစ်သူရဲ့လိုအပ်ချက်ကိုသာ ဖြည့် ဆည်းရင်း သားအိမ်ပြန်လာနိုင်မယ့်နေ့ကိုသာ စောင့်မျှော်နေခဲ့ပါတယ်။
ယခုနှစ်ဖေဖော်ဝါရီလ ၂ ရက်က မိခင်နေမကောင်းဘူးဆိုတဲ့သတင်းရတာနဲ့ ကိုဖိုးသားနဲ့ သူငယ်ချင်းနှစ်ယောက်ဟာ မိခင် ကျန်းမာရေးသတင်းမေးပြီး အပြန်မှာ စစ်တပ်နဲ့ ရဲတွေရဲ့စောင့်ဖမ်းတာကို ခံလိုက်ရပါတယ်။
အဖော်အဖြစ်ပါလာသူနှစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားပေမယ့် ကိုဖိုးသားကတော့ ဖမ်းမိသွားခဲ့ပါတယ်။ ကိုဖိုးသားက ခုခံထွက်ပြေးတာမလုပ်ဘဲ အသာတကြည်အဖမ်းခံပေမယ့် စစ်သားတွေက နေရာမှာပဲဝိုင်းရိုက်ပြီး သွေး အလိမ်းလိမ်းနဲ့ဖမ်းခေါ်သွားတယ်လို့ မနုဝေက ပြန်ပြောပြပါတယ်။
“ စစ်သားတွေက ဖိုးသားကို အသေဝိုင်းရိုက်တော့ အိပ်ယာထဲက အမေက ပြေးလာပြီးကာတယ်။ ရဲတွေက အမေ့ကိုဝိုင်း ဆွဲ။ ကျမကလည်း ကလေးနှစ်ယောက်နဲ့ဘာမှမလုပ်နိုင်။ ဆက်မရိုက်ဖို့တားလည်းမရပါဘူး။ အဲ့ကတည်းက အမေ့စိတ် ပုံမှန်ပြန်မဖြစ်တော့တာ”လို့ ပြောပါတယ်။
သားကိုဖမ်းခေါ်သွားတာ တွေ့လိုက်ရပြီးနောက်ပိုင်း ဒေါ်ဌေးဟာ ဖိုးသားဓါတ်ပုံတွေကြည့်လိုက် မျက်ရည်တွေကျလိုက်နဲ့ စကားလည်းမပြော၊ ထမင်းလည်း မနုဝေအတင်းကျွေးမှ အနည်းငယ်သာစားပါတော့တယ်။
လုံခြုံရေးအရ မိသားစုတွေတစ်နေရာကို ပြောင်းရတော့လည်း ဒေါ်ဌေးက ငြင်းဆန်နေတာကြောင့် စိတ်ငြိမ်ဆေးထိုးကာ ခေါ်သွားခဲ့ရပါတယ်။ ဟိုရောက်တဲ့အခါ နေရာစိမ်းတာနဲ့ သားကိုသတိရတာကြောင့် စိတ်အခြေအနေက ပိုဆိုးသွားခဲ့တယ်။
အမှန်တော့ ဒေါ်ဌေးတို့မိသားစုတွေဟာ အကြွေးကင်းကင်းနဲ့ ကိုယ်ပိုင်အိမ်လေးနဲ့ နေနိုင်ရုံတပါး ငွေကြေးပြည့်စုံသူတွေ မဟုတ်ကြပါဘူး။ လုံခြုံရေးအရ ပြောင်းရရွှေ့ရမယ်ဆိုတော့ ထောင်ကျအကျဉ်းသားတွေကို ကူညီပေးနေတဲ့အဖွဲ့တွေရဲ့ အကူအညီနဲ့ အိမ်ပြောင်းနေနိုင်ခဲ့တာဖြစ်တယ်။
ကိုဖိုးသားကို ဖမ်းသွားပြီး ခြောက်လကြာတဲ့အထိ ဘယ်မှာချုပ်နှောင်ထားမှန်း မသိခဲ့ရဘူး။ လွန်ခဲ့တဲ့နှစ်လလောက်ကမှ မြဝတီသတင်းမှာ နိုင်ငံတော်ကို ဗုံးခွဲဖျက်စီးဖို့ကြံရွယ်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ သေဒဏ်ချမှတ်လိုက်တယ်ဆိုတာ သိရတယ် လို့ မနုဝေက ဆိုပါတယ်။
မိခင်ကိုအသိမပေးလို့မဖြစ်တာကြောင့် သေဒဏ်ကို အယူခံဝင်ရင်လွတ်မှာစသဖြင့် အားတက်စေတဲ့စကားလေးတွေပြော ကာ ဖြေသိမ့်ပေးပေမယ့် မိခင်ဒေါ်ဌေးကတော့ စိတ်အခြေအနေပုံမှန်ပြန်မဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေး နွေးမှုတွေ လုပ်နေရပါတယ်။
မိခင်ဒေါ်ဌေးလိုပဲ မိသားစုဝင်အမျိုးသားတွေကို မျက်စိရှေ့မှာသေနတ်နဲ့ ချိန်ရွယ်ပြီး မသေရုံတမယ်ရိုက်နှက်နှိပ်စက်ဖမ်း ခေါ်သွားတာကို မြင်လိုက်ရတဲ့မိသက်လည်း စိတ်ဒဏ်ရာရသွားခဲ့သူဖြစ်တယ်။
မိသက်ရဲ့အစ်မဖြစ်သူ မိရင်လှက“အိမ်က မောင်နဲ့ ယောကျာ်းတွေပါအကုန်အဖမ်းခံရတာ။ PDFတွေကို ထောက်ပံ့လို့တဲ့။ အိမ်ကဖုန်းတွေ၊ ငွေတွေ၊ စလောင်းတွေအကုန်ယူသွားတယ်။ အဲ့လိုဝင်ဖမ်းတဲ့အချိန်က မိသက်ကမီးတွင်းထဲမှာလေ”လို့ ပြောပါတယ်။
မိသက်တို့မောင်နှမသုံးယောက်မှာ မိသက်နဲ့ မိရင်လှတို့နှစ်ယောက်ကအိမ်ထောင်ရှိပြီး မောင်ငယ်ကတော့ လူပျိုလူလွတ် ဖြစ်တယ်။ သူတို့တွေဟာ မိဘထားသွားတဲ့အိမ်မှာပဲ မောင်နှမတွေချစ်ချစ်ခင်ခင်နေထိုင်ခဲ့ကြတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းကပြည်သူတွေနဲ့အတူ မိသက်တို့အိမ်က အမျိုးသားတွေလည်း စစ်အာ ဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေမှာ လိုက်ပါခဲ့ကြတယ်။ ဖမ်းဆီးမှုတွေရှိနေပေမယ့် သူတို့တွေဟာ စစ်အာဏာ ရှင်ကိုရတဲ့နည်းနဲ့ ဆက်တော်လှန်ခဲ့တယ်။
မိသက်ကတော့ ကိုယ်ဝန်အရင့်အမာကြီးနဲ့ဖြစ်လို့ ခင်ပွန်းသည်သပိတ်ထွက်တာကို မတားပေမယ့် စိုးရိမ်ပူပန်စိတ်နဲ့တော့ မိသားစုဝင်တွေကိုတော့ အမြဲလိုလိုသတိပေးနေခဲ့ပါတယ်။
ယခုနှစ် ဧပြီလ ၄ ရက်၊ ည ၁၀ နာရီဝန်းကျင်လောက်မှာ မိသက်တို့ရဲ့အိမ်ကို စစ်သားနဲ့ ရဲတွေ အိမ်ထဲကို စီးနင်းဝင်ရောက် လာပြီး အိမ်ရှိအမျိုးသားသုံးယောက်ကို လက်ပြန်ကြိုးတုပ်ကာ PDFတွေဘယ်မှာလဲလို့ မေးပြီး နံပါတ်တုတ်တွေရိုက်ကာ ဖိနပ်နဲ့ ကန်ပါတယ်။
မိရင်လှက“သူတို့(စစ်သား)က မသိဘူးပြောလည်းရိုက်တယ်။ မပြောဘဲနေလည်းရိုက်တယ်။ အဲ့ဒီမှာမိသက်က မီးတွင်းက ထွက်လာပြီး ဖမ်းချင်ရင်ဖမ်းသွားပါ။ ဆက်မရိုက်ပါနဲ့တော့လို့ပြောတာကို စစ်သားရိုက်မယ်လုပ်တော့ ယောကျာ်းကဝင်ခံ တာ။ ခေါင်းထိပြီး သွေးတွေဖြာဆင်းတော့ သွေးလန့်သွားတာ”လို့ ရှင်းပြပါတယ်။
ဒီနောက်မှာတော့ မိသက်ဟာ ပုံမှန်လူတစ်ယောက်လို နေစားပြီး ကလေးကိုစောင့်ရှောက်နေပေမယ့် သူ့ခင်ပွန်းရှိသယောင် တစ်ယောက်ထဲစကားပြောနေခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ သူတို့လုံခြုံရေးအတွက် အိမ်နေရာပြောင်းရွှေ့နေထိုင်ရတဲ့ အခါ မိသက်ရဲ့စိတ်အခြေအနေက ပိုဆိုးသွားခဲ့ပါတယ်။
မိသားစုငွေကြေးမပြေလည်ရတဲ့အထဲ လုံခြုံရေးကြောင့်ပြောင်းရွှေ့နေထိုင်ရတာကတစ်ကြောင်း၊ မိသက်ရဲ့စိတ်အခြေ အနေကလည်း ပိုဆိုးလာတစ်ကြောင်း မိရင်လှမှာ အတော်လေးစိတ်ပန်း၊ ကိုယ်ပန်းဖြစ်နေရပါတယ်။
သို့ပေမဲ့အကျဉ်းကျသူတွေနဲ့ ပြင်ပမှာရှိနေတဲ့အကျဉ်းကျမိသားစုဝင်တွေရဲ့စားဝတ်နေရေးကအစ ကျန်းမာရေးအဆုံး ကူညီ ပေးနေတဲ့အဖွဲ့တွေရဲ့ထောက်ပံ့ကူညီမှုတွေကြောင့် မိရင်လှတို့မှာအနည်းငယ်အဆင်ပြေပြေနေနိုင်ခဲ့တယ်။
လက်ရှိ မိသက်ရဲ့ခင်ပွန်းသည်အပါအဝင် အမျိုးသားသုံးယောက်လုံးကို အင်းစိန်ထောင်မှာရှိနေတယ်ဆိုတဲ့သတင်းသာ ကြားရပေမယ့် ယနေ့ထိတော့မတွေ့ရသေးပါဘူး။
မိသားစုဝင်တွေဖမ်းဆီးခံရလို့ စိတ်ဒဏ်ရာတွေရသွားတာက ဒေါ်ဌေးတို့၊ မိသက်တို့ပဲမဟုတ်ပါဘူး။ စစ်တပ်ရဲ့ဖမ်းဆီးတာ ခံရပြီး နောက်နေ့မှာ မောင်ဖြစ်သူရဲ့အလောင်းကို တွေ့မြင်လိုက်ရတဲ့အစ်မဖြစ်သူမပိုးဥလည်း စိတ်ဒဏ်ရာရသွားခဲ့ရသူပါ။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လလောက်မှာ မပိုးဥမောင်တို့မောင်နှမနှစ်ယောက် စစ်တပ်ရဲ့ ဖမ်းဆီးမှုကိုတိမ်းရှောင်ဖို့သွားစဉ် လမ်း မှာဖမ်းမိသွားခဲ့ပါတယ်။ မပိုးဥကတော့ ပြန်လွတ်လာပေမယ့် မောင်ဖြစ်သူကတော့ဖမ်းဆီးခံခဲ့ရတယ်။
အောင်မင်္ဂလာအဝေးပြေးကွင်းနားက စစ်ကြောရေးစခန်းကို ခေါ်သွားတယ်ဆိုတဲ့သတင်းသာ နောက်ဆုံးအနေနဲ့ကြားခဲ့ရ တယ်။ နောက်နေ့မှာ နေ့လယ် ၁၂ နာရီလောက်မှာ ရေဝေးသုဿန်မှာသဂြိုလ်မယ့်အကြောင်း မနက် ၁၀ နာရီလောက်မှာ အိမ်ကိုအကြောင်းကြားပါတယ်။
“ ရဲနဲ့ ရပ်ကွက်လူကြီးလာပြောတော့ ပထမအိမ်မှားပြီးလာပြောတယ်ထင်နေတာ။ မယုံနိုင်ဘူး။ ခဏနေတော့မှ တွေးတွေးမိ ပြီး ငိုချင်တာ၊ မျက်ရည်ကမထွက်ဘူး။ လူကလေထဲလမ်းလျှောက်ရသလို မူးဝေဝေနဲ့ နောက်တော့ဘာမှမသိတော့ဘူး”လို့ မပိုးဥက ပြောပါတယ်။
ဒီစကားပြောနေတဲ့အချိန်မှာ မပိုးဥရဲ့စိတ်အခြေအနေက အကောင်းအတိုင်းရှိနေပါတယ်။ သူ့စိတ်အခြေအနေမကောင်းတဲ့ အချိန်တွေဆိုရင် မောင်ဖြစ်သူရှိနေသလို ဆူပူကြိမ်းမောင်းတာ၊ ထမင်းဟင်းချက်ကျွေးတာစတာတွေလုပ်တတ်တယ်လို့ သူတို့ရဲ့အဒေါ်ဖြစ်သူ ဒေါ်ဆွေမြင့်က ရှင်းပြပါတယ်။
အသက် ၃၂ အရွယ် မပိုးဥဟာ မောင်ဖြစ်သူကို အသက် ၁၂ နှစ်အရွယ်ကတည်းက မိဘတွေဆုံးပါးသွားပြီးနောက် အမ ကြီး၊ အမိရာဆိုသလို အဒေါ်ရှိပေမယ့် သူကိုယ်တိုင်ပြုစုစောင့်ရှောက်ခဲ့တယ်။ ဒါ့အပြင် မပိုးဥဟာ အသက်မပြည့်ခင်မှာ ကျောင်းတက်အလုပ်လုပ်ရင်း အိမ်စရိတ်ရှာဖွေခဲ့တယ်။
အောက်ခြေဝန်ထမ်းဘဝကနေ မန်နေဂျာအထိဖြစ်လာခဲ့တဲ့မပိုးဥဟာ စာတော်တဲ့မောင်ဖြစ်သူကို ဆရာဝန်ဖြစ်စေချင်တဲ့ စိတ်နဲ့ သူကတော့ ခြိုးခြံချွေတာစားရင်း မောင်ဖြစ်သူကိုအစွမ်းကုန်ပံ့ပိုးပေးခဲ့ပါတယ်။
ဆေးကျောင်းသား ဒုတိယနှစ်တက်နေတဲ့မောင်ဖြစ်သူဟာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ပြည်သူတွေနဲ့အတူ ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။ ဆရာဝန်တွေကို စစ်တပ်က ပစ်မှတ်ထားဖမ်းဆီးလာ တော့ မောင်ဖြစ်သူနဲ့အတူ တစ်နေရာမှာရှောင်တိမ်းနေထိုင်ဖို့ စီစဉ်ပါတော့တယ်။
သို့ပေမဲ့ တိမ်းရှောင်ဖို့သွားရင်း လမ်းမှာသူတို့မောင်နှမနှစ်ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ကိုဖမ်းခေါ်သွားပြီး ရဲစခန်း ရောက်တော့ မပိုးဥကို လွတ်ပေးလိုက်ပါတယ်။ မောင်ဖြစ်သူကတော့ ၅၀၅-က စာရင်းဝင်တာကြောင့် အမှုရင်ဆိုင်ရမယ်လို့ စခန်းမှူးက ပြောလိုက်ပါတယ်။
ဒါကြောင့် မပိုးဥက အနည်းငယ်စိတ်အေးသွားခဲ့ပါတယ်။ အကြောင်းကတော့ ၅၀၅-ကဆိုရင် တခြားပြစ်မှုကြီးကြီးမားမား မဖြစ်နိုင်ဘဲ ထောင်ဒဏ် သုံးနှစ်လောက်ပဲကျမှာဖြစ်ပြီး နောက်ဆုံးသတင်းအရ မောင်ဖြစ်သူကို စစ်ကြောရေးစခန်းခေါ်သွား ကာ မေးမြန်းပြန်လွှတ်မယ်လို့ သူက ယူဆထားတာဖြစ်တယ်။
ဒါပေမဲ့ အခြေအနေတွေက မပိုးဥတွေးထင်ထားသလိုမဖြစ်လာဘဲ သတင်းဆိုးကြီးက သူ မထင်တဲ့အချိန်မှာ ဝင်လာခဲ့တာ ကြောင့် မယုံနိုင်သလိုဖြစ်ကာ သတိလစ်မေ့မြောသွားပါတယ်။
“ ပိုးဥသတိရအောင်လုပ်ပြီး ရေဝေးပြေး။ ဟိုရောက်တော့ အလောင်းကိုမိသားစုဝင်ပိုးဥတစ်ယောက်ပဲ ကြည့်လို့ရတယ်။ ကျန်တဲ့သူတွေမကြည့်ရတော့ ဘယ်လိုဖြစ်နေလဲဆိုတာ ကိုယ်မသိရဘူး”လို့ ဒေါ်ဆွေမြင့်က ပြောပါတယ်။
မပိုးဥကတော့ မောင်အလောင်းကိုကြည့်ပြီး ခန္ဓာကိုယ်တောင့်တောင့်ကြီးရပ်ကာ မငိုပေမယ့် မျက်ရည်တွေကတော့ တရ စပ်ကျနေခဲ့ပါတယ်။ အလောင်းကို မီးသဂြိုလ်ပြီးတော့ ပြာအိုးယူလာကတည်းက မပိုးဥဟာ အထူးတိတ်ဆိတ်ငြိမ်သက်နေ တယ်လို့ သူက ဆိုပါတယ်။
ထိုနေ့ညက တစ်နေ့လုံးဘာမှမစား၊ မအိပ်ဘဲနေခဲ့တဲ့မပိုးဥဟာ နောက်နေ့မှာ အရိုးပြာအိုးကို ဂူသွင်းတော့ သူဟာ သူ့မောင် ကို သတ်လိုက်မိပြီဆိုပြီး ခေါင်းကိုအုတ်ခဲနဲ့ထုပါတယ်။ သူပါလိုက်သေဖို့ကြံတာလို့ ဒေါ်ဆွေမြင့်ကတော့ သူ့အမြင်ကို ပြော ပါတယ်။
ဒီနောက်နှစ်ရက်လောက်အထိ ဘယ်သူ့ကိုမှ စကားမပြောပေမယ့် စားတာနဲ့ အိပ်တာကတော့ ပုံမှန်အတိုင်းရှိနေခဲ့ပါတယ်။
နောက်နေ့ကစလို့ သူ့မောင်အခန်းရှေ့မှာ သွားနိုးတယ်။ မနက်စာပြင်ပေးတယ်။ မုန့်ဖိုးပေးထားခဲ့ပြီး သူက အလုပ်သွားပါ တယ်။ အလုပ်ကိုမေးတော့လည်း မလာဘူးလို့ပြောတဲ့အတွက် ဒေါ်ဆွေမြင့်ဘာလုပ်ရမှန်းမသိအောင်ဖြစ်ခဲ့ရတယ်။
“ နောက်တော့ ရုံးကိုအကျိုးအကြောင်းပြောပြပြီး အိမ်မှာနားခိုင်းလိုက်ရတယ်။ အဲ့တော့မှ သားငယ်ရဲ့ဆေးကျောင်းက ကလေးတွေရဲ့အကူအညီနဲ့စိတ်ကျန်းမာရေးဆရာဝန်ပြဖြစ်သွားတယ်”လို့ ဒေါ်ဆွေမြင့်က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ကာလမှာ ပြည်သူတွေဟာ ဖိနှိပ်မှုမျိုးစုံကို ကြုံရတဲ့အနည်းနဲ့ အများဆို သလို စိတ်ဒဏ်ရာတွေရှိနေကြတဲ့သူတွေပါ။ ဒါပေမဲ့ တစ်ချို့ကတော့ ပိုမိုပြင်းထန်တဲ့စိတ်ဒဏ်ရာတွေရသွားခဲ့ကြတယ်။
ဒီလိုလူတွေအတွက် ရုပ်ပိုင်းဆိုင်ရာထောက်ပံ့ပေးမှုသာမက စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေလည်းကူညီပေးဖို့လိုအပ်တယ်လို့ Generation Waveမှ အထွေထွေအတွင်းရေးမှူး မလင်းလက်ဆူးက အကြံပြုပါတယ်။
ထောင်ထဲကလူတွေကို ကူနေသလိုမျိုး အပြင်ကသူတို့ရဲ့မိသားစုဝင်တွေကိုလည်း ဝိုင်းဝန်းစောင့်ရှောက်တာမျိုး၊ စိတ်ပိုင်း ဆိုင်ရာခွန်အားပေးတာမျိုး ဒီလိုတွေလုပ်ပေးဖို့လည်း အများကြီးလိုအပ်တယ်လို့ သူက ရှင်းပြပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ရဲ့အကြံပေးဖြစ်တဲ့ဒေါ်တင်တင်ညိုကလည်း ဒီလိုလူတွေအတွက် စိတ်ပိုင်းဆိုင်ရာကုစားပေး တာ၊ နှစ်သိမ့်ဆွေးနွေးပေးရုံတင်မက ဘက်ပေါင်းစုံကနေ နည်းမျိုးစုံနဲ့ ကူညီပေးသင့်တယ်လို့ အကြံပြုပါတယ်။
အထူးသဖြင့် သူတို့တွေအတွက် လုံခြုံစိတ်ချရတဲ့နေရာ၊ စိတ်သက်တောင့်သက်သာရှိမယ့် ပတ်ဝန်းကျင်မျိုးဖြစ်ဖို့က ပို အရေးကြီးတယ်လို့ သူက သတိပေးစကားဆိုပါတယ်။
ကိုဖိုးသားရဲ့မိခင်ဒေါ်ဌေးနဲ့ မိသက်တို့ဆိုရင် သူနေချင်တဲ့နေအိမ်မှာမနေရဘဲ တခြားနေရာကိုပြောင်းရွှေ့နေထိုင်ရတဲ့ အတွက် သူတို့ရဲ့စိတ်ဒဏ်ရာအခြေအနေပိုဆိုးသွားခဲ့ရတယ်။
ဒါတွေကြောင့် ကိုဖိုးသားရဲ့အစ်မ မနုဝေက ဒီလိုစိတ်ဝေဒနာတွေ သက်သာသွားဖို့ဆိုရင် ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံး လွတ်မှဖြစ်မှာပါလို့ဆိုတယ်။
ဒီအတွက် သူက“တော်လှန်ရေးကြီး အမြန်ပြီးမြောက်အောင်မြင်စေဖို့”သာ ဆုတောင်းနေပါတော့တယ်။