Home ဆောင်းပါးသတင်းဆောင်းပါး လွတ်မြောက်နယ်မြေက နွေဦးကျန်းမာ

လွတ်မြောက်နယ်မြေက နွေဦးကျန်းမာ

ခင်ဘုန်းမို့။        ။

သပ်သပ်ရပ်ရပ်တည်ဆောက်ထားတဲ့ အဝါနုရောင်အဆောက်အဦးတစ်ခုရဲ့ စင်္ကြံလမ်းတစ်လျှောက်က ခုံတန်းတွေမှာ အမျိုးသမီးတွေ၊ အမျိုးသားတချို့နဲ့ ကလေးငယ်တို့ဟာခပ်ခွာခွာထိုင်နေကြပါတယ်။

အဆောက်အအုံအတွင်းထဲမှာလည်း လူနာတွေကိုကုသပေးနေတဲ့ တာဝန်ကျဆရာဝန်တွေ၊ ဆေးမှတ်တမ်းရေး၊ ဆေးပေး စတာတွေပြုလုပ်နေတဲ့ သူနာပြုတွေကိုလည်းတွေ့ရပါတယ်။

ခုံတန်းမှာထိုင်စောင့်နေကြတဲ့ လူနာတွေဟာ ဝေဒနာကြောင့် စိတ်မသာယာပုံပေါက်ပေမယ့် သူတို့ရဲ့မျက်လုံးထဲမှာတော့ ဆေးရုံကိုအားကိုးတကြီးလာရောက်ကြတဲ့ ပုံရိပ်တွေကဖုံးကွယ်မရပါဘူး။

ဒီမြင်ကွင်းကတော့ တိုင်းရင်းသားဒေသ လွတ်မြောက်နယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ နွေဦးကျန်းမာဆေးရုံရဲ့ မြင်ကွင်း ပါ။

ဒီဆေးရုံကို ဆေးတက္ကသိုလ်(၂) ရန်ကုန်ကျောင်းသားကော်မတီက ဦးစီးကာ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမတွေပါဝင်ပြီး အထွေထွေရောဂါကုနဲ့ သင်ကြားရေးပြည်သူ့ဆေးရုံ၊ ပြင်ပလူနာဌာနကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ဖွင့်လှစ်ခဲ့ တာဖြစ်ပါတယ်။

နဂိုကတည်းက စစ်ဘေးရှောင်ပြည်သူတွေ၊ တိုင်းရင်းသားဒေသက ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အလှမ်းဝေးတဲ့ အခြေအနေဟာ စစ်အာဏာသိမ်းမှုကြောင့် ပိုမိုဆိုးဝါးလာပါတော့တယ်။ ဒီလိုအခြေအနေမှာ နွေဦးကျန်းမာ ဆေးရုံပေါ်ပေါက်လာတဲ့အတွက် အဲ့ဒီဒေသကပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အလွန်အကျိုးရှိတဲ့ ပေါ်ပေါက်မှုတစ်ခုပါ။

အဲ့ဒီဒေသကိုရောက်ရှိနေတဲ့ ကျန်းမာရေးအဖွဲ့တွေအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံလူထုကို နယ်လှည့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့တာကတော့ ရှစ်လနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ အဲ့ကနေတစ်ဆင့် ကျန်းမာရေးစောင့် ရှောက်မှုတွေ လွမ်းခြုံနိုင်ဖို့ အထိုင်ဆေးခန်းစတင်ထူထောင်ခဲ့ကြတယ်။

အထိုင်ဆေးခန်းကတစ်ဆင့် ပိုပြီးအားကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ လူအင်အား၊ ဆေးဝါးနဲ့ စက် ပစ္စည်းတွေစုဆောင်းကာ ဆေးရုံဖွင့်လှစ်ဖြစ်ခဲ့တာဖြစ်တယ်လို့ နွေဦးကျန်းမာဆေးရုံရဲ့ ဆေးရုံတာဝန်ခံတစ်ဦးဖြစ်တဲ့ ကို Andrew က ပြောပါတယ်။

“ အခုလိုဖွင့်ဖြစ်တဲ့အတွက်လည်း ပိုပြီးအားကောင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ လွမ်းခြုံထားနိုင်တယ်” လို့သူက ဆိုပါတယ်။

လွတ်မြောက်နယ်မြေဒေသမှာ ဆေးရုံတစ်ရုံဖွင့်လှစ်ဖို့က မလွယ်ကူလှပါဘူး။ အခက်အခဲတွေကြားထဲကနေ ပြင်ဆင် ဆောင်ရွက်ခဲ့ကြရတာပါ။ ဆေးရုံပေါ်ပေါက်လာဖို့အတွက် လူအင်အား၊ဆေးဝါး၊စက်ပစ္စည်းစတဲ့ အထွေထွေလိုအပ်ချက် တွေကို တစ်လခွဲလောက်ပြင်ဆင်စုဆောင်းခဲ့ကြရပါတယ်။

ပြင်ဆင်တဲ့အချိန်တုန်းကလည်း အဲ့ဒီဒေသမှာ စစ်ပဋိပက္ခဖြစ်ပွားနေတဲ့အတွက် လုံခြုံရေးအခြေအနေ၊ လမ်းပန်းဆက်သွယ် ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြရပြန်ပါတယ်။ ဝိုင်းဝန်းကူညီကြတဲ့ဒေသခံအဖွဲ့တွေရဲ့ အကူအညီကြောင့်သာ အခက်အခဲ အချို့ကို ကျော်လွှားနိုင်ခဲ့တယ်လို့ အဆိုပါဆေးရုံတာဝန်ခံကဆိုပါတယ်။

“ စက်နဲ့ဆေးဝါးအခက်အခဲကတော့အများကြီးပဲပေါ့နော် လက်ရှိမှာလဲလိုအပ်နေတယ်။ အခုလိုမျိုးတောက်လျှောက် စစ်ရေး အရှိန်မြင့်နေတဲ့ကာလမှာ စက်ရောဆေးဝါးတွေ ရောလိုနေသေးတယ်”လို့သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဆေးရုံအတွက်လိုအပ်တာတွေကို သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့အကူအညီ တစ်ဦးချင်း အလှူရှင် အကူအညီနဲ့ ဖြေရှင်းနေပါတယ်။

Photo credit -ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ကျောင်းသားကော်မတီ။

ဆေးရုံမှာအများဆုံး လာရောက်ကုသကြတဲ့ရောဂါအခြေအနေတွေကတော့ နှလုံး၊သွေးတိုး၊ဆီးချိုစတဲ့ရောဂါတွေပဲဖြစ်ပါ တယ်။ တချို့ရောဂါအခြေအနေမျိုးတွေကိုတော့ ကျန်းမာရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးလွှဲပြောင်းကုသတာ၊ သမားတော် တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတာမျိုးတွေလည်းရှိပါတယ်။

ဒါ့အပြင်ဆေးရုံအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊အမျိုးသမီးတွေနဲ့ကလေးငယ်တွေအတွက်လည်း စနစ်တကျကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်။

“ အမျိုးသမီးတွေရဲ့ တစ်ကိုယ်ရည်ကျန်းမာရေးတွေ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးတွေ ကျန်းမာရေးအတွက် ပိုအား ကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ထားနိုင်တယ်။

သူတို့ရဲ့မှတ်တမ်းမှတ်ရာတွေထိန်းသိမ်းတာအစ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကအစ အချက်အလက်တွေနဲ့ စနစ်တကျသွားနေတာမျိုးတွေ လုပ်ထားနိုင်တယ်” လို့ ဆေးရုံတာဝန်ခံ ကိုAndrew ကပြောပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ ဆေးရုံဆေးခန်းပြဖို့ သုံးလေးနာရီအချိန်ပေးကာ သွားလာရတဲ့အခြေအနေကနေ လွတ်မြောက် လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

“ အထိုင်ဆေးရုံလိုသဘောမျိုးဖွင့်လှစ်ဖြစ်တာဖြစ်တဲ့အတွက် ပိုပြီးတော့ အချိန်ကုန်သက်သာတယ်။ မြန်မြန်ဆန်ဆန် ကုသ မယ့်ရောဂါမျိုးတွေကို ကောင်းကောင်းကုသနိုင်တယ်။ သူတို့အနေနဲ့အများကြီးကြိုဆိုတယ်။ အများကြီးလည်းကျေးဇူး တင်ကြတယ်”လို့ ဒေသခံတွေရဲ့တုန့်ပြန်မှုကိုပြောပါတယ်။

ဆက်လက်ပြီးအတွင်းလူနာဌာန၊ ကလေးကုသဆောင်၊ ခွဲစိတ်ခန်းနဲ့လူနာသယ်ယူပို့ဆောင်ရေး စနစ်တွေကိုပြင်ဆင်လျက် ရှိပြီး လိုအပ်တဲ့ဆေးဝါးနဲ့ စက်ပစ္စည်းတွေတပ်ဆင်နေတယ်လို့ ဆေးတက္ကသိုလ်(၂)၊ ကျောင်းသားကော်မတီက ထုတ်ပြန် ထားပါတယ်။ အဆင်မြှင့်တင်ပြီးပါက ကျေးရွာပေါင်း ၃၀ ကျော်နဲ့ လူဦးရေ ၁,၅၀၀ ကျော်အထိ ကျန်းမာရေးစောင့်ရှောက် မှုလွှမ်းခြုံနိုင်တော့မှာဖြစ်ပါတယ်။

ဒါ့အပြင် နွေဦးကျန်းမာပြည်သူ့ဆေးရုံမှာ အသေးစားခွဲစိတ်မှုတွေလေ့ကျင့်သင်ကြားဆောင်ရွက်လျက်ရှိပြီး မကြာခင် ကာလတွေမှာ အကြီးစားခွဲစိတ်မှုတွေပါ ဆောင်ရွက်နိုင်ဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။

ဒေသခံစေတနာ့ဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး ပြည်သူ့ကျန်းမာရေးပညာပေးအဖွဲ့ပါဖွဲ့စည်းဆောင်ရွက်ကာ စစ်ရှောင်စခန်း တွေမှာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ဆေးတက္ကသိုလ်(၂) ကျောင်းသားကော်မတီက ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် လက်ရှိဆေးရုံမှာရောက်ရှိနေတဲ့ ဆေးတက္ကသိုလ်ကကျောင်းသားတွေ၊ ဒေသခံထဲက ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ တက္ကသိုလ်တွေမှာပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို ဆေးရုံမှာလက်တွေ့ သင်ကြားပေးနေတာတွေ လည်းဆောင်ရွက်နေပါတယ်။

“ ဆေးရုံနဲ့ပတ်သက်ပြီး အထွေထွေလိုအပ်ချက်အရမ်းများတယ်။ စိန်ခေါ်မှုတွေအခက်အခဲတွေ အရမ်းများတယ်။ ကျန်းမာ ရေးစောင့်ရှောက်မှု အလှမ်းဝေးနေတဲ့ဒေသတွေမှာ ဒီလိုမျိုးဆောင်ရွက်ထားနိုင်တဲ့ အတိုင်းအတာက အောင်မြင်မှု တစ်ခု ရထားနိုင်ပြီလို့ယူဆတယ်။ ဒါနဲ့ပတ်သက်ပြီးတိုးချဲ့သွားနိုင်ဖို့ အားကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လွမ်းခြုံ သွားနိုင်ဖို့ ပြည်သူလူထုတရပ်လုံးရဲ့ အားကိုလိုပါတယ်။ အားလုံးဝိုင်းဝန်ကူညီပေးကြပါဦး”လို့ ဆေးရုံတာဝန်ခံ ကိုAndrew ကဆိုပါတယ်။

Photo credit -ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ကျောင်းသားကော်မတီ။

ဆေးရုံစဖွင့်တဲ့ ဇန်နဝါရီလ ၄ရက်နေ့ ကနေ ယနေ့အထိလူနာ ၂၀၀ နီးပါးလာရောက်ကုသခဲ့ပြီးဖြစ်ပါတယ်။ နွေဦးကျန်းမာ အမည်နဲ့ဆေးရုံမဖွင့်ခင် အထိုင်ဆေးခန်းကတည်းက ဒီဇင်ဘာလကုန်အထိ လူနာပေါင်းသုံးထောင်နီးပါးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဆရာဝန်တွေ၊သူနာပြုတွေ၊ဆေးတက္ကသိုလ်ကျောင်းသားတွေနဲ့ စေတနာ့ဝန်ထမ်းတွေ အပါအဝင်စုစုပေါင်း လူအင်အား ၂၀ ကျော်နဲ့လည်ပတ်နေတဲ့ ဒီဆေးရုံမှာအမျိုးသမီးဦးရေကတော့ ရှစ်ဦးဝန်းကျင်ပါဝင်ပါတယ်။

အဲ့ဒီအမျိုးသမီးတွေထဲမှာ ဆေးရုံမပေါ်ပေါက်ခင်ကတည်းက နယ်လှည့်ကျန်းမာရေးဆောင်ရွက်မှုတွေ၊ အထိုင်ဆေးခန်းမှာ ကူညီကုသပေးမှုတွေမှာ ဆောင်ရွက်ပေးနေခဲ့သူကတော့ မပန်းအိဖြူ(အမည်လွှဲ)ပါ။

မပန်းအိဖြူဟာ ဆေးရုံမှာသူနာပြုအဖြစ်ပါဝင်ဆောင်ရွက်ပြီး အဲ့ဒီဒေသက ဒေသခံတစ်ဦးလည်းဖြစ်ပါတယ်။

မပန်းအိဖြူဟာ အဲ့ဒီဒေသကစစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေဆောင်ရွက်ရင်း ကျန်းမာရေးအဖွဲ့ တွေနဲ့ ချိတ်ဆက်မိကာ ဆေးရုံဖွင့်လှစ်ချိန်အထိပါဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဆေးရုံဖြစ်ပေါ်လာဖို့ ပြင်ဆင်ရတဲ့အခါမှာ အကြီးမားဆုံးအခက်အခဲကတော့ လုံခြုံရေးအခြေအနေပါ။ စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေကို မတရားဖမ်းဆီးတာတွေရှိတဲ့အတွက် လုံခြုံရေးစိတ်ချရအောင်စီစဉ်ဆောင်ရွက်ခဲ့ကြရတယ်လို့ မပန်းအိဖြူကဖွင့်ဟပါတယ်။

ဒီလိုကာလမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ အကုန်လုံးနဲ့တန်းတူနေနိုင်ဖို့ အလုပ်လုပ်နိုင်ဖို့ စိတ်ရောလူပါပြင်ဆင်ခဲ့ရပြီး ကြုံလာသမျှအခက်အခဲနဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်လို့ မပန်းအိဖြူက ဆုံးဖြတ်ထားပါတယ်။

နေရေးစာရေးအတွက်လည်း ဆေးရုံရဲ့ထောက်ပို့အဖွဲ့ကနေကူညီဆောင်ရွက်ပေးထားတဲ့အတွက် ကြီးမားတဲ့ အခက်အခဲ မရှိဘဲ ဒေသခံတွေရဲ့အကူအညီကြောင့်လည်းအဆင်ပြေခဲ့ပါတယ်။

မိသားစုနဲ့အဝေးမှာ အလုပ်လုပ်ကိုင်ရတာဖြစ်တဲ့အတွက် မပန်းအိဖြူအတွက် စိတ်ဓာတ်ကျတဲ့အချိန်တွေတော့ရှိခဲ့ပါတယ်။

စိတ်ဓါတ်ကျရတဲ့အချိန်မျိုးဆို ရင်ဖွင့်ဆွေးနွေးနိုင်ဖို့ စကားဝိုင်းလုပ်တာမျိုးတွေ၊ဆေးရုံကအဖွဲ့တွေနဲ့ မိသားစုလိုဖြစ်နေတော့ သူတို့အကူအညီနဲ့ကောင်းကောင်းဖြတ်ကျော်နိုင်ခဲ့ပါတယ်လို့ မပန်းအိဖြူကဖွင့်ဟပါတယ်။

နွေဦးကျန်းမာဆေးရုံမှာက သင်ကြားရေးပါဆောင်ရွက်ရတာဖြစ်တဲ့အတွက် အတွေ့အကြုံကောင်းတွေရသလို ထိရောက် တဲ့ ပြုစုကုသရတာတွေကလည်း မပန်းအိဖြူအတွက် ကျေနပ်အားရစရာဖြစ်ခဲ့တယ်။

အခက်အခဲတွေကြားက ဆောင်ရွက်ရတာဖြစ်တဲ့အပြင် တိုက်ပွဲကာလတွေမှာလည်း စိုးရိမ်းစရာအခြေအနေတွေနဲ့ ရင်ဆိုင် ခဲ့ရပါသေးတယ်။

“ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ တိုက်ပွဲနေရာကို ပစ်တဲ့အချိန် လူနာတွေ ကြောက်နေကြလို့ သူတို့နဲ့တူတူ ဖြစ်ချင် ရာဖြစ်ဆိုပြီး ဖြတ်သန်းရတဲ့ကာလပါပဲ။ စိတ်ခံစားမှုပေါင်းစုံဆုံတဲ့အချိန်ပါပဲ” လို့ သူ့အတွေ့အကြုံကိုပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်နယ်ပယ်ပေါင်းစုံက ပညာရှင်တွေကိုဖိနှိပ်မှုတွေပြုလုပ်ခဲ့ပြီး ဆရာဝန်တွေ၊ ကျန်းမာ ရေး ဝန်ထမ်းတွေကိုဖမ်းဆီးတာ၊ ဖမ်းဝရမ်းထုတ်ခံရတဲ့ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ အမြောက်အမြား ရှိနေ ပါတယ်။

မပန်းအိဖြူကတော့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးတဲ့လုပ်ရပ်တွေအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ကိုယ်တိုင်လည်း အား တင်းကာရှေ့ဆက်နေတယ်လို့ဆိုပါတယ်။

“ ရှေ့ဆက်ပြီး တော်လှန်ရေးမှာကျရာနေရာကပါဝင်နေတဲ့ အမျိုးသမီးထုနည်းတူ တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ ပါဝင်သွားမယ်။ အကုန်လုံးအားတင်းထားကြပါ။ အောင်ပွဲကနီးပါပြီလို့” လို့ နွေဦးကျန်းမာဆေးရုံက သူနာပြုဆရာမ မပန်းအိဖြူက ဆိုပါတော့တယ်။

Author:

Related Articles