Home ဆောင်းပါး မြေအောက်ကသေမင်းတမန်

မြေအောက်ကသေမင်းတမန်

ဒေဝီ။ ။

တစ်နှစ်ကျော်အရွယ် သားငယ်လေးကိုထိန်းနေရင်း အဝေးတစ်နေရာက အုန်းခနဲပေါက်ကွဲသံကို ကိုစောမင်း(အမည်လွှဲ) ကြားခဲ့ရပါတယ်။ မငြိမ်းချမ်းတဲ့ အရပ်ဒေသမှာ နေထိုင်နေရတဲ့ သူဖြစ်တဲ့အတွက် အတွေ့အကြုံတွေအရ တနေရာရာမှာ ပေါက်ကွဲမှုဖြစ်ပြီဆိုတာကို အလိုလိုတွေးမိခဲ့ပါတယ်။

တဆက်ထဲမှာတော့ ပြောင်းခင်းထဲပြောင်းသွားချိုးဖို့ အိမ်ကထွက်သွားတဲ့ ဇနီးနဲ့သမီးကြီးတို့အတွက် ပူပန်စိတ်က ရင်ထဲဝင်လာခဲ့ပါတော့တယ်။ မိသားစုဝင်တွေ အန္တရာယ်ကင်းဖို့ ဆုတောင်းခဲ့ပေမယ့် သူ့ဆုတောင်းများက မပြည့်ခဲ့။ ခနကြာတော့ ဇနီးသည်က ဒဏ်ရာရနေတဲ့ အသက် ၁၄နှစ်အရွယ် သူတို့ရဲ့ သမီးကြီးကို ကျောပိုးချီလာတာကို သူတွေ့ခဲ့ရပါတယ်။

“အသံကြားပေမယ့်ကိုယ့်ကလေး လို့မထင်ထားဘူး” လို့ ကယားပြည်နယ်မှာ နေထိုင်သူ ကိုစောမင်း ကပြောပါတယ်။

သမီးကြီးဟာ နာကျင်မှုတွေကြောင့် ငိုကြွေးနေပြီး ခြေထောက်မှာလည်း သွေးအလိမ်းလိမ်းနဲ့ ဆိုတော့ စိတ်ပူပန်စိတ်တွေအပြည့်နဲ့။ သူ့သမီးဟာ မြေမြှုပ်မိုင်း နင်းမိခဲ့တာဖြစ်ပြီး ခြေထောက်နှစ်ဖက်လုံးမှာ ဒဏ်ရာရခဲ့တာလို့ သူကဆိုပါတယ်။ ဘယ်ဘက်ခြေထောက်က ဒဏ်ရာမပြင်းထန်ပေမယ့် ညာဘက်ခြေထောက်က ခြေဖနောင့်ရိုး ပြတ်ထွက်ခဲ့ပြီး ခြေဖျားလေးသာ ကျန်နေခဲ့တယ်လို့ ကိုစောမင်း ကပြောပါတယ်။ ဒဏ်ရာက ပြင်းထန်တဲ့အတွက် ခြေသလုံးအောက်ပိုင်းကနေစပြီး ဖြတ်တောက်ပစ်ခဲ့ရပါတယ်။

ပြောင်းခင်းနဲ့သူတို့နေတဲ့အိမ်က လေးဖာလုံခန့်သာ ကွာဝေးပြီး၊ ပြောင်းခင်းကလည်း ရွာကသူတွေ မကြာခဏ ပြောင်းဖူးသွားချိုးတဲ့ နေရာဖြစ်တော့ ဒီလိုအဖြစ်ဆိုး ကြုံမယ်မှန်းမတွေးမိခဲ့။ မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေမရှိတာက အဆိုးထဲက ကံကောင်းတဲ့ အချက်လို့ဆိုပြီး၊ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ရင် သမီးရော ဇနီးရော နေရာမှာတင် သေဆုံးနိုင်တယ်လို့ ကိုစောမင်းက ဆိုပါတယ်။

မြေမြှုပ်မိုင်းက စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပဋိပက္ခဒေသတွေဖြစ်တဲ့ ကရင်၊ ကချင်၊ရှမ်း၊ရခိုင် စတဲ့နယ်မြေဒေသအချို့မှာ ဒေသခံအရပ်သားတွေကို ခြိမ်းခြောက်နေတဲ့ ပြဿနာတစ်ခုပါ။ လက်ရှိ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား ကယား၊ချင်းနဲ့စစ်ကိုင်းတို့မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီး စစ်ဧရိယာ ကျယ်ပြန့်လာတာကြောင့် မြေမြှုပ်မိုင်း ပြဿနာတွေလည်း တိုးလာနေပါတယ်။

မြေမြှုပ်မိုင်းကြောင့် ပြည်သူအများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာရပြီး မသန်စွမ်းဘဝတွေနဲ့ ဖြတ်သန်းနေရကြရပါတယ်။ ပဋိပက္ခဒေသတွေမှာ ကာလရှည်ကြာရှိခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို မရှင်းမလင်းနိုင်သေးခင်မှာဘဲ နေရာအသစ်တွေမှာပါ မြေမြှုပ်မိုင်းအန္တရာယ်က ခြိမ်းခြောက်လာပါတယ်။

ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးရဲ့အဆိုအရ ကိုစောမင်းရဲ့ သမီးလိုပဲ ဖယ်ခုံမြို့နယ်က တောင်သူအမျိုးသမီးတစ်ဦးဟာ ဒီဇင်ဘာ ၁၈ရက်တုန်းက ပြောင်းဖူးချိုးသွားစဉ် မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒဏ်ရာရရှိခဲ့ပြီး ခြေထောက်ပြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူကတော့ အဲ့ဒီမြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ်တွေ ထောင်ထားတာလို့ ထင်မြင်ချက်ပေးပါတယ်။

အလားတူ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေမကြာခဏ ထိတွေ့ရင်ဆိုင်နေတဲ့ ချင်းပြည်နယ် မင်းတပ်မှာလည်း ဒီဇင်ဘာ၅ရက်နေ့က တောင်ယာလုပ်ပြီး ပြန်လာတဲ့ မိသားစုတစ်စုဟာ စစ်ကောင်စီ မြှုပ်နှံထားတဲ့ မိုင်းနင်းမိတာရှိတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် မိခင်သေဆုံးပြီး နှစ်နှစ်အရွယ် ကလေးငယ် ညာခြေပြတ်ကာ ဦးခေါင်းထိခိုက်တဲ့ ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ မင်းတပ်မြို့စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီက တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီက ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းတွေကို နိုဝင်ဘာလကတည်း သုံးလာတာ တွေ့ရတယ်လို့ ပြောပါတယ်။ မြေမြှုပ်မိုင်းတွေကြောင့် ပြည်သူတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တာတွေလည်း တဖြည်းဖြည်းတိုးလာနေတယ်လို့လည်း သူကပြောပါတယ်။

Photo Credit: ICRC

အဆိုပါကော်မတီက ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၁ နိုဝင်ဘာနဲ့ဒီဇင်ဘာ နှစ်လအတွင်း မင်းတပ်မြို့နယ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေ ရှိခဲ့ပြီး အနည်းဆုံး လူနှစ်ဦးသေဆုံးကာ၊ကလေးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ထိခိုက်မှုတွေအပြင် လူထိခိုက်မှုမရှိသော်လည်း မြေမြှုပ်မိုင်းပေါ် ကားတွေဆိုင်ကယ်တွေ နင်းမိလို့ ယာဉ်တွေပျက်စီးတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ဆိုတယ်။

သတင်းမရတဲ့ အခြားသော မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုတွေလည်း ရှိနိုင်ပြီး မင်းတပ်အပြင် ချင်းပြည်နယ်ရဲ့ တခြားသော မြို့တွေက အဖြစ်အပျက်တွေပါ ထည့်တွက်ရင် ဒီထက်ပိုများနိုင်တယ်လို့ မင်းတပ်စစ်ရှောင်တွေကို ကူညီနေတဲ့ ၎င်းကဆက်ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ စစ်တပ်ရှိနေသ၍ ပြည်တွင်းစစ် ဖြစ်နေဦးမှာပဲ၊ ပြည်တွင်းစစ်ဖြစ်နေသ၍ မြေမြှုပ်မိုင်းတွေ ထောင်မိုင်းတွေကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးမှုတွေ အမြဲတမ်းရှိနေဦးမှာပဲ။ ဒါကြောင့်မလို့ ကျနော်တို့အားလုံးအနေနဲ့ ဒီလိုကိစ္စရပ်မျိုး မရှိတော့အောင် ပူးပေါင်းဆောင်ရွက်ဖို့ အကောင်းဆုံးအချိန်ပဲ” လို့ ယင်းတာဝန်ရှိသူက ဆိုပါတယ်။

၂၀၂၁ နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ မြေမြှုပ်မိုင်းနှင့်ထပ်ဆင့်ပေါက်ကွဲပစ္စည်းများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ “မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေး ၂၀၂၁” အစီရင်ခံစာများအရ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံက တစ်ကမ္ဘာလုံးမှာ လူသတ်မိုင်းကြောင့် သေဆုံးသူ တတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်နယ်နဲ့တိုင်း ၁၄ ခုရှိတဲ့အနက် ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ရှမ်းပြည်နယ်၊ ပဲခူး၊ တနင်္သာရီ အစရှိတဲ့ ဒေသကိုးခုက မြို့နယ် ၅၀ ကျော်မှာ မိုင်းအန္တရာယ်ကို အတိုင်းအတာတစ်ခုအထိ ခံစားနေရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ ကရင်နဲ့ ပဲခူးအရှေ့ပိုင်းတို့ကတော့ မိုင်းအန္တရာယ် အမြင့်မားဆုံးဒေသတွေ ဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်တွေနဲ့ပတ်သတ်ပြီး တိကျတဲ့တရားဝင် ကိန်းဂဏန်း အချက်အလက်တွေ မရရှိပေမယ့် ၁၉၉၉ ခုနှစ်ကနေ ၂၀၂၀နှစ်ကုန်အထိ နှစ် ၂၀ ကျော်အတွင်း ထိခိုက်ဒဏ်ရာရ၊သေဆုံးသူ ၅၃၀၀ နီးပါး ရှိတယ်လို့ မြေမြှုပ်မိုင်း လေ့လာစောင့်ကြည့် ရေးအဖွဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အများစုဟာ အရပ်သားတွေ ဖြစ်ကြပါတယ်။

တစ်နှစ်တစ်နှစ်ကို လူ ၂၅၀ နှုန်းထက်မနည်း မိုင်းအန္တရာယ်ကြောင့် ထိခိုက်မှုတွေရှိပေမယ့် မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းဥပဒေမရှိတာ၊ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက မြေမြှုပ်မိုင်းများရှိရာ ဒေသတွေကို သွားရောက်ခွင့်မပြုတာစတဲ့ အကြောင်းတွေကြောင့် စစ်တမ်းကောက်ယူခြင်းနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ နှောင့်နှေးတာတွေ ရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၁၊ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန်တိုက်ခိုက်မှုတွေမှာ မိုင်းအသုံးပြုမှုအသစ်တွေ ရှိလာတယ်လို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။ စစ်တပ်အပါအဝင် မြန်မာနိုင်ငံထဲက လက်နက်ကိုင် အဖွဲ့တွေဟာ မြေမြှုပ်မိုင်းအပါအဝင် မိုင်းတွေကို အသုံးပြုလေ့ရှိကြပြီး ပြည်သူလူထု ထိခိုက်မှုတွေ ဖြစ်လာရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် အပြစ်တင်လေ့ရှိကြပါတယ်။

မြေမြှုပ်မိုင်းအပါအဝင် မိုင်းတွေဟာ ပြည်သူလူထုကို အဓိက ထိခိုက်နစ်နာစေတဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေအကြား နှစ်ဦးနှစ်ဘက် သဘောတူညီချက်နဲ့ မိုင်းကင်းမဲ့ဇုန် သတ်မှတ်ဖို့လိုသလို၊ မိုင်းထပ်မမြှုပ်ဖို့နဲ့ မြှုပ်ပြီးသားမိုင်းတွေ ပြန်ဖော်ရေးအစီအစဉ်တွေ လုပ်ဖို့လိုတယ်လို့ မိုင်းပညာရှင် အင်ဂျင်နီယာ တစ်ဦးက ဆိုပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေးရရင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်နဲ့ ကိုယ်မြှုပ်ထားတဲ့ မိုင်းတွေ ပြန်ဖော်ရမယ်၊ဒါက အပြောလွယ်သလောက် လုပ်ရခက်တယ်၊ မိုင်းမြှုပ်ထားတဲ့ မြေပုံပျောက်သွားရင် ခေတ်မှီကိရိယာတွေ သုံးပြီး ပြန်ဖော်ရမယ်၊ ကမ္ဘောဒီးယားမှာ ပြည်တွင်းစစ်ပြီးတော့ မိုင်းပြန်ဖော်တာ အချိန်ဆယ်နှစ်ကျော်ကြာတယ်” လို့ ယင်းကပြောတယ်။

ပြည်တွင်းငြိမ်းချမ်းရေးမရခင်၊ မြေမြှုပ်မိုင်းတွေ မဖော်နိုင်ခင် အခုလိုအချိန်မှာတော့ ကိုစောမင်းရဲ့ သမီးက ပြည်တွင်းစစ်ရဲ့သားကောင် ဖြစ်ခဲ့ရပါပြီ။ မြေကြီးထဲက မြေမြှုပ်မိုင်းကို သာမာန်မျက်စိနဲ့ မမြင်နိုင်မသိနိုင်သလို ဘယ်သူတွေက ဘာကြောင့် ထောင်ခဲ့တယ်ဆိုတာ ကိုစောမင်းမသိနိုင်ပေမယ့် မြေမြှုပ်မိုင်းဟာ သူတို့မိသားစုလို သာမာန်ပြည်သူတွေအတွက်ကတော့ ကြီးမားတဲ့အန္တရာယ်ဆိုတာကိုတော့ ဘဝနဲ့ရင်းပြီး သူသိခဲ့ရပါတယ်။

“ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ရလဒ်ကတော့ ပြည်သူတွေအတွက် မကောင်းဘူးဆိုတာတော့ ပြောချင်တယ်” လို့ ကိုစောမင်းက ဆိုပါတယ်။

ကျောင်းတွေသာ ဖွင့်မယ်ဆိုရင် ရှစ်တန်းကျောင်းသူအဖြစ် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စာသင်ကြားပြီး ဘဝကို ဖြတ်သန်းရမှာ ဖြစ်ပေမယ့် မမျှော်လင့်တဲ့ အဖြစ်ဆိုးကို သူ့သမီးရင်ဆိုင်ခဲ့ရတဲ့အတွက် ကိုစောမင်းက ယူကျုံးမရ ဖြစ်နေခဲ့ရပါတယ်။

“သူ့ရဲ့ အစိတ်အပိုင်းတခု ပေးဆပ်လိုက်ရတဲ့ အခါကျတော့ ဘယ်လောက်ပဲချမ်းသာတဲ့ လူတယောက်ဖြစ်ဖြစ် မပြည့်စုံတဲ့ သူတယောက်လို ခံစားရမှာ” လို့ ကိုစောမင်းကပြောပါတယ်။

Author:

Related Articles