Home ဆောင်းပါး မောင်ရှင်လောင်းလေးမရှိရှာတော့ပါ

မောင်ရှင်လောင်းလေးမရှိရှာတော့ပါ

သန့်ရှင်းထွန်း။ ။

မဦးဝင်းခိုင်က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာတွင် နေထိုင်ပြီး သူအမျိုးသားကတော့ အလုပ်လုပ်ရန် မလေးရှားနိုင်ငံသို့ ရောက်နေခဲ့သည်။ သူတို့ဘဝအတွက် အပျော်ဆုံးဖြစ်လာမည့်နေ့ရက်တစ်ခုကို စောင့်မျှော်ရင်း လင်မယားနှစ်ယောက်က မိုင်ထောင်ချီကွာဝေးကွာပြီး တစ်ယောက်တစ်နေရာစီဖြင့် နေ့စဉ်ဘဝကို ဖြတ်သန်းနေကြရသည်။

မဦးဝင်းခိုင်တို့ ဇနီးမောင်နှံစောင့်မျှော်နေသည့်ရက်က သူတို့၏သားလေးကို ရှင်ပြုပေးမည့်နေ့ရက်ဖြစ်သည်။ ဖခင်ဖြစ်သူကလည်း သားငယ်ကို ရှင်ပြုမည့်အချိန်တွင် မလေးရှားမှအရောက်ပြန်လာကာ မိသားစုနှင့်အတူ ပျော်ရွှင်စွာပြန်လည် ဆုံစည်းကြရန် ရည်မှန်းထားကြသည်။

ပျော်စရာကောင်းသည့် နေ့ရက်များဆီ ရောက်ရှိလာဖို့အရေး မျှော်လင့်ခဲ့ကြသော်လည်း သူတို့မိသားစုဟာ ကံမကောင်းခဲ့။ အဖြစ်ဆိုးက ၂၀၂၂ သြဂုတ်လ ၂၈ ရက်တွင်ဖြစ်ပြီး ‘အုန်း….’ဆိုသည့် ပေါက်ကွဲသံကြောင့် ရွာနှင့်မနီးမဝေးက လယ်ထဲရောက်နေသော မဦးဝင်းခိုင်မှာ ဆောက်တည်ရာ မရဖြစ်ကာ ရွာထဲရှိ နေအိမ်သို့ ဒုန်းစိုင်းပြေးလာခဲ့သည်။

ထိုသို့ ပြေးလာချိန်တွင် ရွာထဲရှိလူများ ရုန်းရင်းဆန်ခတ်ဖြင့် ပြေးလွှားနေသည်ကိုပင် သတင်းမေးဖော်မရဘဲ ရွာထဲရှိနေအိမ်၌ ကျန်နေခဲ့သော မိခင်နှင့် သားငယ်ဆီသို့ အပြေးအလွှား သွားရောက်ခဲ့ပြီး အဘွားနှင့်အတူ နေအိမ်ထဲတွင် ဝှက်နေသော သားငယ်ကို ပွေ့ချီပြီး လူအများထွက်ပြေးရာလမ်းအတိုင်း ထွက်ပြေးရန် မဦးဝင်းခိုင် ကြိုးစားခဲ့သည်။

အသက် လေးနှစ်အရွယ် သားငယ် ဘေးကင်းဖို့အတွက် မမောနိုင် မပန်းနိုင်ထွက်ပြေးခဲ့သော မဦးဝင်းခိုင်မှာ နေအိမ်မှ ထွက်ပြေး၍ အိမ်ရှေ့ခြံစည်းရိုးနားအရောက်တွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် လွှင့်စဉ်လာသည့် ကျည်စက်များနှင့် ထိပ်တိုက်တိုးခဲ့ရသည်။

“ပစ်တာက သိပ်မကြာခဲ့ဘူး။ ငါးမိနစ်၊ ဆယ်မိနစ်လောက်မှာ ဆက်တိုက်ပဲ ရွာထဲကို ကျလာတာ”ဟု ကင်းဆိပ်ရွာခံ တစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကြီး ကျည်စများက မဦးဝင်းခိုင်တို့ သားမိနှစ်ဦးကို ထိမှန်ခဲ့ကာ မဦးဝင်းခိုင်မှာ အိမ်ရှေ့ခြံစည်းရိုးနား တွင်ပင် လှဲကျသွားခဲ့ပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့သော သားငယ်၏ အသက်ကို လုယူရန်အတွက် ဦးလေးနှင့်အဘွားတို့က နီးစပ်ရာဆေးရုံဆေးခန်းသို့ အပြေးအလွှားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

ကလေးငယ်မှာ ကင်းဆိပ်ကျေးရွာမှ ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်သို့ ယူလာစဉ် လမ်းခုလပ်တွင် အသက်ဆုံးရှုံးခဲ့ရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်က မြောက်ဦးမြို့အနီး ကင်းဆိပ်ကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မဦးခိုင်ဝင်း၏ သားငယ် ၊ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး မဦးဝင်းခိုင် အပါအဝင် ကိုးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျည်စထိမှန်ချိန်က သားနှင့်အမိ တကွဲတပြားဖြစ်ခဲ့သော မဦးဝင်းခိုင်မှာ သားငယ်၏ အခြေ အနေကို မသိခဲ့ဘဲ ဆေးကုသမှုခံယူနေချိန် သားငယ်မှာ ရင်ခွဲရုံသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

လက်နက်ကြီး ကျည်စထိမှန်ထားသော သားဖြစ်သူ မည်သို့အခြေနေရှိနေသည်ကို မသိသော မဦးဝင်းခိုင်မှာ ခင်ပွန်းသည်မှာလည်း မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူဖြစ်သည့်အတွက် ပို၍အားကိုးရမဲ့ ဖြစ်နေခဲ့ရသည်ဟု မဦးဝင်းခိုင်၏ မိခင်က ပြောသည်။

“သမီးအဖြစ်က တကယ့်ကို ရင်နာစရာပါ။ သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ ခင်ပွန်းက အနီးမှာမရှိဘူး”ဟု ၎င်းက ဆိုသည်။

မြောက်ဦးမြို့နယ် ကင်းဆိပ်ရွာမှ မဦးဝင်းခိုင်၊ ဓာတ်ပုံ-SBC

ခေတ်အဆက်ဆက် အလုပ်အကိုင်ရှားပါးပြီး ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရသော မဦးဝင်းခိုင်၏ ခင်ပွန်းသည် အပါအဝင် ရခိုင်ဒေသခံများမှာ နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရသည်။

မိသားစုစားဝတ်နေရေးအတွက် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်အလုပ်လုပ်နေကြသူများမှာ သေရေးရှင်ရေး ဖြစ်လာလျှင်ပင် ပြန်လာရန် မလွယ်ကူပေ။

“သားလေးသေဆုံးတဲ့ အကြောင်းကို ဗွီဒီယို Call ခေါ်ပြီး ပြခဲ့ရတယ်။ ဖခင်က သားလေး ရှင်ပြုတဲ့အရွယ်ကျရင် ပြန်လာဖို့ စီစဉ်ထားခဲ့တာ”ဟု မဦးဝင်းခိုင်၏ မိခင်က ပြောပြသည်။

မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သည့် နောက်နှစ်ရက်မြောက်နေ့တွင် မဦးဝင်းခိုင်၏ သားငယ်ကို မြောက်ဦးမြို့ မင်းသားကျွန်းသုသာန်တွင် ဂူသွင်းသဂြိုလ်ခဲ့သည်။

သားဖြစ်သူ သဂြိုလ်သည့်သုသာန်သို့ မိခင်ဖြစ်သူ မဦးဝင်းခိုင်မှာ ဆေးရုံပေါ်က ခေတ္တခဏဆင်းလာခဲ့ပြီး အသုဘပို့ခဲ့ ရသည်။

“သားလေးအလောင်းကို မြင်တော့ သတိလစ်မလိုဖြစ်သွားတယ်။ သုသာန်မှာ ပက်လက်လဲကျသွားတယ်”ဟု မဦးဝင်းခိုင်၏ သူငယ်ချင်းအမျိုးသမီးတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စထိ၍ ဒဏ်ရာရကာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသော မဦးဝင်းခိုင်မှာ ခင်ပွန်းသည် မရှိချိန် သားဖြစ်သူ သေဆုံးခဲ့ရသည့်အတွက် ယူကျိုးမရဖြစ်ကာ စကားတောင်သေချာ မပြောနိုင်ပေ။

“ကျမဘာမှမပြောချင်တော့ဘူး။” စီးကျလာသော မျက်ရည်များကို သုတ်ရင်း မဦးဝင်းခိုင်က ပြောသည်။

ထိုနေ့က မြောက်ဦးမြို့နှင့် ရှစ်မိုင်ခန့်ဝေးသည့် လက္ကာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြောက်ဦးအခြေစိုက် ခမရ(၃၇၇) တပ်ရင်းမှ မြို့ပေါ်အနီး ကင်းဆိပ်ကျေးရွာကို လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ကင်းဆိပ်ရွာသားများကို ကိုးကားပြီး သတင်းဌာနများက ရေးသားကြသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ကာကျေးရွာမှာ ကင်းဆိပ်ကျေးရွာနှင့် ရှစ်မိုင်ခန့်ကွာဝေးပြီး တိုက်ပွဲဧရိယာနှင့် မည်သို့မျှမသက်ဆိုင်ခဲ့ဟု မဦးဝင်းခိုင်၏ မိခင်က ပြောသည်။

“ဒဏ်ရာဒဏ်ချက်တွေကို မြင်ရတော့ အရမ်းခံစားရတယ်။ နောက်ဒီလို မဖြစ်စေချင်တော့ဘူး”ဟု ၎င်းကဆိုသည်။

မဦးဝင်းခိုင်ကဲ့သို့ အသက် ၆၃ နှစ်အရွယ် ဒေါ်အေးနုယဉ်မှာ လက်နက်ကြီးများ ရွာထဲသို့ ကျလာသည်နှင့်တပြိုင်နက် သားသမီး၊ မြေးမြစ်များကို စုခေါ်၍ ရွာသားများပြေးသည့်လမ်းအတိုင်း ထွက်ပြေးခဲ့သည်။

သို့သော် ထွက်ပြေးသည့်နေရာတွင် သားသမီးနှင့်မြေးတို့ ဗိုက်ဖြည့်ဖို့အတွက် သွပ်အိုးတချို့၊ ဆန်၊ ဆီ၊ ဆား တချို့ကို နေအိမ်သို့ သွားရောက်ယူခဲ့ပြန်သည်။

ထိုသို့ လိုအပ်သော ပစ္စည်းတချို့ကို နေအိမ်မှယူလာခဲ့သော ဒေါ်အေးနုယဉ်မှာလည်း ရွာပြင်ကိုမရောက်နိုင်ခဲ့တော့ဘဲ လက်နက်ကြီးကျည်စထိမှန်ပြီး နေအိမ်အထွက် လမ်းပေါ်တွင် မှောက်ခုံကျလျက် သူနှင့်အတူပါလာသော ဆန်များ မှာလည်း လမ်းပေါ်တွင် ပြန့်ကြဲနေခဲ့သည်။

“သားသမီးတွေ ငတ်မှာကြောက်တဲ့အမေက အခုတော့ သူ့အသက်ပါ ပါသွားခဲ့ရတယ်။ အမေတာဝန်ကျေပါတယ်”ဟု ဒေါ်အေးနုယဉ်၏ သမီးက ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲဧရိယာနှင့် မသက်ဆိုင်ဘဲ ကျေးရွာအတွင်း လက်နက်ကြီးကျ၍ အရပ်သားများ သေဆုံး၊ ဒဏ်ရာ ရရှိခြင်းမှာ ရခိုင်ပြည်နယ်အတွင်း ပထမဆုံးဖြစ်စဉ်မျိုးမဟုတ်ဘဲ လွန်ခဲ့သည့် ၂၀၁၈၊ ၂၀၁၉နှင့် ၂၀၂၀ တိုက်ပွဲကာလ အတွင်းကလည်း ယခုကဲ့သို့ဖြစ်စဉ်များရှိခဲ့သည်။

အနီးစပ်ဆုံးဖြစ်စဉ်မှာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၃ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် ရွာအတွင်းသို့ လက်နက်ကြီးကျည်အချက်ပေါင်းများစွာ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ ကျောက်ဆိပ်ကျေးရွာသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်၊ ၁၆ နှစ်အရွယ် ကလေးငယ်များအပါအဝင် ရွာသား ကိုးဦးသေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှီခဲ့ကြောင်း ရခိုင်အခြေစိုက်သတင်းဌာန များတွင် ဖော်ပြခဲ့သည်။

“လက်နက်ကြီးဆိုတဲ့အသံကို မကြားရဲတော့ဘူး။ အနီးပတ်ဝန်းကျင်မှာ တခုခု ပေါက်ကွဲသံကြားရင်တောင် ထိတ်လန့်နေတဲ့ စိတ်ဒဏ်ရာက ခုထိမပျောက်သေးဘူး”ဟု ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာက လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် ဘယ်ဖက်ခြေထောက်ဖြတ်ခဲ့ရသူ မောင်ကျော်စိုးဝင်း၏ မိခင်က ပြောသည်။

သူ့အနေဖြင့် ရခိုင်ပြည်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ငြိမ်းချမ်းနေခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဇူလိုင်လခန့်ထိ (၁၇) လတာကာလကို ခုံမင်နှစ်သက်ခဲ့ပြီး နောက်ထပ်တိုက်ပွဲများ မဖြစ်ပွားရန် ဆုတောင်း နေခဲ့သည်ဟု ဆိုသည်။

သို့သော် မောင်ကျော်စိုးဝင်း မိခင်၏ ဆုတောင်းမှာ မပြည့်ခဲ့ဘဲ ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့မှာ ၂၀၂၂ ခုနှစ် မေလကစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့သည်။

စစ်ကောင်စီတပ်များက ပစ်ခတ်ခဲ့သော လက်နက်ကြီးများမှာ တိုက်ပွဲဧရိယာနှင့် မသက်ဆိုင်သော ကျေးရွာများသို့ ကျရောက်ခြင်းမှာ ပစ်မှတ်လျော်၍ ကျရောက်လာခြင်းမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင့် တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရခိုင်မီဒီယာတချို့ကို ဖြေကြားထားသည်။

ရခိုင်တွင် နှစ်နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စိတ်ညောင်းကိုယ်ညောင်း ဖြစ်နေခဲ့ကြသော ဒေသခံများမှာ တိုက်ပွဲတည်ငြိမ်ချိန် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇူလိုင်လခန့်ထိ အပန်းမပြေနိုင်သေးချိန် တကျော့ပြန်တိုက်ပွဲများက ပြန်လည်ဖြစ်ပွားလာခဲ့သည်။

ထိုတိုက်ပွဲများ ကြောင့် အပြစ်မရှိသော မဦးဝင်းခိုင်၏ သားငယ်နှင့် ဒေါ်အေးနုယဉ်တို့၏ အသက်များကို လုယူခဲ့သလို နောက်ထပ် အသက်ပေါင်းများစွာ လုယူခံရမည်ကို စိုးရိမ်နေ ကြသည်ဟု မဦးဝင်းခိုင်၏ မိခင်က ပြောသည်။

Author:

Related Articles