ရှင်ငြိမ်း။ ။
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို နှစ်စဉ် စက်တင်ဘာ ၂၁ရက်နေ့ရောက်တိုင်း ကမ္ဘာတဝှမ်းမှာ ကျင်းပလေ့ရှိပါတယ်။ အကြမ်းမဖက်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို ၂၄နာရီကြာ စောင့်ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးစံနှုန်းတွေ ခိုင်မာအား ကောင်းလာစေဖို့ ရည်ရွယ်တဲ့နေ့အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံက ကြေညာခဲ့တယ်။
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ (International Day of Peace 2022)ရဲ့ ဆောင်ပုဒ်မှာ “ လူမျိုးရေးခွဲခြားမှုကို အဆုံး သတ်ပါ” ဖြစ်ပါတယ်။
ဒီငြိမ်းချမ်းရေးနေ့ကို ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှ ၁၉၈၁ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့တာပါ။ ၁၀ စုနှစ် နှစ်ခုကြာ ပြီးနောက် ၂၀၀၁ ခုနှစ်မှာ အထွေထွေညီလာခံက ထိုနေ့ကို အကြမ်းမဖက်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးကာလအဖြစ် သတ် မှတ်ဖို့ အားလုံးက သဘောတူမဲခွဲဆုံးဖြတ်ခဲ့ကြတယ်။
နှစ်စဉ်စက်တင်ဘာ ၂၁ ရက်နေ့ရောက်တိုင်း ကုလသမဂ္ဂငြိမ်းချမ်းရေးခေါင်းလောင်းသံဟာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်မှာ တစ်နှစ်ကို နှစ်ကြိမ်မြည်ဟီးတဲ့အစဉ်အလာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီခေါင်းလောင်းဟာ အာဖရိကမှလွဲ၍ တိုက်ကြီး အားလုံးမှ ကလေးတွေ လှူဒါန်းထားတဲ့ဒင်္ဂါးတွေနဲ့ သွန်းလုပ်ထားတာဖြစ်တယ်။
စစ်ပွဲရဲ့လူသားတွေအပေါ် ကုန်ကျစရိတ်ကို သတိပေးတဲ့အနေနဲ့ United Nations Association of Japanမှ ငြိမ်းချမ်းရေး ခေါင်းလောင်းကို ပေးအပ်လှူဒါန်းထားတာဖြစ်တယ်။ သူ့ရဲ့နံဘေးမှာတော့“အကြွင်းမဲ့ကမ္ဘာကြီးငြိမ်းချမ်းပါစေ”လို့ ကမ္ပည်း စာထိုးထားပါတယ်။
ကုလသမဂ္ဂကတော့ ကမ္ဘာကြီးငြိမ်းချမ်းလိုတဲ့ဆန္ဒနဲ့ ငြိမ်းချမ်းရေးနေ့တွေကျင်းပပေးနေပေမယ့် မြန်မာနိုင်ငံမှာတော့ လွတ် လပ်ရေးရလာတာနှစ်ပေါင်း ၇၀ ကျော်ရှိလာသည့်တိုင် ပြည်တွင်းစစ်နဲ့ အာဏာသိမ်းမှုကြောင့် ယနေ့ထိတိုင် ငြိမ်းချမ်းရေး မရသေးပါဘူး။
ဒီစစ်ပွဲတွေရဲ့ဆိုးကျိုးတွေကို အဓိကထိခိုက်ခံစားရသူတွေကတော့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ကလေးသူငယ်တွေ ဖြစ်တယ်။ ပြည်သူတွေဟာ စစ်ကြောင့် အသက်ဆုံးရှုံးရတာ၊ မသန်စွမ်းဖြစ်ရတာတွေအပြင် စစ်ဘေးဒုက္ခသည်တွေအဖြစ် နဲ့ပါ ခွဲခြားဆက်ဆံခံနေရပါတယ်။
ဒါတွေကြောင့် ကလေးသူငယ်တွေဟာ မိမိတို့ အိမ်တွေဆီကို အမြန်ဆုံးပြန်ရဖို့ ဆန္ဒရှိနေကြပြီး ငြိမ်းချမ်းရေးအသီး အပွင့်တွေ ဖြစ်တဲ့လွတ်လပ်ပျော်ရွင်စွာ နေထိုင်ခွင့်ရဖို့ကို မျှော်လင့်နေကြပါတယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်လို့ ၁၀ စုနှစ်တစ်ခုအကြာ စစ်ရှောင်နေရတဲ့ကလေးငယ်တွေနဲ့ လက်ရှိတိုက်ပွဲတွေကြောင့် စစ် ရှောင်နေရတဲ့ကလေးတွေကို Hi ကနေ ဆက်သွယ်မေးမြန်းထားချက်တွေကို ကောက်နူတ်ဖော်ပြပေးလိုက်ပါတယ်။
မမာဝိုင်း (အသက် ၁၃ နှစ်၊ ရွှေစက်စစ်ရှောင်စခန်း၊ မြစ်ကြီးနားမြို့၊ကချင်ပြည်နယ်။)
“ ငြိမ်းချမ်းရေးနေ့ကိုမသိပါဘူး။ ဒါပေမဲ့သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ရွင်ရွင်ကျောင်းသွား၊ ဆော့ကစားချင်တယ်။ ရောဂါဖြစ်လို့ ကျောင်းတွေပိတ်သွားတော့ သူငယ်ချင်းတွေနဲ့လည်းမတွေ့ရဘူး။ မကစားရတော့ဘူး။ နောက်စခန်းမှာ စားစရာမရှိတော့ အမေတို့နဲ့ထင်းကောက်ရတယ်။ ရောဂါတွေမရှိရင်၊စစ်ပွဲတွေမရှိရင်တော့ အေးအေးချမ်းချမ်းနေရမှာပေါ့။
သူငယ်ချင်းတွေနဲ့လည်း ကစားရမယ်။ အမြဲလည်းတွေ့ရမယ်။ အဲ့လိုပဲနေချင်တယ်။ အခုတော့ စစ်ပွဲတွေကြောင့် အမေ တို့ပြောတဲ့ရွာကအိမ်လည်းမမြင်ဖူး၊ ဆွေမျိုးတွေနဲ့လည်း တစ်ခါမှမတွေ့ရဘူး။ ရွာကဘယ်လိုပုံစံလဲဆိုတာ သိချင်တယ်။ ကိုယ်ရဲ့အိမ်လေးဟာ ဘယ်လိုရှိနေမလဲပေါ့။
ဒီမှာနေရတာပျော်တော့ ပျော်ပါတယ်။ ဒါပေမဲ့စစ်ရှောင်ဆိုပြီး သူများအထင်သေးတယ်။ အရမ်းလှောင်ပြောင်ခံရတယ်။ အနှိမ်ခံရတယ်။ တစ်ခုခုဖြစ်ပြီဆိုရင် စစ်ရှောင်စခန်းကလို့ ပြောကြတယ်။ အဲ့ဒါကြောင့် အိမ်ပြန်ချင်တယ်။
ဒါပေမဲ့ အိမ်ပြန်လို့ကလည်းမဖြစ်သေးဘူး။ စခန်းကလူတွေ ရွာပြန်ကြတာမိုင်းတွေထိပြီး မျက်စိမမြင်တဲ့သူနဲ့ ခြေထောက် တစ်ဖက်မရှိတဲ့သူနဲ့ အများကြီးဒဏ်ရာရကြတယ်။ ကျမသူငယ်ချင်းဆို ထင်းသွားကောက်ရင်း မိုင်းထိတာ လက်ပြတ်သွား လို့ ကျောင်းမတက်ရတော့ဘူးလေ။
ငြိမ်းချမ်းရေးနေ့ဖြစ်ချင်တာက မိုင်းတွေမရှိဘဲ အိမ်ပြန်ချင်တယ်။ သူငယ်ချင်းတွေနဲ့ အရင်လိုလွတ်လွတ်လပ်လပ်ပြန်နေ ချင်ပါတယ်။ စစ်ကြီးလည်း မဖြစ်စေချင်တော့ဘူး။
( ဒီကလေးတွေဟာ စစ်ရှောင်စခန်းမှာ ၁၁ နှစ်ကျော်ကြာနေလာရပြီး ရတဲ့ထောက်ပံ့မှုကလည်း မရှိသလောက်နည်းနေတဲ့ ကြား ကိုဗစ်ရောဂါနဲ့ တိုက်ပွဲတွေပြန်ဖြစ်လာတာကြောင့် နေရပ်မပြန်နိုင်ကြသေးတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်စလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်ကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ခဲ့ရာမှ ၂၀၁၈ ခုနှစ်မှာ တိုက်ပွဲငြိမ်သွားခဲ့ တယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ရဲ့သတ်ဖြတ်မှုတွေကို လက်မခံနိုင်တဲ့KIAအနေနဲ့ ဒေသကာကွယ်ရေး တပ်(PDF)တွေနဲ့ ပူးပေါင်းတော်လှန်ရာမှ တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။ ဒီလိုတိုက်ပွဲတွေပြန်ဖြစ်လာတဲ့အတွက် နေရပ်မပြန် နိုင်သေးတဲ့စစ်ရှောင်တစ်သိန်းကျော်ဟာ စခန်းတွေမှာမပြည့်မစုံနဲ့ ခက်ခက်ခဲခဲရုန်းကန်ခိုလှုံနေကြရတာ ဖြစ်ပါတယ်။)
မနေနေ (အသက် ၁၄ နှစ်၊KNU ထိန်းချုပ်နယ်မြေရှိ ကျောက်ခက်စစ်ရှောင်စခန်း)
“ အရင်နှစ်တွေက လုပ်တဲ့ငြိမ်းချမ်းရေးနေ့ပွဲတွေကို အမေနဲ့တစ်ခေါက်လိုက်ဖူးတယ်။ အဲ့တုန်းကပြောတာက ငြိမ်းချမ်းရေး ဆိုတာ စစ်ပွဲတွေ၊ ပစ်ခတ်တိုက်ခိုက်တာတွေမရှိဘဲ အေးအေးချမ်းချမ်းနေထိုင်ရတာတဲ့။ အဲ့လိုမျိုးတော့နေထိုင်ချင်တယ်။
ဘာလို့လဲဆိုတော့ ဒီစစ်ပွဲတွေကြောင့် ကျမအဖေနဲ့ ညီမလေးသေသွားရတယ်။ ကျမသူငယ်ချင်းတွေရဲ့အမေတွေ၊ အဘွား တွေ၊ အမတွေလည်းသေရတယ်။ ခြေတွေလက်တွေလည်း ကျည်ကျပြီး ပြတ်ကုန်တာပေါ့။ အဲ့လိုတွေမဖြစ်စေချင်တော့ ဘူး။ နောက်ကျမတို့ရွာကို ပြန်ချင်တယ်။ ကျမတို့စစ်ပြေးလာတုန်းက တောထဲမှာနေစား၊အိပ်ရတယ်။ ကျမညီမလေးက တောထဲမှာအစာငတ်သေသွားတာ။ အဖေက ကျည်မှန်ပြီးသေသွားတယ်။
ကျမတို့စခန်းထဲမှာနေရတာ တစ်နှစ်ကျော်လောက်တော့ရှိပြီ။ စားစရာလည်းမလောက်ဘူး။ ဝေမျှစားရတယ်။ မိုးရွာရင် ခေါင်မိုးက မိုးရေတွေကျရက်နဲ့နေရတယ်။ အဲ့လိုတွေကျမတို့မနေချင်တော့ဘူး။ အရင်လိုကိုယ့်အိမ်မှာပဲ အေးအေးဆေး ဆေးနေချင်တယ်။
ခဏနေပြီးပြန်ရမယ်ထင်တာ အခုဒီမှာနေရတာကြာပြီ။ မပြန်ရသေးဘူး။ အမေတို့ကိုမေးတော့လည်းပြန်ရတော့မှာတဲ့။ ဒီမှာ ထမင်းတောင်ကောင်းကောင်းမစားရဘူး။ လေယာဉ်တွေလာရင်ပြေးရ၊ ပစ်ကြခတ်ကြရင်ပြေးရတာ ခဏခဏပဲ။ မနေချင် တော့ဘူး ရွာပဲပြန်ချင်တာ။
ငြိမ်းချမ်းရေးနေ့မှာဖြစ်ချင်တာက ရွာမှာသူငယ်ချင်းတွေနဲ့ ကစားမယ်။ ကျောင်းသွားမယ်။ ကစားချင်တဲ့အချိန်၊ နေရာတွေ မှာ ကစားလို့ရတယ်။ အခုတော့ ဘာမှမလုပ်ရဘူး။ ပုန်းနေရတာပဲ။ စစ်ကြီးပြီးမှ အိမ်ပြန်ရမယ်။”
( ကရင်ပြည်နယ်ဟာ အာဏာသိမ်းစစ်တပ်အပြင်းအထန်တိုက်ပွဲဖြစ်နေတဲ့နယ်မြေတွေထဲက တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာစတင်ခဲ့တဲ့ စစ်တပ်နဲ့KNUကြားတိုက်ပွဲတွေကြောင့် လေးကေ့ကော်ဒေသအပါအဝင် ကျောက် ခက်၊ လေးဒေး၊ ဝေါလေ၊ ကနဲလေး၊ သေဘောဘိုး၊ ကလော့ထော်၊ စုကလိဒေသအထိ စုစုပေါင်းကျေးရွာ ၂၀ ကျော်မှ ဒေသခံ ၁၅,၀၀၀ ကျော်ဟာ နေရပ်ကိုစွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ စစ်အာဏာသိမ်းလိုက်တဲ့၂၀၂၁ ခုနှစ်စလို့ ၂၀၂၂ ခုနှစ်အထိ KNU ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) နယ်မြေမှာ နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ စစ်ရှောင်အရေအတွက်ဟာ ကိုးသောင်းကျော်(၉၀,၂၉၁) ဦးရှိတယ်လို့ KNUက ဩဂုတ်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။)
မဥမ္မာ (အသက် ၁၅ နှစ် ၊မြတန်ဆောင်စစ်ရှောင်ဒုက္ခသည်စခန်း၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်။)
ငြိမ်းချမ်းရေးနေ့ရှိတာသိပါတယ်။ စခန်းမှာအရပ်ဘက်အဖွဲ့တွေက အကိုတွေ၊အမတွေလာပြောပြလို့သိထားတယ်။ အဲ့ဒါ သိပြီးတော့ ငြိမ်းချမ်းချင်လာတယ်။ စစ်တွေမဖြစ်စေချင်တော့ဘူး။ အခုလည်း ရခိုင်မှာစစ်မဖြစ်တာကြာပါပြီ။ ဒါပေမဲ့ ကျမ တို့မပြန်နိုင်သေးဘူး။
ကျမတို့ရွာကို စိတ်ချလက်ချမပြန်နိုင်မနိုင်သေးတာက ငြိမ်းချမ်းရေးမရသေးလို့ ထင်တယ်။ ကျမတို့ရွာနားမှာ နှစ်ဖက်တပ် တွေရှိနေသေးတော့ မပြန်ရဲကြလို့ မပြန်နိုင်သေးတာလေ။ ကျမသိတဲ့ငြိမ်းချမ်းရေးဆိုတာက ကိုယ့်ရပ်ရွာမှာအေးအေးဆေး ဆေးနေနိုင်တယ်။ စားနိုင်တယ်။ လွတ်လွတ်လပ်လပ်သွားလာနိုင်တယ်လို့ သိထားတာကြောင့်ပါ။ ကျမတို့အဲ့လိုမနေနိုင် တာကြာပါပြီ။
အခုဆိုရင် အမေတို့တွေပြောနေကြတာ စစ်ပြန်ဖြစ်မယ်ပေါ့။ အားလုံးကလည်း စစ်ပြန်ဖြစ်မှာကြောက်နေကြတယ်။ ဒီစစ် ကြီးကို မုန်းနေပြီ။ ငြိမ်းချမ်းရေးဆိုတာသိနေတဲ့လူတွေက ဘာကြောင့်စစ်တိုက်နေကြတာလဲဆိုတာ ကျမသိချင်တယ်။
တကယ်တော့စစ်ရှောင်ဘဝနဲ့ မနေချင်တော့ဘူး။ နေဖို့၊ စားဖို့ကလည်း မလွယ်ဘူး။ လှူမယ့်သူတွေလာမှ ကောင်းကောင်း စားရတယ်။ အမြဲတမ်းတော့ဖြစ်သလိုစားရတာ။ အလုပ်လည်းရဖို့ခက်တယ်။ နောက်စစ်ရှောင်တွေဆို အရမ်းအနှိမ်ခံရ တယ်။ အပြင်မှာတခုခုဖြစ်ရင် စစ်ရှောင်တွေပဲဆိုတာမျိုးအပြောခံရတာပေါ့။
ငြိမ်းချမ်းရေးနေ့မှာ ဖြစ်ချင်တဲ့ဆန္ဒကတော့ အမြန်ဆုံးအိမ်ပြန်ချင်ပါပြီပေါ့။
( ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စစ်တပ်နဲ့ရက္ခိုင့်တပ်တော်(AA)တို့ ၂၀၁၈ခုနှစ်မှစတင်ကာ တိုက်ပွဲတွေအပြင်း အ ထန် ဖြစ်ခဲ့ပါတယ်။ ဒီစစ်ကြောင့် ဒေသခံနှစ်သိန်းကျော် စစ်ရှောင်ဘဝကိုရောက်ရပြီး ၂၀၂၀ခုနှစ်၊ နိုဝင်ဘာမှစကာ တိုက်ပွဲတွေ ရပ်သွားတဲ့အတွက် စစ်ရှောင်တစ်ချို့မှာ နေရပ်ကိုပြန်သွားကြပေမယ့် မပြန်နိုင်သေးတဲ့စစ်ရှောင်ရှိနေခဲ့ပါတယ်။ မပြန်နိုင်သေး တဲ့အကြောင်းအရင်းက နှစ်ဘက်စစ်တပ်တွေ၊ မြေမြုပ်မိုင်းတွေရှိနေသေးတဲ့အတွက် ဒါတွေကို ကြောက်ရွံ့စိုးရိမ်မှုရှိသလို သူတို့လုံခြုံရေးအတွက် အာမခံချက်မရှိသေးတာတွေကြောင့် မပြန်နိုင်သေးတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ စစ်တပ် ကနိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တာကြောင့် သူတို့နေရပ်ပြန်ရေးဟာ ပိုလို့ အလှမ်းဝေးသွားရပြီး စစ်တပ်ရဲ့ တိုက်စစ်ကို ခုခံကာကွယ်ရင်း တိုက်ပွဲတွေပြန်ဖြစ်တဲ့အတွက် စစ်ဘေးရှောင်အရေအတွက် ဟာလည်း တစ်နေ့တစ်ခြား တိုးလာပါတယ်။ အာဏာမသိမ်းမီဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ်တွေကြောင့် ထွက်ပြေးခဲ့ရပြီး ယနေ့ထိတိုင်စစ်ရှောင်စခန်းတွေမှာ ခိုလှုှုံနေရဆဲဖြစ် တဲ့အရေအတွက်ဟာ ငါးသိန်းနီးပါးရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော် (၁၉လ)ကာလမှာ စစ်ဘေးဒုက္ခသည်တစ်သန်းခွဲနီးပါး တိုးလာတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar) က ထုတ်ပြန်ထားပါတယ်။)