ဒေဝီ။ ။
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်မယ့် အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ ဂျပန်ဘာသာအရည် အချင်းစစ်စာမေးပွဲ-JLPT ဖြေဆိုခွင့်လျှောက်လွှာရရှိရေး မအင်ကြင်းတို့ဇနီးမောင်နှံနှစ်ယောက် နံနက်နှစ်နာရီကတည်းက တန်းစီစောင့်ဆိုင်းပြီး ဝယ် ယူခဲ့ပေမယ့် မထင်ထားတဲ့ဖြစ်စဉ်ကြောင့် သူတို့မျှော်လင့်ချက်လေး အားလျော့ခဲ့ရတယ်။
ဂျပန်နိုင်ငံကို အလုပ်လျှောက်ဖို့နဲ့ ကျောင်းလျှောက်ဖို့ အဓိကအရေးပါတဲ့ JLPT –N4 level စာမေးပွဲဖြေဆိုခွင့် လျှောက် လွှာကို ရန်ကုန်စာဖြေဌာနအတွက် စတင်ရောင်းချတဲ့နေ့မှာပဲ လာရောက်သူတွေများပြားပြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာ ကြောင့် လျှောက်လွှာ ရောင်းချမှု ရပ်ဆိုင်းလိုက်တာပါ။ အဲဒီနေ့က တစ်စောင်မှမရဘဲ သူတို့လှည့်ပြန်ခဲ့ရတယ်။
” နောက်ကနေလူအုပ်ကတွန်းတာ သံပန်းတံခါးနဲ့ရိုက်မိပြီး ဗိုက်ချုပ်ရိုးတွေတောင်နာလာတယ်။ တွန်းတဲ့ဒဏ်မခံနိုင်တာနဲ့ လူအုပ်ကြားကနေ မနည်းတိုးထွက်ခဲ့ရတယ်” လို့ မအင်ကြင်းကပြောတယ်။
မအင်ကြင်းနဲ့ခင်ပွန်းဖြစ်သူတို့က ဂျပန်နိုင်ငံမှာသွားရောက်အလုပ်လုပ်နိုင်ဖို့ ကြိုးစားနေသူတွေပါ။ ပြည်တွင်းမှာအလုပ် အကိုင်ရှားပါးလာတဲ့အတွက်ကြောင့် ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့လိုအပ်တဲ့စာမေးပွဲဖြေဆိုဖို့အတွက် ပြင်ဆင်နေတာပဲဖြစ် ပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ စီးပွားရေးကျပ်တည်းမှုတွေက တဖြည်းဖြည်းဆိုးရွားလာသလို ပြည်တွင်းမှာ အလုပ် အကိုင်တွေရှားပါးလာတဲ့အခါ ပြည်သူတွေမှာ ရေကြည်ရာမြက်နုရာရှာဖွေလို့ ပြည်ပနိုင်ငံတွေမှာ ရရာအလုပ်လုပ်ဖို့ ကြိုးပမ်းလာကြပါတယ်။
အနုတ်လက္ခဏာပြလာတဲ့ နိုင်ငံအခြေအနေတွေကြောင့် ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို ထွက်ဖို့ပြင်ဆင် နေတဲ့ လူငယ်လူရွယ်တွေက တစ်နေ့တစ်ခြားပိုမိုများပြားလာပါတယ်။ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးတဲ့ ရုံးမှာနေ့စဉ် လူပေါင်း တစ်ထောင်ကျော် ကြိတ်ကြိတ်တိုးတန်းစီနေတာတွေ့ရပါတယ်။
ပြည်ပနိုင်ငံများသို့တရားဝင်စေလွှတ်ခဲ့သည့် လုပ်သားအရေအတွက်မှာ ၂၀၂၂ ဇန်နဝါရီလမှဧပြီလအထိ ၉,၄၁၄ ဦးရှိ တယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှာ ဖော်ပြထားပါတယ်။ ဒါဟာ တရားဝင် သွား ရောက်ကြတဲ့ စာရင်းဖြစ်ပြီး တရားမဝင်သွားရောက်ကြတဲ့ အလုပ်သမားတွေရဲ့ စာရင်းတွေ မပါရှိပါဘူး။
အသက်နှစ်ဆယ်စွန်းစွန်းသာရှိသေးတဲ့ မအင်ကြင်းတို့ဇနီးမောင်နှံနှစ်ယောက်က ပညာရေးတပိုင်းတစဖြစ်တာ သုံးနှစ်နီးပါး ရှိပါပြီ။ မိဘစီးပွားရေးလုပ်ငန်းမှာ ကူညီလုပ်ကိုင်နေပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက စီးပွားရေးတွေ အဆင် မပြေတော့ပါဘူး။
စီးပွားရေးကျပ်တည်းပြီး အလုပ်အကိုင်ရှားပါးတဲ့အချိန်ကာလမှာ ပညာရေးမပြီးပြတ်သေးတဲ့ သူတို့အတွက် အလုပ်အကိုင် ကလည်း မယ်မယ်ရရမရှိတာကြောင့် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါများတဲ့ ဂျပန်နိုင်ငံမှာ အလုပ် လုပ်ဖို့စဉ်းစားခဲ့ကြတယ်။
” နိုင်ငံခြားမှာ အလုပ်လုပ်ပြီးပိုက်ဆံရှာပို့နိုင်တဲ့သူတစ်ယောက်လောက်ရှိရင် မိသားစုထဲမှာ အဆင်ပြေတယ်၊ အခုက စီးပွား ရေးတွေမကောင်းတော့ ဒီမှာအလုပ်လုပ်လည်း ထူးမယ်မထင်ဘူး” လို့ အသက်၂၂နှစ်အရွယ် မအင်ကြင်းကပြောတယ်။
ဒီအတွက်လည်း ဂျပန်စာ N4 ကို နှစ်ဦးစလုံး လေ့လာလို့ ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ-JLPT ဖြေဆိုကာ သတင်းစာပညာတော်သင်နဲ့ဖြစ်စေ၊ တခြားအလုပ်နဲ့ဖြစ်ဖြစ်စေ ခင်ပွန်းဖြစ်သူကို အရင်သွားစေပြီး သူကတော့ အမျိုးသမီး တွေ လုပ်ကိုင်လို့ရတဲ့ အလုပ်တစ်ခုခုနဲ့ နောက်ကနေလိုက်သွားမယ်လို့ စီစဉ်ထားကြောင်း ပြောပြတယ်။
” နှစ်ယောက်လုံး တစ်ခါတည်းသွားလို့လည်း မဖြစ်သေးတော့ သူအလုပ်လုပ်ပြီး ပိုက်ဆံပို့ နောက်မှ မိသားစုလိုက်သွားရင် ကောင်းမလားပေါ့။ ဒီမှာကျတော့လည်း အလုပ်ကရေရှည်မှာအဆင်ပြေမှာမဟုတ်ဘူး”လို့ မအင်ကြင်းက ပြောတယ်။
ဒါပေမယ့် JLPT- N4 စာမေးပွဲဖြေဆိုလိုသူအရမ်းများတာကြောင့် ဖောင်ရောင်းချမှုကို ရပ်ဆိုင်းပြီး အွန်လိုင်းကနေပဲ ရောင်း ချမှာဖြစ်တော့ သူတို့အနေနဲ့ရဖို့ လွယ်ပါ့မလားဆိုတာ တွေးပူမိတယ်လို့ ဆက်ပြောတယ်။
” N4 ဖြေမယ့်လူကအရမ်းကိုများတာဆိုတော့ လွယ်တော့မလွယ်ဘူး။ လာမယ့်နှစ်ထဲတောင်သွားလို့ လွယ်ပါ့မလားမသိ ဘူး” လို့ မအင်ကြင်းကပြောတယ်။
သူတို့ဇနီးမောင်နှံအနေနဲ့လည်း ပြည်တွင်းမှာ ရရာအလုပ်လုပ်ပြီး ဝင်ငွေရှာဖွေမယ်ဆိုရင်တောင် ဒီအခြေအနေကာလနဲ့ မိသားစုရေရှည်ရပ်တည်ဖို့ခက်မယ်လို့ ဆိုတယ်။
ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုဖို့လျှောက်လွှာတွေကို မန္တလေးနဲ့ရန်ကုန်တို့မှာရောင်းချရာ လာရောက် ဝယ် ယူသူတွေ အရမ်းများခဲ့တာကြောင့် လျှောက်လွှာရောင်းချတာကို ရပ်ဆိုင်းတဲ့အထိဖြစ်ခဲ့ရတယ်လို့ JLPT စာမေးပွဲ ကျင်းပ ရေးကော်မတီ ၊မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)ကထုတ်ပြန်ခဲ့တယ်။
မန္တလေးစာဖြေဌာနအတွက် လျှောက်လွှာစတင်ရောင်းချချိန်မှာ ဝယ်ယူသူတွေများပြီး လူစုလူဝေးဖြစ်ခဲ့တာကြောင့် ရပ်ဆိုင်း ခဲ့ရတဲ့အတွက် ရန်ကုန်စာဖြေဌာနမှာ လျှောက်လွှာရောင်းချမှုကို ရက်ခွဲပြီးရောင်းချမယ်လို့ ကြိုတင်ကြေငြာခဲ့ပေမယ့် စတင် ရောင်းချတဲ့နေမှာတင် လူဦးရေ ၅၀၀၀ ခန့် လာရောက်ဝယ်ယူပြီး ရုန်းရင်းဆန်ခတ်အခြေအနေထိဖြစ်ခဲ့ရတယ်။
ဒီအတွက်ကြောင့်လည်း အွန်လိုင်းစနစ်နဲ့ရောင်းချမယ်လို့ကြေငြာခဲ့ပြီး မူလသတ်မှတ်ထားတဲ့စောင်ရေထက် တိုးပြီးရောင်း ချမယ်လို့ MAJA ဆိုတယ်။
ပြည်တွင်းကလူငယ်လူရွယ်အများစုက ထိုင်း၊စင်္ကာပူ၊မလေးရှား၊ဂျပန်၊ကိုရီးယားနိုင်ငံတွေကိုအများဆုံး သွားရောက်ကြပြီး အာဆီယံ အလုပ်သမားဈေးကွက်မှာ မြန်မာနိုင်ငံက အလုပ်သမားဦးရေအများဆုံး သွားရောက်လုပ်ကိုင်နေတာပဲ ဖြစ်ပါ တယ်။
ပြည်ပနိုင်ငံထွက် အလုပ်လုပ်ကိုင်လိုသူတွေထဲ ဂျပန်ဘာသာသင်ယူပြီး ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုတဲ့ လူငယ်တွေ တစ်နေ့တစ်ခြား တိုးပွားနေသလို၊အများစုက သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စက်ရုံ၊ နည်း ပညာ၊ စိုက်ပျိုးမွေးမြူရေး စတဲ့အလုပ်အကိုင်တွေ လုပ်ကိုင်ကြတယ်။
ဂျပန်နိုင်ငံက အခြားနိုင်ငံတွေလို ကျွမ်းကျင် လုပ်သားအဆင့်မဟုတ်ဘဲ အလုပ်သင်အနေနဲ့ခေါ်ယူတာ ဂျပန်စာအခြေခံ N5, N4နဲ့ မွမ်းမံသင်တန်းတွေတတ်မြောက်သင်ယူပြီးတာနဲ့ သွားရောက်လုပ်ကိုင်နိုင်တာ၊ လူနေမှုစနစ်ကောင်းမွန်ပြီး အခြေခံဝင်ငွေလစာမှာလည်း ထိုင်း၊မလေးရှားတို့ထက် ကောင်းမွန်တာကြောင့် လူငယ်တွေ သွားရောက်လိုမှုများတာလို့ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ကြိုးပမ်းနေသူတွေကပြောပါတယ်။
” ဂျပန်နိုင်ငံက တခြားနိုင်ငံတွေထက်ထွက်ရတာ လွယ်ကူပြီး အခွင့်အလမ်းများလို့၊ သင်တန်းတက်၊ လိုအပ်ချက်တွေပြင် ဆင်ပြီး ပြည့်စုံတဲ့နေ့ အမြန်ဆုံးထွက်ခွာချင်ပါတယ်။” လို့ အသက်၂၃နှစ်အရွယ် မစုထက်(အမည်လွှဲ)က ပြောပါတယ်။
မစုထက်က မာကတ်တင်းဝန်ထမ်းအလုပ်ကနေထွက်ပြီး ဂျပန်နိုင်ငံသွားရောက်ဖို့ သင်တန်းတက်ရောက်နေသူပါ။
ပြည်တွင်းမှာ အလုပ်လုပ်ကိုင်နေပေမယ့်လည်း ကုန်ဈေးနှုန်းနဲ့ လူနေမှုစရိတ်တွေအစစအရာရာ ကြီးမြင့်လာချိန်မှာ လစာ နည်းပါးတာရယ်၊ တခြားအလုပ်အကိုင်အခွင့်အလမ်းတွေကလည်း ရှားပါးတာကြောင့် ပြည်ပထွက်အလုပ်လုပ်ပြီး မိသားစု ကိုထောက်ပံ့ချင်တာလို့ ဆိုတယ်။
” ပြင်ပနိုင်ငံထွက်လုပ်ချင်တာက အတွေ့ကြုံရအောင်ရယ်၊ နောက်ကိုယ့်နိုင်ငံထက် အခွင့်လမ်းပိုများလို့၊ နောက်ရည်ရွယ် ချက်က ဖေဖေ့ကိုနားစေချင်တာရယ် မောင်လေးကိုလဲ ကောင်းကောင်းထောက်ပံ့ ပေးချင်တာကြောင့်ပါ”လို့ မစုထက်က ပြောတယ်။
လက်ရှိမှာတော့ ဂျပန်ဘာသာသင်တန်းတက်ရောက်ကာ စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေပြီး အလုပ်လျှောက်မယ့် အချိန်ကျ မှပဲ ကိုယ်စိတ်ဝင်စားမှုအပေါ် မူတည်ပြီးအလုပ်အကိုင်ရွေးချယ်သွားမယ်လို့ ဆက်ပြောတယ်။
ဒါ့အပြင်ဂျပန်နိုင်ငံမှာ အမျိုးသမီးတွေလုပ်ကိုင်နိုင်တဲ့ အခြေအနေတွေကိုလည်း လေ့လာထားပြီး အလုပ်တစ်ခုချင်းစီက ကောင်းကျိုး ဆိုးကျိုးတွေ ရှိတာကြောင့် စိတ်ကိုပြင်ဆင်ပြီး ကြိုးစားလုပ်ကိုင်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ဆိုတယ်။
” ဒီမှာ ၁၀ တန်းပြီးကတည်းက လုပ်လာတာ လက်ရှိအချိန်ထိ ဘာမှပြောင်းလဲသွားတာမရှိဘူး။ အဲဒါကြောင့် အချိန်ကုန်ခံ ငွေကုန်ခံစွန့်စားပြီး သင်တန်းလာတက်နေတာ သင်တန်းတက်နေတဲ့ကာလကတော့ အလုပ်အကိုင် မရှိတော့ဝင်ငွေမရှိဘူး ပေါ့ ။ ဒါကြောင့်အမြန်ဆုံးသွားနိုင်ဖို့ကြိုးစားနေတယ်”လို့ မစုထက်ကပြောတယ်။
မအင်ကြင်းနဲ့မစုထက်တို့လိုပဲ အလုပ်အကိုင်ရှားပါးတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါများပြီး မြန်မာလုပ်သား တွေ အများအပြားရှိတဲ့ ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေသူက မနေခြည်(အမည်လွှဲပါ)။
အာဏာမသိမ်းခင်အချိန်ကာလတွေက မီဒီယာလုပ်ငန်းနဲ့ဆက်နွှယ်တဲ့ ကုမ္ပဏီကြီးမှာ လုပ်ကိုင်ခဲ့ရာကနေ အာဏာသိမ်း ပြီးနောက်မှာ သူလည်းအလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။ကြားကာလမှာ အလုပ်သစ်ရှာဖွေခဲ့ပေမယ့် အဆင်မပြေခဲ့။
” အလုပ်အကိုင်တွေလည်း မကောင်းတော့ဘူး၊ လုပ်ရင်လည်း အလုပ်သစ်ပြန်စရမှာဆိုတော့ အပြင်ထွက်ဖို့ အခွင့်အလမ်း လေးလည်းပေါ်လာတာနဲ့ စိတ်ထဲမှာ ထွက်ချင်လာတာနဲ့ထွက်လာလိုက်တာ”လို့ မနေခြည်က ပြောတယ်။
ပြည်ပနိုင်ငံကို သွားရောက်ပြီး အလုပ်လုပ်ဖို့ ပြင်ဆင်တုန်းက ဂျပန်နိုင်ငံကို သွားရောက်ဖို့ စဉ်းစားခဲ့ပေမယ့် အဆင်မပြေခဲ့ တဲ့အတွက် ထိုင်းနိုင်ငံမှာပဲ လုပ်ကိုင်ဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်စည်းကမ်းချက်တွေဖြေလျော့ခဲ့ပြီးနောက် ပြည်ပလုပ်သားခေါ်ယူမှုကို တရားဝင်ပြန်ဖွင့်ပေးခဲ့ကာ မြန်မာနဲ့ ထိုင်းနိုင်ငံကြား နှစ်နိုင်ငံနားလည်မှုအစီအစဉ် (MoU)နဲ့ မြန်မာအလုပ်သမားတစ်သိန်းကျော်ကို စေလွှတ်ခဲ့ပါတယ်။
မနေခြည်လည်း ပြီးခဲ့တဲ့ဒီဇင်ဘာကတည်းက အလုပ်သမားဝန်ကြီးဌာနအသိအမှတ်ပြု အေဂျင်စီတစ်ခုနဲ့ ချိတ်ဆက်ပြီး ထိုင်းနိုင်ငံက စက်ရုံတွေမှာလုပ်ဖို့ အလုပ်လျှောက်တာတွေလုပ်ခဲ့တယ်။ အလုပ်ရခဲ့ပေမယ့်လည်း မြဝတီနယ်စပ်လမ်း ကြောင်း အခြေအနေတွေကြောင့် မေလမှသွားခွင့်ရခဲ့တယ်။
” စက်ရုံကလည်း ထိုင်းဘက်ဆိုပေမယ့် သူဌေးကဂျပန်ဆိုတော့ အလုပ်သမားတွေပေါ်ကြည့်တယ်။ ကောင်းတဲ့အချက်များ တာနဲ့ ထွက်လာလိုက်တာ၊ မသွားခင်အချိန်လေးပဲ ဟိုနေ့လိုလိုဒီနေ့လိုလိုနဲ့ ဒီရောက်တော့လည်း အဆင်ပြေတယ်” လို့ မနေခြည်က ပြောတယ်။
သူအလုပ်လုပ်တဲ့စက်ရုံက နေစားစရိတ်ငြိမ်းဖြစ်တဲ့အပြင်၊အချိန်ပိုကြေး၊ ရက်မှန်ကြေးတွေပါရရှိတဲ့အတွက် လက်ရှိမှာတော့ အဆင်ပြေတယ်လို့ဆိုတယ်။
လက်တလောမှာတော့ ထိုင်းနိုင်ငံမှာပဲ ကာလတစ်ခုထိလုပ်ကိုင်ပြီး ငွေကြေးအတော်အသင့် စုဆောင်းမိရင်တော့ မူလ ရည် မှန်းထားတဲ့ ဂျပန်နိုင်ငံသွားဖို့ ဆက်ကြိုးပမ်းမယ်လို့ဆိုတယ်။ ဒီအတွက်လည်း ဂျပန်စာလေ့လာတာတွေ လုပ်နေတယ်လို့ ဆက်ပြောတယ်။
အာဏာသိမ်းပြီးနောက်မှာ ကျဆင်းလာတဲ့ စီးပွားရေးအခြေအနေက အဆိုးရွားဆုံးအခြေအနေထိရောက်ရှိနေပြီး ဘဏ် အကျပ်အတည်းကြုံရတာ၊ စက်သုံးဆီ၊ဒေါ်လာဈေး ၊ရွှေဈေးတွေက စံချိန်တင်မြင့်လာတာ၊ လူသုံးကုန်နဲ့ မီးဖိုးချောင်သုံး ပစ္စည်းတွေကအစ ဈေးနှုန်းတက်တဲ့ဒဏ်တွေကြောင့် လုံးပါးပါးနေတဲ့ ပြည်သူတွေအတွက် နိုင်ငံခြားထွက် အလုပ်လုပ် ငွေရှာဖို့ဆိုတာ ကောက်ရိုးတစ်မျှင်ပါ။
အသက် ၃၈နှစ်အရွယ်မရွှေရွှေ (အမည်လွှဲ)က ” ကုန်ဈေးနှုန်းတွေတက်နေတော့ ဈေးရောင်းမကောင်းဘူး ၊အဲ့ဒါကြောင့် နိုင်ငံခြားထွက်မှပဲဖြစ်မယ်ဆိုပြီး ကြံမိကြံရာကြံလိုက်တာ” လို့ ပြောပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနဝန်ထမ်းဖြစ်ခဲ့တဲ့ မရွှေရွှေက အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့ ပါတယ်။ ပုံမှန်ဝင်ငွေရနေတဲ့ ဝန်ထမ်းဘဝကနေ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဘဝရပ်တည်ရေးအတွက် ရပ်ကွက်ထဲ ပန်းရောင်းတာ၊ ရာသီပေါ်အသီးအနှံနဲ့ အသုတ်စုံ ရောင်းချတာတွေလုပ်ကိုင်ပြီး အသက်မွေး ဝမ်းကြောင်းခဲ့တယ်။
အစပိုင်းမှာ အဆင်ပြေနေပေမယ့် ကုန်ဈေးနှုန်းတွေတက်၊ လူတွေစီးပွားရေး ကျပ်တည်းလာတဲ့အခါ သူလည်း ဈေးရောင်း မကောင်းသလို အရင်းပြုတ်တဲ့နေ့တွေ ကြုံလာရတယ်။ ဈေးသည်ဘဝခက်ခဲလာသလို ဝန်ထမ်းဘဝလည်း ပြန်သွားဖို့ မလွယ်ကူတော့တာကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ရွေးချယ်လိုက်တာလို့ ဆိုတယ်။
ဒါပေမယ့် သာမန်အတန်းပညာသာရှိတဲ့ သူ့အတွက် ပြည်ပထွက်အလုပ်လုပ်ဖို့ဆိုတာ စွန့်စားမှုတစ်ခုဖြစ်ပြီး ပညာကျွမ်း ကျင်မှုရော ငွေအားရောမရှိဘူးလို့ ဆက်ပြောတယ်။
” ဂျပန်တော့မတတ်နိုင်ဘူး။ အကြွေးရမယ့်နေရာရှာနေတာ ထိုင်း ၊မလေး၊စင်ကာပူဖြစ်ဖြစ်ပေါ့။ ဟိုရောက်မှတစ်မျိုး ပြန်လှုပ် ရှားမယ်လေ” လို့ မရွှေရွှေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် လူငယ်လူရွယ်တွေ အရင်ကထက် နိုင်ငံခြားပိုထွက်လာတာက နိုင်ငံရေးမတည်ငြိမ်တဲ့အတွက် အသက်ဘဝလုံခြုံမှုကို အာမမခံနိုင်တာ၊စီးပွားရေး ရေခံမြေခံမကောင်းတာ၊ အခြေခံလူတန်းစားတွေအတွက် ဝမ်းဝစေတဲ့ အလုပ်အကိုင်မရှိတော့တာတွေကြောင့် ပြည်ပထွက်အလုပ်လုပ်တဲ့ လမ်းကိုရွေးချယ်လာကြတာလို့ ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားအရေးလုပ်ဆောင်ပေးနေသူတစ်ဦးကပြောပါတယ်။
” မြန်မာနိုင်ငံမှာ အခြေခံလူတန်းစားတွေအတွက် ထမင်းဝဝလင်လင် စားရနိုင်တဲ့အလုပ်မရှိတာ ရှိလာနိုင်စရာလဲမရှိတော့ ဘူး။ မိမိဘဝနဲ့သားသမီးတွေ ပညာတတ်မြောက်ရေး၊ မိသားစုထမင်းဝဝစားနိုင်ရေးနဲ့ ပညာရေးနဲ့နည်းပညာတွေက နိုင်ငံ ခြားမှာသာ ရနိုင်တော့တာကြောင့်”လို့ သူကပြောတယ်။
ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ဘယ်လိုနည်းလမ်းနဲ့မဆို ထွက်ခွာတဲ့ သူတွေအနေနဲ့ မထွက်ခွာခင်မှာ သံရုံးဖုန်းနံ ပါတ်တွေ အမှန်တကယ်ကူညီနေတဲ့ အလုပ်သမားအသင်းအဖွဲ့ဖုန်းနံပါတ်တွေနဲ့ မိမိကိုစေလွှတ်မယ့် ကုမ္ပဏီ၊အေဂျင်စီ ဖုန်းတွေကို မှတ်ယူသွားဖို့လိုတယ်လို့ဆိုတယ်။
ပြည်ပနိုင်ငံရောက်တဲ့အခါမှာလည်း ကိုယ်နေထိုင်လုပ်ကိုင်တဲ့နိုင်ငံက နိုင်ငံသားတွေ နေထိုင်စားသောက်မှု ပြောဆိုဆက်ဆံ မှုတွေနဲ့ ဝတ်စားဆင်ယင်မှုတွေကို နမူနာပြုပြီး အံဝင်ခွင်ကျ ဖြစ်အောင်နေတက်ဖို့လိုသလို သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာ စကားကို မဖြစ်မနေတက်အောင် ကြိုးစားပြီးသင်ယူဖို့ လိုတယ်လို့ ဆက်ပြောတယ်။
မိသားစုနဲ့ခွဲခွာပြီး ပြည်ပနိုင်ငံမှာ အခက်အခဲဒုက္ခတွေခါးဆီးခံကာ ပင်ပင်ပန်းပန်းလုပ်ကိုင်ရတဲ့အတွက် နေရပ်ပြန်ချိန်မှာ အရင်းအနှီး၊နည်းပညာ၊ အဆက်အသွယ်ထဲက အနည်းဆုံးတစ်ခုတော့ ရအောင်ယူလာဖို့ မှာချင်တယ်လို့ ဆိုတယ်။
” အလုပ်အကိုင်ရ နေသားတကျဖြစ်ပြီး ပုံမှန်ဝင်ငွေတွေရပြီးနောက် မိသားစုအတွက် ပိုက်ဆံပို့သလို မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်လာသမျှဘေးဒုက္ခတွေကိုလည်း တတ်နိုင်သမျှကူညီသင့်ပါတယ်”လို့ ယင်းက ပြောပါတယ်။
လက်ရှိမှာနိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေကြောင့် ပြည်ပနိုင်ငံတွေမှာ စီးပွားရှာဖွေဖို့သွားတဲ့ လူငယ်တွေ အများအပြား ရှိလာချိန်မှာ မိသားစုအတွက် ဝင်ငွေရှာဖွေဖို့မှန်ပေမယ့် ကြုံရမယ့်အခြေအနေ အဆိုးအကောင်းတွေကို ချင့်ချိန်သင့်သလို မှန်ကန်တဲ့ အချိတ်အဆက်ရှိဖို့လည်းသတိပြုသင့်တယ်လို့ ပြည်ပထွက် အလုပ်လုပ်လိုသူတွေက ဆိုပါတယ်။
ကိုယ့်အရပ်ဒေသမှာ ရှာဖွေစားသောက်ဖို့ အဆင်မပြေတာကြောင့် အခြားနိုင်ငံကိုထွက်လာပေမယ့်ကိုယ့်နိုင်ငံမှာ ဖြစ်ပျက် နေတဲ့အခြေအနေတွေကိုတော့ မေ့မသွားသင့်ဘဲ နိုင်ငံအကောင်းဘက် ပြန်လည်ရောက်ရှိအောင် တော်လှန်ရေးမှာ တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ထောက်ပံ့စေချင်တယ်လို့ မနေခြည်က ယခုလိုဆိုတယ်။
” နိုင်ငံကအခြေအနေဆိုးတော့ နိုင်ငံကိုလည်း ပြန်ကြည့်ပေးဖို့ မေတ္တာရပ်ခံချင်တယ်။ ငွေအားတတ်နိုင်ရင် ငွေအားမဟုတ် လည်းအချိန်လေးနည်းနည်းပေးပြီး ယူကျု့ကြည့်တာ၊ ကလစ်တာတွေလုပ်ပေးစေချင်တယ်”