အိမ်ရှင်မနဲ့သတင်းအချက်အလက်
စားသောက်ကုန်ဈေးနှုန်းတက်တိုင်း ဘာကြောင့်တက်ရတယ်ဆိုတဲ့ သတင်းအချက်အလက်ကိုတော့ ဈေးထဲမှာ ကပ်ထားရင်ကောင်းမှာပဲဟု တရာ့ကိုးဇင်တွေးလေသည်။
ထိုသို့တွေးရခြင်းမှာ ပြဿနာကိုမီးထွန်းရှာသလို ဖြစ်မဖြစ်ကားမသိ။ သိရမှပင်ပိုလို့များ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေ တိုးလာကြလေမလား။
မည်သို့ဖြစ်စေ တရာ့ကိုးဇင်ကား သံသရာကြီးတွင် လူဖြစ်ရသခိုက်ဈေးခြင်းဆွဲ၍ ဈေးဝယ်ရသော ဘဝမှ လွတ် ကင်းရပါစေလို၏ဟု ဆုတောင်းရှာလေသည်။ သို့သော်ဆုတောင်းကားမပြည့်ရှာ။
တရာ့ကိုးဇင်၏ဈေးကား ဆရာဇော်ဂျီ၏ပုဂံဈေးလို ရှိ၍မရှိသူ မရှိ၍ရှိသူများကို တွေ့မြင်ရမလား ရှာသော်မော ရချိမ့်။
လောဘ မောဟ သောကတို့၏ အစုအပုံကားဈေးအနီးမှ ဧရာမအမှိုက်ပုံလိုပင်နံစော်လျှက်။
မိုးမရွာပါပဲ ငါးပုဇွန်တို့ကို ပက်ဖြန်းထားသဖြင့် ရေအစက်စက်ကျကာ ဈေးဆိုင်တို့ကြား လမ်းကျဉ်းကျဉ်း ကလေးကား ရွှံ့ရေစီးကျလျက် ဘိနပ်ကို မြဲမြဲကုပ်နိုင်အောင် အားခဲထားရသည်။ ထိုသို့လူသွားလမ်းပေါ် စီးကျလျက် ခြေချော်လဲမည့်အန္တရာယ်အတွက် ကာကွယ်တားဆီးပေးမည့်သူလည်း မရှိရကား ဖွားဖွားဇင်မှာ ကိုယ် ဖြစ်ကိုယ်ခံ နှလုံးသွင်းရင်း မလဲပြိုရန် အားတင်းရရှာလေသည်။
ငါးပုဇွန်တို့ကား ဈေးတန်းတွင် မျက်နှာပွင့်လန်းကြပါ၏။
သို့သော်ပုဇွန်ကျော့တပိသာကလည်း ကျပ်တသောင်း၊ တသောင်းနှစ်ထောင်မို့တဆယ်သား၊ ဆယ့်ငါးကျပ်သားဆိုလျှင် အလေးမပြည့်တာနှင့် ဆယ်ကောင်ပင်ရဖို့ ခဲယဉ်းရာ သူလည်းပုဇွန်ထုပ်ကွေးကြီးတွေလို ဟန်မာန်ချီလျက်သာတည်း။
ယခင်လေးငါးနှစ်ခန့်က အစိတ်သားကျပ်(၅၀၀)နှင့် သားအမိနှစ်ယောက် ညမနက်စာရလေသော ငါးဘဲလေး များပင် ကျပ်တထောင်၊ တထောင့်ငါးရာဖိုးဝယ်မှ ဆယ့်ငါးကျပ်သား ရတော့၏။ ငါးမြစ်ချင်း(၇၀၀၀)ဈေးမို့ ချိန်ပါ ဆိုလျှင် အသင့်ပိုင်းဖြတ်ပြီး
ငါးတပိုင်းကို ဒီဂျစ်တယ်ကတ္တားလေးပေါ်ပစ်တင်လိုက်ကာ (၃၅)ကျပ်သား (၄၀) ကျပ်သား ညွှန်ပြလျက်
(၂၀၀၀)ကျပ်ဖိုး၊ (၂၄၀၀)ကျပ်ဖိုးမှ မယူနိုင်လျှင် ဈေးသည်၏အဟောက်ကို ခံရမည် မှာမလွဲတည်း။ ဈေးကွက်ထဲတွင်
ကျပ်တထောင်တန်ကား မျက်နှာအမွဲဆုံးဖြစ်လျက် ငါးတပိုင်းကို ကိုင်ကာ တထောင်ဖိုးထည့်ပါရှင်ဟု
မဝံ့မရဲဆိုရရှာသော အိမ်ရှင်မတို့ကို မြင်ရတိုင်း တရာ့ကိုးဇင်ရင်ထဲမှာ ဟာရပါ၏။
ကြက်သားဝက်သား ဘယ်အသားဖြစ်ဖြစ် အနီရောင်အသားတွေက တပိသာကျပ်တသောင်းအောက်မှာမရှိ။
အလေးပြည့်မပြည့်ကား မပြောရဲကြရှာပါပေ။
ဈေးသည်တချို့၏လက်မှ ဒါးတို့က ထက်လှပေသကိုး။ တချို့က တော့ ပြူပြူငြာငြာပိုပေးပါတယ်ဆိုပြီး အဆစ်ထည့်လိုက်ရာ
အဆစ်ပါမှသာ အလေးပြည့်လေမလား တွေးစရာ။ သို့ဆိုလျှင် အခြားအသားသည်ငါးသည်ချိန်တွယ်ရောင်းချသော မီးဖိုချောင်စားစရာသီးနှံတို့ ငါးခြောက်ငါးခြမ်း သည်တို့ကိုရောပြောရဲကြပါသလားဆိုတော့ တရာ့ကိုးဇင်အပါအဝင် နေ့စဉ်ဈေးသွားနေကြရသော ကွန်ဇူးမာ ခေါ်စားသုံးသူအိမ်ရှင်မများကားပါးစပ်ပင်မဟရဲရှာပေ။ သည်တသည် အလေးမပြည့်ဘူးထင်လျှင် တသည် ပြောင်း၊ ပြောင်းရင်းနှင့်ပင်တဈေးလုံးကုန်ရကား ထိုသို့သောကံကြမ္မာကို ဘယ်သူလာလို့ ကူပါ့မယ်တွေးဆ၍ မရပါပေ။
တခါသော် တရာ့ကိုးဇင်တို့၏ လွှတ်တော်ကိုယ်စားလှယ်ကြီးတယောက်ကအလေးတင်းတောင်းပြည့်ရေး ဆွေး နွေးသည်တော့ ကြားလိုက်ပါ၏။
ကြားစက ဝမ်းသာအားတက်ရမလိုဖြစ်သော်လည်းဈေးများထဲတွင် ဒီဂျစ်တယ်ကတ္တားအလေးဖြစ်ဖြစ်၊ ရိုးရာချိန် ခွင်ဖြစ်ဖြစ်၊
မည်သည့်အလေးကို စံနှုန်းသတ်မှတ်လျက် ရောင်းဝယ်ဖောက်ကားနေကြောင်း မသိရပဲ ဈေး တာဝန်ခံရုံးကို
သွားတိုင်လျှင်လည်း နေ့စဉ်သာ တိုင်ရမလိုဖြစ်လျက်ရှိလေရာ အိမ်ရှင်မများမှာ ဈေးသည်ကိုချိုချိုသာသာဆက်ဆံလျက်
နည်းနည်းလေးတော့ထည့်ပါဦးနှင့်သာ နှစ်သိမ့်ရလေသည်။
ဈေးဆိုသည်မှာလည်း လဆန်းရက်လစာထုတ်ရက်များမှလွဲ၍မစည်ကားအပ်သောအရပ်ဖြစ်သည်မှာ ကြာ ချေပြီ။
ဈေးသည်တို့သည်လည်း တက်ဈေးကိုရောင်းပါလျက် အရောင်းပါးသည်ဟုညဉ်းညူလျှက်။
သူတို့ကိုယ်တိုင်သည်ပင် ကိုယ်ရောင်းသောကုန်စည်မဟုတ်သည့်
အခြားကုန်စည်ပစ္စည်းတို့ကို စားသုံးနေကြ သူများဖြစ်ရာ ရောင်းသူနှင့် ဝယ်သူကြား မျှတသော
ကုန်သွယ်စီးပွားမူဝါဒများ ချမှတ်သင့်နေပြီဟု အဘယ် ကြောင့် မတွေးကြပါသနည်း။ သူတို့လည်း
ကလေးတွေကျောင်းအပ်ရာသီမို့ သားတွေသမီးတွေ လိုအပ်ချက် ဖြည့်ဖို့အရေးကြောင့် အလေးမှန်မမှန်တောင်
ဂရုမစိုက်နိုင်ကြတာပါဟု ဆိုလာနိုင်သလို သည်အရင်ကတော့ လည်း စုမဲကြောင့် ခေါင်းနောက်နေလို့
ယောင်ယမ်းချိန်မိတာလည်း ဖြစ်နိုင်ပါသည်လေ။
နိုင်ငံတော်အတိုင်ပင်ခံက အနယ်နယ်သို့လှည့်လည်ဆုံသောအခါ အဘယ်ကြောင့် နေ့စဉ်ဈေးထဲမှာ တဝဲ၀ဲ လည်ကာ အလေးပြည့်ရေး သင့်တော်သည့်ဈေးနှုန်းနှင့်ဝယ်ယူရရှိရေး ဈေးတက်လျှင်လည်း မည်သည့်အတွက် ကြောင့်တက်ရသနည်း၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂက်စ်တို့ တက်ခြင်းကျခြင်းအလျှောက် ကုန်ဈေးနှုန်း တက်ရသည် ဆိုလျှင်လည်း သယ်ပို့ခနှင့်
တက်လာသောကုန်စည်ပေါက်ဈေးတို့ အချိုးညီမညီ စစ်ဆေးပေးပါရန် အိမ်ရှင်မတို့ တောင်းဆိုကြသည်ကို
မတွေ့ရချေတကား။
သြော် တရာ့ကိုးဇင်ရယ်၊ တခါက နိုင်ငံတော်အတိုင်ပင်ခံရဲ့ဖိတ်ကြားခံရတဲ့အထဲပါတဲ့ စာရေးဆရာမတယောက်
အနေနဲ့ ပြောခဲ့ပါတော့လားဟုဆိုလျှင် တရာ့ကိုးဇင်ကား ပီတိတွေဖုံးကာ လုံးလုံးကြီးမေ့ခဲ့ရှာလေသလား မသိပါ ပေ။
တရာ့ကိုးဇင်တစုံတရာပြောမည်ကြံခိုက်တဝိုင်းထဲက ဆရာတယောက်က ဆရာဇော်ဂျီ၏ဗေဒါလမ်း ကဗျာ တပုဒ်ကို အသေအချာလေသံအနိမ့်အမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံကို ဂုဏ်ပြုရွတ်ဆိုပြရာ တရာ့ကိုးဇင်တို့မှာ ဂုဏ်ယူဝမ်းမြောက်ပိတိတွေ
ဖုံးခဲ့ရပြန်ချေသတည်း။
ယခုမှသာ နိုင်ငံတော်ပြည်အရေးတွင်နေ့စဉ်လှုပ်ရှားရုန်းကန်ဈေးဝယ်နေကြသော အိမ်ရှင်မများအရေးကို တင်ပြလာဟန်မှာ တချိန်ချိန်တွင်စည်ပင်သာယာရေးကော်မတီ အရွေးခံလို၍ပင်လား အထင်မှားဖွယ်ရာတည်း။ သို့သော်တရာ့ကိုးဇင်ကား
နောက်ခံအားမရှိသူမို့ သူလိုကြောင်တောင်တောင် ယောင်ယောင်တောင်တောင် ဇင်ကို ဘယ်သူမှယောင်မှား
မဲမထည့်မှာတော့ သိရှာသားပင်။
နေ့စဉ် ဈေးတဈေးရဲ့ တက်ဈေးကျဈေးတွေက အလုပ်သမားလူတန်းစား ပင်စင်စား ဘိုးဘိုးဘွားဘွားတို့ကို နည်းနည်းလေးမှ စောင်းငဲ့ကြည့်ပုံမရပါ့လားလို့ ဆိုဟန်ပြင်လျှင် ပင်စင်လစာတိုးတာ
ဘာကြာသေးလိုလဲ၊
လုပ်ခ လစာတွေလည်း တိုးပြီးသားပဲလေ၊ အနိမ့်ဆုံးလုပ်ခ ကျပ် (၄၈၀၀) တောင်ရနေမင့်ဟာဟု
ဆိုလေမလားမသိပါ။
အဲသည်တိုးထားသည့်ကာလထက် တနေ့တခြားတက်နေသောဈေးနှုန်းတွေကို သိနိုင်ဖို့ မိုးနတ်မင်းကြီး သင်္ကြန်မှာ လူ့ပြည်ဆင်း စနည်းနာသလို တာဝတိံသာကပုဂ္ဂိုလ်တွေ ဈေးဆိုတာတွေထဲ နတ်ဝတ်နတ်စား မပါ ပကတိဝတ်စုံနှင့် တခါတလေလှည့်လည်စေချင်မိပါဘိ။
ဇွန်လပထမပတ်မှာ ကလေးတွေကျောင်းအပ်နေကြတော့ကလေးတို့ မေမေတွေ မိုးကာဖိုး၊ ကျောပိုးအိတ်ဖိုး၊ ကျောင်းကားဖိုး၊ စတာတွေအပြင် ဟိုကျောင်းကသည်ကျောင်းပြောင်းဖို့ သန်းခေါင်စာရင်းပြောင်းရတာ ဘယ် လောက်ဆိုလား ဟိုအရေးသည်အရေး
ကလေးတွေအရေးက ပိုအရေးကြီးနေတော့ပြောမနေပါနဲ့တော့ တရာ့ ကိုးဇင်ရယ်၊ ရှင်ပြောလို့ ဈေးတွေ ဘာကြောင့်တက်ရတယ်သိခါမှ သတင်းအချက်အလက်နဲ့ နည်းပညာ အတွက် ပိုဈေးတက်နေပါဦးမယ်၊ ရှင့်ဖာသာ ဖေ့ဘုတ်ကလေးထဲရေးပြီး
အေးအေးနေစမ်းပါ၊ဟိုအရေးသည် အရေး ဘဇာမှအရေးမပါတဲ့ ရှင့်အသံကြောင့် မတော် ၆၆(ဃ)ကြားသွားပါဦးမယ် ဆိုလာလေမလား မသိပါ။သည်တော့လည်း တရာ့ကိုးဇင်ခမျာအသံပင်မထွက်ရဲရှာတော့ချေတကား။
ခင်မြဇင်
၄.၆.၂၀၁၉





