Home ဆောင်းပါး ကိုဗစ်ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ခဲ့တဲ့ အမျိုးသမီးတွေ

ကိုဗစ်ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ခဲ့တဲ့ အမျိုးသမီးတွေ

နွေဦးမောင်။ ။

ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ ရှေ့လမ်းမထက်မှာ အစိမ်းရောင်နဲ့ အပြာရောင်အိုးတန်းရှည်ကြီးကို မြင်တွေ့ရ တယ်။ အိုးပိုင်ရှင်တွေကတော့ တန်းစီချထားတဲ့ အိုးတန်းရှည်တွေရဲ့ မလှမ်းမကမ်း ပလက်ဖောင်းပေါ်ထိုင်သူထိုင် လမ်းမ ထက်ရပ်သူရပ်နဲ့ သင့်သလိုနေကြရပါတယ်။

ပိုင်ရှင်တွေကိုယ်စား နေရာယူထားကြတဲ့ ဘီးတပ်အောက်ဆီဂျင်အိုးလေးတွေဟာ အချိန်နဲ့အမျှ ကျောင်းပေါက်ဝဆီ ချဉ်း ကပ်သွားကြပါတယ်။ တစ်ယောက်တစ်လှည့်မို့ ကိုယ့်အလှည့်ရောက်လာနိုးနိုး မျှော်ကိုးရင်းနဲ့ အိုးတွေကို ရှေ့ဆင့် နောက်ဆင့်တန်းစီထားကြရတာပါ။

အများနည်းတူ တန်းစီစောင့်ဆိုင်းရင်း အချိန် ၃ နာရီသာကျော်သွားတယ်။ မဂျူးအဖို့ အလှည့်ကျမလာခဲ့ဘူး။ ဘာလို့ဆို အိုးတွေထဲဖြည့်ပေးနိုင်တဲ့ အောက်ဆီဂျင်ပမာဏ ကုန်သွားလို့ပါ။ လိုအပ်နေတဲ့အောက်ဆီဂျင်တွေ ရလိမ့်နိုးနဲ့ နေ့လယ် ၁၂ နာရီထဲကတန်းစီလာခဲ့တာ ညနေ ၃ နာရီကျော်လို့ သူ့အလှည့်မရောက်သေးခင်မှာပဲ ဒီနေ့အဖို့ အောက်ဆီဂျင်မရတော့ ဘူးဆိုတာ သိရတယ်။

မဂျူးလိုပဲ လူကြားထဲတိုးဝှေ့ပင်ပန်းဆင်းရဲခံပြီး အောက်ဆီဂျင်ရဖို့ တန်းစီကြရတာဟာ ဒေသတိုင်းလိုလိုဖြစ် ပွားနေပါတယ်။ အောက်ဆီဂျင်အိုးတွေဆိုတာ ကိုဗစ် လူနာတွေအသက်ဝဝရှူနိုင်ဖို့ မရှိမဖြစ်ပါပဲ။ ခုလည်း မဂျူးက ဦးလေးဖြစ်သူအတွက် အောက်ဆီဂျင်အိုး လာတန်းစီနေတာပါ။

သူ့ဦးလေးက တစ်နေ့ကို အောက်ဆီဂျင်ပမာဏ ၇၀ လီတာလောက် လိုအပ်တဲ့သူပါ။ အောက်ဆီဂျင်ပြတ်သွားတာနဲ့ သွေးတွင်းအောက်ဆီဂျင်က ၁၅/၂၀ လောက်ထိကျတတ်ပါတယ်။ မဂျူးကိုယ်တိုင် ကိုဗစ်ဖြစ်တုန်းကတော့ အောက်ဆီ ဂျင်အိုး မလိုအပ်ခဲ့ပါဘူး။

စစ်ကိုင်းတိုင်း ကလေးမြို့ဆိုတာ မြန်မာပြည်မှာ ပထမဆုံးကိုဗစ်လူနာစတင်တွေ့ရှိခဲ့တဲ့ ဒေသတစ်ခုပါ။ အခု ကိုဗစ်တတိယ လှိုင်းရောက်လာတော့လည်း ဒီမြို့လေးမှာ ကူးစက်ခံရသူ အများအပြားရှိခဲ့ပြန်ပါတယ်။

ကူးစက်ခံရသူတွေထဲ ကလေးတစ်ယောက်အမေဖြစ်တဲ့ မဂျူးလည်း ပါဝင်ခဲ့ပါတယ်။ ဇူလိုင်၃ရက်နေ့ဟာ မဂျူးအဖို့ အမှတ် ရနေမယ့် ဘဝနေ့စွဲတစ်ခုပါ။ ဘာကြောင့်လဲဆိုတာ သူ့မှာ ကိုဗစ်ရောဂါကူးစက်ခံထားရတာကို အဲဒီနေ့ကစပြီး သိခဲ့ရလို့ပါပဲ။

သူ့မှာ တစ်နှစ်နဲ့လေးလသားအရွယ် သားလေးတစ်ယောက်လည်း ရှိပါတယ်။ အဲသည်နေ့က ကလေးကို သူ့အဘွား (မဂျူးရဲ့အမေ) နဲ့ ထားခဲ့ပြီး သားအဖနှစ်ယောက် ဆေးခန်းသွားပြ ဖြစ်တယ်။

” ဆေးစစ်တော့ ဖေဖေလိုက်ပို့တယ်။ ကိုယ်ဖြစ်နေတာ ဒီ(ကိုဗစ်)လက္ခဏာနဲ့ တူတယ်။ ရတဲ့အဖြေပေါ် စိတ်ခိုင်ခိုင်မာမာ ထားရမယ်လို့ လမ်းမှာ မှာတယ်”လို့ မဂျူးက ပြောပါတယ်။

Text Kid နဲ့စစ်တဲ့အဖြေဟာလည်း သူတို့သားအဖ တွေးထင်ခဲ့သလို ပိုးတွေ့(Positive)အဖြေ ထွက်ခဲ့ပါတယ်။ အဖြေသိ သိချင်း မဂျူးခေါင်းထဲ မူးခနဲမိုက်ခနဲ ဖြစ်သွားတယ်။ အဆိုးဆုံးကိုကြိုတွေးထားပေမဲ့ လူမမယ်ကလေးတစ်ဦးရဲ့ မိခင် ဖြစ်နေတာကြောင့် စိတ်ပူသွားတယ်။

“ခေါင်းတွေမူးပြီး ထတောင်မထနိုင်လို့ ဒေါက်တာအိမ်က Dream Bed မှာ ခဏနားခဲ့ရသေးတယ်”

တစ်ကယ်တော့ မဂျူးဟာ စဖျားတဲ့နေ့ကတည်းက ခေါင်းတွေ ကိုက်နေခဲ့တာပါ။ဇွန်လ ၂၈ ရက်မှာကတည်းကမဂျူး စပြီး ဖျားပါတယ်။ ခေါင်းတွေကိုက်တာကလည်း တအားပဲ။ ခေါင်းကို မထူချင်ဘူးလို့ သူက ဆိုတယ်။

ဒါပေမယ့် နို့စို့အရွယ်သားလေးရှိနေတော့ နေမကောင်းလည်း ကလေးကိုတော့ နို့ချိုတိုက်ရသေးတယ်။ နို့တိုက်တဲ့အချိန် Mask တပ်ထားတယ်။ ပြောမယ်ဆို ခါတိုင်းလိုတော့ဏခဏ နို့မတိုက်နိုင်တော့ဘူး။ မနက်တစ်ကြိမ် ညတစ်ကြိမ်ပဲ တိုက်တော့တယ်။ နေ့ဘက်တွေ သူ့အဖေကြီးအမေကြီးတွေလက်ထဲ ကလေးကိုအပ်ပြီး မဂျူးကတော့ အခန်းထဲသီးသန့် နေတယ်။ ညဘက်ရောက်မှ ကလေးကိုအခန်းထဲခေါ်သိပ်တယ်။ အိပ်ချိန်မှာလည်း မဂျူးတစ်ယောက် Mask တပ်ပြီးပဲ အိပ် တယ်။

သူက ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ခေါင်းကိုက်တာ နှလုံးခုန်မြန်တာ ဖျားတာ ဒီလောက်ပဲခံစားရလို့ တော်သေး တယ်ပြောရမယ်။ တခြားကိုဗစ်လူနာတွေလို သွေးတွင်းအောက်ဆီဂျင်လည်း ထိုးကျမသွားဘူး။ ပုံမှန်နီးပါးလောက်ပဲ။ ခန္ဓာကိုယ်ကတော့ အားနည်းနေသလို နဲနဲနုန်းချိချိခံစားရတယ်လို့ သူက ပြန်ပြောပြတယ်။

အားအင်ပြည့်အောင် အစားများများစားပေးပေမဲ့အနံ့ မရတော့အရသာမခံနိုင်ဘူး။ ငါ့သားလေးနဲ့ ငါ့မိသားစုအတွက် အသက်ရှင်ရဦးမယ်လို့တွေးပေမဲ့ စားသမျှ ခံတွင်းမတွေ့ဘဲ သည်အတိုင်း ဝါးပြီးမြို ဝါးပြီးမြိုချနဲ့ ဗိုက်သာပြည့်သွားတယ် ဘာမှန်းကိုမသိလိုက်။

ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ သင်ထားဖူးတဲ့ ယောဂလေ့ကျင့်ခန်း လုပ်တယ်။ စားတယ်။ အိပ်တယ်။ အချိန်တန် ကလေးနို့ တိုက်တယ်။ ဆရာဝန်ညွှန်ကြားတဲ့ဆေးတချို့ကို တစ်နေ့နှစ်ကြိမ် ပုံမှန်သောက်တယ် ။ သူသောက်ရတဲ့ဆေးက သိပ်အများ ကြီးလည်း မဟုတ်ဘူး။

” ဆေးက ဒေါက်တာပေးတဲ့ဆေးပဲသောက်တယ်။ ခေါင်းကိုက်တုန်းက ဖုန်းဆက်မေးပြီးသောက်တာ ပါရာနဲ့အမောက်စ လင်၅၀၀မီလီဂရမ်။ နှာစေးရင်စီထရင်း သောက်ခိုင်းပါတယ်။ အားဆေးသောက်နေကြရှိရရင် သောက်ဖို့ပြောတယ်။ မရှိဘူးပြောလို့ ဘီကိုဇင့်သောက်ခိုင်းတယ်”လို့ မဂျူးက ရှင်းပြပါတယ်။

ဒီလိုနဲ့ အဖျားစဝင်ပြီး ၁၁ ရက်မြောက်နေ့ ဇူလိုင် ၈ ရက်မှာ သူအနံ့ပြန်ရပြီး ခေါင်းလည်း မကိုက်တော့ဘူး။

နောက်ရက်တွေမှာတော့ အားလုံးနီးပါး ပုံမှန်အခြေအနေ ပြန်ရောက်လာပြီလို့ မဂျူးက သူ့ကိုယ်သူ ယူဆတယ်။ ဒါကြောင့် လည်း နေပြန်ကောင်းပြီးရက်ပိုင်းလောက်မှာ သူ့ဦးလေးအတွက်လိုအပ်တဲ့ အောက်ဆီဂျင်အိုးကို မဂျူးကိုယ်တိုင်တန်းစီပြီး သွားယူခဲ့သေးတာ။

ခုလိုမြန်မြန်ဆန်ဆန်နေပြန်ကောင်းလာတာဟာ ကိုယ်ခံအားစနစ်ကြောင့်ဖြစ်ပေမဲ့ အပြုစုကောင်းတာလည်း ပါမယ်လို့ မဂျူးကတော့ ယုံကြည်နေတယ်။ သူ့မှာ ကိုဗစ်ရောဂါရှိပြီဆိုတာသိရတော့ အဖေအမေတွေက ဘာအပူအပင်မှ မရှိရလေ အောင် စီမံပေးတယ်။ ကလေးထိန်းပေးတဲ့ အစားအသောက် ဆေးဝါး ဘာမှလိုလေသေးမရှိဘူး။ ပြီးတော့ မိသားစုရဲ့ နွေးထွေးပျူငှာတဲ့ အားပေးနှစ်သိမ့်မှုတွေလည်း ပါတာပေါ့။

ရန်ကုန်ကိုရောက်လာပြီး မိသားစုနဲ့ခွဲနေရတဲ့ မယွန်းကတော့ ကလေးမြို့ကမဂျူးလိုနေပြန်ကောင်းတာ အဲလောက်မမြန် ဘူး။ မယွန်းကရန်ကုန်မှာတစ်ယောက်တည်း အဆောင်နေတာဆိုတော့ အားလုံးသူ့လက်သူ့ခြေပဲ လုပ်ယူရတာမဟုတ် လား။

မယွန်းကအသက်၄၂ နှစ်ရှိပြီ။ သူ့မှာ အမျိုးသားရှိပေမယ့် တစ်ယောက်တစ်နေရာ။ သည်တော့ ရန်ကုန်မှာ သူတစ်ယောက် တည်း။ ဇွန်လ ၂၆ ရက်ကစပြီးဖျားတာဟာ ဇွန် ၂၇ နဲ့ ၂၈ ရက်တွေမှာ အိပ်ယာထဲ လဲသွားတဲ့အထိပဲ။

ဖျားကဖျား နားထင်တွေငယ်ထိပ်တွေ မျက်ရိုးတွေကလည်း ကိုက်လိုက်တာမှ ခေါင်းကိုမထူနိုင်ဘူး။ ပြီးတော့ သွေးတွင်း အောက်ဆီဂျင်က အနည်းငယ်ကျတော့ လူက မောနေတယ်။ အသက်ရှုလို့ မဝချင်ဘူး။

အသိမိတ်ဆွေတချို့က ဖုန်းဆက်ပြီးသတင်းလှမ်းမေးတဲ့အခါ နှစ်မိနစ်လောက်ဆိုရင် မောလို့စကားပြန်မပြောနိုင်တော့ဘူး။ ဖုန်းချလိုက်ရမှာ အားနာလို့သာဆက်ကိုင်ထားရတယ် တစ်ဖက်ကပြောစကားတွေလည်း ဝေဝေဝါးဝါးပဲ။

ပြီးတော့သူကမဂျူးခံစားရတာနဲ့ ပြောင်းပြန်။ မဂျူးက ကိုဗစ်ဖြစ်တဲ့အချိန်မှာ နှလုံးခုန်ပိုမြန်တာမျိုး ဖြစ်တယ်။ မယွန်းက ကျတော့ အဲလိုမဟုတ်ဘူး။ နှလုံးခုန်နှုန်းတွေ ပိုနှေးသွားတယ်။

” အောက်ဆီဂျင်က ကျတော့ကျတယ် သိပ်ပြီးဆိုးဆိုးဝါးဝါးတော့ မဟုတ်ဘူး။ အဲ ဒါပေမဲ့ နှလုံးခုန်နှုန်းတာ့ နှေးသွားတယ်။ ငါနှလုံးရပ်ပြီးပဲ သေတော့မလားလို့ တွေးမိတယ်”လို့ သူခံစားရပုံကို မယွန်းက ပြောပါတယ်။

တစ်ကယ်ဆို မယွန်းဟာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ အတွေ့အကြုံရှိတဲ့ အမျိုးသမီးတစ်ဦးပါ။ ဒီချုပ်အစိုးရလက်ထက် ကိုဗစ်ဒုတိယလှိုင်းတုန်းက ရန်ကုန်တောင်ဒဂုံမှာရှိတဲ့ ရိုးမသိပ်သာကိုဗစ်ကုသရေးစင်တာမှာ သုံးလလောက် စေတနာ့ ဝန်ထမ်းလုပ်ခဲ့ဖူးပါတယ်။

သည်တုန်းက ကိုဗစ်ရောဂါရှိမရှိ နှစ်ကြိမ်တိတိ စစ်ဆေးခဲ့ဖူးတယ်။ နှစ်ကြိမ်လုံး ပိုးမတွေ့ခဲ့ဘူး။ ခုတစ်ခေါက်တော့ ဖျားပြီး ၆ ရက်မြောက်မှာ အနံ့မရတော့လို့ ရန်ကုန်ဆေးရုံကြီးသွားပြီး ဆေးစစ်မယ်လုပ်တယ်။ ဆေးရုံက လက်မခံဘူး။

အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန(NHL)ကိုသွားပြဖို့ ညွှန်းတယ်။ ဟိုရောက်တော့ NHLက ဝန်ကြီးဌာနထိ စာတင် ရမယ် စာပြန်ကျလာမှသာ စစ်ပေးမယ်လို့ ပြောတယ်။ တစ်ကယ်တမ်းတော့ သူ့ရှေ့မှာတင် အမျိုးသမီး တစ်ယောက် ဆေးစစ်ဖို့ဆိုပြီး အထဲဝင်သွားတာတွေ့လိုက်ရသေးတယ်။

ဒါနဲ့ပဲ ကိုယ်နေတဲ့မြို့နယ်က ဒေသန္တရဆေးခန်းကို ပြန်သွားပြကြည့်တယ်။ သည်မှာလည်း စစ်မပေးပြန်ဘူး။ သုံးနေရာ လောက်သွားပြီးတဲ့အချိန်မှာတော့ ကိုဗစ်ရှိမရှိစစ်ဆေးဖို့ကို မယွန်းလက်လျှော့လိုက်ပါတော့တယ်။

ငွေကြေးတတ်နိုင်သူတွေလို ကုန်ကျစရိတ်များလှတဲ့ ပုဂ္ဂလိကဆေးရုံတွေလည်း မသွားနိုင် ဆေးရုံလည်းတက်မရတဲ့အခါ ကိုယ့်အိမ်မှာပဲ Home Quarantine နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့အစားအသောက်နဲ့ ဆေးဝါး တချို့ပြေးဝယ်လိုက်ပြီး အိမ်ထဲမှာပဲ နေဖြစ်တော့တယ်။

HQ နေရာတဲ့ကာလတွေဟာ တစ်ယောက်တည်းနေရတဲ့ မယွန်းအဖို့ အထီးကျန်ဆန်လှပါတယ်။ အမျိုးသားဆီက ဖုန်း လာတာ မိဘတွေဆီကသတင်းမေးတာ အားပေးစကားပြောတာတွေရှိပေမယ့် တစ်ခါတစ်ခါစိတ်အားငယ်မိတယ်လို့ သူက ရင်ဖွင့် ပါတယ်။

ဒါပေမဲ့ မယွန်းတစ်ယောက် သူ့စိတ်ကိုသူ ပြန်စုစည်းတယ်။ ငါအားငယ်နေလို့မဖြစ်ဘူး။ အစားဝင်အောင်စား အိပ်ပျော် အောင်အိပ်ပြီး အားမွေးမှဖြစ်မယ်လို့ သူ့ကိုယ်သူ အမြဲသတိပေးတယ်။ ခန္ဓာကိုယ်က ခုခံအားကောင်းနေမှ ကိုဗစ်ကို အနိုင်တိုက်နိုင်မယ် မဟုတ်လား။

ခုတော့ သည်လိုစိတ်ဓာတ်ခိုင်မာမှုကြောင့်ပဲ အနံ့ပျောက်ရက အနံ့ပြန်ရလာပြီ။ ခေါင်းကိုက် နားထင်ထိုးလည်း မရှိတော့ ဘူး။ ဖျားလည်းမဖျားတော့ဘူး။ ခေါင်းနဲနဲမကြည်သေးတာနဲ့ နုံးနေတာကလွဲ ပုံမှန်နီးပါး ပြန်ဖြစ်လာပြီ။

အခြေအနေတိုးတက်လာတယ်ဆိုပေမဲ့ ဗီတာမင်ဒီသရီး၊ဘီကိုဇင့်၊ စူပရီတင်းမ်(အားဆေး)စတဲ့ဆေးတွေကို တစ်နေ့ ၂ ကြိမ်သောက်နေသေးတယ်။ ဒီလိုနဲ့ပဲ နှစ်ပတ်ကျော်ကာလအတွင်း မယွန်းရဲ့ကျန်းမာရေးအခြေအနေ ကောင်းလာခဲ့ပြီ။ အောက်ဆီဂျင်အပါအဝင် နှလုံးခုန်နှုန်းတွေလည်း ပြန်တက်လာတာ တွေ့ရတယ်။

သူ့အတွေ့အကြုံကို သင်ခန်းစာယူပြီး ကိုဗစ်နဲ့ကြုံလာခဲ့ရင် ဘာအရင်လုပ်သင့်တယ်ဆိုတာကိုမယွန်းက ခုလိုအကြံ ပြုထားပါတယ်။

“ကိုယ့်မှာ ကိုဗစ်ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာ ၊ခေါင်းကိုက်၊ ဝမ်းသွား၊ ကိုယ်လက် မအီမသာ စတာမျိုးဖြစ်လာရင် ဒေသန္တရဆေးခန်းကို သွားပြဖို့ပါပဲ။ ပြီးတော့မှ လိုအပ်တဲ့လမ်းညွှန်မှုတွေအတိုင်း ဆေးစစ် မယ်။ မြို့နယ် ကျန်းမာ ရေးဦးစီးမှူးရဲ့ လက်မှတ်ယူပြီး လိုအပ်ရင် ဆေးရုံတက်မယ်။ ”

သည်လိုမှမဟုတ်ဘူးဆိုရင်တော့ ဆေးရုံတက်ရဖို့မဖြစ်နိုင်ပါဘူး။ ဆေးရုံတက်တိုင်း ဒီရောဂါကိုတွန်းလှန်နိုင်မယ်လို့ ဆိုလို တာမဟုတ်ပါဘူး။ ဆေးရုံရောက်သွားပြီး လိုအပ်တဲ့ကုသစောင့်ရှောက်မှုမရ အောက်ဆီဂျင်ပြတ်ပြီး အသက်ဆုံးပါးရသူ တွေလည်းရှိပါတယ်လို့မယွန်းက ဆိုပါတယ်။

သို့သော်လည်း ကိုဗစ်ကိုတွန်းလှန်အံတုဖို့ ကိုယ့်မှာလုံလောက်တဲ့ အသိပညာဗဟုသုတမရှိဘူးဆိုရင်တောင် ကျန်းမာရေး ဌာနရဲ့ညွှန်ကြားမှုတွေအတိုင်းလိုက်နာနေထိုင်ခြင်းကသာ အန္တရာယ်ကင်းမယ်လို့ မယွန်းက ယုံကြည်နေပါတယ်။

Related Articles