Honest Information။ ။
ထရံကာနှစ်ထပ်အိမ်ရဲ့ အောက်ထပ်မှာ ဖြန့်ခင်းထားတဲ့ ကြက်သွန်ဖြူများအကြား ဒေါ်ရီတစ်ယောက် ကြက်သွန်အကြီးအသေးရွေးရင်း ခေါင်းမဖော်နိုင်အောင် အလုပ်ရှုပ်နေလေ့ရှိပါတယ်။
ပအိုဝ်းအမျိုးသမီးတို့ရဲ့ ရိုးရာဝတ်စုံ အင်္ကျီအနက်ရောင် ခပ်နွမ်းနွမ်း ဝတ်ဆင်လေ့ရှိတဲ့ သားသမီးသုံးယောက်မိခင် အသက် ၄၅နှစ်အရွယ် မုဆိုးမဒေါ်ရီအတွက်ကတော့ ကြက်သွန်ဖြူလို တောင်ယာသီးနှံစိုက်ရင်း မိသားစုဝမ်းရေးကို ဖြေရှင်းနေရပါတယ်။
ဒီလိုနေထိုင်ရင်း ပြီးခဲ့တဲ့နှစ်များကတော့ သူ့ဘဝအတွက် အခက်ခဲဆုံးသော အချိန်များဖြစ်လာခဲ့ပါတယ်။ ကိုဗစ်နဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် ကုန်စျေးနှုန်းတက်ခြင်း၊ စိုက်ပျိုးကုန်များ စျေးကောင်းမရခြင်း စတဲ့အခက်အခဲတွေက ရှမ်းပြည်နယ် ဟိုပုံးမြို့နေ ဒေါ်ရီရဲ့ဝင်ငွေကိုလည်း ထိခိုက်စေခဲ့ပါတယ်။ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေကြနေတဲ့ကြား နောက်ထပ်ငွေကုန်ပေါက်တစ်ခုနဲ့ ထပ်မံရင်ဆိုင်ရပြန်ပါတယ်။
ငွေကုန်ပေါက်က ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အစပြုခဲ့ပါတယ်။ ထိုနေ့က ၎င်းတို့ကျေးရွာမှာ တစ်အိမ်တစ်ယောက်နှုန်း ရွာတွင်း အစည်းဝေးဆီသို့လာရန် ဆင့်ခေါ်ခံခဲ့ရပြီး ဒေါ်ရီကလည်း ခါတိုင်းကျေးရွာတွင်း ပုံမှန်အစည်းအဝေးလို့ထင်ခဲ့ပြီး ပေါ့ပေါ့ပါးပါးနဲ့ အစည်းဝေးကို တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးရောက်လာတဲ့ အချိန်မှာတော့ ဒေါ်ရီထင်ထားသလို ပုံမှန် အစည်းအဝေး မဟုတ်နေခဲ့ပါဘူး။ အရွယ်ရောက်ပြီးသား အမျိုးသားတိုင်း သိုင်းသင်ကြားမည်၊ ကျေးရွာလုံခြုံရေးအတွက်ဆိုကာ ရန်ပုံငွေအချိုးကျ ထည့်သွင်းရမည် စတဲ့ထင်မှတ်မထားတဲ့ သတ်မှတ်ချက်များနဲ့ အစည်းအဝေးအဆုံးသတ်ခဲ့တဲ့နောက် စီးပွားရေးမကောင်းလို့ ပူပန်နေရတဲ့ ဒေါ်ရီရဲ့ရင်ထဲမှာ ချက်ချင်းဆိုသလို ပူထူသွားပြီး ချွေးဇောပါ ပျံလာပါတော့တယ်။
ပအိုဝ်းလူမျိုးတွေ အများစုနေထိုင်တဲ့ ရှမ်း-ကယားနယ်စပ်ဟာ စစ်ကောင်စီနဲ့ ကရင်နီတပ်တွေကြား လနဲ့ချီပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားရာ ကရင်နီဒေသတွေနဲ့ နီးကပ်လွန်းတာကြောင့် စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်တို့ဟာ ပြည်သူ့စစ်ဗျူဟာ ဖော်ဆောင်ပြီး ၎င်းတို့နယ်မြေ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်နေကြတာဖြစ်ပါတယ်။
ဒေါ်ရီတို့ရွာတင်သာမက ရှမ်းပြည်နယ်ထဲက ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာတိုင်းလိုလိုတွေမှာ ကျေးရွာလုံခြုံရေးအတွက်လို့ဆိုကာ တစ်အိမ်ကို သုံးသောင်းကျပ် ပေးဆောင်ရမယ်လို့ သတ်မှတ်ခံထားရပါတယ်။ အရွယ်ရောက်ပြီးအမျိုးသားတွေ သိုင်းသင်ချိန်မှာလည်း ဒေသခံတွေဟာ ဆန်စပါးတွေ ပေးရမယ်လို့ သတ်မှတ်ခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ငွေကြေးကောက်ခံတာဟာ တချို့ရွာဆို တစ်အိမ်ကို သုံးသောင်းသုံးထောင် ပေးရတာမျိုးတွေ ရှိသလို တချို့ဆိုလည်း သုံးသောင်းခွဲထိ ပေးရတဲ့ ရွာတွေလည်း ရှိနေပါတယ်။
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဒေါ်ရီတို့လို့ မိသားစုတွေအတွက်တော့ ပိုက်ဆံသုံးသောင်းကို ဘယ်နားသွားယူပြီး ပေးရမည်ဆိုတာကို တွေးမပေါက်ခဲ့ပါဘူး။
“ဘယ်နားယူရမှာလဲမသိဘူး။ လက်ထဲမှာ လောလောဆယ် ငါးထောင်ပဲရှိတယ်” လို့ ဒေါ်ရီက ပအိုဝ်းစကားဖြင့် အသံခပ်ကျယ်ကျယ် ဆိုပါတယ်။
ငွေကျပ် သုံးသောင်းဟာ ရှိတဲ့သူတွေအတွက်က ဘာမှမဟုတ်ပေမယ့် ဒေါ်ရီတို့လို မိသားစု စားဝတ်နေရေးအတွက် မငတ်အောင် အနိုင်နိုင် ရှာဖွေစားသောက်နေရတဲ့ သူအဖို့တော့ ပေးဖို့ အခက်အခဲ ဖြစ်နေခဲ့ပါတယ်။ နေ့စားလိုက်ရအောင်လည်း ကိုယ်ပိုင်စိုက်ထားတဲ့ ပန်းခင်းကိုလည်း ထိန်းသိမ်းဖို့လိုနေတော့ နေ့စားလိုက်တဲ့ဖက်ကိုလည်း အချိန်မပေးနိုင်ခဲ့ပါဘူး။
“ ပန်းစိုက်ထားတာ မလုပ်လည်း အပင်တွေ အကုန်သေမှာ ပိုရှုံးတယ်လေ” လို့ ဆိုပါတယ်။
အခြားသူနား ချေးရအောင်လည်း လူတိုင်းလိုလို အဆင်မပြေကြတာကြောင့် မချေးချင်တော့သလို ချေးရင်လည်း ရမှာမဟုတ်ဘူးလို့ ဒေါ်ရီကစိတ်ပျက်ပျက်နဲ့ ဆိုလိုက်ပါတယ်။
ထိုပိုက်ဆံ သုံးသောင်းကို ဘယ်နားယူပြီး ပေးမယ်ဆိုတာ တွေးတွေးရင်း စိတ်နဲ့ လူနဲ့ မကပ်တော့တဲ့ အထိပါပဲ။ နောက်ဆုံး တွေးလို့ မရတောတဲ့ အဆုံးမှာ တစ်ရာသီလုံး စိုက်ပျိုးလာပြီး လှောင်ထားတဲ့ အိမ်အောက်က ကြက်သွန်ဖြူကို ထုတ်ရောင်းပြီး ပေးဆောင်ခဲ့ရပါတယ်။
အရင်ကတော့ ကြက်သွန်ဖြူရောင်းပြီး ရလာတဲ့ပိုက်ဆံက ဆန်ဝယ်ဖို့လို့ ဒေါ်ရီက ကြိုတင်စဥ်းစားထားတာပါ။ ဒါပေမယ့် ဒေါ်ရီ စဥ်းစားထားသလို ဖြစ်မလာခဲ့တော့ပါဘူး။ လာကောက်တဲ့ သုံးသောင်းကျပ်ကို ပေးဖို့ ပိုက်ဆံအချိန်မှီရှာနိုင်ခဲ့လို့ စိတ်အေးရပေမယ့် တစ်ဖက်မှာလည်း လက်ရှိစားနေတဲ့ဆန်သာ ကုန်သွားပါက ဒေါ်ရီ ဘယ်နားသွားယူပြီး ဝယ်ရမည်ဆိုတာ လက်ရှိအချိန်ထိ တွေးမပေါက်ခဲ့ပါဘူး။
“ အိမ်မှာ ရောင်းစားစရာလည်း မရှိတော့ဘူး စားဖို့ဘာရောင်းရအုန်းမှာလဲ” လို့ ဒေါ်ရီက ဆိုလိုက်ပါတယ်။
ဒေါ်ရီဟာ စားဝတ်နေရေးအတွက် အပူတစ်ဖက်ကြားထဲက တစ်ဖက်မှာလည်း အသက် ၁၉ နှစ် အရွယ် သူ့သားအတွက်လည်း စိတ်ပူရပြန်ပါတယ်။ သူ့သားဟာ သိုင်းသင်တန်းတက်ဖို့ အရွယ်ဖြစ်နေသလို ပြည်သူ့စစ်အတွက် လူသစ်စုဆောင်းရေးထဲ ပါသွားမှာကိုလည်း စိုးရိမ်တယ်လို့ ဆိုပါတယ်။
“ပြည်သူစစ်ထဲကို မပေးဝင်ချင်ဘူး လိုင်းပေါ်မှာ တွေ့တာ ပစ်ကြတာ လမ်းပေါ်မှာ သေနေကြတာပဲ ကြက်သီးတောင်ထတယ်” လို့ ဒေါ်ရီက ဆိုလိုက်ပါတယ်။
လက်ရှိမှာတော့ သူ့သားကို မြို့ကိုပို့ပြီး အလုပ်သွားလုပ်ခိုင်းထားရတယ်လို့ ဆိုပါတယ်။
“မြို့မှာတတ်ရာအလုပ်လေးလုပ်တာ ပိုကောင်းတယ် စစ်ထဲမဝင်ရရင်ပြီးရော” လို့ ခပ်ပြတ်ပြတ်ဆိုလိုက်ပါတယ်။
ပြည်သူ့စစ်လို အဖွဲ့ဖွဲ့ရန် လူစာရင်းများ ကောက်ယူနေခြင်းကြောင့် ပအိုဝ်းလူငယ်အများစုဟာ စစ်ထဲကို ဝင်ရမှာကို မလိုလာတာကြောင့် ကျေးရွာမှ ထွက်ပြီး မြို့ကြီးနဲ့ နိုင်ငံခြားတွေမှာ ပိုမိုအလုပ်ထွက်လုပ်လာကြပါတယ်။
ဒေါ်ရီတို့လို့ပဲ ငွေပေးဆောင်ဖို့ အခက်အခဲကြုံတွေ့ နေရတဲ့ထဲမှာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ နေထိုင်တဲ့ နန်းခမ်းမြတို့ မိသားစုသည်လည်း ပါဝင်ပါတယ်။
နန်းခမ်းမြတို့ မိသားစုကတော့ သီးနှံတွေကို စိုက်ပျိုး၊ ကုန်စိမ်းဈေးဆီ သွားရောင်းပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ မိသားစု တစ်စုလည်း ဖြစ်ပါတယ်။ သူဟာ အမေတစ်ခု သမီးတစ်ခုဖြစ်ပြီး အမေကို လုပ်ကျွေးပြုစုနေတယ်လို့ ပြောရင်လည်း မမှားပါဘူး။
နန်းခမ်းမြတို့ ရွာဆိုလည်း နယ်မြေလုံခြုံအရဆိုပြီး တစ်အိမ်ကို သုံးသောင်း သုံးထောင် ပေးဆောင်ရတာပါ။ နန်းခမ်းမြက ငွေကြေးကောက်ခံတဲ့ အပေါ်မှာ ပေးရမှာကို အခက်အခဲ သိပ်မရှိပေမယ့် အမျိုးသားတွေ တစ်အိမ်တစ်ယောက် ကျေးရွာမှာ သိုင်းလာသင်ရမယ်ဆိုတာတော့ ယောင်္ကျားသာ မရှိတဲ့ နန်းခမ်းမြတို့ အိမ်အတွက်တော့ အခက်တွေ့ နေပါတယ်။
စစ်သင်တန်း မတက်ရောက်နိုင်တဲ့ နေအိမ်တွေကတော့ စျေးကြီးပေးပြီး လူအစားထိုးငှားရမ်းဖို့ စီစဥ်ရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ နန်းခမ်းမြလည်း လိုတဲ့ငွေကို ဘယ်နားမှာ သွားယူပြီး ပေးရမယ်ဆိုတာကို သူတွေးမပေါက်ခဲ့ပါဘူး။ နန်းခမ်းမြက လူအစားထိုးဖို့ ငှားရမ်းခ မပေးနိုင်တဲ့ အဆုံးမှာ လက်ခံခဲ့လျှင် ကိုယ်တိုင် သွားတက်ဖို့ အထိ ဆုံးဖြတ်ခဲ့ မိတယ်လို့ ဆိုပါတယ်။
စားဝတ်နေရေးအခက်အခဲတွေ ကြားထဲက ဒီကိစ္စတွက်ပါ ပူနေရတာကြောင့် နန်းခမ်းမြပိုပြီး စိတ်သောက ရောက်နေရပါတယ်။ လက်ရှိအချိန်ထိ လူငှားရမ်းဖိုး လာကောက်တာတွေ မရှိသေးပေမယ့် ရုတ်တရက် လာကောက်ခဲ့မယ်ဆိုလျှင်တော့ ဘာမှပေးစရာမရှိဘူးလို့ နန်းခမ်းမြက ဆိုပါတယ်။
စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းအပြင် မရှိတဲ့ကြားက ငွေကုန်မယ့်အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ ပအိုဝ်းအမျိုးသမီးတွေကတော့ သူတို့အကျပ်အတည်းအတွက် အဖြေရှာမတွေ့သေးပါဘူး။
“နိုင်ငံရေး အကြောင်းတော့ မသိဘူး လူကြီးတွေက ဘယ်လိုပဲ လုပ်လုပ် ဒေသခံက လူတွေတွက် နည်းနည်းပါးပါး တွေးပေးပါ” လို့ ပြောချင်တယ်လို့ နန်းခမ်းမြက သူဆန္ဒကို ပြောပါတယ်။