Home ဆောင်းပါး အမျိုးသမီးတွေ အကြမ်းဖက်သတ်ဖြတ်ခံရတာ ပိုများလာသလား

အမျိုးသမီးတွေ အကြမ်းဖက်သတ်ဖြတ်ခံရတာ ပိုများလာသလား

နွေဦးမောင်။ ။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမျိုးသမီးတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုများလာနေတယ်လို့ လူ့အခွင့် အရေးလှုပ်ရှားသူတွေနဲ့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

အထူးသဖြင့် စစ်ရေးပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတာဖြစ်တယ်လို့ ဆိုကြပါတယ်။

အဲဒီဖြစ်စဉ်တွေထဲမှာ ရေစကြိုက လက်ထပ်ပြီးတာ ခုနစ်ရက်သာရှိသေးတဲ့အမျိုးသမီး၊ ကိုယ်ဝန်ငါးလနဲ့ CDM ကျောင်း ဆရာမ၊ ဆီဆိုင်မြို့နယ်မှာ ဦးခေါင်းကိုသေနတ်နဲ့တေ့ ပစ်သတ်ခံရတဲ့အမျိုးသမီး၊ PDF ထောက်ပံ့သူတွေလို့ စွပ်စွဲခံရတဲ့ မန္တလေးက သားအမိနှစ်ယောက် စတဲ့ဖြစ်စဉ်တွေဟာ ထင်ရှားပါတယ်။

ပြောမယ်ဆိုရင် အသတ်ခံရတဲ့အမျိုးသမီးတိုင်းဟာ ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒီနေရာမှာ သတ်ဖြတ်မှုကို ကျူးလွန်တဲ့သူတွေကိုကြည့်ရင် စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်ကိုင်တုတ်တွေက ကျူးလွန်ခဲ့ကြ တာကို တွေ့ရမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်သတ်ဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သူဦးရေဟာ ၂၀၂၂ ဇွန် ၂၄ ရက် အထိ ၂,၀၂၁ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့စာရင်းတွေမှာဖော်ပြထားပါတယ်။

ရေစကြိုနယ်မှာ မီးရှို့သတ်ဖြတ်ခံရတဲ့ ကိုယ်ဝန်ငါးလဖြင့် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ

” ဒါက အာဏာရှိလို့ လက်နက်ရှိလို့ ပြည်သူကို အကြောက်တရားထည့်တာလို့ပဲ မြင်တယ်”လို့ ရေစကြိုအခြေစိုက် N-YSO PDF တပ်ရင်းမှူးဖြစ်သူက မှတ်ချက်ပေးပါတယ်။

ရေစကြိုနယ်မှာဖြစ်သွားတဲ့ သတ်ဖြတ်မှုဟာဆိုရင် စစ်ကောင်စီတပ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ပိုပြီးမြင်သာစေမှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပြည်သူ့ဘက်ကရပ်တည်ပြီး CDM လုပ်တယ်ဆိုတဲ့ အကြောင်း ပြချက်ကလွဲလို့ ဘာအပြစ်မှမရှိတဲ့ ကျောင်းဆရာမတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တာကြောင့်ပါ။

အဲဒီကျောင်းဆရာမ ဒေါ်ခင်နှင်းဝေဟာဆိုရင် သူ့ရဲ့သားဦးလေးကို ကိုယ်ဝန်ဆောင်ထားတာ ငါးလပဲရှိပါသေးတယ်။ ဒီလို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို မီးရှို့သတ်ဖြတ်တဲ့လုပ်ရပ်ဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးလို့ N-YSO PDF ရဲ့ တပ်ရင်းမှူးက ပြောပါတယ်။

ပြီးတော့ လက်ထပ်ပြီးတာ ခုနစ်ရက်သာရှိသေးတဲ့ မသဲအိအိဝင်းဟာလည်း ဆရာမလေးနည်းတူ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ် ဖြတ်တာကိုခံခဲ့ရပါတယ်။ သူဟာ N – YSO PDF တပ်ဖွဲ့ဝင်တစ်ဦးပါ။

တပ်ဖွဲ့ထဲမှာ ရဲဘော်ချင်းမေတ္တာမျှခဲ့ပြီး တပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကပဲ သူတို့ချစ်သူစုံတွဲကို လက်ထပ်ထိမ်းမြားပေးပြီးလို့ ရက်သတ္တတစ်ပတ်အကြာမှာ ခုလိုသတ်ဖြတ်ခံရတာလည်း ဖြစ်ပါတယ်။

ရေစကြိုနယ်မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့သတ်ဖြတ်ခံရသူ N – YSO မှ ထောက်ပို့ရဲမေ(အိမ်ထောင်သက်ခုနစ်ရက်သာရှိသေးသူ)မသဲအိအိဝင်း

ပြီးတော့ သူတို့နဲ့အတူ မီးရှို့သတ်ခံရသူတွေထဲမှာ CDM လုပ်ထားတဲ့ သူနာပြုဆရာမလေး မဇာလီနိုင်လည်း ပါဝင်ခဲ့ပါ တယ်။ တစ်ကယ်ဆို သူက ရေစကြိုနယ်သူတစ်ဦးမဟုတ်ပါဘူး။ N – YSO PDF ရဲ့အကူအညီတောင်းမှုနဲ့ ရေစကြိုဘက်မှာ လာပြီး စေတနာ့ဝန်ထမ်းအဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတစ်ဦး ဖြစ်ပါတယ်။

” ကျွန်တော်တို့မှန်းထားတာတော့ အနည်းဆုံးထောင်ချလောက်ပဲမှန်းတယ်။ ဘာအပြစ်မှမရှိတဲ့သူတွေဖြစ်တဲ့အတွက် ထောင်ပဲချမှာပဲလို့ ယူဆခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့တန်ဖိုးထားရတဲ့သူတွေ ခုလိုကြီးဖြစ်သွားတော့ ဘယ်လိုမှ မခံစား နိုင်ဘူး”လို့ N-YSO PDF တပ်ဖွဲ့ရဲ့ တပ်ရင်းမှူးဖြစ်သူက ရင်ဖွင့်ပါတယ်။ အဲဒီလိုပြန်ပြောင်းပြောပြနေချိန်မှာ သူ့အသံ တွေတုန်ရီနေပြီး လေသံသဲ့သဲ့နဲ့သာ ပြောနိုင်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခုလုပ်ရပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုရဲ့ ဘယ်စစ်စည်းကမ်းကိုမှ မလိုက်နာဘဲ ပြောင်ပြောင် တင်း တင်း ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုတစ်ခုသာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက မှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကဆိုရင် စစ်ကောင်စီတပ်ရဲ့ နယ်မြေရဲစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်တဲ့အခါ သုံ့ပန်းအဖြစ် ကိုးဦး ဖမ်းမိခဲ့တယ်။ အဲဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်နေတာတွေ့ရပါတယ်။

ရေစကြိုနယ်မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့သတ်ဖြတ်ခံရသူ CDM အထက်တန်းသူနာပြု မဇာလီနိုင်

တိတိကျကျပြောရရင် မကွေးတိုင်း၊ မြိုင်မြို့နယ်က လင်းတကောနယ်မြေရဲစခန်း တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ ဖြစ်စဉ်မှာပါ။ အဲဒီတိုက်ပွဲမှာ မြိုင် PDF တွေနဲ့အတူ ရေစကြိုမြို့နယ် PDF တပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေစခန်းကိုစွန့်ခွာချိန်မှာ သူတို့ရဲ့ဇနီးသည်တွေနဲ့ သားသမီးတွေကျန်နေခဲ့ပါတယ်။ အားလုံးတပ်မိသားစုဝင် ကိုးယောက်ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့သူတွေကို တော်လှန်ရေးရဲဘော်တွေက လက်ဖျားနဲ့တောင် မတို့ထိခဲ့ပါဘူး။

ပြည်သူ့ဘက်အမြန်ဆုံးရပ်တည်ကြဖို့ပြောဆိုပြီး ကောင်းကောင်းမွန်မွန်ပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါကိုကြည့်ရင် လက်နက် ကိုင် ဗိုလ်ကျသတ်ဖြတ်အကြမ်းဖက်နေနဲ့ စစ်တပ်ရဲ့လုပ်ရပ်နဲ့ တော်လှန်ရဲဘော်တွေရဲ့ စစ်ဥပဒေတွေကိုလေးစားလိုက်နာမှု ကွာခြားတယ်ဆိုတဲ့ ပြရုပ်တစ်ခုပါပဲ။

ဇွန် ၁၄ ရက်ကဖြစ်သွားတဲ့ ရှမ်းပြည်နယ် ၊ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရွာက အမျိုးသမီးငယ်တစ်ဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ကိုကြည့်မယ်ဆိုရင်လည်း စစ်တပ်နဲ့ တပ်နောက်မြီးစွဲတွေရဲ့လုပ်ရပ်တွေဟာ အမျိုးသမီးတွေအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်နေတာ တွေ့ရမှာဖြစ်ပါတယ်။

စစ်တပ်နောက်မြီးစွဲ ပအိုဝ်းပြည်သူ့စစ် (PNO/PNA)တပ်ဖွဲ့ဝင်တစ်ဦးက ဆိုက်ခေါင်ရွာသူ ၂၂ နှစ်အရွယ် နန်းခမ်းအွမ်ကို ဦးခေါင်းကိုသေနတ်နဲ့တေ့ပြီး ပစ်သတ်ခဲ့ပါတယ်။ ဒါကြောင့် ဒေသခံတွေနဲ့ နန်းခမ်းအွမ်ရဲ့မိသားစုဝင်တွေက ကျူးလွန်သူ ကို အပြစ်ပေးဖို့ စစ်ကောင်စီလက်အောက်ခံရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာကို အရေးယူပေးခြင်းမရှိသေးဘူးလို့ ပအိုဝ်း အမျိုးသားနိုင်ငံရေးအတိုင်ပင်ခံကော်မတီက ထုတ်ပြန်ထားပါတယ်။

မြိုင်နယ် လင်းတကောနယ်မြေရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှုမှာ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်မိသားစုဝင်

ဒီလိုမျိုးလုပ်ရပ်တွေဟာ ကျူးလွန်သူကို အပြစ်ပေးအရေးယူခြင်းမရှိဘဲ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပြုထားတဲ့ စနစ် ကြောင့်ဖြစ်တယ်လို့ NUG အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

” ကျွန်တော်ပြောချင်တာက အပြစ်ရှိတဲ့သူက အပြစ်ပေးခံမထိဘဲနဲ့ လွတ်နေတဲ့ကိစ္စ၊ အဲဒါက အခွင့်အရေးတစ်ရပ်သဘော မျိုးမဟုတ်ဘူးဗျ။ ဒါက အပြစ်ကျူးလွန်တာကို ခွင့်ပြုတဲ့ ရာဇဝတ်မှု နောက်တစ်ခုဖြစ်ပါတယ်”လို့ ဝန်ကြီးက ပြောပါတယ်။

မကြာသေးခင်ရက်ပိုင်းက အကြမ်းဖက်သတ် ဖြတ်ခံလိုက်ရတဲ့ နန်းခမ်းအွမ်ကို မိသားစုက နေအိမ်ကိုတောင် ပြန်သယ်ခွင့် မရခဲ့ပါဘူး။ သေနတ်မှန်ထားတဲ့ နန်းခွမ်းအွမ်ကို တောင်ကြီးဆေးရုံပို့ပြီး ကုသနေတုန်းသေဆုံးသွားတာကြောင့် တောင်ကြီး မြို့က သုသာန်တစ်ခုမှာပဲ သြဂိုဟ်ခဲ့ရတာ ဖြစ်ပါတယ်။

PDFနဲ့ဆက်စပ်သူတွေလို့ စွပ်စွဲခံရတဲ့ မန္တလေးမြို့က သားအမိနှစ်ယောက်ဟာဆိုရင်လည်း စစ်ကောင်စီလက်ပါးစေ သွေး သောက်အဖွဲ့ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်က ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်ထဲမှာ ဖြစ် သွားခဲ့တာပါ။

ပြောမယ်ဆိုရင် ဒီလိုမျိုး အမျိုးသမီးတွေအပေါ် ပစ်မှတ်ထားပြီး အကြမ်းဖက်သတ်ဖြတ်နေတာတွေကို ရပ်တန့်အောင် လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ အထူးသဖြင့် လက်ရှိကာလလို စစ်ရေးပဋိပက္ခတွေရှိနေတဲ့ အခြေအနေ မျိုးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အကြမ်းဖက်သတ်ဖြတ်တာတွေကို ကျူးလွန်လေ့ရှိတတ်ကြတယ်လို့ ဦးအောင်မျိုး မင်းက ရှင်းပြပါတယ်။

သေနတ်နဲ့ ဦးခေါင်းကိုတေ့ပစ်ခံရတဲ့ ဆိုက်ခေါင်ရွာသူ နန်းခမ်းအွမ်ရဲ့ဇာပနအား မြင်တွေ့ရစဥ်

မလွယ်ကူပေမယ့် ဒီအခြေအနေတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။ ဒီနေရာမှာ အကြမ်းဖက်တဲ့ ရာဇဝတ်မှုတွေကျူးလွန်နေတာကိုသိပြီဆိုတာနဲ့ ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတာ ပထမဆုံးစဉ်းစားအဖြေ ရှာကြည့်ဖို့ လိုမယ်လို့သူက ဆက်ပြောပါတယ်။

အဲဒီလိုစဉ်းစားတဲ့အခါမှာလည်း ကိုယ့်သဘောနဲ့ကိုယ် လုပ်ချင်တာလုပ်လို့မရဘူးလို့ ဦးအောင်မျိုးမင်းကဆိုပါတယ်။ အဓိက ဘာကြောင့်ဒီလိုဖြစ်တာလဲ၊ ဘယ်အချက်တွေကြောင့် ဒီဟာတွေဆက်ပြီးရှင်သန်နေတာလဲဆိုတာကို သုံးသပ်ဖို့လိုတယ်လို့ သူက မှတ်ချက်ပေးပါတယ်။

“ကိုယ်လုပ်ချင်တာလုပ်လိုက်မယ်ဆိုရင် အနာတခြား ဆေးတခြား ဖြစ်သွားနိုင်တယ်”လို့ သူက မှတ်ချက်ပေးပါတယ်။

ဒီနေရာမှာ အပြစ်ကျူးလွန်သူကို အပြစ်ပေးခံရအောင်လုပ်နိုင်တဲ့ စနစ်ရှင်သန်ပြီး အပြစ်ရှိသူကို တိုင်ကြားနိုင်တဲ့၊ ထုတ်ဖော် ပြောဆိုနိုင်တဲ့ အခွင့်အရေးတွေရှိမှသာ ဘယ်အကြမ်းဖက်မှုကိုမဆို တားဆီးဟန့်တားနိုင်မယ်လို့ အမျိုးသမီးအရေး ဆောင် ရွက်သူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။

တော်လှန်ရေးအစိုးရဖြစ်တဲ့ NUGက စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို သက်သေ အထောက်အထားနဲ့တကွ နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ လူ့အခွင့်အရေးဝန်ကြီးက အသိပေးထားပါတယ်။

လက်ရှိအခြေအနေမှာတော့ စစ်ဘေးသင့်ပြည်သူတွေဟာ စစ်ကောင်စီတပ်တွေရဲ့ ရမ်းကားရက်စက်မှုတွေကို အလူးအလဲ ခံနေရပြီး ပြည်သူ့ကာဖွယ်ရေးတပ်ဖွဲ့ဝင်တွေဟာလည်း စစ်ကောင်စီကို အမြစ်ဖြတ်ဖို့ ကြိုးစားတိုက်ထုတ်နေကြဆဲပါ။

Author:

Related Articles