Home ဆောင်းပါး “ပုဂံမှာ မြင်းခွာသံတွေ တိတ်ဆိတ်သွားတာမျိုးတော့ မဖြစ်စေချင်ဘူး”

“ပုဂံမှာ မြင်းခွာသံတွေ တိတ်ဆိတ်သွားတာမျိုးတော့ မဖြစ်စေချင်ဘူး”

ရှင်ငြိမ်း။ ။

ပုဂံမြေကို ခြေချလိုက်တာနဲ့ အညာမြေရဲ့အငွေ့အသက်တွေဖြစ်တဲ့ စိမ်းစိုနေတဲ့ထနောင်းပင်ကြီးတွေ၊ အုံ့ဆိုင်းနေတဲ့တမာ တန်းတွေနဲ့အတူ ယှဉ်တွဲတွေ့ရမှာကတော့ ချူသံလွင်လွင်နဲ့မြင်းလှည်းလေးတွေဖြစ်ပါတယ်။

“လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း”လို့ ဆိုစမှတ်ပြုခဲ့သလိုပဲ ပုဂံဘုရားနဲ့ မြင်းလှည်းဟာလည်း ခွဲခြားလို့မရပါဘူး။ မြင်းလှည်းစီးတာဟာ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကြားမှာ ရေပန်းစားတဲ့လုပ်ငန်းတစ်ခုဖြစ်သလို ဒီဈေးကွက်ဟာ လည်း ခရီးသွားလုပ်ငန်းအပေါ် ရာနှုန်းပြည့်နီးပါး အမှီပြုနေရတာပါ။

မြန်မာ့ခရီးသွားလုပ်ငန်းဟာ ကမ္ဘာမှာ ကိုဗစ်ရောဂါပျံနှံလာတဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်ကတည်းက ကျဆင်းသွားလိုက် တာ ၂၀၂၀ ခုနှစ်မှာကိုဗစ်ဝင်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ ခရီးသွားလုပ်ငန်းဟာ နလံပြန်မထူနိုင် တော့ပါဘူး။

ဒီထဲမှာ ခရီးသွားလုပ်ငန်းအပေါ် လုံးလုံးလျားလျားမှီခိုနေရတဲ့ပုဂံဒေသလည်း ပါဝင်ပြီး အထူးသဖြင့် မြင်းနဲ့အသက်မွေးဝမ်း ကျောင်းပြုသူတွေဟာ ဝမ်းစာခက်လာလို့ မြင်းလှည်းတွေထုတ်ရောင်းကာ ဝမ်းစာဖြေရှင်းနေကြရတာတွေရှိလာပါတယ်။

မြင်းလှည်းမောင်းတာကို အမျိုးသားတွေသာ အများဆုံးလုပ်လေ့ရှိတဲ့ပုဂံဒေသမှာ လုပ်ငန်းလိုအပ်ချက်အရ မသန္တာလင်း ဆိုတဲ့အမျိုးသမီးတစ်ယောက်ကတော့ မြင်းစာဖိုးရဖို့အတွက် မြင်းလှည်းထွက်မောင်းနေရပါပြီ။

“အရင်ကတော့မြင်းနဲ့ အသက်မွေးလို့ရတယ်။ ကျမအဖေဆိုမြင်းနဲ့ပဲ မိသားစုကိုလုပ်ကိုင်ကျွေးခဲ့တာ။ ခုကာလကတော့ မြင်းနဲ့ဘာမှလုပ်စားမရတော့ ထုတ်ရောင်းလာတာပေါ့။ ကျမကမရောင်းချင်တော့ မြင်းစာဖိုးရရဆိုပြီး လာမောင်းတာ”လို့ အသက် ၂၁ အရွယ်မသန္တာလင်းက ပြောပါတယ်။

အသားခပ်ညိုညို၊ အရပ်ပုပု၊ မျက်နှာသနပ်ခါးအဖွေးသားနဲ့ ဆံတုံးမှာတမာပန်းထိုးထားပြီး နွမ်းရော်နေတဲ့ရှပ်လက်ခရမ်းရင့် အကျီနဲ့ ခရမ်းနုရောင်ပန်းပွင့်လုံခြည်ဝတ်ဆင်ထားတဲ့မသန္တာလင်းရဲ့အသွင်ဟာ သွက်လက်ဖြတ်လတ်ဟန်ရှိပါတယ်။

သူဟာ သဗ္ဗေညုဘုရားထိပ် မြင်းလှည်းဂိတ်မှာ ဂိတ်ထိုးပြီး သူရဲ့အမျိုးသားနဲ့အတူ မြင်းလှည်းမောင်းပါတယ်။ ပုဂံမှာတော့ မသန္တာလင်းဟာ ရှားရှားပါးပါးရှိတဲ့ တစ်ဦးတည်းသော အမျိုးသမီးမြင်းလှည်းမောင်းတဲ့သူဖြစ်ပါတယ်။

အခြားသူတွေက မမောင်းတတ်ကြတာမဟုတ်ပါ။ မသန္တာလင်းလို ကျွမ်းကျင်စွာမမောင်းတတ်တာရယ်၊ မြင်းလည်းမောင်း တဲ့အလုပ်က ဝင်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုမဟုတ်တော့တာကြောင့် စီးပွားဖြစ်မမောင်းကြတာပါလို့ သူ့အမြင်ကို ပြောပြ ပါတယ်။

မသန္တာလင်းဟာ အသက် ခုနစ်နှစ်အရွယ်ကတည်းက မိသားစုပိုင်မြင်းလှည်းတွေကို မိဘတွေမသိအောင်ခိုးမောင်းရင်း မောင်းတတ်ခဲ့တာဖြစ်ပြီး အိမ်ထောင်ကျတော့လည်း ခင်ပွန်းသည်မအားတဲ့အချိန်တွေတိုင်း သူကဝင်မောင်းလေ့ရှိတဲ့သူပါ။

သို့ပေမဲ့ ကိုယ်ဝန်ရှိချိန်ကစလို့ မြင်းလှည်းမောင်းတာကို နားထားလိုက်တာ အာဏာသိမ်းပြီးနောက်ပိုင်းမှ ငွေကြေးအကျပ် အတည်းဖြစ်နေစဉ် မြင်းလှည်းဂိတ်ကလည်း မောင်းပေးဖို့ပြောတာရယ်ကြောင့် မြင်းလှည်းပြန်မောင်းဖြစ်ခဲ့ပါတယ်။

“ စစ်နဲ့ဆိုတော့ အလုပ်က ဘာလုပ်လုပ်အဆင်မပြေဘူး။ အဲ့တော့အဆင်ပြေတဲ့အလုပ်ဝင်လုပ်ရတာပေါ့။ မြင်းလှည်းဆွဲ တာကလည်း အဲ့လောက်ကြီးတော့မရပေမယ့် မြင်းစာဖိုးရရဆိုပြီး ဆွဲရတော့တာပဲ။ မိန်းကလေးမောင်းတော့ တချို့က သနားလို့ဆိုပြီး စီးသွားကြတဲ့သူတွေရှိတယ်လေ”လို့ မသန္တာလင်းက ရှင်းပြပါတယ်။

မသန္တာလင်းဟာ ပုဂံမြို့ဟောင်း မြောက်ဘက်မှာရှိတဲ့ တောင်ဖီလာရွာမှာ မိဘနှစ်ပါး၊ ခင်ပွန်းသည်နဲ့ သုံးနှစ်အရွယ်သမီး လေးတစ်ယောက်နဲ့အတူ မြင်းမွေးပြီး မြင်းနဲ့အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့သူတွေဖြစ်တယ်။

Photo: Shin Nyein

တောင်ဖီလာရွာဟာ မြင်းနဲ့ပတ်သက်လို့ ထင်ရှားတဲ့ရွာတစ်ရွာဖြစ်ပြီး ရွာရဲ့ ၉၀ ရာခိုင်နှုန်းလောက်က မြင်းနဲ့ အသက်မွေး ဝမ်းကျောင်းပြုသူတွေဖြစ်ကြပါတယ်။ မြင်းတွေဟာ တစ်ကောင်နဲ့ တစ်ကောင် စရိုက်လက္ခဏာ၊ အမှုအကျင့်တွေ မတူညီ ကြပါ။

တချို့မြင်းတွေက အချော့ကြိုက်ပြီး တချို့မြင်းတွေကတော့ ကမ်း(မယဉ်ကျေး)တဲ့သဘောဆောင်ပါတယ်။ မြင်းတွေရဲ့ စရိုက်လက္ခဏာက သင်ပြပေးတဲ့သခင်ပေါ်မှာပဲ မူတည်ပါတယ်။

မသန္တာလင်းဆိုရင် မွေးကတည်းက မြင်းနဲ့အတူမွေးလာတာမို့ မြင်းတွေနဲ့မစိမ်းလှပါဘူး။ သူအသက် ခုနစ်နှစ်လောက်က တည်းက မြင်းဇက်ကြိုးကို ပိုင်နိုင်စွာကိုင်တွယ်နိုင်သူဖြစ်ပါတယ်။ ဒါကြောင့်မြင်းလှည်းမောင်းတာကို သီးသန့်သင်စရာ မလိုဘဲတတ်မြောက်နေခဲ့တာပါ။

“မြင်းလှည်းမောင်းတာက ခက်လည်းမခက်ဘူး။ လွယ်လည်းမလွယ်ပါဘူး။ ဇက်ကြိုးထိန်းနိုင်ရင် မြင်းလှည်းမောင်းတတ် တာပဲလေ။ ဒါပေမဲ့မြင်းနဲ့ ကိုယ်နဲ့အပေးအယူတည့်ဖို့လိုတယ်”လို့ မသန္တာလင်းက ရှင်းပြပါတယ်။

မြင်းနဲ့ မောင်းမယ့်သူနဲ့အသားကျဖို့ဆိုရင် မြင်းဇက်ကြိုးကို လျော့လိုက်၊ တင်းလိုက်နဲ့ ကစားပေးရသလို မြင်းနဲ့ မောင်းသူ တသားထဲကျအောင် မြင်းကိုပွတ်သပ်ကိုင်တွယ်တာမျိုး၊ ချော့ပြီးပွေ့ဖက်တာမျိုးမကြာခဏလုပ်ပေးရပါတယ်။ သို့မှသာ မြင်းနဲ့ သခင်ရင်းနှီးမှုရပြီး အလွယ်တကူမောင်းနိုင်မှာဖြစ်တယ်။

မြန်မာပြည်က မြင်းတွေဟာ လူနဲ့နီးနီးကပ်ကပ်ရှိတဲ့အတွက် ရိုင်းစိုင်းတဲ့မြင်းမျိုးမဟုတ်ဘူးလို့ မသန္တာလင်းက ဆိုပါတယ်။ ဒါပေမဲ့ သခင်အပြောင်းအလဲဖြစ်ရင်တော့ အသစ်ပြန်ရင်းနှီးအောင်လုပ်ရတာရှိပါတယ်။ မြင်းအသစ်တစ်ကောင်ရောက်လာ ရင် သားသမီးသဖွယ် အစာကျွေးမွေးတာကအစ သန့်ရှင်းလုပ်တဲ့အထိ ရင်းနှီးမှုရအောင်လုပ်ပေးရပါတယ်။

မသန္တာလင်းဆိုရင် သူ့မှာရှိတဲ့မြင်းလှည်းဆွဲတဲ့မြင်းသုံးကောင်ကို နာမည်အသီးသီးပေးထားပေမယ့် သားလို့ခေါ်ကာ ပြော ဆိုဆက်ဆံတတ်ပြီး အားတဲ့အချိန်တွေတိုင်း သူရဲ့သမီးငယ်နဲ့အတူ မြင်းတွေနဲ့အချိန်ကုန်နေလေ့ရှိပါတယ်။

ဘိုးဘွားအစဉ်အဆက်မြင်းနဲ့ အသက်မွေး လာခဲ့တဲ့ အသက် ၇၂ နှစ်အရွယ် ဦးဘိုတင်က “ မန္တလေးမှာတော့ မြင်းလှည်း စသုံးတာက ၁၈၈၅ မှာသယ်ယူပို့ဆောင်ရေးအတွက် မြင်းလှည်းတွေစသုံးခဲ့တာပေါ့။ စက်တပ်ယာဉ်တွေပေါ်လာပြီး နောက် ပိုင်း မြင်းလှည်းတွေပျောက်သွားလိုက်တာ အခုဆိုအင်းဝနဲ့ မင်းကွန်းလောက်ပဲကျန်တော့တယ်”လို့ ပြောပြပါတယ်။

“မြင်းမှာ အုန်းခွံ”ဆိုတဲ့အတိုင်း မြန်မာလူမျိုးအများစု အုန်းခွံရောင်မြင်းကို ကြိုက်ကြတာများပြီး နိုင်ငံခြားသားတွေကတော့ အနက်ကိုပိုကြိုက်ကြပါတယ်။ မြင်းမှာအရောင်အမျိုးမျိုးရှိသလိုပဲ အကြိုက်လည်းတစ်ယောက်နဲ့တစ်ယောက်မတူကြပါ။

မြင်းတစ်ကောင်ရဲ့သက်တမ်းအနှစ် ၅၀ ဆိုပေမယ့် သက်တမ်းတဝက်လောက်ဆိုရင် အလုပ်မလုပ်နိုင်တော့လို့ ရောင်းပစ် ကြတာများပါတယ်။ သို့ပေမဲ့မြင်းချစ်တတ်သူတွေကတော့ သက်ထက်ဆုံးတိုင်ချစ်ခင်မွေးမြူကြတယ်။

မြန်မာလူမျိုးတွေက မြင်းတစ်ကောင်ရဲ့ခေါင်း၊ လည်ဆံမွှေး၊ လည်ဆစ်ရိုးတွေရဲ့လှပမှုအပြင် ခန္ဓာကိုဖွံ့ထွားမှု၊ ကိုယ်လုံး ကိုယ်ထည်ကို ကြည့်ကာနှစ်သက်ဝယ်ယူကြတာများပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့ မြင်းကောင်ရေအများဆုံးကျန်ရှိ တာကတော့ ရှမ်းပြည်နယ်ဘက်မှာပဲရှိပါတော့တယ်။

ရှမ်းပြည်ဘက်မှာတော့ အလှူပွဲတွေ၊ ရိုးရာမြင်းစီးပြိုင်ပွဲတွေနဲ့ မြင်းအက၊ အလှပြိုင်တွေကို ယခုထိတိုင်လုပ်နေကြဆဲ ဖြစ်တယ်။

မြင်းစီးတဲ့အလေ့အထဟာ မြန်မာလူမျိုးတွေနဲ့တော့ သိပ်မစိမ်းလှပါဆိုတာ ရန်ကုန်မှာရှိနေတဲ့ကျိုက္ကဆံမြင်းပြိုင်ကွင်းက သက်သေခံနေပါတယ်။ တော်လှန်ရေးအစိုးရ၊ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်က ပြည်သူတွေဟာ မြင်းပွဲတွေလောင်းပြီး ဘဝပျက်ကာ ဒုက္ခရောက်ကြလို့ ပိတ်လိုက်ရာစပြီး ကျိုက္ကဆံမြင်းပြိုင်ကွင်းမှာ မြင်းပွဲတွေရပ်သွားခဲ့တာဖြစ်တယ်။

မြင်းမွေးတာကို တစ်ချို့က ဝါသနာအရမွေးတာ၊ မြင်းစီးဖို့မွေးတာ၊ အလုပ်ခိုင်းဖို့မွေးစသဖြင့် အမျိုးမျိုးမွေးမြူကြပေမယ့် လက်ရှိကာလမှာတော့ မြင်းဈေးကြီးမြင့်လာတာကြောင့် ဝါသနာအရမွေးသူရှားသွားပြီး ခိုင်းစေဖို့လောက်သာ မွေးကြတော့ တယ်လို့ ဦးဘိုတင်က ရှင်းပြပါတယ်။

ပုဂံမှာ မြင်းမွေးသူအများစုကတော့ စီးပွားရေးလုပ်ငန်းအတွက် မြင်းမွေးကြတယ်ဆိုပေမယ့် မြင်းအပေါ်မှာ သံယောဇဉ်ကြီး သူတွေဖြစ်လို့ ရောင်းဖို့ကိုတောင်ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရမှာပါလို့ သူ့အမြင်ကို ပြောပါတယ်။

မြင်းတစ်ကောင်မွေးရတာကလည်း ခေတ်ကာလစီးပွားရေးအခြေအနေအရ မလွယ်ကူလှပါဘူး။ မြင်းတစ်ကောင်ရဲ့တန်ဘိုး က ၁၀ သိန်းကျော်အထက်မှာရှိသလို မြင်းကိုထိန်းသိမ်းစောင့်ရှောက်ရတဲ့အလုပ်ကလည်း အင်မတန်ပင်ပန်းလွန်းပါတယ်။

ဒါကြောင့်လည်း “လူပျင်း မြင်းမွေး”ဆိုတဲ့ဗမာစကားပုံဖြစ်လာရတယ်လို့ မသန္တာလင်းရဲ့အဒေါ်ဖြစ်သူ ဒေါ်စောက ရှင်းပြပါ တယ်။ အဓိပ္ပါယ်ကတော့ မြင်းရဲ့ဝေယျဝစ္စအလုပ်တွေ များပြားလွန်းလို့ ပျင်းချိန်တောင်မရတဲ့အတွက် လူပျင်းရင်မြင်းမွေး လို့ဆိုလိုတာဖြစ်တယ်။

မြင်းတွေဟာ အစာတောင်းချပေးထားရင် ပေးသလောက်အချိန်တိုင်းစားနေတတ်တဲ့သတ္တဝါဖြစ်လို့ မြင်းတစ်ကောင်ရဲ့ တစ်လမြင်းစာဖိုးဟာ ငွေကျပ် တစ်သိန်းခွဲကျော်ကုန်ပါတယ်။

Photo: Shin Nyein

“ မြင်းတစ်ကောင်ထိန်းသိမ်းရတာက မွေးခါစကလေးထိန်းရသလိုပဲ အရိပ်တကြည့်ကြည့်နေရတာ။ အစာလည်းအမြဲတမ်း ဂရုစိုက်ကျွေးရတယ်။ အချိန်မှန်စီးပေးရတယ်။ ပွတ်တိုက်ပေးရတယ်။ မြင်းခွာရိုက်ပေးရတယ်။ နောက်ကျန်းမာရေး ဆိုလည်း အချိန်ပြည့်ကြည့်နေရတယ်”လို့ ဒေါ်စောက ရှင်းပြပါတယ်။

ဒါ့အပြင် မြင်းဟာ လူတွေနဲ့အရမ်းနီးစပ်တဲ့အတွက် ရာသီဥတုအပြောင်းအလဲဖြစ်တိုင်းဖျားနာတတ်ပါသေးတယ်။

“မြင်းက သူ့ကျောပေါ်ရောက်ရင်သာ ကိုယ်ကသခင်ဖြစ်တာ ကျန်တဲ့အချိန်ကျတော့ ကိုယ်ကသူဝေယျဝစ္စအကုန်လုပ်ပေး ရတော့ သူ့အလုပ်သမားပြန်ဖြစ်သွားတာပေါ့”လို့ တောင်ဖီလာရွာမှ ဒေါ်စောက ရယ်မောရင်းနဲ့ပြောပါတယ်။

ဒေါ်စောဆိုရင် အာဏာသိမ်းမှုမဖြစ်မီက မြင်းထီးရှစ်ကောင်နဲ့ သားတင်နေတဲ့မြင်းမတစ်ကောင်ရှိတဲ့အထဲ မြင်းတွေကို ထိန်း သိမ်းစောင့်ရှောက်စရိတ်နဲ့ မြင်းစာဖိုးမတတ်နိုင်လို့ မြင်းလေးကောင်ထုတ်ရောင်းလိုက်ရသူဖြစ်ပါတယ်။

“ အရင်ကတရွာလုံးမြင်းအကောင် ၂၀၀ လောက်ရှိတာ အခု ၂၀ လောက်ပဲကျန်တော့တယ်။ စီးပွားရေးမကောင်းလို့ ထုတ် ရောင်းရင်းနဲ့ကုန်တာလေ။ နောက်ဆိုပုဂံမှာ မြင်းတောင်ရှိတော့မှာမဟုတ်ဘူး”လို့ ဒေါ်စောက ဆိုပါတယ်။

ကျန်တဲ့မြင်း သုံးကောင်ကိုလည်း မထိန်းသိမ်း၊ မစောင့်ရှောက်နိုင်သလို မြင့်တက်လာတဲ့မြင်းစာဖိုးတွေကြောင့် ရောင်းချဖို့ ဒေါ်စောက ဆုံးဖြတ်ထားပါတယ်။

ခက်ခဲကျပ်တည်းလာတဲ့စီးပွားရေးအခြေအနေတွေကြောင့် တောင်ဖီလာရွာဒေသခံတွေဟာ ယခင်ကငွေကျပ် ၁၇ သိန်း ပေါက်တဲ့မြင်းတစ်ကောင်ကို ငွေကျပ်ခြောက်သိန်းခွဲ၊ ခြောက်သိန်းဈေးနဲ့ အရှုံးခံရောင်းရတဲ့အထိ ကျပ်တည်းနေတာဖြစ် တယ်။

မြင်းနဲ့အသက်မွေးသူအများစုဟာ မြင်းလှည်းမမောင်းရလို့ ဝင်ငွေမရှိတာကတစ်ကြောင်း၊ အလှူပွဲတွေမရှိတော့လို့ မြင်း မဌားရတော့တာတစ်ကြောင်း ဘာအလုပ်မှလုပ်မရတဲ့အခြေအနေတွေကြောင့် သူတို့ရဲ့ဝင်ငွေဟာ အနုတ်ပြသွားတာ ဖြစ် တယ်။

ကိုဗစ်နဲ့ အာဏာသိမ်းမှုမဖြစ်မီ အလုပ်အကိုင်တွေကောင်းစဉ်အခါက မသန္တာလင်းရဲ့ခင်ပွန်းသည်ကိုထွန်းဝေဆိုရင် သူရဲ့ မြင်းလှည်းဆွဲတဲ့အလုပ်တစ်ခုထဲနဲ့ု မိသားစု ငါးယောက်ကို မပူမပင်ထားနိုင်ခဲ့တယ်။

မြင်းလှည်းဆွဲတာဟာ သဗ္ဗေညုဘုရားနဲ့ တခြားဘုရားနှစ်ဆူအထိ ခရီးတစ်ကြောင်းကို မြင်းလှည်းစီးခ အနည်းဆုံး ၅,၀၀၀ ကျပ်ရပြီး တစ်ရက်ခေါ်မယ်ဆိုရင် ငွေကျပ် သုံးသောင်းလောက်ရတော့ သူတို့မိသားစုတွေအဆင်ပြေပြေရှိခဲ့တယ်။

ဒါ့အပြင် အလှူပွဲတွေမှာ မြင်းအဌားလိုက်ရရင် တစ်ရက်ကို ငွေကျပ် ခုနစ်သောင်းရပြီး နယ်ခေါ်မယ်ဆိုရင် စားရိတ်ကို အလှူရှင်မှ ကျသလောက်ပေးရမှာဖြစ်ကာ မြင်းဌားခအနေနဲ့ ငွေကျပ်တစ်သိန်းရလို့ မသန္တာလင်းတို့လို့ မြင်းရှိတဲ့သူတွေ အနေနဲ့ စုမိဆောင်းမိခဲ့တယ်။

လက်ရှိ မသန္တာလင်းတို့မှာ မိဘတွေအမွေပေးထားတဲ့မြင်းလှည်းသုံးစီးရှိပေမယ့် မြင်းတွေနဲ့ ဝမ်းစာရှာမရတော့တာကြောင့် မြင်း လှည်းမဆွဲရတဲ့ရက်တွေဆိုရင် ကိုင်းလုပ်ပြီး ဝမ်းစာဖြည့်နေရတာဖြစ်တယ်။

ကိုင်းလုပ်ရတာကလည်း အမျိုးသမီးတစ်ယောက်အတွက် လွယ်တော့မလွယ်လှပါဘူး။ မနက် ၅ နာရီလောက်ထပြီး ရွာက နေ ဧရာဝတီကမ်းကနေ တစ်ဖက်ကမ်းကို လှေနဲ့ကူးရပါတယ်။ တစ်ဖက်သောင်ပေါ်ရောက်တော့ ဆိုင်ကယ်စီးကာ ကိုင်း စိုက်တဲ့ဆီရောက်ပါတယ်။

ပုဂံဟာ အပူပိုင်းဒေသမို့ ဧရာဝတီမြစ်တစ်ဘက်ကမ်းနားမှာ သောင်ထွန်းနေချိန်မှာ ပုဂံနဲ့အနီးတဝိုက် ရွာတွေက ဒေသခံ တွေဟာ အဲဒီသောင်ပေါ်မှာ ခရမ်းချဉ်၊ ပဲ၊ နှမ်း၊ ငရုတ်၊ ကွမ်းစတဲ့သီးနှံတွေလာစိုက်ပြီး ဈေးမှာသွားရောင်းကာ ဝင်ငွေရှာ ကြတာဖြစ်တယ်။

ကိုင်းလုပ်တာ အမျိုးသမီးတစ်ယောက်တည်း မလွယ်တဲ့အတွက် ရွာထဲကလုပ်ကိုင်နိုင်တဲ့ အမျိုးသမီးတွေစုဖွဲ့သွားလုပ်ကြ တယ်။ အမျိုးသားတွေမြင်းလှည်း မမောင်းရတော့တဲ့အတွက် အမျိုးသမီးတွေလည်း တစ်ဖက်မှာဝင်ငွေရှာကြတာဖြစ်ပါ တယ်။

မည်သို့ပင်ဆိုစေကာမူ မသန္တာလင်းကတော့ သူရဲ့မြင်းတွေကို သက်တမ်းစေ့နေစေချင်လို့ အိုသွား၊ နာသွားရင်တောင် မရောင်းဘူးလို့ ပြတ်ပြတ်သားသားပြောဆိုထားပြီး မြင်းနဲ့ပတ်သက်လို့ သူရဲ့ဆန္ဒကို အခုလိုဖွင့်ဟပါတယ်။

“ပုဂံမှာမြင်းခွာသံတွေ တိတ်ဆိတ်သွားတာမျိုးတော့ မဖြစ်စေချင်ဘူး”

Author:

Related Articles