သန့်ရှင်းထွန်း။ ။
မွေးရာပါ ဘယ်ဘက်လက်တစ်ဖက် မသန်စွမ်းသော ခင်ပွန်းသည်နှင့် သားသမီးငါးဦးနှင့်အတူ ဒေါ်မလှဝင်းမှာ တောင်ငါးလုံးကျော်ခရီးကို ခြေကျင်လျှောက်လာခဲ့ရသည်။ နံနက်ကနေညနေထိ တနေကုန်သွားရသည့် တောင်ကျော်လမ်းက ဒေါ်မလှဝင်းတို့ကို ပင်ပန်းနွမ်းနယ်စေသော်လည်း ဇာတိမြေတွင် တောက်လောင်နေသည့် စစ်မီးကြောင့် နေရာသစ်ဆီထွက်ခွာလာခဲ့ရသည်။
မွေးဖွားရာဇာတိမြေ၊ မိမိတို့နေထိုင်သော အသိုက်အမြုံနေအိမ်နှင့် လုပ်ကိုင်စားသောက်နေ တောင်ယာများကို စွန့်ပစ်၍ ထွက်ခွာလာခြင်းက မှား၏မှန်၏ကို မခွဲခြားနိုင်သော်လည်း အသက်ထက်အရေးကြီးသော အရာမရှိဟုဆိုကာ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ဒေါ်မလှဝင်းကပြောသည်။
အသက် ၄၀ အရွယ် ဒေါ်မလှဝင်းမှာ ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသူတစ်ဦးဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဝေးလံခေါင်ဖျားသော အောင်မကျော်ကျေးရွာမှ ရန်ကုန်-စစ်တွေကားလမ်းဘေးရှိ ဗန်းဗွီးစစ်ဘေးရှောင်ရွာတွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်မှာ သုံးနှစ်ကျော်ရှိပြီဖြစ်သည်။
ဗန်းဗွီးစစ်ဘေးရှောင်ရွာသည် ပုဏ္ဏားကျွန်းမြို့နယ်တွင်တည်ရှိပြီး ယိုးတရုတ်တိုက်နယ်နှင့် နီးကပ်စွာတည်ရှိနေသည်။ ရန်ကုန်-စစ်တွေ ကားလမ်းဘေးတွင် ရှိနေခြင်းက ဒေါ်မလှဝင်းတို့အတွက် သွားရေးလာရေးအဆင်ပြေစေသည်။
စစ်ဘေးရှောင်ရွာတွင် နေထိုင်ရသည်မှာ မိမိကျေးရွာတွင် နေထိုင်ခဲ့သလို စားသောက်ရေးအဆင်မပြေသော်လည်း သားသမီးများ၏ ပညာရေးနှင့် ကျန်းမာရေးကိစ္စများမှာ မူလနေထိုင်ခဲ့သည့်ကျေးရွာထက် ပို၍အဆင်ပြေနေမှုကြောင့် မူလနေရပ်သို့ မပြန်တော့ဘဲ သေသည်အထိ ဗန်းဗွီးစစ်ဘေးရှောင်ရွာတွင် နေထိုင်သွားမည်ဟု ဒေါ်မလှဝင်းက ပြောသည်။
“ပြန်သွားဖို့စိတ်လည်းမရှိတော့ဘူး။ တွေးကြည့်မယ်ဆိုရင်တော့ ဟိုမှာက ကလေးတွေပညာရေးရော၊ ကျန်းမာရေးရော၊ လုံးဝအဆင်မပြေဘူး” ဟု ဒေါ်မလှဝင်းက ဆိုသည်။
မူလရွာကို ပြန်သွားလျှင်လည်း တောင်ယာအလုပ်ကို ပြန်လည်လုပ်ကိုင်ရမည်ဖြစ်၍ မြေမြုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေရသည်ဟု ၎င်းကဆက်ပြောသည်။
ဗန်းဗွီးစစ်ဘေးရှောင်ရွာတွင် ပုဏ္ဏားကျွန်းမြို့နယ် ဝေးလံခေါင်ဖျားသည့် အောင်မကျော်၊ လောင်းဘုတ်နှင့် ဆင်သည်ဖျား စသည့်ကျေးရွာများမှ မြိုမျိုးနွယ်စုအိမ်ထောင်စု ၂၀ ကျော်နှင့် လူဦးရေ တစ်ရာကျော်နေထိုင်လျက်ရှိသည်။ အဆိုပါ မိသားစုဝင်များ စစ်ဘေးရှောင်လာခဲ့ချိန်တွင် ယာယီတဲများဖြင့် နေထိုင်ခဲ့ရသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က လုံးချင်းနေအိမ်များအဖြစ် တည်ဆောက်ပေးခဲ့သည်။
အလျား ၁၂ ပေ၊ အနံ ၈ ပေခန့်ရှိသော သွပ်မိုး၊ ဝါးထရံကာ၊ ဝါးအခင်းဖြင့် တည်ဆောက်ပေးထားသော ဗန်းဗွီးရွာက နေအိမ်များက ဒေါ်မလှဝင်းတို့ မိသားစုအတွက် နေထိုင်ရန် အဆင်ပြေလျက်ရှိသည်။
အလားတူ မိသားစုကျန်းမာရေးကိစ္စနှင့် ပညာရေးမှာလည်း မူလကျေးရွာမှာ နေထိုင်ခဲ့ခြင်းထက် ပို၍အဆင်ပြေနေပြီး ကျန်းမာရေးအတွက် သူနာပြုဆရာမကို ဖုန်းဆက်ခေါ်၍ပင် လာရောက်ကြည့်ရှု့ပေးသည်ဟု အဆိုပါစခန်းမှ စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် ဒေါ်မသန်းချေက ပြောသည်။
“ကျန်းမာရေးအတွက်ဆိုရင် ယိုးတရုတ်မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို သွားပြကြတယ်။ ကလေးတွေနေ မကောင်းရင်တော့ ဆရာမကို ဖုန်းဆက်လိုက်တယ်။ ဆရာမက ဒီကိုလာပေးတယ်။ ကလေးတွေ ကျောင်းတက် တာတော့ ဗန်းဗွီးကျောင်းမှာပဲတက်ကြတယ်” ဟု ၎င်းကဆိုသည်။
ယခင်နေထိုင်ခဲ့သည့် ကျေးရွာတွင် မူလတန်းကျောင်းရှိသော်လည်း စာပြသည့်ဆရာမှာ တစ်လတစ်ကြိမ်ခန့်သာ ကျောင်းသို့ရောက်တတ်ကြောင်း ဒေါ်မသန်းချေက ပြောသည်။ ရွာတွင်ဆေးခန်းမှာမရှိသည့်အတွက် မသေသင့်သည့် လူနာများပင် သေဆုံးခဲ့ရသည်ဟု ၎င်းကဆိုသည်။
မူလကျေးရွာနှင့် လက်ရှိနေရာတွင် နေထိုင်ရသည့် အားသာချက်၊ အားနည်းချက်မှာ သားသမီးများ၏ ပညာရေးဖြစ်ပြီး လက်ရှိနေရာတွင် နေထိုင်ရခြင်းက ပညာရေးလမ်းကြောင်း ပိုပွင့်စေသည်ဟု မြိုအမျိုးသမီးတစ်ဦးဖြစ်သော ဒေါ်မထွေးမေ ကပြောသည်။
“ဒီမှာနေတာက ပိုပြီးတော့ အဆင်ပြေတာပေါ့။ သားသမီးပညာရေးရော၊ ကျန်းမာရေးရော၊ ဟိုမှာနေရင် ကျောင်းဆရာလည်း မရောက်ဘူး။ တစ်လတစ်ခါ၊ တစ်လနှစ်ခါပဲရောက်တယ်။ အဲဒီတော့ ပညာရေးက ဘယ်လိုအဆင်ပြေမှာလဲ” ဟု ၎င်းကပြောသည်။
လက်ရှိ နေထိုင်နေသော ဗန်းဗွီးစစ်ဘေးရှောင်ရွာတွင် ကျန်းမာရေးအတွက် အရေးပေါ်ကုသရမည်ဆိုလျှင် ယိုးတရုတ်တိုက်နယ်ဆေးရုံနှင့် ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ဆေးရုံကို အချိန်တိုအတွင်း မော်တော်ယာဉ်များဖြင့် သွားရောက်နိုင်သည်ဟု ဗန်းဗွီးစစ်ဘေးရှောင်ရွာက မြိုအမျိုးသား ဦးအောင်နိုင်ဝင်းက ပြောသည်။
“ရွာမှာဆိုလို့ရှိရင် ညနက်သန်းခေါင် ကျန်းမာရေးကိစ္စပေါ်လာရင် ဘာလုပ်ရမှန်းမသိဘူး။ ဖုန်းဆက်လို့လည်းမရဘူး။ ဒီနေရာက ကားလမ်းဘေးဆိုတော့ ခေါ်လိုက်ရင် ရတယ်။ အခုသွားမယ်ဆိုလည်းရတယ်” မူလကျေးရွာတွင် နေထိုင်ခဲ့စဉ်က ကျန်းမာရေးပြသနာကြုံတွေ့ခဲ့ရပုံကို ဒေါ်မလှဝင်းက ပြောသည်။
ရခိုင်မျိုးနွယ်စုဝင် မြိုလူမျိုးစုများသည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ကြသည့်အတွက် မြို့နှင့်ဝေးလံခေါင်ဖျားသည့် နေရာများဖြစ်သော တောတောင်နှင့် နီးကပ်သည့်နေရာများတွင် ရွာတည်နေထိုင်ကြပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးနှင့် ချင်းပြည်နယ်တို့တွင် ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။
ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးစစ်ဘေးရှောင်ရွာတွင် နေထိုင်လျက်ရှိသော မြိုမျိုးစုများမှာ တောင်ယာနှင့်လယ်မြေ မရှိကြသည့်အတွက် ကိုယ်ပိုင်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် ခက်ခဲနေသေးပြီး လူမှုဝန်ထမ်းနှင့် လူမှုကူညီ ရေးအဖွဲ့များ၏ ကူညီထောက်ပံ့မှုကိုသာ အားကိုးနေရဆဲဖြစ်ကြောင်း ဒေါ်မသန်းချေက ပြောသည်။
“ကျမတို့က တောင်ယာကိုပဲ လုပ်ကိုင်တတ်တော့ ဒီမှာကတောင်ယာတွေကို လုပ်လို့မရဘူး။ အကုန်လုံးက ပိုင်ရှင်တွေနဲ့ဆိုတော့။ အလုပ်အကိုင် မရှိတော့ ထောက်ပံ့ကြေးကိုပဲ မျှော်ကိုးနေကြရတယ်။ ဒီမှာတော့ အဆင်ပြေတယ်၊ ကျမတို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့အတွက် လယ်မြေတွေ တောင်တွေ ရှိမှ စိုက်ပျိုးရေးလုပ်နိုင်မယ် စိုက်ပျိုးရေးလုပ်နိုင်ရင် ဝင်ငွေရလာမှာလေ။” ဟု ၎င်းက ပြောသည်။
သို့သော်လည်း တချို့မှာ ကျပန်းအလုပ်၊ ဈေးဆိုင်ရောင်းသည့်အလုပ်များကို လုပ်ကိုင်၍ မိသားစုဝင် ငွေရှာဖွေနေကြသည်။ထိုသို့ ရှာဖွေလုပ်ကိုင်နေသော်လည်း လက်ရှိနိုင်ငံရေးအခြေနေအရ စီးပွားရေးအဆင်မပြေ ဖြစ်နေချိန်တွင် ဆင်းရဲကျပ်တည်းမှုကို ဆက်လက်ရင်ဆိုင်ရအုံးမည်ဟု မြိုလူမျိုးစု မိသားစုဝင်တချို့က ပြောသည်။
“ကျနော်တို့ မြိုလူမျိုးစုတွေက ဆင်းရဲတယ်။ အဲဒါကိုတော့ မပြောလိုတော့ဘူး။ အဓိက ပညာလိုအပ်တယ်။ ခေတ်သစ် လူငယ်တွေအတွက်ပေါ့။”ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် လူဦးရေ နှစ်သိန်းသုံးသောင်းကျော်မှာ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံခဲ့ရပြီး အများစုမှာ မူလနေရပ်များသို့ ပြန်သွားခဲ့ကြသည်။ မူလကျေးရွာများတွင် နေထိုင်ရန် နေအိမ်မရှိသော စစ်ဘေးရှောင် ခုနစ်သောင်းခန့်မှာ နေရပ် မပြန်နိုင်သေးဘဲ ကျန်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး(REC) စာရင်းတွင် ဖော်ပြသည်။
ထိုအထဲတွင် ဗန်းဗွီးစစ်ဘေးရှောင်ရွာမှ လူဦးရေ နှစ်ရာကျော်လည်း ပါဝင်ခဲ့သည်။ မူလကျေးရွာများတွင် ပညာရေးနှင့် ကျန်းမာရေး အခက်ခဲရှိနေသဖြင့် ပညာရေးနှင့် ကျန်းမာရေးအခွင့်အလမ်း ပိုမိုကောင်းမွန်သည့် အနေအထားတခုဖြင့် နေထိုင်နေရသော ဗန်းဗွီးစစ်ဘေးရှောင်များကို အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်လျှင် ပို၍အဆင်ပြေလာမည်ဟု မြိုစာပေယဉ်ကျေးမှုအသင်း ဉက္ကဌ ဦးဇနီဖြူက ပြောသည်။
“တောင်ယာဖြစ်ဖြစ်၊ ကွမ်းစိုက်ခင်းလုပ်ဖို့ မြေနေရာဖြစ်ဖြစ် ဖန်တီးပေးနိုင်ရင် သူတို့တွေ ကိုယ့်ဘဝကိုယ် ရပ်တည် နိုင်ပါမယ်”ဟု ၎င်းကဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် အသက်လု၍ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသော်လည်း ထိုသို့ထွက်ပြေးလာမှုက ဒေါ်မလှဝင်း တို့အတွက် ကျန်းမာရေး၊ ပညာရေးအခွင့်အလမ်းကို ပိုမိုရရှိစေခဲ့သည်။ ၎င်းသည်မှာ အဆိုးထဲမှ အကောင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
မူလနေရပ်ကို မပြန်တော့ဘဲ လက်ရှိ နေထိုင်နေသော ဗန်းဗွီးစစ်ဘေးရှောင်ရွာတွင် ဆက်လက်နေထိုင်သွားမည့် အကြောင်းကို ဒေါ်မလှဝင်းက ယခုကဲ့သို့ ပြောသည်။
“အစိုးရက အတင်းပြန်ခိုင်းရင်တောင် မပြန်တော့ဘူး။ ဒီမှာပဲ သေတဲ့အထိနေမယ်လို့ ဆုံးဖြတ်ထားပြီးပြီ။”ဟူ၍ ဖြစ်သည်။