Home ဆောင်းပါး ပညာရေးအလှမ်းဝေးမှာကို ပူပန်နေရတဲ့ မိခင်များ

ပညာရေးအလှမ်းဝေးမှာကို ပူပန်နေရတဲ့ မိခင်များ

ဒေဝီ။ ။

လာမယ့်စာသင်နှစ်မှာ ကျောင်းတွေ ပုံမှန်အတိုင်းပြန်ဖွင့်တော့မယ်ဆိုတော့ ကလေးနှစ်ဦးမိခင် ဒေါ်တင်ဇာ ခေါင်းခဲရပါပြီ။

အလယ်တန်းနဲ့အထက်တန်းရှိပြီဖြစ်တဲ့ သမီးနှစ်ဦးက ကိုဗစ်ကြောင့် နှစ်နှစ်ကျောင်းနားခဲ့ရပြီး ဒီနှစ်ကျောင်းတွေ ပြန်ဖွင့်တဲ့ အခါ စစ်ကောင်စီ လက်အောက်ခံကျောင်းမှာပဲ ပြန်ထားရမလား။ အရင်နှစ်တွေကလို အွန်လိုင်းကနေပဲ စာဆက်သင်စေ မလားဆိုတာပါ၊

ဒီစာသင်နှစ်မှာသမီးတွေရဲ့ သူငယ်ချင်းအချို့က ပုဂ္ဂလိကကျောင်းတွေတက်ဖို့ရွေးချယ်ထားကြပေမယ့် ဒေါ်တင်ဇာအနေနဲ့ သိန်း ၁၀ ဂဏန်းအထက် ကုန်ကျမဲ့ကျောင်းစရိတ်အတွက် စဉ်းစားရပြန်တယ်။ အခြားသူငယ်ချင်းတစ်ချို့ကတော့ အစိုးရ ကျောင်းတွေမှာပဲ ပြန်ထားမှာဖြစ်ပြီး သူ့အနေနဲ့စစ်ကောင်စီက ဖွင့်တဲ့ကျောင်းတွေကို မထားချင်တာကြောင့် သမီးနှစ်ဦးရဲ့ ကျောင်းကိစ္စတွေးမိတိုင်းစိတ်ဖိစီးနေရတယ်လို့ ဒေါ်တင်ဇာကပြောပါတယ်။

” စစ်ကောင်စီကဖွင့်တဲ့ကျောင်းတော့မထားချင်ဘူး။ မထားရင်လည်း နှစ်တွေအောက်မှာစိုးရိမ်တယ်။ အပြင်ကျောင်းကျ တော့လည်း နှစ်ယောက်ဆိုတော့ ကုန်ကျစရိတ်က မတတ်နိုင်ဘူး။ ကိုယ့်လိုဗျာများနေတဲ့မိဘတွေလည်းအများကြီးပဲ” လို့ ဒေါ်တင်ဇာကပြောပါတယ်။

စစ်ဘေးသင့်ဒေသအချို့မှာ ကျောင်းနေအရွယ်ကလေးတွေပညာသင်ကြားဖို့ မစဉ်းစားနိုင်သေးဘဲအသက်ရှင်ဖို့ ဘေးလွတ် ရာ ပြေးလွှားနေထိုင်နေရတဲ့ စစ်ဘေးသင့်မိခင်တွေရှိသလို စစ်ပွဲတွေနဲ့အခိုက်အတန့်ဝေးနေသေးတဲ့ မြို့ပြဒေသအချို့မှာ လည်း သားသမီးပညာသင်ကြားဖို့အရေး စိတ်ပူပန်နေရတဲ့ မိခင်တွေလည်း အများအပြားပါ။

စစ်ကောင်စီလက်အောက်ခံပညာရေးမှာ မိမိသားသမီးကို မသင်ကြားစေလိုတာကြောင့် ကျောင်းမပို့ချင်ကြသလို နိုင်ငံတ ကာကျောင်းတွေ ပြင်ပပုဂ္ဂလိကကျောင်းတွေရွေးချယ်ပြန်သော်လည်း စီးပွားကျပ်တည်းတဲ့ကာလမှာ ရေရှည်ကုန်ကျမယ့် ငွေကြေးအတွက် စဉ်းစားနေရတယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။

ရန်ကုန်မြို့က နာမည်ကြီးအစိုးရကျောင်းတစ်ခုမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ‌ဒေါ်တင်ဇာရဲ့ သမီးနှစ်ဦးက ကျောင်း မတက်ရတဲ့ကာလတွေမှာ ပညာရေးမပြတ်စေဖို့ အွန်လိုင်းကနေပဲ သင်ကြားနေခဲ့တာပါ။

မရေရာတဲ့နိုင်ငံရေး အခြေအနေတွေမှာကလေးတွေကို စစ်ကောင်စီလက်အောက်ခံကျောင်းဆီ မပို့ချင်သလို ဖွင့်လှစ်မယ့် ကျောင်းတွေမှာလည်း Non-CDM ဆရာ/ဆရာမတွေပဲရှိတော့ကလေးတွေကို စာကောင်းကောင်းမွန်မွန် မသင်ကြားပေး နိုင်မှာနဲ့ ကျောင်းအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့အတွက် လုံခြုံရေးအရ စိတ်မချဘူးလို့ဒေါ်တင်ဇာကဆိုတယ်။

အပြင်ကျောင်းတွေတက်ရောက်ဖို့ကလည်း နိုင်ငံတကာသင်ရိုးညွန်းတန်းနဲ့ သင်ကြားတဲ့ကျောင်းတွေက ဒေါ်လာထောင် ဂဏန်း အထက်ကျသင့်သလို ပုဂ္ဂလိကကျောင်းတွေကလည်း ကျောင်းအနေအထားအလိုက် ၁၅သိန်းကနေ သိန်း၃၀ကျော် အထိ ရှိနေတော့ သမီးနှစ်ယောက်စရိတ်နဲ့ဆို ထားဖို့ မလွယ်ကူဘူးလို့ဆိုတယ်။

လက်ရှိမှာတော့ အရင်နှစ်တွေကလိုအွန်လိုင်းကနေပဲ ပညာသင်ကြားဖို့ ဆုံးဖြတ်ထားပြီး NUG အစိုးရကလုပ်ဆောင်နေတဲ့ ပညာရေးအစီအစဉ်တွေမှာ တက်ရောက်သင်ကြားစေမယ်လို့ ဆက်ပြောပါတယ်။

” ဒီနှစ်အစိုးရကျောင်းမှာထားမယ်ဆိုရင်တောင် မနှစ်ကကျောင်းတက်ထားသူတွေထက် တစ်တန်းနောက်ကျမှာ ကလေးက စာကြေနေပေမယ့်လည်းလေ ၊ အဲ့ဒီတော့ FOEIM မှာ joinမယ်။ အားလုံးပြီးလို့ ကျောင်းတွေ ပြန်ဖွင့်ရင် အရည်အချင်း အလိုက် အတန်းရမှာဆိုတော့” လို့ဒေါ်တင်ဇာကပြောတယ်။

Free Online Education Institution Myanmar –FOEIM ဆိုတာ စဉ်ဆက်မပြတ်ကြားကာလပညာရေးကို အွန်လိုင်းက ရော မြေပြင်တွင်ပါ အခမဲ့သင်ကြားပေးနေတဲ့ လူထုအခြေပြုအဖွဲ့အစည်းဖြစ်ပါတယ်။

ဒေါ်တင်ဇာလိုပဲ သားသမီးပညာရေးအခက်ပွေနေရသူက မနှင်းပါ။ ‌

” ဒီကာလမှာ အစိုးရကျောင်းတော့မထားဘူး၊ကိုယ့်ဝင်ငွေပေါ်ချိန်ပြီး Home School ပုံစံဖွင့်ထားတဲ့ ကျောင်းမှာပဲ ထားဖို့ ဆုံးဖြတ်ထားတယ်”လို့ အသက်ခုနစ်နှစ်ကျော်အရွယ် မူလတန်းကျောင်းသူတစ်ဦးရဲ့ မိခင်မနှင်းက ပြောပါတယ်။

မနှင်းရဲ့သမီးဖြစ်သူက ၂၀၂၀-၂၀၂၁စာသင်နှစ်မှာ သူငယ်တန်းစတက်ရမှာဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်း တွေ မဖွင့်တဲ့အပြင် ၂၀၂၁-၂၀၂၂ မှာလည်း အာဏာသိမ်းမှုကြုံရတာကြောင့် ကျောင်းမထားခဲ့ပါဘူး။

ကိုဗစ်အခြေအနေငြိမ်သက်သွားပြီးကျောင်းတွေပြန်ဖွင့်ရင် ရန်ကုန်မြို့က နာမည်ရှိတဲ့အစိုးရကျောင်း တစ်ခုခုမှာထားပြီး ကျောင်းပိတ်ရက်တွေမှာအခြားလိုအပ်တဲ့ပညာရပ်ဆိုင်ရာ သင်တန်းတွေတက် ရောက်စေဖို့တွေးတောထားတာလို့ ဆက် ပြောတယ်။

ဒါပေမယ့်အာဏာသိမ်းပြီးနောက် စစ်အစိုးရက ဖွင့်လှစ်တဲ့ကျောင်းပညာရေးကိုမထားဘဲ သပိတ်မှောက်ခဲ့သလို ဒီနှစ် ကျောင်းဖွင့်ရာသီမှာလည်း ကျောင်းထားမှာမဟုတ်ဘူးလို့ ဆိုတယ်။

” လက်လှမ်းမှီသလောက်မေးကြည့်တော့ အစိုးရကျောင်းတွေပြန်ထားကြမယ်ကြားတယ်။ တတ်နိုင်တဲ့သူတွေကတော့ အပြင်ကျောင်းတွေရွေးမှာပေါ့နော်။ အမတို့လည်း အပြင်မှာထားပြီးကိုယ့်အစိုးရ အာဏာပြန်ရမှ အရည်အချင်းပေါ် မူတည် ပြီး ပညာရေးအတွက်စဉ်းစားတော့မယ်။ အခုကတော့ ရတဲ့အချိန်လေးမှာ ကိုယ့်ဘက်က ပညာရေးမပြတ်စေဖို့လုပ်ထားရ မှာ” လို့ မနှင်းကဆိုတယ်။

သမီးဖြစ်သူပညာရေးအတွက် အစိုးရကျောင်းကိုမထားဘဲ ပြင်ပပညာရေးကိုရွေးချယ်ရာမှာလည်း တစ်နှစ်စာ ပေးသွင်းရ မယ့် ငွေကြေးနဲ့အခြားစရိတ်တွေကို ချိန်ဆရတဲ့အပြင် ကျောင်းတွေရဲ့သင်ကြားမယ့်ပုံစံကိုပါ လေ့လာရတယ်လို့ဆက်ပြော ပါတယ်။ ကျောင်းလခနဲ့ သင်ရိုးတွေကိုလေ့လာပြီးနောက် မိဘရောကလေးအတွက်ပါ အဆင်ပြေနိုင်တဲ့ Home School တစ်ခုကို ရွေးချယ်လိုက်တယ်လို့ဆိုတယ်။

” အခုရွေးတဲ့ကျောင်းတောင် တစ်နှစ်စာကို သိန်းသုံးဆယ်ကျော်ကျမှာ၊ အရမ်းတတ်နိုင်တာမဟုတ်ပေမယ့် ကြိုးစားပြီး တော့ထားရမှာပေါ့။ စစ်ကောင်စီလက်အောက်ကကျောင်းကတော့ ဒီကာလမပြီးမချင်း တက်မှာမဟုတ်ဘူး”လို့ မနှင်းက ပြောတယ်။

ငွေကြေးတတ်နိုင်တဲ့မိဘတွေအတွက် ကိုယ်ပံ့ပိုးနိုင်တဲ့ပမာဏထဲကနေ သင့်တင့်ရာကျောင်းတွေရွေးချယ်ပြီး သားသမီး ပညာရေးမပြတ်စေဖို့ ဆက်လက်ပံ့ပိုးပေးနိုင်ပေမယ့် လက်လုပ်လက်စားသာမန်မိသားစုတွေ အတွက်ကရွေးချယ်စရာ မရှိပါဘူး။

” ဒီနှစ်ကတော့ ထားဖို့တော့မှန်းထားတယ်။ အိမ်နားမှာလည်း အစိုးရကျောင်းထားကြမယ်ဆိုတော့၊ ကိုယ်တွေအနေနဲ့က အပြင်လည်းမထားနိုင်တော့ ဒီနှစ်တော့အစိုးရကျောင်းပဲပို့ရမှာ” လို့ ဈေးတစ်ခုမှာ ကုန်စိမ်းရောင်းချတဲ့ ဒေါ်မြတ်မင်းကပြော ပါတယ်။

ဆဌမတန်းတက်ရောက်ရမယ့် သားဖြစ်သူက ကိုဗစ်ကြောင့်ရော နိုင်ငံရေးကြောင့်ရော ကျောင်းနှစ်နှစ်မတက်ခဲ့ရတာပါ။ သာမာန်လက်လုပ်လက်စားမိသားစုဖြစ်တဲ့အတွက် အခြားကလေးတွေလို အွန်လိုင်းကနေလည်း မသင်ကြားပေးနိုင်တာ ကြောင့်ပြီးခဲ့တဲ့နှစ်တွေမှာ ပညာရေးနဲ့အဆက်ပြတ်ခဲ့ရပါတယ်။

” လူကကြီးနေပြီ ခြောက်တန်းပြန်တက်ရမှာ၊ ဒီနှစ်မှကျောင်းမတက်ရရင်လည်း အသက်တွေပိုကြီးပြီး စိတ်လေမှာလည်း စိုးတယ်” လို့ဒေါ်မြတ်မင်းကပြောတယ်။

အစိုးရကျောင်းတွေမထားဖို့ ပြောကြတာတွေရှိပေမယ့် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေဖြစ်လို့ ဈေးကြီးတဲ့ကျောင်း တွေမထားနိုင်သလို အင်တာနက်ကနေသင်ဖို့အတွက်လည်း မလုပ်ပေးနိုင်တဲ့အတွက် အစိုးရကျောင်းတွေပဲ ထားဖို့ရှိတယ် လို့ဆက်ပြောပါတယ်။

” မနှစ်ကတော့ ကျောင်းမထားနဲ့ဆိုလို့ ကိုယ်လည်းမထားပဲ သပိတ်မှောက်ခဲ့တယ် ။ ဒီနှစ်ကတော့ ဘေးအိမ်တွေက ထားကြမယ်ဆိုတော့ထားရမှာပေါ့၊ အင်တာနက်ကနေ သင်လို့ရတယ်ပြောပေမယ့် အိမ်မှာကအင်တာနက်လည်းမရှိ မီးက လည်းမှန်မှမမှန်တာ” လို့ ဒေါ်မြတ်မင်းက‌ပြောပါတယ်။

လာမယ့်စာသင်နှစ်မှာတော့ စစ်ကောင်စီက အခြေခံကျောင်းတွေကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး ကျောင်းသား မိဘအများစုကလည်း သားသမီးတွေကို ပြန်လည်အပ်နှံကြမှာ ကြားနေရတယ်လို့ အထက်တန်းပြရာထူးနဲ့ CDM ပြုလုပ် ထားတဲ့ ဆရာမတစ်ဦးကပြောပါတယ်။

မိဘတွေက ကိုယ့်သားသမီးတွေ သုံးနှစ်ကျောင်းမတက်ရမှာကို မလိုလားတဲ့အတွက် အစိုးရကျောင်းတွေမှာ ပုံမှန်အတိုင်း ပြန်ထားကြမှာကို နားလည်ပေမယ့် ကျောင်းရောက်တဲ့အခါ စာတွေဂရုစိုက်သင်ကြားပေးနိုင်မလား၊ အမျိုးမျိုးသော လုံခြုံ ရေး အခြေအနေတွေထဲ ကျောင်းသားတွေကို ဂရုတစိုက်စောင့်ရှောက်နိုင်မလားဆိုတာကိုပါ ထည့်သွင်းစဉ်းစားသင့် တယ် လို့ ယင်း CDM ဆရာမကပြောပါတယ်။

” ကျောင်းတွေမှာက Non-CDM တွေပဲရှိတော့ ကျောင်းသားနဲ့ဆရာ/ဆရာမအင်အား လုံလောက်မလားဆိုတာ ရှိသေး တယ်။ မနှစ်ကဆို ဒဂုံဆိပ်ကမ်းက ကျောင်းတစ်ခုမှာ Physics ဆရာမ မရှိတဲ့အတွက် စာသင်နှစ်သာပြီးသွားတယ် ကလေး တွေ Physics မသင်လိုက်ရဘူး” လို့ ယင်းဆရာမကပြောပါတယ်။

ငွေကြေးတတ်နိုင်တဲ့သူတွေက နိုင်ငံတကာကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေမှာထားကြပြီး ငွေကြေးမတတ်နိုင်တဲ့သူ တွေအနေနဲ့ နိုင်ငံတကာနဲ့ပုဂ္ဂလိကကျောင်းတွေမထားနိုင်တဲ့အပေါ် စိတ်အားငယ်စရာမလိုဘဲ ပြည်သူ့အစိုးရစီစဉ်တဲ့ FOEIM ၊ အွန်လိုင်းကနေ သင်ကြားပေးနေတဲ့ We are B Lone စတဲ့ အခမဲ့ပညာရေးအစီအစဉ်တွေမှာ တက်ရောက် နိုင်သလို ကိုယ်တိုင်သင်မယ်ဆိုလည်း Myanmar Basic Education Home ဆိုတဲ့ ယူကျု့ချန်နယ်တွေကနေ သင်ကြားပြီး သားသမီးပညာရေးမပြတ်စေဖို့ လုပ်ဆောင်လို့ ရတယ်လို့ ဆိုတယ်။

ဒီလိုအခမဲ့အွန်လိုင်းပညာရေးအစီအစဉ်နဲ့လက်လှမ်းမမှီတဲ့ သူတွေအနေနဲ့လည်း နီးစပ်ရာ CDM ဆရာ/ဆရာမတွေနဲ့ ချိတ်ဆက်ပြီး ပညာရေးဆက်လက်သင်ကြားဖို့ လုပ်ဆောင်နိုင်တယ်လို့ ယင်းCDM ဆရာမကပြောပါတယ်။

” စစ်ပွဲဖြစ်နေတဲ့ဒေသတွေမှာတောင် ပညာရေးမပြတ်စေဖို့ NUG က ကြားကာလပညာရေးဆိုပြီး အကောင် အထည်ဖော် နေတာ၊ မြို့ပြတွေမှာလည်း စစ်ကောင်စီကဖွင့်တဲ့ ကျောင်းအစားဒါတွေရွေးချယ်လို့ရတယ်။ အဓိကက ပညာရေးဆက်သွား နေဖို့ပဲ ဒီလိုဆို အတန်းနောက်ကျမှာလည်းစိုးရိမ်စရာမလိုတော့ဘူး”လို့ ဆက်ပြောပါတယ်။

လွတ်မြောက်နယ်မြေဒေသတွေနဲ့ ထိန်းချုပ်ဒေသတွေမှာ ဒေသခံ၊ပြည်နယ်အစိုးရ၊အတိုင်ပင်ခံ၊ လူထုနဲ့ပူးပေါင်းပြီး ပြည်သူ့ ပညာရေး ပိုမိုလည်ပတ်စေဖို့ဆောင်ရွက်နေသလို ပြီးခဲ့တဲ ၂၀၂၁-၂၀၂၂ပညာသင်နှစ်ကစပြီး အွန်လိုင်းကနေ သက်ဆိုင်ရာ အတန်းအလိုက် သင်ကြားပေးနေပြီး ယခုပညာသင်နှစ်မှာလည်း ယင်းသင်ကြားရေးအစီအစဉ်တွေမှာ တက်ရောက်ဖို့ ကျောင်းအပ်နှံနိုင်ပြီဆိုတာ FOEIM နဲ့ We are B Lone ပေချ့်တွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ၂၀၂၂-၂၀၂၃မှာဖွင့်လှစ်မယ့် ကျောင်းတွေကို မတက်ရောက်ဘဲ CDM ဆက်ပြုလုပ်ဖို့ CDM ကျောင်းသား အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းအချို့က ဆော်သြထားသလို ကြားကာလပညာရေးအစီအစဉ်တွေမှာ တက် ရောက်ဖို့လည်း တိုက်တွန်းနိူးဆော်ထားပါတယ်။

ဒါ့အပြင်စစ်ကောင်စီက ဖွင့်လှစ်တဲ့ကျောင်းတွေကို မတက်ရောက်ရတာကြောင့် အတန်းတင် ၊အတန်းတက်ခြင်းကိစ္စတွေ ကို စိုးရိမ်ပူပန်မှုမရှိဖို့နဲ့ ပြည်သူ့အစိုးရရဲ့ ဖက်ဒရယ်ပညာရေးစနစ်စတင်ချိန်မှာ အသက်အရွယ် ၊ သင်ယူတတ်မြောက်မှု အတိုင်းအတာအရ အတန်းအဆင့်တက်ရောက်နိုင်မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ၂၀၂၁နိုဝင်ဘာလက ထုတ်ပြန်ထားပါတယ်။

ဒေါ်တင်ဇာ၊မငြိမ်းနဲ့ဒေါ်မြတ်မင်းတို့အပါအဝင် အခြားမိခင်တွေကလည်း သားသမီးပညာရေးအတွက် အသင့်တော်ဆုံး ဖြစ်မယ်ထင်တဲ့ လမ်းကိုရွေးချယ်ထားတာကြောင့် အခက်အခဲတွေရှိပေမယ့် တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ပံ့ပိုးသွားမှာဖြစ်ပြီး လာမယ့်နှစ်တွေမှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ မျှော်လင့်မိတယ်လို့ ဆိုကြပါတယ်။

ဒေါ်တင်ဇာကတော့ ” ဒီနှစ်ကတော့ ကောင်းမယ်ထင်တဲ့လမ်းကြောင်း ကိုရွေးလိုက်တာပဲ။ နောက်နှစ်တွေဘယ်လိုလာဦး မလဲတော့မသိဘူး။ စိတ်တော့မပူချင်တော့ဘူး”လို့ ဆိုပါတယ်။

Author:

Related Articles