Home ဆောင်းပါး လောင်းကစားဝိုင်းတွေဂယက်အမျိုးသမီးတွေဆီရိုက်ခတ်

လောင်းကစားဝိုင်းတွေဂယက်အမျိုးသမီးတွေဆီရိုက်ခတ်

နန်းဆိုင်နွမ်။ ။

“ လောင်းကစား၀ိုင်းတွေ အရမ်းများလာတယ်။ ကျမ တသက်မှာ ဒီလို လောင်းကစား၀ိုင်းတွေ မမြင်ဖူးဘူး။ ကျမရဲ့ ယောက်ျားနဲ့ သားတွေလည်း အဲ့၀ိုင်းမှာ အချိန်ကုန်နေကြတယ်” လို အသက် ၅၀အရွယ် ဒေါ်လှရီ က စိတ်ပျက်လက်ပျက်နဲ့ ပြောပြနေပါတယ်။

ဒေါ်လှရီတို့နေထိုင်တဲ့ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ရွှေညောင်မြို့ထဲမှာ လောင်းကစား၀ိုင်းကို ယခင်ကပေါ်ပေါ်ထင်ထင် ပြုလုပ်လေ့မရှိခဲ့ဘဲ စစ်အာဏာသိမ်းပြီးနောက်မှာတော့ လေးကောင်ဂျင် လောင်းကစား၀ိုင်းဟာ မြို့လယ်ခေါင်မှာ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာပါတယ်။

ဒေါ်လှရီမှာက အသက် ၁၇နှစ်အရွယ်သားငယ်လေး တစ်ယောက်ရှိပြီး၊ သူမရဲ့ သားလည်း လောင်းကစားရုံသို့ မကြာခဏ သွားဆော့နေသူဖြစ်ပါတယ်။

သူမတို့ နေထိုင်တဲ့နေရာက စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေး၀မ်းပြုနေကျတဲ့ ရွှေညောင်မြို့နယ်က ပြည်သူတွေဟာ ကိုဗစ်-၁၉ ကြောင့်နဲ့ စစ်အာဏာသိမ်းမှုကြောင့် အလုပ်တွေ အရင်လို၀င်ငွေမရရှိတော့ဘဲ လောင်းကစား၀ိုင်းဘက်ကို ပိုအားသာလာကြကြောင်း ဒေါ်လှရီ က စိတ်မကောင်းစွာနဲ့ ပြောပြလာပါတယ်။

“ကျမတို့ဆီမှာက အခုနိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ကြောင့် အလုပ်တွေလက်မဲ့ဖြစ်ကြတယ်။ ငွေအလွယ်ရတဲ့ လောင်းကစားဘက်ကိုလိုက်သွားကြတာပဲ။ ကျမ အမျိုးသားနဲ့သားတောင် အဲ့ထဲပါတယ်” လို့ ဒေါ်လှရီ က ဆိုပါတယ်။

အရင်ခေတ်ကာလမှာ လောင်းကစားကို ရွှေညောင်မြို့မှာ မကြားဖူးခဲ့ပေမယ့် အခုကာလမှာတော့ လက်ညိုးထိုးရာ လောင်းကစား၀ိုင်းများဖြစ်နေကြောင်း ကို သူမက လက်ရှိအနေအထားကို ပြောပြလာပါတယ်။

အရင်က လေးကောင်ဂျင် လောင်းကစား၀ိုင်းတွေကို နယ်တွေ၊ ကျေးရွာတွေမှာတောင် တရားမ၀င်ခိုးဖွင့်ခဲ့ကြရာ လက်ရှိမှာတော့ ရွှေညောင်မြို့ပေါ်မှာ လောင်းကစားရုံတွေကို တရား၀င်ဖွင့်လှစ်လာကြပါပြီ။

လောင်းကစားပြုလုပ်တဲ့နေရတွေမှာ လက်နက်အပြည့်အစုံနဲ့ စစ်ယူနီဖောင်းတွေနဲ့ စောင့်ဆိုင်းနေတဲ့ ပြည်သူ့စစ်တွေ ကလည်း ရှိနေပါတယ်။

လောင်းကစားတွေများလာတဲအမျှ အိမ်ထောင်ရှင်မတွေ အတွက်တော့ ဒုနဲ့ဒေး ဒုက္ခတွေ ရင်ဆိုင်နေရပြီး၊ အိမ်ထောင်ရေး မှာလည်း အကွဲအပြဲတွေစတင်လာပြီး၊ အမျိုးသမီးတွေရဲ့ လုံခြုံရေးကလည်း အလွန်ပင် စိုးရိမ်စရာဖြစ်လာပါတယ်။

“အခုအိမ်၀င်ငွေမရှိတဲ့အပြင် ဂျင်း၀ိုင်းပါသွားကြတော့ စုမိဆောင်းမိတဲ့ ငွေတွေလည်း ပါသွားပြီ။ ချေးငှားနေရတဲ့အဆင့် ရောက်ပြီ” လို့ တုန်ရီတဲ့အသံနဲ့ ဒေါ်လှရီ တယောက် ဆိုပါတယ်။

အလားတူ တောင်ကြီးမြို့နယ် ဘုရားနီကျေးရွာမှာလည်း လေးကောင်ဂျင် လောင်းကစား၀ိုင်းကြောင့် အိမ်ရှင်မတွေ၊ အမျိုးသမီးငယ်တွေဟာ စိုးရိမ်ပူပန်မှုတွေ ကြောက်ရွံ့မှုတွေနဲ့ နေထိုင်နေရပါတယ်။

Photo by CJ

“ဂျင်၀ိုင်းလာထောင်တာတော့ ၂လကျော်ကြာပြီ၊ လောင်းကစားရှိလာပြီဆိုရင်တော့ ယောင်္ကျားသားတွေ အများစုကတော့ အဲ့၀ိုင်းတွေမှာပေါ့။ လောင်းကစားဆိုတဲ့အမျိုးကတော့ ကိုယ်က ရတာနည်းနည်း ပေးလိုက်ရတာခပ်များများပဲ။ ကျမအိမ်မှာ ဆိုရင် ဘာပစ္စည်းမှ မရှိတော့ဘူး။ ကျမယောင်္ကျားက သွားပေါင်ပြီး ဂျင်ဆော့လိုက်လို့” လို့ဘုရားနီကျေးရွာက မရွှေစင် က လက်ရှိကြုံတွေ့ရတာကို ပြောပါတယ်။

သူမရဲ့ အမျိုးသား ဂျင်၀ိုင်း နေ့စဥ်အချိန်ပြည့် သွားရောက်ဆော့တဲ့အပြင် စုဆောင်းပြီး ၀ယ်ထားတဲ့ ဆိုင်ကယ်ပါ သွားကြောင်း၊ အိမ်ခြံပေါင်ခံရမှာလည်း စိုးရိမ်နေရကြောင်း လည်း ဆိုပါတယ်။

“တခါတ‌လေမှာ အပျင်ပြေ သွားဆော့တယ်။ စိတ်ပြေလက်ပျောက်ဆိုပေမယ့် နောက်ဆုံးတော့ စွဲသွားကြတယ်။ ပေါင်နှံတဲ့အဆင့် ရောင်းတဲ့အဆင့်ထိပဲ။ ဘယ်သူ့ကိုမှ မစမ်းခိုင်းစေချင်ဘူး”လို့ မရွှေစင်က ပြောပါတယ်။

ဒီလိုနိုင်ငံရေးတွေ မတည်ငြိမ်တဲ့ကြားမှာ လောင်းကစားတွေ တရား၀င် စည်းမဲ့ကမ်းမဲ့ ဖွင့်လှစ်နေခြင်းဟာ စစ်ကောင်စီက အမျိုးသမီးတွေကို နှစ်ထပ်ကွမ်း စိတ်ဒဏ်ရာတွေ ပေးနေတာပါ။

လေးကောင်ဂျင်၀ိုင်းတွေက (၂၄)နာရီနီးပါး ဆော့ကြပေမယ့် ညနေ (၅)နာရီနောက်ပိုင်းမှာ လာရောက် ဆော့ကစားသူတွေ များပါတယ်။

“တညလုံး ဆော့ကြတယ်။ ပွဲကျနေတာပဲ။ လူအရမ်းစည်တယ်။ လောင်းကစားရှိလာတာနဲ့အမျှ ခိုးလုယက်ကတော့ လိုက်လာတာပဲလေ” လို့ ရွှေညောင်မြို့ နေထိုင်တဲ့ ဒေါ်လှရီ က ပြောပါတယ်။

နိုင်ငံအနှံ့က ဒေသဆိုင်ရာသတင်းဌာနအချို့ရဲ့ အဆိုအရ အာဏာသိမ်းပြီးတဲ့နောက် လောင်းကစားဝိုင်းတွေဟာ သိသိသာသာများပြားလာတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားရုံတွေ တိုးလာတဲ့အကြောင်း DVB သတင်းဌာနနဲ့ The 74 Media တို့ကရေးသားကြပါတယ်။ ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ ယခင်က ငမန်းဂိမ်း လောင်းကစားဆိုင်များ ၂-၃ ဆိုင်သာရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ၇ဆိုင်ကနေ ၈ဆိုင်အထိ တိုးလာခဲ့ကြောင်း သိရသည်။ The 74 Media ကရေးသားပါတယ်။ ဗန်းမော်မြို့မှာဆိုလျှင်လည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင် အပါအဝင် ဖဲကစားနည်း၊ ငါးမန်းပစ်ဂိမ်းတွေအထိ ပါဝင်တဲ့ လောင်းကစားရုံတွေ တိုးလာတယ်လို့လည်း DVB သတင်းဌာနက ရေးသားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ စစ်ကောင်စီက လောင်းကစားဝိုင်းတွေ ပြည်သူများ နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု နှင့် ပါဝင်မှု လျော့နည်းစေရန်အတွက် တရားဝင်ခွင့်ပြုပေးနေတယ်လို့ ၂၀၂၁ မေလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများ အပါအဝင် ကျေးလက် တောရွာများတွင် လောင်းကစားဝိုင်းများကို တရားဝင်ခွင့်ပြုပေးနေတယ်လို့ AAPP ကစွပ်စွဲထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လောင်းကစားတွေဟာ အလွန်အကျွံများလာတဲ့ အကျိုးဆက်ကတော့ ခိုး၊လုယက်မှုကလည်း အရင်ကထက် ပိုများလာပြီး အထူးသဖြင့် ဆိုင်ကယ်၊ ကားခိုးမှု၊ နေအိမ် ဖောက်ထွင်း ခိုးယူမှုတွေလည်း အများအပြားရှိလာပါတယ်။

“ကျမတို့ အိမ်က လောင်းကစား၀ိုင်းနဲ့ သိပ်မ၀ေးဘူး။ ကားလည်းခိုးခံရတယ်။ ဆိုင်ကယ်လည်း ပါတယ်။ ကျမတို့ ဒီအတိုင်းထားနေတာ တခါမှမပျောက်ဖူးဘူး။ လောင်းကစားရုံလာဖွင့်မှပဲပျောက်တော့တယ်”လို့ သျှမ်းမြောက် လားရှိုးမြို့တွင်နေထိုင်တဲ့ နန်းဟွမ်က ကားပျောက်တဲ့အကြောင်းကို ရင်ဖွင့်လာပါတယ်။

Photo by CJ

လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေတဲ့သူအများစုဟာ စစ်ကောင်စီ လက်အောက်ခံ စစ်မှုထမ်းဟောင်းတွေဖြစ်ကြသလို စစ်တပ်နဲ့ နီးစပ်သူတွေဖြစ်ကြပါတယ်။

လောင်းကစားရုံဖွင့်ပါက အိမ်၀ိုင်းပိုင်ရှင် တရက်တစ်သောင်းခွဲပေးရပြီး ရပ်ကွက်အကြီးအကဲ ကို တရက်လျှင် တစ်သိန်းခွဲကျပ်ပေးရကာ ရဲကြေးတွေကိုပါ ပေးဆောင်ရကြောင်း ရွှေညောင်မြို့မှ ဦးမောင်ကြီး က ပြောပြပါတယ်။

အခုပွင့်လင်းရာသီချိန်မှာတော့ သျှမ်းပြည်တ၀ှမ်းမှာ ရှင်းလောင်းပွဲတွေ၊ဘုရားပွဲတွေ ပြုလုပ်လေ့ရှိပြီး အဲ့ဒီပွဲတွေမှာလည်း လောင်းကစားမျိုးစုံထည့်သွင်း နေသလို ဘုန်းကြီးကျောင်းထဲထိ လောင်းကစားတွေ ပြုလုပ်နေကြောင်း သျှမ်းလူငယ် အမျိုးသမီး နန်းမွေငင်းက ပြောပါတယ်။

“ အရင်က ကျမတို့ရှင်လောင်းပွဲတွေ ဘုရားပွဲတွေမှာ လောင်းကစားမရှိတော့တာ တော်တော်ကြာပြီ။ အခုက ဘုန်းကြီးကျောင်းထဲထိ လောင်းကစားတွေက ပါနေတယ်။ ကျမတို့လည်း ဘာမှ ကန့်ကွက်လို့မရဘူးလေ” လို့ နန်းမွေးငင်းက ပြောပါတယ်။

စစ်ကောင်စီ ဘက်မှ ပြည်သူတွေကို နိုင်ငံရေးစိတ်မ၀င်စားအောင် လောင်းကစား၀ိုင်းတွေ တမင်ဖွင့်လှစ်ပေးနေကြောင်း၊ ပြည်သူတွေကို ဘ၀ပျက်အောင် ပြုလုပ်နေခြင်းဖြစ်ကြောင်း နန်းမွေးငင်း က ဆိုပါတယ်။

“ လောင်းကစားလုပ်ဖို့ ခွင့်ပြုတာဟာ ကျမတို့ အမျိုးသမီးတွေအတွက် အဖက်ဖက် ထိခိုက်တာပဲ။ အိမ်ထောင်ရေး ပြဿနာ၊စီးပွားရေးပြဿနာ နောက် အမျိုးသမီးဘ၀လုံခြုံရေးတွေ စိုးရိမ်ရပါတယ်။ ခေတ်ကာလက ဘယ်သူကို တိုင်လို့တိုင်ရမှန်းမသိ။ ကိုယ့်လုံခြုံရေးကိုယ်တာ၀န်ယူနေရတဲ့ခေတ်ကာလပါ” လို့ နန်းမွေးငင်း က ပြောပြပါတယ်။

နေရာတိုင်းမှာ လောင်းကစား၀ိုင်းတွေကို ဒေသအာဏာပိုင် အမိန့်အရ တရား၀င်ဖွင့်ခွင့်ပေးလိုက်တာဟာ သျှမ်းပြည် အမျိုးသမီးတွေ ပိုမိုးဆိုးရွားတဲ့ အခြေအနေ ရင်ဆိုင်ရဖွယ်ရှိပါတယ်။

“ဒေသအာဏာပိုင် အမိန့်ဆိုပြီး ထင်တိုင်းကြဲနေတာခက်တယ်။ ကိုဗစ်နဲ့ နိုင်ငံရေးကြား ၀င်ငွေမရှိတဲ့ပြည်သူတွေ၊ အလုပ်လက်မဲ့ ပြည်သူတွေအတွက်ကတော့ ပိုခက်မယ်။ အဓိက လူငယ်တွေ လောင်းကစားရုံထဲရောက်မှာပဲ ဆိုးတယ်”လို့ နန်းမွေငင်း က ပြောပါတယ်။

လောင်းကစား၀ိုင်းတွေ မှိုလိုပေါက် ပေါများနေမှုကြောင့် သားသည်မိခင်တွေ အတွက် ပူလောင်သောကတွေနဲ့ အသက်ရှင်နေရပါတယ်။

“ ဂျင်ဆော့တဲ့နေရာမှာ ဆယ်ကျော်သက်တွေမြင်ရင် ကျမ အရမ်းကို ထိတ်လန့်တယ်။ ကျမရဲ့သား၊သမီး ဒါမှမဟုတ် ကျမတို့ မောင်တွေ၊တူတွေသာ အဲ့နေရာမှာဖြစ်ရင်ဆိုပြီး တွေးမိတယ်။ ကျမတို့ အနာဂတ်ကဘာမှ မရေရာတဲ့ဘ၀ပါ။ ကျမတို့ နည်းလမ်းတော့ ရှာဖို့လိုအပ်နေပြီ” လို့ နန်းမွေးငင်း က ငြီးထွားပါတယ်။

သျှမ်းပြည်ရဲ့ လောင်းကစားပြဿနာကို မဖြေရှင်းနိုင်သရွေ့ မိသားစုပြဿနာ၊ ရပ်ရွာပြဿနာတွေ ခိုးဆိုးလုယက်မှု ဓားပြတိုက်မှုတွေက တနေ့ထက်တနေ့ ပိုဆိုးရွားလာနိုင်ပါတယ်။

စစ်အာဏာသိမ်းမှုနောက်မှာ နိုင်ငံ့စီးပွားရေးကျဆင်းလာတဲ့အမျှ စစ်ကောင်စီ အုပ်စုမှ လူမှုဘ၀တွေကို ထိခိုက်စေတဲ့ လောင်းကစား၀ိုင်းတွေကို တရား၀င်ဖွင့်လှစ်နေသရွေ့ လူမှုဒုက္ခတွေ အမျိုးသမီးဘ၀တွေဟာ ခါးဆီးခံနေရမှာပါ။

“ ကျမ မိသားစုအရင်လို စိုက်ပျိုးရေးနဲ့အေးဆေးနေချင်တယ်။ သားကိုလည်း ကျောင်းပြန်တက်ချင်တယ်။ အခုတော့ လောင်းကစားကနေဆွဲထုတ်ဖို့ ကျမ ဘယ်လို လုပ်ရမှန်းတောင်မသိဘူး” လို့ ဒေါ်လှရီ တယောက် သူမရဲ့ ခံစားချက်ကို ပြောပါတယ်။

Author:

Related Articles