ခင်ဘုန်းမို့။ ။
“ ကိုယ်ဝန်နဲ့ပြေးလွှားရတာတော့ ဆန္ဒပြရင်းပဲ။ ကိုယ်ဝန်ရှိမှန်းမသိဘဲ လမ်းပေါ်ထွက်ဆန္ဒပြခဲ့တယ်”လို့ ကလေးချီထားတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။
အမျိုးသမီးပွေ့ချီထားတဲ့ ကလေးငယ်ဟာ မိခင်ဝမ်းဗိုက်ထဲမှာကတည်းက မိခင်နဲ့အတူတူ ဆန္ဒပြပွဲတွေလိုက်ပါခဲ့ရတဲ့ ကလေးငယ်လေးဖြစ်တယ်။
လသားအရွယ်ကလေးငယ်ကိုပွေ့ချီထားရင်းက ကိုယ်ဝန်ဆောင်ဘဝနဲ့ဆန္ဒပြပွဲတွေမှာ ပါဝင်တုန်းက အဖြစ်အပျက်တွေကို ပြောပြနေသူကတော့ အသက်၂၅အရွယ် မကေ(အမည်လွှဲ)ပါ။ မကေဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်တာကြောင့်ဖမ်းဆီးခံခဲ့ရပြီး ကိုယ်ဝန်သည်ဘဝနဲ့ အကျဉ်းထောင်ထဲ ဖြတ်သန်းခဲ့ရသူပါ။
တစ်နေ့အဖမ်းခံရနိုင်တယ်ဆိုတာကို ကြိုတင်တွေးထားခဲ့ပေမယ့် တကယ်အဖမ်းခံရချိန်မှာတော့ ကိုယ်ကိုကိုယ်ထက် ဗိုက်ထဲကရင်သွေးလေးအတွက် စိတ်ပူကာ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
“ အဆုံးထိတွေးပြီး ကလေးအတွက်စိတ်မကောင်းဘူး။ ငါသေသွားရင်၊ ငါမလွတ်မြောက်လာရင်ပေါ့၊ ငါ့ကလေးလေးဆိုပြီး တွေးနေမိတယ်” လို့ မကေက ဖွင့်ဟပါတယ်။
၂၀၂၁ခုနှစ်ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ်ဧပြီအထိ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရသူအမျိုးသမီး ၂,၀၅၅ ဦးရှိခဲ့ပြီး ပြစ်ဒဏ် ချမှတ်ခံရသူအမျိုးသမီး ၁၅၃ဦး၊ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ခံရသူရှစ်ဦးရှိကာ ထောင်ဒဏ်တစ်သက်တစ် ကျွန်း ချမှတ်ခံထားရသူ အမျိုးသမီးခြောက်ဦးအထိ ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ကထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူအမျိုးသမီးတွေထဲမှာ ကိုယ်ဝန်ဆောင်တွေလည်းပါဝင်ပြီး သူတို့ဟာကိုယ်ဝန်ဆောင်ဘဝကို အကျဉ်းထောင် အတွင်းမှာ များစွာသောအခက်အခဲတွေနဲ့ရင်ဆိုင်ဖြတ်သန်းခဲ့ကြရတယ်။
မကေဟာ ကိုယ်ဝန်သုံးလမှာ ဖမ်းဆီးခံခဲ့ရတာကြောင့် ကိုယ်ဝန်ဆောင်ရင်းနဲ့ အကျဉ်းထောင်အတွင်းမှာ လေးလလောက် စိတ်ပိုင်း၊ ရုပ်ပိုင်း ဆင်းရဲစွာနေထိုင်ခဲ့ရတာပါ။
ဖမ်းဆီးခံရပြီးနောက် မကေတစ်ယောက် စစ်ကြောရေးမှာ ရက်အနည်းငယ်ဖြတ်သန်းခဲ့ရပါတယ်။ ကိုယ်ဝန်ရှိခါစ စိတ် အတက်အကျမြန်တဲ့ အချိန်ဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြုံတွေ့ခဲ့ရတယ်။ ထောင်ထဲမှာလည်း အဖမ်းခံခဲ့ ရတဲ့အကြောင်းတွေကို အချိန်တိုင်းမြင်ယောင်နေမိတာ၊ ညဘက်အိပ်မပျော်တာ၊ အပြင်မှာကျန်ခဲ့တဲ့မိသားစုအတွက် စိတ်ပူ တာစတဲ့ စိတ်ပူပင်မှုတွေနဲ့ဖြတ်သန်းခဲ့ရတယ်။
“ ဘေးနားမှာအမျိုးသားကိုရှိစေချင်တယ်။ အခုလို အကျဉ်းထောင်ထဲရောက်နေတော့အားငယ်နေရတာပေါ့။ ဆေးခန်းပြတဲ့ ရက်ရောက်လို့ ဆေးခန်းပြချိန် ကလေးငိုသံတွေကြားရရင် ဝမ်းနည်းလာတယ်။ ငါ့ကလေးလေးကို အကျဉ်းထောင်မှာသာ မွေးရရင်ဆိုပြီး စိတ်ကိုငြိမ်အောင်ထားလို့ကိုမရဘူး” လို့မကေက ဖွင့်ဟပါတယ်။
အကျဉ်းထောင်တွင်းမှာဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အတွက် လိုအပ်တဲ့ အာဟာရပြည့်အောင် စားရ မယ့်အခြေအနေ၊ အနေအထိုင်အသွားအလာ ဂရုစိုက်ဖို့ အခွင့်အရေးတွေမရှိခဲ့ပါဘူး။
ထမင်း၊ဟင်းယူချိန်ဆိုလူအများထဲတိုးပြီးတန်းစီရတာ၊ လူအများထဲတိုးပြီးအချိန်နဲ့ချိုးရတာတွေ အိပ်ရေးမဝတာ စတဲ့အခြေ အနေတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။
ကိုယ်ဝန်ဆိပ်တက်တာအပြင် အကျဉ်းထောင်ကကျွေးတဲ့ထမင်းကြောင့် ရင်ပြည့်ပြီးအန်တာ၊သန့်ရှင်းမှုမရှိတာ၊ အာဟာရ ရှိတာမစားရတဲ့အတွက် အားမရှိတော့ဘဲ အထိုင်အထတွေ မူးလာတဲ့အထိဖြစ်ခဲ့တယ်။
“ စားချင်တာလေးတွေလည်းအများကြီးဖြစ်တယ်။ မျိုသိပ်ပြီး အသက်ရှင်ဖို့အတွက်ပဲ သူတို့ကျွေးတာပဲကြိတ်မှိတ်စားခဲ့ရ တာပေါ့” လို့မကေက အကျဉ်းထောင်တွင်းကအခြေအနေကိုပြောပါတယ်။
ကိုယ်ဝန်ရင့်လာတဲ့အခါမှာလည်း ခြေလက်တွေရောင်လာတာ၊ ခန္ဓာကိုယ်မသယ်ချင်တာ၊ခါးနာတာတွေ ခံစားခဲ့ရတယ်။ ဒီအခြေအနေတွေကြားမှာ ကြမ်းပြင်ပေါ်အိပ်ရတဲ့အတွက် ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် ဘယ်လိုမှသက်တောင့် သက်သာ မရှိနိုင်ခဲ့ပါဘူး။
“ အာဟာရရှိတာမရှိတာ သန့်ရှင်းတာမသန့်ရှင်းတာထက် ကိုယ်နဲ့ဗိုက်ထဲကကလေးအသက်ရှင်ဖို့ပဲလိုတယ်ဆိုပြီး မစားနိုင် လည်း စားပြီးကျော်ဖြတ်ခဲ့တယ်။ သူတို့ကျွေးတာကတော့ တစ်ကယ်မသေရုံကျွေးတာပဲ” လို့ မကေကသူ့အတွေ့အကြုံကို ပြောပြပါတယ်။
အကျဉ်းထောင်တွင်းမှာ ကိုယ်ဝန်ဆောင်ဖြစ်လို့ အထူးတလည်ကျန်းမာရေးစောင့်ရှောက်မှုလည်းမရခဲ့ပါဘူး။ ကိုယ်တိုင်ကပဲ ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး တောင်းဆိုခဲ့ရတယ်။
တစ်ပတ်တစ်ခါဆေးခန်းပြဖို့တောင်းဆိုတော့မှ OGကြည့်ပေးတဲ့ရက်နဲ့စီစဉ်ပေးတာ၊ OGကြည့်ပေးတဲ့ရက်မဟုတ်ပြန်ရင် လည်း ဘာပဲဖြစ်နေနေ ဆေးခန်းပြခွင့်မရပြန်ပါဘူး။ ဆေးခန်းအသွားအလာမှာလည်း မိုးတွင်းဖြစ်တဲ့အပြင် တခြားသူတွဲပေး လို့လည်းမရတာကြောင့် ချော်မလဲအောင်ဂရုစိုက်ရတယ်လို့ မကေကဆိုပါတယ်။
အိမ်ကိုစာရေးတဲ့အခါမှာလည်း ရေးလိုက်တဲ့စာကအိမ်ကို သုံးပတ်လောက်ကြာမှရောက်တာ တချို့စာတွေမရောက်တဲ့ အတွက် အခြေအနေတွေကို အိမ်ကမသိတာတွေလည်းကြုံတွေ့ခဲ့ရတယ်။ အိမ်ကပို့လိုက်တဲ့ထောင်ဝင်စာကိုလည်း အဆင့်ဆင့်စစ်ဆေးနေတဲ့အတွက် လိုအပ်တာတွေအချိန်မီမရတာ ကိုယ်ဝန်ဆောင်အားဆေးပြတ်တာတွေလည်း ကြုံခဲ့ရ တယ်။
ကိုယ်ဝန်ရှိချိန်ဘေးနားမှာ မိဘ၊ဆွေမျိုးနဲ့ခင်ပွန်းဖြစ်သူကို ရှိစေချင်နေပြီး အိမ်မှာသာဆိုရင်ဆိုတဲ့စိတ်က အိမ်ကိုလွမ်းပြီး ဝမ်းနည်းစေခဲ့တယ်။ ဒါပေမယ့်လည်း ကိုယ့်ထက်ငယ်ရွယ်တဲ့ ကလေးတွေမြင်ရတော့ သူတို့လေးတွေတောင်နေနိုင်ကြ သေးတာပဲ ငါလည်းနေနိုင်ရမှာပေါ့ဆိုတဲ့ စိတ်နဲ့အားတင်းဖြတ်သန်းခဲ့တယ်လို့မကေကဆိုပါတယ်။
ကိုယ်ဝန်လရင့်လာတော့ Ultrasound လေးရိုက်ပြီး အပြင်ကမိဘတွေလို သားလေးလား၊သမီးလေးလား ရင်ခုန်ချင်ခဲ့ပေ မယ့် အကျဉ်းထောင်ထဲမှာဖြစ်တာကြောင့် ကိုယ်ဝန်အခြေအနေကို သေချာမသိရတဲ့အတွက် ကလေးမွေးလာရင် အာဟာ ရချို့တဲ့ခဲ့လို့ တစ်စုံတစ်ခုများချို့ယွင်းနေမလားဆိုတဲ့ စိုးရိမ်စိတ်တွေသာ မကေမှာကြီးစိုးနေခဲ့တယ်။
အဲ့လိုနဲ့ဘယ်အချိန်ပြန်လွတ်မယ်မှန်းမသိရတာကြောင့် ကလေးကိုအထဲမှာမွေးဖို့ စီစဉ်ဆုံးဖြတ်ရပါတော့တယ်။ ကလေး မွေးပြီးတဲ့အခါမှာ အပြင်ထုတ်ဖ့ိုလည်း မိဘတွေကိုစာနဲ့ကြိုမှာခဲ့တယ်။
“ အထဲမှာကလေးမွေးပြီးကလေးကို အပြင်ထုတ်ပေးမယ်ဆိုပြီး အိမ်ကိုစာရေးတော့ငိုရတာပေါ့။ ကလေးကိုမိစုံဖစုံနဲ့ပဲဖြစ် စေချင်တယ်။ မွေးပြီးပြီးချင်းကလေးတစ်ယောက်ကို ဘယ်မိခင်ကခွဲနိုင်ပါ့မလဲ။ မခွဲနိုင်ပြန်တော့လည်း ကိုယ့်သမီးကို ဘယ်သူက ထောင်ထဲထားချင်မလဲ။ ခေါ်ထားလို့တော့ရတယ်။ ဒါပေမယ့်အနေဆင်းရဲအစားဆင်းရဲနဲ့ ကလေးကိုမထား နိုင်ဘူးလေ” လို့မကေကပြောပါတယ်။
မကေနည်းတူ ကိုယ်ဝန်လွယ်ရင်းခက်ခဲလှတဲ့ အကျဉ်းထောင်နေ့ရက်တွေကိုဖြတ်သန်းခဲ့ရသူကတော့ အသက် ၃၀အရွယ် မသီရိ(အမည်လွှဲ)ပါ။ မသီရိတစ်ယောက်လည်း စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာပါဝင်တာကြောင့် ဖမ်းဆီး ခံခဲ့ရတယ်။အဲ့ဒီနောက်အကျဉ်းထောင်ထဲရောက်ပြီး တစ်လကျော်အကြာမှာ ကိုယ်ဝန်ရှိမှန်းသိခဲ့ရပါတော့တယ်။
“ ကိုယ်ဝန်ရှိမှန်းသိတော့ အထဲမှာရှိနေတဲ့အတွက် ဘယ်ကနေဘာကိုဘယ်လိုစလုပ်ရမယ်မှန်းလည်းမသိ ဖြစ်သွားတာပေါ့” လို့ မသီရိကပြောပါတယ်။
စစ်ကြောရေးလည်းဖြတ်သန်းခဲ့ရပါတယ်။ မျက်လုံးကိုအဝတ်စည်းထားကာ မေးခွန်းတွေအကုန်ဖြေပြီးတာတောင် ကြိမ်လုံး လိုဟာမျိုးနဲ့ အရိုက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲ့ဒီကနေ ထောင်ထဲရောက်တော့လည်း အဆင်မပြေမှုတွေက စောင့်ကြိုနေ တယ်။
ပုံမှန်အခြေအနေမှာတောင် ရေချိုး၊ပန်းကန်ဆေး၊အဝတ်လျှော်တာကအစ အဆင်မပြေတဲ့အတွက် ကိုယ်ဝန်ဆောင် တစ် ယောက်အတွက်တော့ ပိုခက်ခဲခဲ့တယ်။ အတူနေထိုင်သူတွေရဲ့ ဖေးမကူညီမှုတွေကတော့ မသီရိရခဲ့ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ နှစ်ပတ်တစ်ကြိမ်ဆေးခန်းပြပေးတယ်လို့ဆိုပေမယ့် နှစ်လနေမှ တစ်ခါဆေးခန်းသွားရ ပါတယ်။ အားဆေးပေးတာမျိုးလည်းမရှိဘဲ ပျက်နေတဲ့ပေါင်ချိန်စက်နဲ့ သွေးပေါင်ချိန်စက်တွေသာရှိပါတယ်။ အိမ်ကထည့် ပေးတဲ့ အစားအသောက်နဲ့ဆေးတွေနဲ့သာ ကိုယ်ဝန်ဆောင်ကာလတွေကိုဖြတ်သန်းခဲ့ရပါတယ်။
“ တစ်ခါတလေရေနွေးက မပူတာတွေ၊ ဆန်ပြုတ်ကလည်းအရသာမရှိ ကိုယ့်ဘာကိုယ်ပဲကြံဖန်ပြီး နို့ဆီထည့်စား၊ ကွေကာ အုပ်ထည့်စားပေါ့” လို့ မသီရိကသူ့ဖြတ်သန်းခဲ့ရပုံကိုပြောပါတယ်။
မသီရိအတွက်ကံကောင်းတာကတော့ အကျဉ်းထောင်ထဲမှာ ကိုယ်ဝန်ဆိပ်တက်တာတွေ တခြားပြဿနာတွေမရှိတာပါပဲ။ အိပ်မပျော်တဲ့ညတွေကိုဖြတ်သန်းရင်းအိမ်နဲ့မိသားစုကိုသတိရတိုင်း အပြင်ကလူတွေ အဆင်ပြေကြပါစေလို့ ဆုတောင်းရင်း ဖြတ်ကျော်ခဲ့တယ်။
“ ဘယ်မှာဘယ်လိုတွေမွေးရမလဲတွေးပြီး တစ်ခါတစ်လေ ညညခိုးငိုရတယ်”လို့မသီရိကဖွင့်ဟပါတယ်။
အကျဉ်းထောင်တွင်းဖြတ်သန်းရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဒီလိုဆိုးကျိုးတွေကြုံတွေရနိုင်ပေမယ့် ကံကောင်း ထောက်မစွာ မကေနဲ့မသီရိတို့ဟာ ရင်သွေးလေးတွေကို ကျန်းကျန်းမာမာမွေးဖွားနိုင်ခဲ့ကြပါတယ်။
ရင်သွေးလေးတွေ မမွေးဖွားခင်မှာဘဲ သူတို့နှစ်ဦးဟာ အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ လွတ်မြောက်ချိန်မှာ မကေဟာ ကိုယ်ဝန် ခုနစ်လကျော်ရှိနေပြီဖြစ်ပြီး မသီရိဟာလည်း ကိုယ်ဝန်ခြောက်လကျော်နဲ့ပါ။
မသီရိတို့ဟာ မီးဖွားခါနီး လွတ်မြောက်ခဲ့ပေမယ့် တစ်ချို့ကိုယ်ဝန်ဆောင်တွေကတော့ မလွတ်မြောက်နိုင်ဘဲ အကျဉ်း ကျ နေရင်း အပြင်ဆေးရုံမှာ ကလေးမီးဖွားရသူတွေလည်းရှိနေပါတယ်။
အကျဉ်းကျနေရင်း ကလေးမီးဖွားခဲ့ရသူ မပိုးကျော့ကျော့ခန့်ဟာဆိုရင် ဖမ်းဆီးခံခဲ့ရတဲ့အချိန်တုန်းက ကိုယ်ဝန်နှစ်လ လွယ် ထားခဲ့ရတာဖြစ်ပါတယ်။ သူဟာ မသီရိတို့လိုပဲ အကျဉ်းထောင်ထဲမှာ အခက်အခဲတွေများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသူ ပါ။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်တုန်းက ဗိုလ်တထောင်မြို့နယ်၊ (၄၄)လမ်းကနေအိမ်တိုက်ခန်းတစ်ခုကို စစ်ကောင်စီကဝင်ရောက် ဖမ်းဆီးစဉ်မှာ မပိုးကျော့ကျော့ခန့် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ စကစတပ်ဖွဲ့တွေဝင်ရောက်စီးနင်းစဉ်မှာ ကိုယ်ဝန်ရှိနေတဲ့ မပိုးကျော့ကျော့ခန့် အပါအဝင် လူငယ်သုံးဦးကို ဖမ်းဆီးမိပြီး ကျန်လူငယ်ငါးဦးက တိုက်ပေါ်က ခုန်ချတဲ့အတွက် နှစ်ဦး သေဆုံးပြီး သုံးဦးကို ဖမ်းဆီးထားကာ အမှုဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
CDM မှာပါဝင်တဲ့ သားဖွားမီးယပ်ဆရာဝန်တစ်ဦးက အပြင်မှာနေထိုင်ရတဲ့ ကိုယ်ဝန်ဆောင်တွေတောင် ကိုယ်ဝန်ဆောင်စဉ် ကာလမှာ အထူးသတိထားနေထိုင်ရတာဖြစ်ပြီး မပြည့်မစုံနဲ့ အကျဉ်းထောင်ထဲနေရတဲ့ အကျဉ်းစံကိုယ်ဝန်သည်တွေဆိုရင် အခက်အခဲတွေ ဘယ်လောက်ကြုံရမယ်မှန်း တွေးဆမရနိုင်ဘူးလို့ ဆိုပါတယ်။
ကိုယ်ဝန်ဆောင်ကာလကို First trimester (ပထမအပတ်ကနေ(၁၂)ပတ်ဆုံးတဲ့အထိ၊ Second trimester (၁၃ပတ်က နေ၂၆ပတ်ဆုံးတဲ့အထိ) Third Trimester (၂၇ပတ်ကနေကလေးမွေးတဲ့အထိ) ဆိုပြီးသုံးပိုင်းခွဲခြားထားတယ်လို့ သူက ရှင်းပြပါတယ်။
ပထမအဆင့်မှာတော့ မိခင်တွေဟာ ကိုယ်ဝန်ကြောင့် ဟော်မုန်းဓာတ်အနည်းငယ်စပြောင်းလဲလာပြီး နုန်းတာ၊အားမရှိတာ၊ ရင်ဘတ်တွေယောင်တာ၊ အစာအိမ်နာသလိုမျိုးပျို့အန်ချင်တာ၊ စိတ်အပြောင်းအလဲမြန်တာ၊ ချဉ်ချင်းတပ်တာစတာတွေ ဖြစ်လာတတ်တယ်လို့ သူကဆိုပါတယ်။
ပုံမှန်အပြင်မှာနေရတဲ့ မိခင်တွေတောင် အခုလိုအချိန်ကိုမနည်းတောင့်ခံရနိုင်ပေမယ့် အကျဉ်းထောင်ထဲက ကိုယ်ဝန် ဆောင်တွေအတွက်ကတော့နုန်းတဲ့အခါ အန်တဲ့အခါ အစားလုံးဝမစားနိုင်တဲ့အခါမျိုးတွေမှာ အအန်ပျောက် ဆေးတိုက် တာ၊ စားချင်တဲ့အစာစားခိုင်းရတာ၊ပုလင်းချိတ်ပေးတာမျိုးတွေ လိုအပ်တယ်လို့ဆိုပါတယ်။
“ ဘာမှအစားမဝင်ဘဲ အန်တာဆိုးရွားလွန်းတဲ့အမေတချို့ဟာ ဆေးရုံတက်ရတဲ့အထိကို လိုအပ်ပါတယ်။ ထောင်ထဲမှာ ကျွေးတဲ့အစားနဲ့ သူတို့ပျို့အန်တတ်တာတွေဟာ အဆင်မပြေနိုင်ပါဘူး”လို့အဆိုပါသားဖွားမီးယပ်ဆရာဝန်ကပြောပါတယ်။
ကိုယ်ဝန်ပထမအဆင့်ဟာ ကိုယ်ဝန်ပျက်ကျနှုန်းမြင့်ပြီး ခိုက်မိတာ၊ချော်လဲတာမဟုတ်ဘဲ ပုံမှန်သွေးအားနည်းတာ၊ တချို့ အရာတွေကြောင့် ကိုယ်ဝန်ပျက်ကျလွယ်ပါတယ်။
ထောင်ထဲမှာသွေးဆင်းခဲ့ရင် တစ်ချို့ပြခွင့်မရလို့ ပျက်ကျတာတွေရှိပြီး စာတမ်းတချို့မှာတော့ထောင်ထဲမှာ ကိုယ်ဝန်ဆောင် သည်တွေရဲ့ ၁၈ရာခိုင်နှုန်းကနေ၂၂ ရာခိုင်နှုန်းဟာ ကိုယ်ဝန်ပျက်ကျသွားတယ်လို့ ပါရှိတယ်လို့ သားဖွားမီးယပ်ဆရာဝန်က ရှင်းပြပါတယ်။
ဒုတိယအဆင့်မှာတော့ အန်တာ၊နုန်းတာတွေမရှိတော့ပေမယ့် ဗိုက်ကသိသိသာသာထွက်လာပြီဖြစ်တဲ့အတွက် ဗိုက်တွေမှာ အရေပြားပြတ်ကြောင်းတွေပေါ်လာတာ မျက်နှာမှာ တင်းတိတ်လိုအကွက်တွေပေါ်လာတာ၊ ခြေလက်တွေထုံကျင်ကိုက်ခဲ ယောင်ယမ်းတာတွေဖြစ်တတ်ပါတယ်။
ဒီအချိန်မှာ ဆီးခဏခဏသွားတာမျိုးတွေရှိတတ်သလို ထောင်ထဲမှာသန့်ရှင်းမှုအားနည်းရင် ဆီးလမ်းကြောင်းပိုးဝင်တာ၊ မိန်းမကိုယ် မွေးလမ်းကြောင်းပိုးဝင်တာတွေဖြစ်တတ်ပါတယ်။
“ အပြင်လူတွေမှာတောင် အဖြစ်များတာမို့ ထောင်ထဲကဆို ဘယ်လောက်များမလဲစဉ်းစားနိုင်ပါတယ်”လို့ အဆိုပါဆရာဝန် ကပြောပါတယ်။
တတိယအဆင့်ကတော့ မွေးခါနီးဖြစ်တဲ့အတွက်နေရထိုင်ရခက်ခဲတဲ့အပြင် အသွားအလာအထိုင်အထတွေခက်ခဲပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေးတောင် မနည်းလုပ်ရတဲ့အချိန်မှာ အဝတ်လျှော်တာတွေ ကိုယ်တိုင်လုပ်ဖို့မလွယ်နိုင်ပါဘူး။ ထောင်ထဲမှာနေတဲ့ ကိုယ်ဝန်ဆောင်တွေအတွက် တော်တော့ကိုဒုက္ခများမယ့်အချိန်ပါပဲလို့ သားဖွားမီးယပ်ဆရာဝန်က ဆက်ပြောပါတယ်။
ပုံမှန်ကိုယ်ဝန်သည်တွေဟာ စိတ်အပြောင်းအလဲမြန်တတ်ကြသလို ဘေးကဂရုစိုက်ပေးဖို့လည်းလိုအပ်တာကြောင့် မိသားစု မရှိတဲ့နေရာမှာနေရတဲ့ ကိုယ်ဝန်ဆောင်တွေအတွက် စိတ်ဓာတ်ကျတာ၊စိတ်အားငယ်တာ၊ ကိုယ်ကိုကိုယ်ဒဏ်ရာရအောင် လုပ်တာ၊ သက်သေဖို့ကြိုးစားတာတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။
မွေးဖွားတဲ့အခါမှာလည်း မိခင်ကအားရှိနေဖို့ သွေးအားနည်းမနေဖို့အရေးကြီးတာကြောင့် ထောင်ထဲမှာချို့တဲ့နေခဲ့ရတဲ့ အမေတွေအတွက် မွေးဖွားစဉ်မှာ ဘေးထွက်ဆိုးကျိုးတွေကြုံတွေ့ရတာမျိုးတွေရှိတတ်ပါတယ်။
ထောင်ထဲကကိုယ်ဝန်သည်ကမွေးတဲ့ ကလေးတွေအတွက်ကတော့ အသက်မရှင်နိုင်ဘဲပျက်ကျတာ၊ လမစေ့ဘဲမွေးတာ ကြောင့် ဆေးရုံတက်ရတာ၊နို့တိုက်ဖို့ခက်ခဲတာ ၊လစေ့ပေမယ့်ပေါင်ချိန်မပြည့်တာ၊ အမေအာဟာရချို့တဲ့လို့ ကလေးဆီ လိုအပ်တဲ့ ဗီတာမင်တွေမရောက်တဲ့အတွက် အတက်ရောဂါဖြစ်တာ၊ မွေးရာပါချို့ယွင်းချက်တွေပါလာတာ၊ ကြီးထွားမှု ဖြစ်စဉ် နှေးကွေးတာ စတာတွေခံစားရနိုင်တယ်လို့ သားဖွားမီးယပ်ဆရာဝန်ကပြောပါတယ်။
အကျဉ်းထောင်က ကျွေးတဲ့အစားအသောက်တွေနဲ့ပတ်သက်ပြီး လွတ်မြောက်လာတဲ့ အကျဉ်းသားတွေရဲ့ပြောပြချက်အရ ထောင်ကအစားအသောက်တွေဟာ လူစားတဲ့အစာမဟုတ်ကြောင်းနဲ့ အရသာမရှိကြောင်း ပြောဆိုကြတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာမှာ မတရားစစ်အာဏာလုချိန်မှ အစပြုပြီးရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စစ်ကြောရေး၊ တရား စီရင်ရေးနဲ့ အကျဉ်းစံအတွေ့အကြုံတွေကိုဖော်ပြထားပါတယ်။
ဒါ့အပြင် အကျဉ်းထောင်အတွင်း ဆေးကုသခွင့်ကို ယေဘုယျအားဖြင့် ကန့်သတ်ထားပြီး ဖြစ်စဉ်အများစုတွင် ဘိုင်အိုဂျက် ဆစ်၊ ဒီကိုဂျင်၊ ပါရာစီတမောနဲ့ အိပ်ဆေးတွေပေးတာကိုတွေ့ရတယ်လို့ အဆိုပါအစီရင်ခံစာကဆိုပါတယ်။
လတ်တလောမှာတော့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုယ်ဝန်သည်များရှိနေသလို အကျဉ်းထောင်ထဲမှာလည်း ကိုယ်ဝန် သည်တွေ ကျန်ရှိနေကြဆဲပါပဲ။
မကေနဲ့ မသီရိကတော့ ကလေးမွေးဖွားပြီးနောက် တော်လှန်ရေးမှာ မပါဝင်နိုင်တော့ပေမယ့် စစ်အာဏာရှင်ကို တော်လှန် ချင်စိတ်တွေကတော့ လျော့ကျမသွားသေးပါဘူး။
မကေကတော့ “ အခုကတော့ တော်လှန်ရေးနဲ့ပတ်သက်လို့ ဘာမှမကူညီနိုင်ဘူးဖြစ်နေတာပေါ့။ ကလေးငယ် တစ်ယောက် နဲ့ဖြစ်နေတာကလည်းတစ်ကြောင်း အဲ့အတွက်ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်ရပါတယ်။ စိတ်လည်းမကောင်းဖြစ်ရ တယ်။ တော်လှန်ရေးမှာ သေချာတာတစ်ခုကတော့ စစ်ကောင်စီကိုကျွန်မအသက်ရှင်နေသရွေ့ ဘယ်တော့မှလက်ခံမှာ မဟုတ်ပါဘူး။ ရရာနေရာကနေ ဆက်လက်ပုန်ကန်တွန်းလှန်နေဦးမှာပါ”လို့ ဆိုပါတော့တယ်။